Category: News

  • ပုဏ္ဏားကျွန်း၌ စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ပရဟိတလူငယ် ၁ ဦး သေဆုံး

    ပုဏ္ဏားကျွန်း၌ စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ပရဟိတလူငယ် ၁ ဦး သေဆုံး

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ဖြူစင်ရင်ခွင်ဖောင်းဒေးရှင်းက ၁၄ နှစ်အရွယ် ပရဟိတ လူငယ်လေးတစ်ယောက် လူနာသွားသယ်စဥ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်တဲ့အတွက် အောက်တိုဘာ ၂၆ ရက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    သေဆုံးသွားသူမှာ ဖြူစင်ရင်ခွင်ဖောင်းဒေးရှင်းက အသက် ၁၄ နှစ်အရွယ် မောင်ဌေးအောင်ဟိန်း ဖြစ်ပြီး ကွန်းတောင်ကျေးရွာက လူနာတယောက်ကို အကူအညီပေးဖို့ သွားစဉ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တာခံရပြီး သေဆုံးခဲ့တာလို့ သူရဲ့ အစ်ကိုဖြစ်သူက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

    ပုဏ္ဏားကျွန်းမြို့က သူနဲ့ ပရဟိတ လုပ်ဖော် လူငယ်တယောက်က “ကွန်းတောင်ရွာ လူနာတယောက်က ဆေးရုံပို့ပေးဖို့ အကူအညီတောင်းခံလာလို့ သွားပြီးယူကြတာမှာ စစ်ကောင်စီက ဒရုန်းနဲ့တိုက်ခိုက်တာကို ခံကြရတာ။ ပရဟိတကို စိတ်အားထက်သန်စွာရှိတဲ့ လူတစ်ဦးကို ဆုံးရှုံးရတာဟာ ပြည်သူတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ပါတယ်။ စစ်ကောင်စီက ပရဟိတအသင်းတွေကို တိုက်ခိုက်တာကိုလည်း လုံးဝလက်ခံနိုင်စရာမရှိဘူး” လို့ပြောပါတယ်။

    အခုသေဆုံးသွားတဲ့ မောင်ဌေးအောင်ဟိန်းဟာ သူအသက် ၁၁ နှစ်အရွယ်ကတည်းက ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်မှာ ပရဟိတအလုပ်တွေကို လုပ်ကိုင်သူဖြစ်ပါတယ်။

    မောင်ဌေးအောင်ဟိန် သေဆုံးမှုနဲ့ပတ်သတ်ပြီးတော့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကလည်း “မင်းရဲ့ ပေးဆပ် အနစ်နာခံမှုကို ငါတို့ အမြဲတမ်းဂုဏ်ယူပြီး အမြဲတမ်းအမှတ်ရနေမယ်။ အေးချမ်းပြည့်စုံတဲ့ ရခိုင်ပြည်ဖြစ်တဲ့ခါ မင်း နောက်တခေါက်ပြန်လာပြီး လူဖြစ်ပါ” ဆိုပြီး ဖော်ပြထားပါတယ်။

    ကွန်းတောင်ကျေးရွာဟာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာအစပ်မှာ တည်ရှိနေတာ ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကို မကြာခဏ ခံနေရတဲ့ကျေးရွာလည်း ဖြစ်ပါတယ်။

  • အာဏာသိမ်းစစ်တပ်ကို အကြီးအကျယ်ရှုံးနိမ့်စေခဲ့သော “ ၁၀၂၇ “ စစ်ဆင်ရေး နှစ်နှစ် ပြည့်ခဲ့ပြီ

    အာဏာသိမ်းစစ်တပ်ကို အကြီးအကျယ်ရှုံးနိမ့်စေခဲ့သော “ ၁၀၂၇ “ စစ်ဆင်ရေး နှစ်နှစ် ပြည့်ခဲ့ပြီ

    နံနက် မိုးလင်းသည်နှင့် စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များ အင်နှင့်အားနှင့် ဝင်ရောက်တိုက်ခိုက် ချေမှုန်းလိုက်ရာ လက်နက်ချ၊ ထွက်ပြေးကြသည့်မြင်ကွင်းများက တစ်နိုင်ငံလုံးကို အံ့ဩမင်သက်သွားစေသည်။

    ၂၀၂၁ စစ်တပ် အာဏာသိမ်းချိန်မှစ၍ စစ်တပ်ကို ရရာလက်နက်ဖြင့် တော်လှန်ခဲ့ကြသည့် တော်လှန်ရေး အင်အားစုအတွက် အချိုးအကွေ့အချိန်အခါ ရောက်ပြီဟုပင် ထင်မှတ်လိုက်ကြသည်။

    အဖွင့် ကောင်းခဲ့သော်လည်း အဆုံးသတ်လည်း မလှပခဲ့သည်က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ က စတင်ခဲ့သည့် “၁၀၂၇” စစ်ဆင်ရေးပင်ဖြစ်သည်။

    ထို့နေ့ထိုရက်ကစတင်သော အမည်ဖြင့်ပင် ရိုးရိုးရှင်းရှင်း အမည်ပေးခဲ့ပြီး စစ်ဆင်ရေးကို အပိုင်းနှစ်ပိုင်း ခွဲကာ ပြုလုပ်ခဲ့ကြပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သော ကိုးကန့်တပ် (MNDAA) ၊ တအာင်းတပ် (TNLA) ၊ အာရက္ခတပ်တော် (AA) တို့က ဦးဆောင်ခဲ့ကြပြီး ရှမ်းမြောက်တိုက်ပွဲများကို ဦးဆောင်ခဲ့သည်။

    “၁၀၂၇ စစ်ဆင်ရေး” အတွင်းမှ တအာင်း TNLA တပ်မှ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – PSLF/TNLA)

    ထိုစစ်ဆင်ရေးနှင့်ဆက်၍ ကရင်နီဒေသတွင် “၁၁၁၁” စစ်ဆင်ရေး၊ နိုင်ငံအလယ်ပိုင်းတွင် “ ရှမ်း-မန်း “ စစ်ဆင်ရေး ၊ ရခိုင်ဒေသတွင် “ ရခိုင်ပြည်သိမ်း” စစ်ဆင်ရေးများ တပြိုင်နက်ဖော်ဆောင်ခဲ့ကြသည်။

    စစ်တပ်က အမြဲတစေ ဂုဏ်ယူဝင့်ကြွားခဲ့သည့် ရှမ်းမြောက်မှ စစ်ဌာနချုပ်ကြီးများ၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များ၊ တပ်မများ၊ တပ်စခန်းများ ပြိုလဲခဲ့ရကာ စစ်တပ် အရာရှိများ အပါအဝင် အများအပြား လက်နက်ချကာ အရှက်တကွဲဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ရသည်။

    အကြီးအကျယ် စစ်ရှုံးပြီးနောက် စစ်သားများ၊ မိသားစုဝင်များ၊ ရဲများ ၊ သက်ဆိုင်ရာ ဝန်ထမ်းများသည် ကားကြီးကားငယ်အသွယ်သွယ်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စွန့်ခွာထွက်ပြေးနေကြရသော ပုံရိပ်များ ကို ဆိုရှယ်မီဒီယာတွင် တွေ့မြင်ခဲ့ရသည်။

    ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာစစ်တပ်၏ အကြီးအကျယ် ကျရှုံးခန်းကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ သည်၊ တော်လှန်ရေးကိုထောက်ခံသူ ပြည်သူများ၏ ပီတိကား စကားလုံးဖြင့် ဖော်ပြမရနိုင်အောင်ပင် ဖြစ်ခဲ့ရသည်။ မူဆယ်၊ မိုင်းရယ်၊ တန့်ယန်း မှအပ ရှမ်းမြောက်တစ်ခုလုံးကို အာဏာသိမ်းစစ်တပ်က လက်လွှတ်ခဲ့ရသည်။

    မြောက်ပိုင်းသုံးဖွဲ့နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်ဖွဲ့များပါဝင်ခဲ့ရာ အမှတ် (၁) စစ်ဒေသ လက်အောက်ခံ စစ်ကိုင်းတိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း တပ်ဖွဲ့များက လာရောက်ကူညီတိုက်ခိုက်ခဲ့ကြသည်။

    ထို့ပြင် ကျောင်းသားတပ်မတော် (ABSDF) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။

    ရခိုင်ဒေသတွင်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ AA ၏ ရခိုင်ပြည်သိမ်း စစ်ဆင်ရေး စတင်ခဲ့ပြီး မြို့တော်စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်မှအပ တစ်ပြည်နယ်လုံး ထိန်းချုပ်ကာ ချင်းပြည်နယ် ပလက်ဝမြို့နယ်ပါ သိမ်းပိုင်နိုင်ခဲ့သည်။

