Category: News

  • သာပေါင်း စစ်ဆေးရေးဂိတ်တွင် စစ်တပ်က ကုန်ပစ္စည်းများ လုယက်ယူနေ

    သာပေါင်း စစ်ဆေးရေးဂိတ်တွင် စစ်တပ်က ကုန်ပစ္စည်းများ လုယက်ယူနေ

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က အရပ်သားတွေ ဝယ်ယူလာတဲ့ ကုန်ပစ္စည်းတွေကို လုယက်ယူဆောင်နေတယ်လို့ ဒေသခံတွေဆီကသိ ရပါတယ်။

    စစ်တပ်က အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက် ရက်ညနေမှာ သာပေါင်းမြို့နယ်ထဲက ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီ တပ်သားတွေက အရပ်သားတွေ ဝယ်ယူလာတဲ့ ကုန်စည်တွေကို လိုအပ်တာကြောင့် သိမ်းဆည်းတယ်ဆိုပြီး လုယက်ယူဆောင်နေတာလို့ သိရပါတယ်။

    ဒေသခံတယောက်က “ဂိတ်မှာစောင့်နေတဲ့ စစ်ကောင်စီတပ်နဲ့ အရပ်ဝတ် ဝတ်ထားတဲ့သူတချို့က သိမ်းယူတာ။ ကုန်စည်တွေ များများဝယ်လာရင် ပိုသိမ်းယူတယ်။ အရပ်ဝတ်သမားတွေက ပျူစောထီးတွေက ဖြစ်မယ်ထင်တယ်။ သူတို့ (စစ်ကောင်စီ)တပ်က သိမ်းယူတဲ့ ပစ္စည်းကို အသာတကြည် မပေးရင် လူပါဖမ်းလို့ရတယ်ဆိုပြီး ပြောတာ” လို့ ပြောပါတယ်။

    လုယက်ယူဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက တချို့က အရက်မူးနေကြပြီး ဆန်၊ ငါးခြောက်တွေ၊ စက်သုံးဆီနဲ့ အသား ငါးတွေဖြစ်ပြီး စစ်သုံး FAW ကားတွေပေါ် တင်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

    သာပေါင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “ပေါ်တင်သိမ်းယူနေတာ။ ပစ္စည်းတွေကို လိုချင်တာကြောင့် တမင်လုယက်ယူနေတာလား။ တော်လှန်ရေးတပ်တွေဆီ ကုန်စည်မရောက်အောင် တားမြစ်ချင်တာကြောင့်လားတော့ မသိဘူး။ အဲဒီ စစ်ဆေးရေးဂိတ်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိတ်” လို့ ပြောပါတယ်။

    ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ယောက်နဲ့ ပျူစောထီးတွေက အရပ်သားတွေရဲ့ ပစ္စည်းတွေကို သိမ်းယူနေတာဖြစ်ပြီး ပစ္စည်းမယူဖို့ မေတ္တာရပ်ခံတဲ့ အရပ်သားတွေကို ရိုက်နှက်တဲ့အထိပါ လုပ်နေတယ်လို့ သိရပါတယ်။

    စက်တင်ဘာလ ပထမအပတ်ကလည်း အဲဒီ ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်မှာ အရပ်သားတွေ ဆန်အိတ်တင်မောင်းလာတဲ့ကားကို စစ်တပ်က PDF ထောက်ပို့ကားဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။

  • မြစ်ဝကျွန်းပေါ် အမျိုးသားများတပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲ ပြုလုပ်

    မြစ်ဝကျွန်းပေါ် အမျိုးသားများတပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲ ပြုလုပ်

    မကွေးတိုင်း လွတ်မြောက်နယ်မြေ ဒေသတခုမှာ မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲကို အောက်တိုဘာ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

    မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲမှာ အာရက္ခတပ်တော် (AA) ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒေသတွေမှာ စစ်ရေးအတွေ့အကြုံယူပြီး ပြန်လာတဲ့ တပ်မှူးတွေကိုယ်တိုင် သင်တန်းပို့ချပြီး သင်တန်းသား ဒုတိယအကြိမ်အယောက် ၈၀ နဲ့ ပထမအကြိမ် ၈၉ ယောက်ကို စစ်ပညာသင်ကြားပေးထားတယ်လို့ ဆိုပါတယ်။

    မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ တပ်ရင်းတာဝန်ခံ ရဲဘော်စိုင်းဝေလင်းက “ကျနော်တို့ တပ်ဖွဲ့ကို ၂၀၂၅ခု နှစ် ၁ လပိုင်း ၁ ရက်နေ့မှာ မကွေးတိုင်းထဲက လွတ်မြောက်တနေရာမှာ AA၊ KIA၊ KNU တိုင်းရင်းသားတပ်ဖွဲ့တွေမှာ စစ်ရေးအတွေ့အကြုံတွေယူပြီး ပြန်လာတဲ့ ဧရာဝတီတိုင်းသားတပ်မှူးတွေနဲ့ မြစ်ဝကျွန်ပေါ်ဒေသ နယ်မြေအသီသီးကို ထိုးဖောက် ဝင်ရောက်နိုင်ဖို့ စစ်ရေးအတွေ့အကြုံများသင်ယူထားပြီး စစ်သားသစ်သင်တန်းပို့ချကာ လက်တွေ့မြေပြင် စစ်ရေးလှုပ်ရှားမှုတွေကိုပါ လုပ်ဆောင်ပြီး သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲ ပြုလုပ်တာ” လို့ ပြောပါတယ်။

    မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ ကူညီမှု၊ မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေရဲ့ ကူညီမှု၊ တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ စွမ်းစွမ်းတမံကြိုးစားမှုကြောင့် တပ်ဖွဲ့အနေနဲ့ ခုလိုရပ်တည်လာနိုင်ခဲ့တာလို့ ဆိုပါတယ်။

    အပတ်စဥ် ၂ သင်တန်းမှာ ရဲဘော်အယောက် ၈၀ သင်တန်းဆင်းခဲ့ပြီး တပ်ဖွဲ့ဝင်အင်အား များလာတာနဲ့အမျှ လိုအပ်ချက်များစွာ ပိုရှိလာကြောင်း၊ အပတ်စဥ် ၃ အတွက် ရဲဘော်သစ်တွေကိုလည်း ဆက်လက်ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

    မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ဟာ လူသိနည်းပြီး စစ်ရေးလှုပ်ရှားမှုများကို ဖော်ပြမှုမရှိခဲ့ဘဲ ကြိုးစားအားထုတ်မှုကိုသာ လုပ်ဆောင်နေခဲ့ကြောင်း၊ တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုဟာ စစ်ရဲ့ဒဏ်ကို အလူးအလဲခံစားနေရကြောင်း၊ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ် ဆိုတဲ့အတိုင်း ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ၊ မွေးရာပါ အခွင့်အရေးတွေ၊ တန်းတူညီမျှအခွင့်အရေးတွေကို တိုက်ယူမှရမှာ ဖြစ်တာကြောင့် အကောင်းဆုံးစုဖွဲ့ပြင်ဆင်ပြီး ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်တည်မယ့် တပ်ဖွဲ့ဖြစ်ကြောင်း ပြည်သူကို သတင်းစကားပေးချင်တယ်လို့ ဆိုပါတယ်။

    Photo: မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ သင်တန်းဆင်းပုံရိပ်

  • ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်တွင် နာရေးအိမ် ကို လူမိုက် ပျူစောထီး ရက္ခကြီး က အရက်မူးပြီး ကားဖြင့် ဝင်တိုက်

    ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်တွင် နာရေးအိမ် ကို လူမိုက် ပျူစောထီး ရက္ခကြီး က အရက်မူးပြီး ကားဖြင့် ဝင်တိုက်

    ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်တွင် နာရေးအိမ် ကို လူမိုက် ပျူစောထီး ရက္ခကြီး က အရက်မူးပြီး ကားဖြင့် ဝင်တိုက်မှု လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရ၊ တိုင်ကြားသော်လည်း ရဲက အရေးမယူဘဲ လွှတ်ပေးထား

