Category: News

  • ဗန်းမော်တွင် အပြန်အလှန် စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်

    ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၁၀ လကျော် ကြာမြင့်လာပြီး နှစ်ဖက် အပြန်အလှန် စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

    “ဗန်းမော်မှာက KIA နဲ့ စစ်ကောင်စီက လယ်ဗယ်ပဲ ဖြစ်နေတာ။ စစ်ကောင်စီက တနေရာရရင် KIA ကလည်း တနေရာရတယ်။ စစ်တပ်က ဒီဘက်လာထိုးရင် ဒီဘက်ကို ရသွား။ KIA က ဟိုဘက်ထိုးရင် ဟိုဘက်ရသွား။ ဟိုကောင်တွေ ကျနော်တို့ ရတဲ့နေရာကို ပြန်လာထိုးရင် သူတို့ထိုးသွားတဲ့နေရာ ကျနော်တို့ ပြန်ရသွား။ အဲဒီလို ပတ်ချာလည်နေတာ။ အခုတလောတော့ ကန်ပတ်လမ်းနား အ.ထ.က ၁ နားတော့ တိုက်ပွဲတအားဖြစ်နေတယ်။ သူတို့ အဲဒီဘက်ကို တအားဖိပြီး ထိုးနေတာ။ သူတို့ ကန်ပတ်လည်း အ.ထ.က ၁ ဘက်၊ အ.မ.က ၄ ဘက် ထိုးလာပြီဆိုရင် လေယာဉ်ကွင်းဘက်မှာရှိတဲ့ သူက ပြန်ထိုး အဲလိုပဲ လုပ်နေရတာ။ သူတို့က ဒီဘက်ခြမ်းထိုးရင် ကျနော်တို့က ဟိုဘက်ခြမ်းထိုး။ သူတို့ ဟိုဘက်ခြမ်းထိုးရင် ဒီဘက်ခြမ်းထိုး။ အဲဒီလိုမျိုးပဲ စစ်ကစားနေရတာပေါ့။”

    ဗန်းမော်မှာ စစ်တပ်နေရာသာမက၊ မြို့တွင်း၊ မြို့ပြင် နေရာအသီးသီးမှာ စစ်မျက်နှာပြင် အများအပြားနဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုပါတယ်။

    ကချင်လွတ်လပ်‌ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ဘက်ကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခန့်နဲ့ စစ်မျက်နှာပြင်ဖွင့် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အပြင် လေကြောင်းကနေလည်း နေ့တိုင်း လာရောက်ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

    “ဒီဘက်မှာက အိမ်တွေ ဘာမှ မကျန်တော့ဘူး။ အဲဒီကောင်တွေ မီးရှို့လို့ ကုန်ပြီ။ ဒရုန်းနဲ့ လာချလိုက်၊ ဂျက်ဖိုက်တာနဲ့ လာချထားလိုက်နဲ့ ဘာမှ မကျန်တော့ဘူး။”

    ဗန်းမော်မှာ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်အတွင်း စစ်တပ် စစ်ရိက္ခာတင် စစ်သင်္ဘော အစီး ၂၀ ကျော် ဝင်ရောက်သွားပြီးနောက် ဩဂုတ်လထဲမှာပဲ စစ်တပ်က ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေနေပါ။

    ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်း KIA သိမ်းပိုက်လိုက်တဲ့ တင့်ကားတပ်အမှတ် ၅၀၁၄ နဲ့ ခလရ ၂၃၆ တပ်ရင်းနှစ်ခုအပါ နေရာတချို့ကို စက်တင်ဘာလအတွင်းမှာပဲ လက်လွှတ်လိုက်ရတာပါ။

    စစ်ရေးအတွက် အရေးပါတဲ့ တပ်နေရာတချို့ကို KIA က လက်လွှတ်လိုက်ရပေမဲ့ စစ်ကြောင်းဝင်လာတဲ့ လမ်းကြောင်းနေရာတွေကို ပိတ်ဆို့ပြီး ခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ကာကင်းတပ်စခန်းတချို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