    AA နှင့်အတူ ကျောင်းသားတပ်များ၊ ချင်းဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့များ၊ မကွေးအခြေစိုက် ဒေသကာကွယ်ရေးတပ်များ၊ PDF တပ်များကလည်း အတူ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

    ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ထိုစစ်ဆင်ရေးများနှင့်အပြိုင် ကချင်ထိုးစစ်ကို ၂၀၂၄ ခု နှစ် မတ်လမှစတင်ခဲ့ရာ ၁၅ မြို့ထက်မနည်း သိမ်းပိုက်နိုင်သလို ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည်။ ရှမ်းမြောက်တွင် မဘိမ်းမြို့နှင့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကွတ်ခိုင်မြို့နယ်ထဲရှိ နမ့်ဖတ်ကာရွာကြီးကို သိမ်းပိုက်ခဲ့သည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် TNLA ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမှတ် (၁) စစ်ဒေသ လက်အောက်ခံ PDF တပ်များ၊ မန္တလေးခရိုင် တပ်ရင်းတပ်ဖွဲ့များ၊ မိုးကုတ် ဗျူဟာနှင့် ပြည်သူ့ကာကွယ်ရေး ပသုံးလုံးတပ်များက တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူးတို့ကိုသိမ်းပိုက် ကာ မတ္တရာနေရာအများစုကို ခြေကုပ်ယူကာ မန္တလေးမြို့အထိ ထိုးဖောက်နိုင်ရန် ရည်ရွယ်ခဲ့သည်။

    ထိုစစ်ဆင်ရေးအတွင်း ဧရာဝတီမြစ်အရှေ့ဘက်တစ်ခြမ်းလုံး စစ်ကိုင်းမှသည် ရှမ်းမြောက်အထိ တစ် ဆက်တည်းဖြစ်သည်အထိ တော်လှန်ရေးစိုးမိုးနယ်မြေ ကျယ်ပြန့်လာခဲ့သည်။

    ကရင်နီဒေသတွင်လည်း “၁၁၁၁” စစ်ဆင်ရေးအတွင်း ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတောနှင့်မော်ချီး၊ မိုးဗြဲ ၊ နန်းဖယ်ခုံ၊ စသော မြို့ ခုနစ်မြို့ နှင့် စစ်စခန်း ၆၅ ခုကို သိမ်းနိုင်ခဲ့သလို လွိုင်ကော်ထောင်အထိ ထိုးဖောက်နိုင်ခဲ့ကာ နယ်မြေအများစုကို ကရင်နီတပ်များက ထိန်းချုပ်နိုင်ခဲ့သည်။

    ယခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် “၁၀၂၇” စစ်ဆင်ရေးသည် နှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

    ထိုစစ်ဆင်ရေးကို ကိုးကန့်မျိုးနွယ်စုချင်း နယ်မြေလုသည့် စစ်ပွဲဟုသာ သဘောထားကြောင်း စစ်တပ် ဘက်က သဘောထားခဲ့သော်လည်း နောက်ပိုင်းတွင် ပိုကျယ်ပြန့်လာခဲ့သည်။

    လက်ရှိကာလတွင် ဘာတွေပြောင်းလဲသွားသည်လဲ၊ ဘာတွေရင်ဆိုင်နေရပြီလဲ ဆိုသည်မှာ အရေးကြီး သော အခန်းကဏ္ဍတွင် ပါဝင်လာသည်။

    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က MNDAA စစ်ခေါင်းဆောင်အချို့ကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့အနီး တွေ့ရစဉ်

    တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေအချို့ လက်လွှတ်နေရသော ရှမ်းမြောက်ပိုင်းအခြေအနေ

    “၁၀၂၇” စစ်ဆင်ရေးကြောင့် ရှမ်းပြည်မြောက်ပိုင်းဒေသ တစ်ခုလုံးနီးပါး လက်လွှတ်ခဲ့ရသည့် စစ်ကော်မ ရှင်အနေဖြင့် စစ်ဆင်ရေး နှစ်နှစ်ပြည့်ချိန်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်သည့် မြို့သုံးမြို့အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကာ ကျန်မြို့များ ဆက်ထိုးစစ်ဆင်နေသည်။

    အာဏာသိမ်းတပ်များသည် သီပေါ–နမ္မတူလမ်းပိုင်းရှိ လက်လွှတ်ခဲ့ရသည့် ခလရ-၂၃၊ ခမရ-၅၀၃၊ ခမရ-၅၀၄ တပ်စခန်းများကို ယခုရက်ပိုင်းအတွင်း ပြန်လည်ထိန်းချုပ်ပြီး အဆိုပါတပ်စခန်းများအနီးရှိ မိုးတေရွာအထိ ရောက်လာသည်ဟု ဒေသခံများက ဆိုကြသည်။

    မိုးတေရွာသည် သီပေါ–နမ္မတူလမ်းပိုင်းပေါ်ရှိ ရှမ်းတိုင်းရင်းသားများအများဆုံး နေထိုင်သည့် ကျေးရွာ ကြီး တစ်ရွာဖြစ်သည်။

    “သူတို့တပ်တွေနဲ့ သီပေါလုံခြုံရေးအတွက် မိုးတေရွာနဲ့ မိုးတေတံတားက အရေးကြီးတာကိုး။ အဲဒါကြောင့် အဲရွာအထိတော့ ရအောင်ထိန်းမှာပဲ။ ပြီးရင် နမ္မတူဘက်ကို ဆက်တက်မယ့်ပုံရှိတယ်။ အဲဒီဘက်မှာတော့ ရှုပ်နေတယ် လောလောဆယ်” ဟု သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

    စစ်တပ်က TNLA ထိန်းချုပ်သည့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုးကုတ်မြို့ များအား လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေရာ ယခုလအတွင်း သေဆုံးသူ ၅၀ နီးပါးရှိလာပြီဟု ဒေသခံ များထံက သိရသည်။

    “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအရှိန်ကောင်းနေစဉ် ၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် တရုတ်အစိုးရက တိုက်ပွဲ များရပ်ရန် TNLA, MNDAA အပြင် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) “ဝ” တပ်ဖွဲ့ကိုပါ ဖိအားပေးခဲ့သည်။

    တရုတ်နိုင်ငံဖိအားကြောင့် စစ်တက္ကသိုလ်ရှိရာ မန္တလေးတိုင်း ပြင်ဦးလွင်နှင့် ရှမ်းပြည်တောင်ပိုင်းအထိ ထိုးစစ်ဆင်မည့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်အရှိန် ရပ်တန့်သွားခဲ့ရသည်။

    စစ်တပ်၏ လေကြောင်းမှ ထိုးနှက်တိုက်ခိုက်မှုနှင့် တရုတ်ဖိအားကြောင့် TNLA တပ်ဖွဲ့ဘက်မှ အပစ်ရပ်ပြီး စစ်တပ်နှင့် ဆွေးနွေးမည်ဟု ယမန်နှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံ ကူမင်းမြို့ တွင် TNLA နှင့် စစ်တပ်ကိုယ်စားလှယ်များ ယခုနှစ် ဖေဖော်ဝါရီနှင့် ဩဂုတ်လများတွင် နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

    ယခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များ ပြုလုပ်သည့် ဆွေးနွေးပွဲအား TNLA ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်ခဲ့ပြီး စစ်တပ်ဘက်မှ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တက်ရောက်ခဲ့သည်။

    “နှစ်ဖက်တပ်များ ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်စလုံးက ထိုးစစ် များ ပြုလုပ်ခြင်း၊ ဒရုန်း၊ လက်နက်ကြီး၊ လေယာဉ်ဗုံးကြဲမှုများအားလုံး ရပ်တန့်ရန်၊ နှစ်ဖက်ထိန်းချုပ် နယ်မြေဒေသရှိ ဒေသခံပြည်သူများအတွက် အစားအစာ၊ ဆေးဝါးများ သယ်ယူသွားလာခွင့် ပြုရန်” စသည့် အချက်များအား TNLA က တောင်းဆိုခဲ့သည်။

    စစ်တပ်ဘက်မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်မြို့များအား ပြန်ပေးရန် TNLA ကို တောင်းဆိုရာ သဘောတူညီမရဘဲ ဆွေးနွေးပွဲပြီးဆုံးခဲ့သည်။

    တရုတ်က ပေးသော ဖိအားကြောင့် TNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များ အပစ်ရပ်ထားချိန် စစ်တပ်က ယခုနှစ် ဆန်းပိုင်းတွင် တောင်ခမ်းမှ ထိုးစစ်များ ပြန်စတင်ခဲ့သည်။

    လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းပစ်ကူများဖြင့် ခြောက်လကြာ ထိုးစစ်ဆင်ပြီး ယခုနှစ် ဇူလိုင်တွင် နောင်ချိုမြို့အား ပြန်လည် သိမ်းပိုက်ခဲ့သည်။

    စစ်တပ်ဝါဒဖြန့်သူများတယ်လီဂရမ်တွင် ဖော်ပြထားသော နောင်ချိုမြို့လယ်ဈေးရှေ့တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ

    နောင်ချိုအား စစ်တပ် သိမ်းပိုက်ပြီး ဩဂုတ်လအတွင်း စစ်ကောင်စီနှင့် TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့ တွင် ထပ်မံတွေ့ဆုံချိန် ကူမင်းဆွေးနွေးပွဲတွင် TNLA ဘက်မှ သီပေါနှင့် ကျောက်မဲအား လက်လွှတ်မည် ဖြစ်ပြီး အပစ်ရပ်ရေး ဆွေးနွေးရန် တောင်းဆိုခဲ့သည်။

    စစ်တပ်ဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံအရ တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော နမ့်ဆန်နှင့် မန်တုံ မြို့နှစ်မြို့ကိုသာ ပေးမည်ဖြစ်ပြီး ကျန်မြို့များအားလုံး ပြန်ပေးရန် တောင်းဆိုရာ အဆင်မပြေဖြစ်ခဲ့သည်။

    ဩဂုတ်လတွင် စစ်တပ်က နောင်ချိုမှ ကျောက်မဲသို့ တစ်လကျော်အကြာ ထိုးစစ်ဆင်ခဲ့ပြီး အောက်တိုဘာ လ ၁ ရက်နေ့တွင် ကျောက်မဲမြို့အား သိမ်းပိုက်ခဲ့သည်။ ထိုနောက် လဝက်အကြာ သီပေါမြို့အား ထပ်မံ သိမ်းပိုက်ခဲ့သည်။

    “၁၀၂၇ စစ်ဆင်ရေး” အတွင်း မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ်အတွင်းမှ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ မြို့များအား TNLA က သိမ်းပိုက်ထားရာ လက်ရှိတွင် တရုတ်–မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များကို လက်လွှတ်လိုက်ရပြီဖြစ်သည်။

    စုစည်းထားသည့် စာရင်းများအရ TNLA၊ DPLA နှင့် MDY–PDF တပ်ဖွဲ့များ ပူးပေါင်း၍ နောင်ချိုမြို့ကို ထိန်းချုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ၂၀၂၅ ဇူလိုင်လ ၇ ရက်နေ့ အထိ (တစ်နှစ်နီးပါး) ကာလအတွင်း စစ်တပ်က နောင်ချိုမြို့ရှိ အရပ်သားပစ်မှတ်များကို လေကြောင်းမှ အနည်းဆုံး ၂၀ ကြိမ် ကျော် တိုက်ခိုက်ခဲ့သည်။

    ထိုသို့ တိုက်ခိုက်မှုများကြောင့် သံဃာများ၊ ကလေးငယ်များနှင့် စစ်သုံ့ပန်းများ အပါအဝင် စုစုပေါင်း ၇၇ ဦး သေဆုံးခဲ့ပြီး သံဃာ ၁၆ ပါးအပါအဝင် ၁၁၂ ဦး ဒဏ်ရာရခဲ့သည်။

    ကျောက်မဲမြို့တွင် သေဆုံးသူ ၂၀ ကျော်ရှိခဲ့ပြီး သီပေါမြို့တွင် သေဆုံးသူ ၁၀ ဦး ဝန်းကျင်ရှိခဲ့သည်။

    လေကြောင်းဗုံးကြဲမှုကြောင့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဌာနဆိုင်ရာရုံးများ၊ ဘာသာရေး အဆောက်အအုံများနှင့် လူနေအိမ် ရာနှင့်ချီ ပျက်စီးခဲ့သည်။

    သီပေါမြို့ကို သိမ်းပိုက်ပြီးနောက် စစ်တပ်က နှစ်နှစ်နီးပါး ပိတ်ထားသည့် မန္တလေး–လားရှိုး ကုန်သွယ်ရေးလမ်းအား ပြန်ဖွင့်ပေးလိုက်သော်လည်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်အတိုင်း မဖြစ်နိုင်သေးဟု ကုန်သည်များက ဆိုကြသည်။

    ကိုးကန့်နှင့် စစ်တပ်တို့၏ ဆက်ဆံရေး

    ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်း၌ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက်၊ ယခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် MNDAA နှင့် စစ်တပ်ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် အပစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။

    ဇန်နဝါရီလ ၂၀ ရက်နေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် စစ်တပ်နှင့် ကိုးကန့်တို့၏ အပစ်ရပ်သဘောတူရှိမှုရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ထုတ်ပြောခဲ့သည်။

    လားရှိုးမြို့မှ ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာရေး၊ စစ်သုံ့ပန်းများ ပြန်လွှတ်ရေး၊ နယ်စပ်ကုန်သွယ်ရေး စခန်းများ ပြန်ဖွင့်ရေး စသည့်အချက်များအား ဆွေးနွေးခဲ့ကြသော်လည်း နှစ်ဘက်လုံး သတင်းထုတ်ပြန် ခြင်းမရှိဘဲ လျှို့ ဝှက်ထားခဲ့သည်။

    “ ၁၀၂၇” စစ်ဆင်ရေး ဒုတိယလှိုင်းကာလ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လားရှိုးမြို့ကို MNDAA သိမ်းပိုက် လိုက်ပြီးနောက် မြောက်ပိုင်းညီနောင်သုံးဖွဲ့အပေါ် တိုက်ပွဲရပ်ရေးအတွက် တရုတ်ဖိအားမှာ ပိုမိုပြင်းထန်လာ ခဲ့ခြင်းဖြစ်သည်။

    တရုတ်နယ်စပ်ဒေသအားလုံး ထိန်းချုပ်လိုက်သည့် တော်လှန်ရေးတပ်ဖွဲ့များကို တရုတ်က အစားအသောက်၊ ဆေးဝါး၊ လျှပ်စစ်၊ စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်းများ “ဖြတ်ငါးဖြတ်စနစ်” ဖြင့် ပိတ်ဆို့ခဲ့သည်။

    အလားတူ စစ်တပ်ကလည်း တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်မြို့များကို “ဖြတ်လေးဖြတ်စနစ်” ကျင့်သုံးခဲ့ ရာ ဒေသခံများ အထိနာခဲ့ရသည်။

    MNDAA နှင့် စစ်တပ်တို့ အပစ်ရပ်ကြောင်း ကြေညာပြီးနောက်တွင် နယ်စပ်ဂိတ်အချို့ကို တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့ပြီး ကုန်စည်သယ်ဆောင်မှုများ အကန့်အသတ်ဖြင့် ခွင့်ပြုပေးခဲ့သည်။

    ကိုးကန့်တပ်များ၏ အိမ်ပြန်ခရီး ဟု ဆိုသော “၁၀၂၇ “ စစ်ဆင်ရေးအတွင်း လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ တာမိုးညဲ စသည့် မြို့များကို MNDAA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။

    “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ပါဝင်သည့် ဟိုပန်နှင့် ပန်လုံနှစ်မြို့ကို MNDAA က တိုက်ခိုက် သိမ်း ပိုက်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) လက်ထဲ ထည့်လိုက်သည်။

    ၁၀၂၇ စစ်ဆင်ရေးအတွင်း ယမန်နှစ် ဩဂုတ်လဆန်းက ရှမ်းမြောက်အခြေအနေ

    ယခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တရုတ်အစိုးရဖိအားကြောင့် ကိုးကန့်တပ်ဖွဲ့များ လားရှိုးမြို့မှ ဆုတ်ခွာ သွားခဲ့ပြီး မြို့ပေါ်ရပ်ကွက် ၁၂ ခုကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်သည့် လားရှိုးတွင် မြို့ပေါ်ရပ်ကွက် ၁၂ ခုရှိပြီး ကျေးရွာ အုပ်စု ၈၇ စု ရှိရာ မြို့ပေါ်ရပ်ကွက် ၁၂ ခုမှ အပြင် ကျန်နေသည့် ကျေးရွာများအား ကိုးကန့်တပ်ဖွဲ့က သိန္နီ ခရိုင် အတွင်း ထည့်သွင်းလိုက်သည်။

    လားရှိုးကို စစ်တပ် ပြန်ရပြီးနောက် မြို့တွင်းလျှပ်စစ်မီးရရှိရေး၊ စစ်သုံ့ပန်းများ ပြန်လွှတ်ရေးဆိုင်ရာကိစ္စများအတွက် MNDAA နှင့် မကြာခဏ ဆွေးနွေးလေ့ရှိသည်။