    ရန်ကုန်တိုင်း ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက် အုတ်လှကြီးလမ်းတွင် နာရေး ရက်လည်လုပ်နေသော အိမ်ကို လူမိုက် ပျူစောထီး ရက္ခကြီး(ခ) ကိုသိန်း ဆိုသူက အရက်မူးကာ ကားဖြင့် ဝင်တိုက်ခဲ့၍ ကလေးငယ်များ အပါအဝင် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ရဲက ဖမ်းဆီးအရေးယူခြင်း မရှိကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။

    အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် လူမိုက် ရက္ခကြီး ဆိုသူက နာရေးအိမ်ကို ကားဖြင့် ဝင်တိုက်ခြင်း ဖြစ်ပြီး ရက်လည် မုန့်ဟင်းခါး စားနေကြသော ကလေးငယ်များ အပါအဝင် လူ ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    “မုန့်ဟင်းခါး စားနေတဲ့ လူတွေ ကားနဲ့ ဝင်တိုက်ခံရလို့ ကလေး လူကြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရတယ်။ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ် ဆေးကုသရပါတယ် ။ ၂ ဦး စိုးရိမ်ရပါတယ်။ ရဲက မဖမ်းဘူး။ အမှန်ဆိုရင် ယာဥ်ထိန်းရဲရော နယ်ထိန်းရဲရောက လိုင်စင်မဲ့ကားကို မောင်းနှင်မှု ယာဥ်တိုက်မှုနဲ့ အရင်ဆုံး ဖမ်းဆီးရမှာ”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောဆိုသည်။

    လူမိုက် ရက္ခကြီးမှာ အကြမ်းဖက် ရဲ၊ စစ်တပ်နှင့် ပေါင်း၍ ရပ်ကွက်နေ ပြည်သူများကို ဒုက္ခပေးနေသူ ဖြစ်ကြောင်း၊ စစ်မှုထမ်းကြေးကောက်ခြင်း၊ နိုင်ငံရေးလှုပ်ရှားသူများကို ရှာဖွေ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

    “ရက္ခကြီးက CDM သမားတွေ၊ PDF တွေ ၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးပေးတာ။ ပိုက်ဆံပေးလို့ ခိုင်းရင် အကုန်လုပ်ပေးတယ်။ ပိုက်ဆံပေးပြီး လူရိုက်ခိုင်းတာမျိုးပေါ့။ သူတို့က ရိုက်ပေးတယ်။ ဥက္ကဋ္ဌလည်း ဘာမှမပြောရဲဘူး။ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ဆိုရင်လည်း အကုန်ကြောက်တယ်”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောဆိုသည်။

  • စဉ့်ကူး စတားလင့် စက်ပိုင်ရှင်ကို ဒဏ်ကြေးဆောင်စေ၍ အရေးယူမည် ဟုဆို

    စဉ့်ကူး စတားလင့် စက်ပိုင်ရှင်ကို ဒဏ်ကြေးဆောင်စေ၍ အရေးယူမည် ဟုဆို

    မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော စတားလင့်အင်တာနက်ကိစ္စ စက်ပိုင်ရှင်နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ အချေအတင်စကားများခဲ့ကြသည့်ဖြစ်စဉ်အတွင်း စက်ပိုင်ရှင်သည် စတားလင့်အင်တာနက်အသုံးပြုမှုဆိုင်ရာစည်းကမ်းများကို ချိုးဖောက်သောကြောင့် ဒဏ်ကြေးငွေဆောင်စေ၍ အရေးယူသွားမည်ဟု စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

    ၎င်းက “စည်းကမ်းစည်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ပြစ်ဒဏ်နဲ့ ဒဏ်ကြေးကိုပဲ ကျနော်တို့ အရေးယူဆောင်ရွက်ဖို့ ရှိပါတယ်။ စက်ပိုင်ရှင်ကိုတော့ သီးခြားခေါ်ယူစစ်ဆေးမေးမြန်းတာတွေ မလုပ်ပါဘူး” ဟု ပြောသည်။