    လားရှိုးကဲ့သို့ သိန္နီမြို့ ပြန်လွှဲပြောင်းပေးရန် ဆွေးနွေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့အထိ ထူးခြားမှုမရှိဟု ဒေသခံများထံက သိရသည်။

    “ကိုးကန့်ဘက်က ပစ္စည်းတွေ နည်းနည်းရွှေ့တာ ရှိတယ်။ ဒါလည်း သူတို့ပစ္စည်းတွေ ပုံမှန်သယ်တာပါ။ ဘာမှ မထူးပါဘူး” ဟု သိန္နီမြို့ခံတစ်ဦးက ဆိုသည်။

    လားရှိုးမြို့ရှောင်လမ်းကို MNDAA ထိန်းချုပ်ထားရာ မူဆယ်၊ ချင်းရွှေဟော်၊ သီပေါမြို့များထိ ဒေသထွက်ကုန်များ ပုံမှန် သွားလာခွင့် ရနေသည်။

    တရုတ်နှင့် ကြီးမားသည့် ကုန်သွယ်မှုရှိခဲ့သည့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် AA, TNLA တပ်ဖွဲ့များနှင့် အတူ ကိုးကန့်တပ်ဖွဲ့ကလည်း အခွန်ကောက်ခံခွင့် ရထားသည်။

    ညီနောင် သုံးဖွဲ့ ထိန်းချုပ်သည့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ယခုနှစ် ဇူလိုင်လအတွင်း တွေ့ရစဉ်

    MNDAA သည် ညီနောင်သုံးဖွဲ့ထဲမှ နယ်စပ်ကုန်သွယ်ရေးဝေစု အများဆုံး ရရှိနေသည့် အဖွဲ့ဖြစ်ပြီး လက်ရှိ တွင် အာဏာသိမ်းတပ်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိနေသည်။

    UWSA တပ်ဖွဲ့သည်လည်း အလားတူပင်။

    တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် FPNCC အဖွဲ့ကို ဦးဆောင်သည့် “ ဝ” တပ်ဖွဲ့ အနေဖြင့် ယခုနှစ် ဩဂုတ်လ ၂၀ ရက်တွင် MNDAA, TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ကို ပန်ဆန်းမြို့သို့ ဖိတ်ခေါ်ကာ စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ အကူအညီများ မပေးတော့ ဟု ပြောဆိုခဲ့သည်။

    ထို့ကြောင့် လက်ရှိ ရှမ်းမြောက်ဒေသတွင် TNLA တစ်ဖွဲ့တည်းသာ တိုက်ပွဲများ ဆက်ဖြစ်နေပြီး စစ်ရေးအပါအဝင် ဖိအားမျိုးစုံနှင့် ကြုံနေရသည်။

    တရုတ်နိုင်ငံ၏ ဖိအားနှင့် စစ်တပ်၏ မြေပြင်၊ ဝေဟင်ထိုးစစ်များကြောင့် TNLA အနေဖြင့် နယ်မြေများ ထပ်မံ လက်လွှတ်ရဖွယ်ရှိသည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုသည်။

    “ရှမ်းမြောက်အတွက် စစ်တပ်က သူ့ရဲ့အင်အား ငါးပုံတစ်ပုံလောက် စုပြုံထားရတာ။ နောက်ထပ် ထပ်ပြီး ဒီလို စစ်ဆင်ရေးတွေ ဖြစ်ဦးမလား ဆိုတာမျိုးလည်း စစ်တပ်မှာ အရိပ်မဲကြီးလို ဖြစ်နေတယ်” ဟု ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုသည်။

    အာဏာသိမ်းတပ်သည် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များကို သိမ်းပိုက်ပြီးနောက် နောင်ချို–မိုးကုတ် လမ်း၊ ကျောက်မဲ–မိုင်းလုံလမ်းများမှတဆင့် မိုးကုတ်သို့ ဆက်လက် ထိုးစစ်ဆင်နေသည်။

    ယခုလကုန်ပိုင်းတွင် စစ်တပ်နှင့် TNLA တို့ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံမည်ဟု သိရသည်။

    နိုင်ငံအလယ်ပိုင်း ရှမ်း-မန်းစစ်ဆင်ရေး

    ၁၀၂၇ စစ်ဆင်ရေး ရှမ်းမြောက်၌ အရှိန်ကောင်းနေစဉ် မန္တလေးတိုင်းတွင်လည်း လှုပ်လှုပ်ခတ်ခတ်ဖြစ်လာ ခဲ့သည်။

    နိုဝင်ဘာလအတွင်း TNLA ၏ ထုတ်ပြန်ချက်တစ်ခုအတွင်း မန္တလေးမြို့မြောက်ဘက် မတ္တရာနယ်အတွင်း တိုက်ပွဲ ဖြစ်ခဲ့သည်ဟု ပါရှိလာသည်။

    စစ်ပွဲနှင့် ကင်းဝေးရာနိုင်ငံအလယ်ပိုင်းတွင် TNLA နှင့်အတူ မဟာမိတ်တပ်များ ဝင်ရောက်လာမည့် အခြေအနေကြောင့် လူထုက အားတက်သရော ကြိုဆိုခဲ့ကြသည်။

    တိုက်ပွဲများ ကြိုကြားကြိုကြားဖြစ်လာပြီးနောက် ၂၀၂၄ ခုနှစ် ဇွန်လ၂၅ ရက်နေ့တွင် ရှမ်း-မန်းစစ်ဆင်ရေး စတင်ခဲ့သည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)၊ TNLA အပါအဝင် မဟာမိတ်တော်လှန်ရေးတပ်များသည် နောင်ချို ၊ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ စသည့် ဒေသများတွင် မြို့များ၊ ကျေးရွာများ နှင့် စခန်းအများအပြား ကို သိမ်းယူနိုင်ခဲ့သည်။

    အရှိန်အဟုန်ပြင်းသည့်ထိုစစ်ဆင်ရေးအတွင်း နိုင်ငံအလယ်ပိုင်း စစ်တပ်အုပ်စိုးသော စီးပွားရေးမြို့တော် မန္တလေးမြို့နှင့် စစ်တက္ကသိုလ်ကြီးများရှိရာ ပြင်ဦးလွင်မြို့တို့ကိုပင် မိုင်၂၀နီးပါးအကွာမှ ခြိမ်းခြောက်ထား နိုင်သည့်အခြေအနေတို့ဖြစ်ပေါ်ခဲ့ရာ ထိုအချိန်က မန္တလေးနှင့်ပြင်ဦးလွင်မြို့တို့မှ ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်ရန်အခြေအနေပင် ဖြစ်ပေါ်ခဲ့သည်။

    ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းမြောက်တွင် တွေ့ရသော MDY-PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AFP)

    တော်လှန်ရေးတပ်များက မန္တလေးနှင့်မိုင်၂၀နီးပါးအကွာ မတ္တရာမြို့နယ်အတွင်းမှ စစ်စခန်းပေါင်း ၃၀ ကျော် ၊ ၁၀ မိုင်ကျော်အကွာအဝေးသာရှိသည့် ပုသိမ်ကြီးမြို့နယ်မှ ဖယောင်းတောင်ရွှေတွင်း၊ ထို့အတူ

    ရွှေတွင်းများကြောင့်နာမည်ကျော်ကြားသည့် သပိတ်ကျင်းမြို့နယ်မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များကို သိမ်းခဲ့သည်။ စဉ့်ကူး၊မိုးကုတ်၊နောင်ချိုစသည့်မြို့များကိုမူ မြို့လုံးကျွတ်သိမ်းပိုက်နိုင်ခဲ့သည်။

    အာဏာသိမ်းတပ်တွင် အရာရှိများအပါအဝင် ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပြီး လက်နက်ချသူမျလည်း ရာဂဏန်း ရှိခဲ့သည်။

    သို့သော်တစ်နှစ်အကြာတွင် ထိုအောင်မြင်မှုများကို တော်လှန်ရေးတပ်များက စွန့်လွှတ်ခဲ့ရသည်။

    တော်လှန်ရေးတပ်ဖွဲ့များ မစွမ်းသာသည့်လေကြောင်းကို စစ်တပ်ကအားကိုးကာ လူသူလက်နက် အင်အား ဖြည့်တင်းပြီးနောက် အပြင်းအထန်ထိုးစစ်ဆင်သည့်နည်းဖြင့် တော်လှန်ရေးတပ်တို့ထိန်းချုပ်မြို့များကို ပြန်လည် ရယူခဲ့သည်။

    စစ်တက္ကသိုလ်ကြီးများရှိရာ ပြင်ဦးလွင်မြို့နှင့်မိုင်၂၀အကွာက နောင်ချိုမြို့ကို ယခုနှစ် ဇူလိုင်လအတွင်း အာဏာသိမ်းတပ်က ပြန်လည်သိမ်းပိုက်ခဲ့သည်။ ထို့အတူ မန္တလေးမြို့နှင့် မိုင် ၆၀ ကျော်အကွာ ရွှေတွင်းများ ကြောင့်နာမည်ကျော်ကြားသည့်သပိတ်ကျင်းမြို့အား ဩဂုတ်လတွင် သိမ်းပိုက်ခဲ့ပြီး ယခုအခါထိုမှတဆင့် မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်အထိ ခြေချကာ မိုးကုတ်မြို့ကိုဆက်လက်ထိုးစစ်ဆင်နေသည်။

    စစ်တပ်က မိုးကုတ်မြို့ကို ပြန်ရရန် ၎င်းတို့ ကနဦးသိမ်းပိုက်ထားသည့် နောင်ချိုမြို့ မှ ထွက်လာသည့်စစ်ကြောင်းက ပြင်ဦးလွင်-မိုးကုတ်လမ်းမှ တစ်ကြောင်း၊ သပိတ်ကျင်းမြို့အား ရယူပြီး နောက် သပိတ်ကျင်း-မိုးကုတ်လမ်းမကြီးပေါ်မှ တစ်ကြောင်း၊ စသည့်ဖြင့်စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးဖောက်နေသည်ကိုတွေ့ရသည်။

    တော်လှန်ရေးတပ်များကလည်း အပြင်းအထန်ခုခံနေသည်။

    ယမန်နှစ်ပိုင်းက မန္တလေးမြို့အနီး မတ္တရာမြို့နယ်ကို ၇၀ ရာနှုန်းထိ သိမ်းပိုက်နိုင်ခဲ့သည့် တော်လှန်ရေး တပ်များသည်လည်း တစ်နှစ်ကျော်အကြာတွင် ဆန့်ကျင်ဘက်အခြေအနေ ပြောင်းလဲသွားပြီး စစ်တပ် က ၇၀ ရာနှုန်းပြန်သိမ်းနိုင်သည့်အခြေအနေသို့ရောက်ရှိခဲ့သည်။

    မန္တလေးနှင့်ကပ်လျက် တည်ရှိသည့် ပုသိမ်ကြီးမြို့နယ်မှ ဖယောင်းတောင်ရွှေတွင်း၊ တရုတ်ရင်းနှီးမြှုပ်နှံမှု(Alpha) ဘိလပ် မြေစက်ရုံ စသည့်နေရာများနှင့် မတ္တရာအနောက်ခြမ်း ၊ အရှေ့ခြမ်းကျေးရွာအများအပြားကို သိမ်းပိုက်နိုင် ခဲ့သည်၊ မြောက်ခြမ်းသို့ဆက်လက်ထိုးစစ်ဆင်ကာ ဆက်လက်ပြီးတိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ် များသည် မတ္တရာကို လက်လွှတ်ရမည့်အခြေအနေသို့ရောက်ရှိနေသည်။

    မတ္တရာကို လက်လွှတ်ရပါက မြောက်ဘက် စဉ့်ကူးမြို့ကို အာဏာသိမ်းတပ်က တောင်ဘက် မတ္တရာနယ်မှ နေ၍လည်းကောင်း၊ မြောက်ဘက်သပိတ်ကျင်းမြို့မှ လည်းကောင်း ဧရာဝတီမြစ်အနောက်ဖက်ကမ်း ဝက်လက်၊ ရွှေဘိုစသည့် နယ်မြေများမှလည်းကောင်း နှစ်ဘက်ညှပ်ကာ ထိုးစစ်ဆင်ဖွယ်ရှိနေသည်၊ စဉ့်ကူးသည် တိုက်ပွဲများအလယ်ရောက်ရှိနေပြီး စစ်ရေးခြိမ်းခြောက်ခံနေရသည့်မြို့တစ်မြို့ဖြစ်နေသည်။

    လာမည့်ဒီဇင်ဘာလကုန်ပိုင်းတွင် ရွေးကောက်ပွဲလုပ်မည်ဟုကြေညာထားသည့် အာဏာသိမ်းတပ်သည် တိုက်ပွဲများပြင်းထန်နေသည့် မတ္တရာနှင့်သပိတ်ကျင်းမြို့ကိုပင် ရွေးကောက်ပွဲစီစဉ်မည်ဟု ကြေညာထားသည်၊ ရွေးကောက်ပွဲ နီးကပ်လာသည့် ယခုလများတွင်အပြင်းအထန်ထိုးစစ်ဆင်ပြီး လေကြောင်းဗုံးကြဲမှုများ ပြုလုပ်နေ သည်။

    မန္တလေးတိုင်းအတွင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် စသည့်မြို့များနှင့် စစ်ကိုင်းတိုင်း ရွာများကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ဆိုသလို ပြုလုပ်လေ့ရှိသည့် အာဏာသိမ်းတပ် က ယခုလများ အတွင်း ပိုမို အကြိမ်ရေစိပ်လာရာ နိုင်ငံအလယ်ပိုင်းတွင် စစ်ဘေးဒုက္ခသည်အရေအတွက် သိန်းနှင့်ချီ၍ ရှိနေသည်။

    ယမန်နှစ် နိုဝင်ဘာအတွင်း ဧရာဝတီမြစ်အတွင်း ကျွန်းများပေါ်တွင် ခိုလှုံနေရသော မတ္တရာ စစ်ရှောင်များ။ (ဓာတ်ပုံ-မိုးဦး)

    ရှမ်းမြောက်တိုက်ပွဲရောက် စစ်ကိုင်းသားများ

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့အပါအဝင် ရှမ်းမြောက်တကြောနှင့် မန္တလေးတိုင်း မြို့များကိုပါ သိမ်းပိုက်နိုင်ခဲ့သည့် “ ၁၀၂၇” စစ်ဆင်ရေးတွင် နိုင်ငံအလယ်ပိုင်းအညာဒေသ မှ ရာနှင့်ချီသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

    လက်နက်ခဲယမ်းရှားပါးမှုနှင့် စစ်ရေးအတွေအ့ကြုံရလိုမှုတို့က အညာသားများကို အိမ်နှင့်ဝေးကွာသည့် စစ်မြေပြင်တွင် သွားရောက်တိုက်ခိုက်ရန် အဓိက တွန်းအားများဖြစ်ခဲ့သည်။

    “အဓိကတော့ ကျွန်တော်တို့ရဲ့မပြည့်စုံမှုပေါ့။ တော်လှန်ရေး ရှေ့မရောက်မှုတွေကို အခြေခံပြီးတော့ ကျွန်တော်တို့က မပြည့်စုံတဲ့လက်နက်ခဲယမ်းကိစ္စတွေအတွက် အကျိုးလည်း မျှော်လင့်တယ်၊ တိုက်ပွဲ အတွေ့အကြုံလည်းမျှော်လင့်တယ်။ အဲ့ဒီကပြန်ရောက်ရင် ကျွန်တော်တို့က အဲ့ဒီက စစ်ရေး အတွေ့အကြုံ တွေ ယူချင်တယ်။ အဲ့ဒါ နှစ်ချက်က အဓိကကျတယ်”ဟု လားရှိုးမြို့သိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် စစ်ကိုင်းတိုင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

    အညာစစ်မျက်နှာနှင့် မတူညီသည့် “ ၁၀၂၇” စစ်ဆင်ရေး တိုက်ပွဲများမှာ လက်နက်ခဲယမ်းအလုံအလောက်နှင့် အမိန့်ပေး ကွပ်ကဲမှုစနစ်အားကောင်းသည့် အုပ်ချုပ်မှုအောက်တွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများမှာ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

    “အဲ့ဒီမှာတိုက်ပွဲဝင်ခဲ့ရတဲ့အနေအထားကတော့ ကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာ ကျေနပ်အား ရရှိပါ တယ်။ အသက်သာသေရင်သေမယ် ဘာမှနောက်ဆံမတင်းဘဲ နောက်ကနေ အုပ်ချုပ်ထောက်ပံ့ကိစ္စ တွေက အရမ်းပြည့်စုံတော့ စစ်တိုက်ရတာပျော်တယ်”ဟု အထက်ပါ ရဲဘော်က ဆိုသည်။