    စဉ့်ကူးမြို့နယ်အတွင်း စတားလင့်ခ်အင်တာနက် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအဖြစ် စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားရာတွင် အချက် ၇ ချက်ပါရှိပြီး လက်ရှိ စက်ပိုင်ရှင်သည် စည်းကမ်း (၁) Starlink Internet ကို အိမ်သုံးသီးသန့်အတွက်သာ ခွင့်ပြုမည်ဖြစ်ပြီး အများပြည်သူကို အခကြေးငွေဖြင့် မျှဝေအသုံးပြုခွင့် လုံးဝခွင့်မပြုခြင်းနှင့် စည်းကမ်း (၃) ပြည်သူလူထုအား အသုံးပြုခွင့်ပေးလိုပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက်ရမှသာ သုံးစွဲခွင့်ရရှိမည် စသည်တို့ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဆိုသည်။

    အဆိုပါ စည်းကမ်းအချက်တခုခုကို ချိုးဖောက်ပါက ပထမကြိမ် ဒဏ်ငွေ ကျပ် ၁၀ သိန်း၊ ဒုတိယအကြိမ် ဒဏ်ငွေ ကျပ်သိန်း ၂၀၊ တတိယအကြိမ် စက်ဖြုတ်သိမ်းခြင်းတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    ယခု စက်ပိုင်ရှင်သည် စည်းမျည်းစည်းကမ်းများ ချိုးဖောက်ခြင်းသည် ပထမအကြိမ်ဖြစ်သော်လည်း သွားရောက် ထိန်းသိမ်းခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်းနှင့် စတားလင့်အင်တာနက် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ယခုနှစ် မတ်လ ၁၆ ရက်က ထုတ်ပြန်ထားသည့်ကာလအတွင်း စက်အလုံး ၃၀ ကျော် အရေးယူထားပြီးဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

    အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်၌ စဥ့်ကူးမြို့နယ် ကျေးရွာတရွာတွင် စည်းမျဉ်းစည်းကမ်းနှင့်မညီဘဲ စတားလင့် အသုံးပြုမှု သိမ်းဆည်းရန် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ပူးပေါင်း အင်အား ၅ ဦးက သွားရောက်ခဲ့ရာ စက်ပိုင်ရှင်က တာဝန်ရှိသူ လာရောက် သိမ်းဆည်းမှ လက်ခံမည်ဟု ပြန်လည်ပြောဆိုသဖြင့် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ညွှန်ကြားချက်ဖြင့် တာဝန်ရှိသူတဦး၊ ပူးပေါင်းတပ်ဖွဲ့ဝင် ၁၂ ဦးတို့ မွန်းလွဲ ၃ နာရီ ထပ်မံ သွားရောက်ခဲ့ပြီးနောက် အချေအတင် စကားများခဲ့ကြသည်။ ထိုရုပ်သံမှတ်တမ်းသည် ယမန်နေ့၌ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သလို စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးအဖွဲ့က သက်ဆိုင်သူများအား အရေးယူသွားရန် ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

    ထိုဖြစ်စဉ်တွင် ရဲဘော်များသည် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့၏ ညွှန် ကြားချက်ဖြင့် တာဝန်ထမ်းဆောင်ကြခြင်းဖြစ်ပြီး ဖြစ်လာသမျှကိစ္စများကို အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ခံ၍ လိုအပ်သည့် အကာ အကွယ်များကိုလည်း ရဲဘော်များဘက်မှ ရပ်တည်သွားမည်ဖြစ်သလို တော်လှန်ရေးရဲဘော်များအနေဖြင့် ပြည်သူလူထုအပေါ် ဆက်ဆံရမည့် ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက်မှုရှိသည်ဟု သုံးသပ်ထားသော ကြောင့် ရဲဘော်တချို့ကို သတိပေးအရေးယူမှုနှင့် လူမှုရေးပြစ်ဒဏ်တချို့ ချမှတ်သွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