    လနှင့်ချီကြာမြင့်ခဲ့သည့် ထိုးစစ်ဆင်တိုက်ပွဲများက စစ်ရေးအတွေ့အကြုံများရရှိခဲ့ပြီး တိုက်ခိုက်ရေး စွမ်းရည် မြင့်မားလာခဲ့သည်ဟု ၁၀၂၇ စစ်ဆင်ရေးပြန် တပ်ရင်းတပ်ဖွဲ့များက ဆိုသည်။

    စစ်ဆင်ရေးအပြီး အညာပြန်ရောက်သည့်အခါ အတွေ့အကြုံကိုအခြေခံပြီး ညီနောင်ရင်းများဖွဲ့စည်းကာ လက်တွဲတိုက်ခိုက်ကြပြီး အောင်မြင်မှုများလည်းရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် (၁၅) တပ်ရင်းမှတပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောသည်။

    ၎င်းတို့တပ်ဖွဲ့မှာ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအဖြစ် မန္တလေးတိုင်းတွင် MDY PDF က ဦးဆောင်ကွပ်ကဲ သည့် ရှမ်းမန်းစစ်ဆင်ရေးတလျှောက် ၁၀လခန့်ကြာ တိုက်ပွဲဝင်ခဲ့ကြသည်။

    နောင်ချို၊ စဉ့်ကူး၊ မတ္တရာစသည့် ရှမ်း-မန်းစစ်မျက်နှာစာတွင် ၎င်းတို့တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၉၈ ဦး ပါဝင် တိုက်ခိုက်ခဲ့ကြသည့်အနက် ၈ ဦး ကျဆုံးပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူများလည်းရှိသည်။

    “ ၁၀၂၇” စစ်ဆင်ရေး အတွင်း မျှော်မှန်းထားသလို ထိုက်သင့်သည့်လက်နက်ခဲယမ်းနှင့် စစ်ရေးအတွေ့အကြုံ ကောင်း များရခဲ့သည့်တိုင် အညာမြေပြန့်ဒေသတွင် ကြီးမားသည့် ဖော်ဆောင်နိုင်ရေးအတွက် ကွပ်ကဲမှု ကောင်းမွန်ရေးနှင့် လက်နက်ခဲယမ်းလိုအပ်ချက်များမှာ အဓိကကျကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထောက်ပြသည်။

    ရှမ်း- မန်းစစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်နေသည့် ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်း ဒုတပ်ရင်းမှူး ကိုစံသိန်း (ခ) ဆရာစံ ဈာပနအခမ်းနားကို ယမန်နှစ် ဩဂုတ်လ ၂၈ ရက်နေ့က ဇာတိမြေ၌ ပြုလုပ်နေစဉ်။

    ဇာတိမြေနှင့်ဝေးရာတွင် အသက်သွေးချွေးတို့ရင်းပြီး တိုက်ပွဲဝင်ခဲ့ရသည့် မြို့နှင့်စခန်းများကို ပြန်လည် လက်လွှတ်လိုက်ရသည့်အတွက် အားမလိုအားမရ ဝမ်းနည်းစိတ်ပျက်ကြရသည်ဟု ဆိုကြသည်။

    “ကျွန်တော်တို့ဘယ်လောက်ထိအောင်ပေးဆပ်ထားရလဲဆိုရင် ကျွန်တော်တို့ကလေးတွေ ပေးဆပ်ခဲ့ရ တယ်၊ Dead body (အလောင်း) လည်းမရဘူးဗျာ၊ ပြာအိုးလည်းမရဘူးဗျာ၊ အလံတောင် မရဘူးဗျာ”ဟု ဗိုလ်ကောက်ရိုးက ဆိုသည်။

    “အဲ့ဒီလိုကြီးပေးဆပ်ခဲ့ရတာကြီးတောင်မှပဲ သူတို့က နိုင်ငံရေးတစ်မျိုး၊ တိုက်ခိုက်ရေး တစ်မျိုးနဲ့ အမျိုးမျိုးနဲ့ ပြန်ပေးလိုက်တာကြီးကတော့ ကျွန်တော်တို့ အနေနဲ့ ကြိုက်လည်းမကြိုက်သလို နောက်နောင် ကမ်းလှမ်းခဲ့ရင်တောင်မှပဲ သိပ်စိတ်မဝင်စားတော့ဘူး။ စစ်ပွဲက တစ်ခါတလေကျရင် စီးပွားဖြစ်တိုက်နေ သလား၊ ဒီလိုမျိုးတောင် မေးခွန်းထုတ်လိုက်ချင်သေးတာ”

    ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ဝက်လက်အခြေစိုက် တပ်ရင်း (၁၈) မှလည်း ဒုတပ်ရင်းမှူးအပါအဝင် ရဲဘော် ၁၃ ဦး ကျဆုံးခဲ့ရသည်။ ပါဝင်တိုက်ခိုက်ခဲ့ကြသော PDF အပါအဝင် အခြားတပ်ရင်းများလည်း အသက်ဆုံးရှုံးရမှုများ အများအပြား ရှိခဲ့သည်။

    အောင်မြင်မှုအကြီးအကျယ်ရခဲ့ပြီး တော်လှန်ရေးတဆစ်ချိုးစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအလွန် တစ်နှစ် ကျော် အကြာတွင် လားရှိုးအပါအဝင် ထိန်းချုပ်ထားသည့် မြို့များထဲမှ တချို့ကို ပြန်လက်လွှတ်ခဲ့ရသည်။

    “အဓိကကတော့ စစ်ကောင်စီက တော်လို့တော့မဟုတ်ဘူး။ အဓိကတော့ ကျွန်တော်တို့အချင်းချင်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်းလို့ပဲမြင်တယ်။ ဒီကိစ္စတွေဆိုရင်တော့ ကျွန်တော်တို့လည်း အရမ်းစိတ် ပျက်တယ်။ တော်လှန်ရေးအင်အားစုတွေအချင်းချင်း လက်ချင်းမချိတ်နိုင်တဲ့ကိစ္စတွေပေါ့” ဟု အထက်ပါ စစ်ကိုင်းတိုင်းမှတော်လှန်ရေးတပ်ဖွဲ့ဝင်က မှတ်ချက်ပြုသည်။

  • ဂျူလီယာဆက်ရဲ့ အမေကတော့ သမီးဖြစ်သူအတွက် လူရှေ့ထွက်ပြီး ရှင်းလာခဲ့ပြီ

    ဂျူလီယာဆက်ရဲ့ အမေကတော့ သမီးဖြစ်သူအတွက် လူရှေ့ထွက်ပြီး ရှင်းလာခဲ့ပြီ

    ဂျူလီယာဆက်ရဲ့ အမေကတော့ သမီးဖြစ်သူအတွက် လူရှေ့ထွက်ပြီး ရှင်းလာခဲ့ပြီ

    မီဒီယာတွေ ခေါ်ထားပေမယ့် ဦးယောဆက်ကို ကြောက်လို့ ဘယ်သူမှ မလာရဲဘူးတဲ့

    သူမ(10) အတန်းအရွယ်ကတည်းက ဦးယောဆက်က အလိုမတူဘဲ ပေါင်းသင်းခဲ့ကြောင်းနဲ့ တောထဲက အိမ်မှာ ဘယ်သူနဲ့မှ အတွေ့မခံဘဲ ပိတ်လှောင်ထားခဲ့တာ အော်တစ်ဇင်ဖြစ်နေတဲ့ သားလေးကို ဆေးကုသဖို့ မပေးခဲ့သလို သမီးငယ်လေးမှာလည်း သူမကို နှိပ်စက်နေတာတွေ မြင်ပြီး စိတ်ရောဂါရခဲ့တာ

    မူးလာရင်လည်း သူမကို အမြဲလိုလို နှိပ်စက်ပြီး သူစိတ်တိုရင် ရှိတဲ့ ပစ္စည်းနဲ့ ကောက်ပေါက်တာ

    ဦးယောဆက်ဆီက သူမတို့သားအမိထွက်ပြေးဖို့ ကြိုးစားပေမယ့်လည်း ပိုင်ဆိုင်သမျှ ပစ္စည်းတွေအပြင် မှတ်ပုံတင်ကအစ သိမ်းထားပြီး ခိုးမှုနဲ့ပါ ရဲစခန်းအမှုဖွင့်ထားလို့ ဘယ်လိုမှ လုပ်မရတော့လို့သာ အခုလို လူသိရှင်ကြား ပြောရတာပါ။

    သမီးလေးနဲ့ သူမတို့ သားအမိကို ခင်ပွန်းဖြစ်သူ ဦးယောဆက်က ကိုယ်ထိလက်ရောက်တာ ကျူးလွန်တာ မှန်ကန်ကြောင်းနဲ့ ပိုင်ဆိုင်မှုတွေလည်း သိမ်းထားကြောင်း ထွက်ရှင်းလာတဲ့ ဂျူလီယာဆက်ရဲ့ မိခင်ကြီး

    မီဒီယာမှာ အင်တာဗျူး ဖြေဖို့လုပ်ခဲ့ပေမယ့် ဘယ်မီဒီယာမှ မလာရဲကြဘူး

    ပိုင်ဆိုင်သမျှ ဘာမှ မရှိတော့တဲ့အပြင် ပစ္စည်းခိုးတဲ့ဆိုတဲ့ အမှုနဲ့ပါ ရဲစခန်းမှာတရားစွဲခံထားရတဲ့ သမီးလေး ဂျူလီယာဆက်က ဘာမှ လိုင်းပေါ်မတင်ရဲလို့ သူမကိုယ်တိုင် ပြန်ရှင်းပြရတာပါ

  • ပြင်းထန်တဲ့ဝေဖန်မှုခံနေရတဲ့ စစ်ကောင်စီဘက်တော်သား အနုပညာရှင်များ

    ပြင်းထန်တဲ့ဝေဖန်မှုခံနေရတဲ့ စစ်ကောင်စီဘက်တော်သား အနုပညာရှင်များ

    ပြည်သူတွေရဲ့ ပြင်းထန်တဲ့ဝေဖန်မှုခံနေရတဲ့ စစ်ကောင်စီဘက်တော်သား အနုပညာရှင်များ

    စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မြန်မာပြည်ရဲ့နာမည်ကြီးမင်းသားတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားအပေါ် တော်လှန်ရေးအသိုင်းအဝိုင်းအပါအဝင် ပြည်သူတွေရဲ့ ဝေဖန်သံတွေ ဆူညံနေပါတယ်။

    “ဗုံးထောင်တာ တော်လှန်ရေးမဟုတ်ဘူးတဲ့ အိမ်တွေမီးရှို့တာက နယ်မြေရှင်းလင်းရေး၊ လေယာဥ်နဲ့ ပြည်သူတွေ၊ကလေးတွေပါမကျန် ဗုံးကြဲတာက စစ်ဆင်ရေး၊ ကိုယ့်လက်အောက် မှာ မလုပ်ချင်တဲ့သူတွေကိုဖမ်းပြီးထောင်ချ၊ ကိုယ်မကောင်းလို့မကောင်းဘူးပြောတဲ့သူတွေကိုဖမ်းဆီးဖျောက်ဖျက်တာကနိုင်ငံရေး၊စစ်ရှုံးနေလို့လူငယ်တွေကိုပေါ်တာဆွဲတာကတပ်မတော်ပေါ့လေ။” လို့ Revolution Fan War-RFW ပေ့ခ်ျက ‌မြေပြင်အခြေအနေနဲ့ ကွာဟနေတဲ့ အကြောင်းကို ထောက်ပြထားပါတယ်။

    ဒီဇာတ်ကားက စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အတွက်တင်မဟုတ်ပဲ ပြည်သူ့ဘက်တော်သားတွေရဲ့ တည်ရှိမှုကိုပါ စကားလုံးအသုံးအနှုန်း ၊ အမူအရာတွေနဲ့ စော်ကားထားကြတာပါ။

    “ပြည့်သူတွေပေးတဲ နာမည်တွေနဲ့ အောင်မြင်လာပြီး ပြည်သူလူထုကို ကျေဇူးဆပ်လိုက်တာ ။ ဒါလား ပရိတ်သတ်ကိုချစ်တာ၊ ဒါလား ပရိတ်သတ်ရဲ့အနုပညာရှင်တွေလား။ မအလ ကိုမထောက်ခံလို့ အေးဆေးနေလည်းရတယ်။ ကြောက်ကြောက်နဲ့ ရိုက်ရပါတယ်လို မပြောနဲ့နော်”လို့ ပြည်သူတစ်ဦးက ဝေဖန်ထားပါတယ်။

    စစ်အစိုးရ ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ နည်းလမ်းအတိုင်း အနုပညာရှင်တွေရဲ့ အားကို အသုံးပြုပြီး ရွေးကောက်ပွဲအတွက် ဆွဲဆောင်ခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးလို့ ဆိုရမှာပါ။

    ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကားထွက်လာပြီးချိန်မှာ တော်လှန်ရေးကာလအစက အရှိန်ကောင်းခဲ့တဲ့ Boycott ဆိုတဲ့ စကားလုံးက ပြန်လည်ရေပန်းစားလာခဲ့တာကြောင့်ပါ။

    “အဖက်မလုပ်ကြောင်းလူညီဖို့ သူတို့အကောင့်တွေကိုfollow ဖြုတ်ပါ ။ Follow ဖြုတ်ပြီး ဘလော့ထားရင်ပိုကောင်းပါတယ် ။ Followထားပြီး အဖက်မလုပ်ဘူးအော်နေတာကျလည်း အဖက်လုပ်သလိုဖြစ်နေတာပါပဲ ။ စတာပါ ။ အတည်လုပ်ပါ မန့်မှာအကောင့်တွေထည့်ပေးထားမယ်” လို့ စစ်တပ် CDM ကိုခန့်ကိုက သူ့အကောင့်မှာ ရေးသားထားပါတယ်။

    စာထဲမှာရေးသားထားသလို Comment မှာလည်း ဇာတ်ကားထဲမှာပါဝင်တဲ့ အနုပညာရှင်တွေရဲ့ ပေ့ခ်ျတွေကိုလည်း စုစည်းဖော်ပြထားပြီး Unfollow ၊ Block စသဖြင့် ပြုလုပ်ဖို့ တိုက်တွန်းထားတာပါ။

    “စာမသင်ချင်လို့ ၊ ဆေးမကုချင်လို့ CDM လုပ်တာ မဟုတ်ဘူး ၊ အာဏာလုတဲ့ စကစကို ဆန့်ကျင်ကြောင်း ပြဖို့ CDM လုပ်တာ … ဆိုတဲ့ အခြေခံလေး လောက်တောင် သေချာ နားလည်ပုံ မရဘူး ။ CDM လုပ်ခဲ့တဲ့ ဆရာ/ဆရာမတွေဟာ CDM လုပ်ခဲ့ပေမယ့် … နီးစပ်ရာမှာ ရရင်ရသလို စာသင်ပေးခဲ့ကြ ၊ ဆေးကုပေးနေခဲ့ကြတယ် ( တစ်ချို့ဆို ခုထိ သင်ပေး/ကုပေးနေကြတုန်း ) အဲ့လို ဆက်လုပ်လို့ မရလောက်အောက်ကို လိုက်ပြီး ဖိနှိပ် ရန်ရှာခံခဲ့ကြရတာကိုကျ ဇာတ်ညွှန်း ထဲ ထည့်မရေးရဲပဲနဲ့ … ပေါက်ကရတွေ ပဲ လျှောက်ပြောနေကြတော့ … ခက်တာပဲ” လို့ ကိုဇင်ဇေလွင် က ထောက်ပြထားပါတယ်။

    နည်းပညာအားနည်းတဲ့ အရင်‌ ခေတ်ကာလတွေမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်တဲ့ မူဝါဒက အကျိုးသက်ရောက်မှု ရှိကောင်းရှိနိုင်ပေမယ့် ဒီနေ့ခေတ်မှာတော့ မရတော့ပါဘူး။

    စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်တာက ပြောစကားအနေနဲ့သာ မဟုတ်ပဲ မြေပြင်မှာ အမှန်တကယ်ကျူးလွန်နေကြောင်း သက်သေအတိအကျနဲ့ပါ။

    စစ်ကောင်စီက သူတို့ရဲ့လက်အောက်ခံ စစ်ကောင်စီတပ်သားတွေကို ကန့်သတ်ချက်တွေ နဲ့ လုပ်ဆောင်ထားတာကြောင့် အဖြစ်မှန်တွေကို မသိတာ ဖြစ်နိုင်ပေမယ့် ဒီဇာတ်ကားမှာ ပါဝင်သူတွေကတော့ နည်းပညာနဲ့ မစိမ်းသူတွေ ဖြစ်သလို ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ‌ဝင်ငွေရှာနေသူတွေပါ။

    နေတိုး နဲ့ ခြူးလေးတို့ဆိုရင် စစ်ဘေးဒဏ်ကို အရင်ကတည်းက ခံစားနေရတဲ့ ရခိုင်လူမျိုးတွေပါ။ ဒါပေမယ့်လည်း ဒီဇာတ်ကားမှာတော့ နေတိုးက လူငယ်တွေရဲ့ ရပ်တည်ချက်တွေကို ပုံဖျက်ခဲ့သလို ခြူးလေးကလည်း CDM ဆရာမတွေရဲ့ လုပ်ဆောင်ချက်တွေကို ပျက်ရယ်ပြုခဲ့တာပါ။