  • သန်လျင်ဘက်မှာတောင် မလုံခြုံတော့ဘူးနော်…

    သန်လျင်ဘက်မှာတောင် မလုံခြုံတော့ဘူးနော်…

    သန်လျင်ဘက်မှာတောင် မလုံခြုံတော့ဘူးနော်…

    လုတဲ့အဖွဲ့က နည်းပညာလည်း မြင့်တယ်တဲ့ K Payရော Bankingပါ ပါသွားတာတဲ့

    သန်လျင်ရောက် ၂ နှစ်ပြည့် အမှတ်တရပါ

    စျေးကနေ လမ်းလျှောက် ​အပြန် ဘေးတွဲနဲ့ လူလတ်ပိုင်း သုံးယောက် (အမျိုးသား ၂ ယောက် အမျိုးသမီး ၁ ယောက်) ဖုန်း ကို လုတာ

    ဖြစ်နေတဲ့အချိန်တုန်း ကကိုယ်လည်း ကြောက်စိတ်မရှိ ပြန်လုတာ

    အားမမျှတော့ ph လည်း ပါသွားတယ်။

    လူလည်း ဒဏ်ရာရ။

    အခု သွေးအေးတဲ့အချိန် ပြန်စဥ်းစားတော့ ကျေးဇူးတင်မိတယ် အသက်ကို ချမ်းသာပေးလို့။

    ကိုယ် ကိုယ်တိုင်လည်း အမြဲ သတိရှိရှိသွားလာနေတာပါ

    တကယ်ကျ အုပ်စုဖွဲ့ပြီး အခုလိုကျ ဘာမှမတက်နိုင်ပါဘူး။

    ချစ်သောတွေ အားလုံးလည်း အစစ အရာရာ ဂရုစိုက်ပါ။

    အမြဲအဖော်လေးနဲ့ ခုချိန်သွားတာ အကောင်းဆုံးပါ။

    အစစအရာရာ ကူညီဖေးမပေးခဲ့သူအားလုံး ကျေးဇူးပါ

    Banking ထဲကပတ်ဆံပါ ပါသွားပါပြီ

    ဒဏ်ရာအရှိန်ရယ် ဆေးကုဖို့ရယ်နဲ Kpay acc ကို online ကပိတ်ဖို့ကြိုးစားခဲ့တာ busy ဖြစ်နေတာနဲ့ Monday မှ Kpay Centerသွားလိုက်တော့ ဖုန်းထဲကနေ ထုတ်သွားပြီတဲ့။

    အမှန်ဆို မလွယ်လှလာပါဘူး

    Phone password လည်း ဖြေ ရမယ်

    ပတ်ဆံက Banking မှာပါ အာ့ကို Kpayထဲ ရွေ့တယ်

    password သိမှရမယ်

    အာ့အဆင့်မှာလည်း ပြီးတော့ မှ Kpay ထဲကနေစိတ်ကြိုက်သုံးသွားတာ

    Kpay password တောင်ချိန်းသွားတယ်

    အကုန်လုံးက ဆရာကျကျပါပဲ

    လုပ်သွားတာ အဆင့်တွေအများကြီးကိုလုပ်သွားတာပါ။

    ဖုန်းပျောက်တာက 16.8.2025(5:50pm)

    Kpay တွေစပြီးသုံးသွားတာက 17.8.2025 (4:20pm)

    အခု စာရေးတာက ရိုးရိုး ဖုန်းတစ်ခုထဲလိုချင်တာ မဟုတ်ပဲ Kpay /Banking တွေထိပါရည်ရွယ်ထားတာ

    အဖွဲ့အစည်းရယ် နည်းပညာ အပိုင်းတွေပါ ရည်ရွယ်ချက်ရှိရှိလုပ်နေလို့ အားလုံးကို မျှဝေချင်တဲ့စိတ်နဲ့ရေးလိုက်တာပါ။

    accountထဲထားလည်း မလုံ ခြုံဘူးဆိုတာကို ကိုယ်တွေ့မို့ သတိပိုထားပေးကြပါ ချစ်သောတို့ရေ

    ရင်နာနာနဲ့ပေါ့

    Credit Han Lay