    ဒီနေ့ခေတ်မှာ ပြည်သူတွေရဲ့ သပိတ်မှောက်မှုက ဘယ်လောက် အတိုင်းအတာအထိ ရောက်ရှိနိုင်တယ်ဆိုတာ ရှေ့မှာလည်း ဥပမာတွေရှိပြီးသားပါ။

    မြင့်မြတ်ရဲ့ ဘော်ဒါအရင်းကြီး ဖြစ်တဲ့ ယုန်လေးက ၂၀၂၀ရွေးကောက်ပွဲ မတိုင်ခင်ကာလ ကတည်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ ‌ပြည်သူ့အစိုးရကို စစ်တပ်ရဲ့ ထောက်ပံ့မှုနဲ့ အနုပညာအမည်ခံ Music Video ရိုက်ပြီး သွေးတိုးစမ်းခဲ့သူပါ။

    အဲဒီ့ကိစ္စကြောင့်ပဲ ယုန်လေးက ဒီနေ့ ဒီအချိန်အထိ ပရိသတ်ရှေ့ ပေါ်ပေါ်တင်တင်ရောက်ရှိမလာခဲ့တာပါ ။ဒါ့အပြင် စစ်‌တပ်ကိုထောက်ခံကြောင်း ပေါ်တင်ပြသခဲ့တဲ့ ဟာသလူရွှင်တော် ဒိန်းဒေါင်နဲ့ ငြိမ်းချမ်းတို့ဆိုရင်လည်း အနုပညာအလုပ်မဆက်လုပ်ရလောက်အောင် အပယ်ခံဖြစ်ခဲ့ကြပါတယ်။

    စစ်ကောင်စီက အခုဆိုရင် သူတို့ရဲ့ဖိနှိပ်မှုတွေကြောင့် တိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသား တွေ အများစုရှိတဲ့ ထိုင်းနိုင်ငံကိုပါ အနုပညာ အမည်ခံပြီး လှုပ်ရှားမှုတွေပြုလုပ်လာပါတယ်။

    အနီးဆုံးဥပမာအနေနဲ့ ဒီရက်မှာ မြန်မာလုပ်သား အများဆုံးနေထိုင်တဲ့ မဟာချိုင်လို နေရာမှာ စစ်ကောင်စီ ခေါင်းဆောင်ရဲ့ သမီးနဲ့ အလုပ်လုပ်သူတွေ ထုတ်လုပ်ထားတဲ့ ဗြောသံ ဇာတ်ကားကို ရုံတင်နေတာပါ။

    ရုံတင်ရုံတင်မဟုတ်ပါဘူး။ ဇာတ်ကားထဲမှာ ပါဝင်သရုပ်‌ဆောင်ထားတဲ့ နေဝင်း ၊ခင်ဝင့်ဝါ တို့ကိုပါခေါ်လာပြီး ပရိသတ်နဲ့တွေ့ဆုံပွဲတွေပါ ပြုလုပ်ပေးနေတာပါ။

    ဒီလိုကိစ္စတွေကြောင့် တော်လှန်ရေး အင်အားစုတွေ ဘက်ကလည်း နယ်ကျော် လှုပ်ရှားလာတဲ့ပြည်တွင်းက အနုပညာရှင်တွေကို သပိတ်မှောက်ဖို့ တိုက်တွန်းနှိုးဆော်နေပါတယ်။

    ဒီရက်ထဲမှာ Boycott ကိစ္စတွေနဲ့ပတ်သက်ပြီး ဆက်တိုက်ဖော်ပြနေတာက Boycott နဲ့ပတ်သက်ပြီး ပြည်သူတွေ သွေးအေးသွားမှာစိုးဝာာကြောင့်လို့ Fake News Check Community (Fncc) Burma ကပြောပါတယ်။

    “အန္တရာယ်ကင်းတဲ့ ဆန့်ကျင်မှုမျိုးကိုတောင် မလုပ်နိုင်ရင် ကျနော်တို့လိုချင်တဲ့ ပြည့်ဝတဲ့ ဒီမို‌ကရေစီဆိုတာ အိပ်မက်တောင်မမက်သင့်တော့ပါဘူး” လို့ Fncc ရဲ့ တာဝန်ရှိသူကပြောပါတယ်။

    ” ဒီကောင်တွေ ဒါမျိုးရိုက်ရင် ဘာဆက်ဖြစ်မလဲဆိုတာ မသိလို့မဟုတ်ဘူး။ဘာမှ မလွဲမရှောင်သာလို့ ရိုက်ရတာပါဆိုတဲ့ စောက်ခွက်တွေလည်း မဟုတ်ဘူး။ အထဲမှာ ကြောက်ကြောက်နဲ့ နေနေရလို့ပါဆိုပြီးမှ စောက်မှတ်မရှိ သွားပတ်သက်နေတဲ့ ပရိသတ် ဆိုတဲ့ စောက်ပိန်းတွေ အများကြီးရှိနေတာ သိလွန်လွန်းလို့ကို အားလုံးကို ဒါပဲဆိုပြီး ရိုက်ပြတာ”လို့ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

    တော်လှန်အနုပညာရှင်စိန်သီးကလည်း “ပြည်သူချစ်ရင် ကမ္ဗည်း တင်မည်။ ပြည်သူမုန်းရင် ပျက်သုဥ်းစေရမည်…..” လို့ စစ်ကောင်စီ ဝါဒဖြန့်ဇာတ်ကားအပေါ် မှတ်ချက်ပေးပါတယ်။

    (စစ်အုပ်စုဝါဒဖြန့်ဇာတ်ကားမှ ဇာတ်ဝင်ခန်းမှ ပါဝင်သရုပ်​ဆောင်​နေသူ​များ။ဓါတ်ပုံ-Screengrab)

  • မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

    မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

    အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ပျက်ကွက်နေမှုကြောင့် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

    ရွေးကောက်ပွဲ မကျင်းပမီ အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် အားလုံးပါဝင်သော တွေ့ဆုံညှိနှိုင်းရေး လုပ်ဆောင်ရမည်ဟု အာဆီယံက အသိပေး

    မြန်မာအကြမ်းဖက်စစ်တပ်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသည့်အတွက် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်လိုက်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဆုံးဖြတ်ကြေညာချက် ထုတ်ပြန်လိုက်သည်။

    မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တွင် အောက်တိုဘာလ ၂၆ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး အချက် ၂၈ ချက်ပါ မြန်မာ့အရေး ဆွေးနွေးချက် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် အဓိက အချက်များအနေဖြင့် မြန်မာစစ်တပ်က အာဆီယံဘုံသဘော တူ ညီချက် ၅ ချက်ကို အဓိပ္ပာယ်ရှိသော အကောင်အထည်ဖော် တိုးတက်မှုများ မလုပ်ဆောင်သေးလျှင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် နောက်ဆက်တွဲ ဆက်စပ် အစည်းအဝေးများတွင် မြန်မာစစ်ခေါင်းဆောင်များ တက်ရောက်ခွင့်ပြုမည်မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ တက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ကြေညာချက်တွင် ရွေးကောက်ပွဲများမကျင်းပမီ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

    “မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို လျှော့ချရန်နှင့် အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို ရပ်တန့်ရန်၊ ယုံကြည်မှုတည်ဆောက်ရေး ကြိုးပမ်းမှုများကို မြှင့်တင်ရန် တိုက်တွန်းပါသည်။ ” ရွေးကောက်ပွဲများမတိုင်မီ အကြမ်းဖက်မှုများ ရပ်တန့်ခြင်းနှင့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရမည်ဟု အလေးပေးပြောကြားလိုပါသည်” ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    မြန်မာစစ်တပ်က လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေမှုနှင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့များကို ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ရွေးကောက်ပွဲသည် လွတ်လပ် မျှတ ငြိမ်းချမ်း ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်သည့် ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ကြောင်း အာဆီယံ ထုတ်ပြန်ကြေညာသည်။

    မြန်မာနိုင်ငံအခြေအနေကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ နေရပ်စွန့်ခွာမှု၊ ဆိုက်ဘာခြိမ်းခြောက်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများအပါအဝင် ပဋိပက္ခမှပေါ်ပေါက်လာသော နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရေး အားလုံးပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရှိရသည်။

    အာဆီယံက မြန်မာနိုင်ငံပြည်သူများ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ကူညီရန် ကုလသမဂ္ဂ၊ နိုင်ငံတကာတို့နှင့်အတူ လက်တွဲ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အနာဂတ်အစည်းအဝေးများတွင် တိုးတက်မှုကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။