    စက်တင်ဘာ ၂၉ နဲ့ ၃၀ ရက်နေ့တွေမှာ စစ်တပ်ရဲ့ စစ်လက်နက်တပ်စု စ.စ.န (၆၄၁) ကာကင်းစခန်းနဲ့ သုံးမိုင်ကျေးရွာမှာရှိတဲ့ ကာကင်းစခန်းတို့ကို KIA ပူးပေါင်းတပ်တွေက ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

    ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ရဲ့ ဗန်းမော်ထိုးစစ်ဟာ အောက်တိုဘာ ၄ ရက်နေ့က ၁၀ လပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

    ကချင်ပြည်နယ်ထဲမှာ ဗန်းမော်တိုက်ပွဲအပြင် စစ်တပ်က လက်လွှတ်လိုက်ရတဲ့ နေရာတွေ ပြန်လည်ရယူဖို့ ခေါင်လန်ဖူး–လန်ဆယ်ဒေသနဲ့ ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်ဒေသတွေမှာလည်း တိုက်ပွဲဖော်ဆောင်နေပါတယ်။

    ✍ဟန်န

  • ပြည်သူ့စစ်ခေါင်းဆောင် ဦးဝါသဝကို ပါးရိုက်မည်ဟု ကြိမ်းမောင်းခဲ့သည့် ဗိုလ်ကြီး အတိုင်ခံရ

    ပြည်သူ့စစ်ခေါင်းဆောင် ဦးဝါသဝကို ပါးရိုက်မည်ဟု ကြိမ်းမောင်းခဲ့သည့် ဗိုလ်ကြီး အတိုင်ခံရ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ဇီးကုန်းနဲ့ကျွန်းလှတကြောမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဆရာတော် ဦးဝါသဝကို တွေ့တဲ့နေရာမှာ ပါးရိုက်မယ်လို့ ပြောဆိုခဲ့တဲ့ ရွှေဘိုတပ်နယ်က ဗိုလ်ကြီးရဲမင်းပိုင်ကို ပြည်သူ့စစ်အဖွဲ့တွေက တိုင်းမှူးဆီ တိုင်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    ရွှေဘိုတပ်နယ်က လုပ်ရမယ့်အလုပ်ကိစ္စတွေကို ဦးဝါသဝ က လိုက်လံနှောင့်ယှက်ပြီး တပ်ကလူအချင်းချင်း စိတ်ဝမ်းကွဲအောင်လုပ်နေတာကြောင့်ဆိုပြီး ဗိုလ်ကြီးရဲမင်းပိုင်က ဦးဝါသဝကို ပါးရိုက်မယ်လို့ အောက်တိုဘာ ၁ ရက်က ပြောဆိုခဲ့ပြီးနောက် ပြည်သူ့စစ်တွေက နမခတိုင်းစစ်ဌာနချုပ်ကို တိုင်ထားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “ရွှေဘိုတပ်နယ်က အလုပ်မလုပ်ဘူးဆိုပြီး ဝါသဝက တိုင်းမှူးကို တိုင်တော့ အဲဒီက ဗိုလ်ကြီးက အဲဒီကောင်ကို တွေ့ရင် နောက်မပြောရဲအောင် ပါးရိုက်ပြမယ်ဆိုပြီး ပြောလို့ ပြည်သူ့စစ်တွေစုပြီး တိုင်တာ။ အဲဒီပြဿနာဖြစ်ပြီး စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စိတ်ဝမ်းကွဲကုန်တယ်။ ဝါသဝကတော့ ရှောင်နေတယ်။”

    ပြည်သူ့စစ်အဖွဲ့တွေစုပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီကို တိုင်ပေမဲ့ တိုင်းမှူးက တာဝန်ယူ ဖြေရှင်းမပေးတာကြောင့် နေပြည်တော်အထိတိုင်သွားဖို့ ဆက်လက်လုပ်ဆောင်နေပေမဲ့ နမခတိုင်းမှူးက ဦးဝါသဝရဲ့ လုပ်ရပ်တချို့ကို တင်ပြထားတာကြောင့် တိုင်ကြားလို့မရ ဖြစ်နေတယ်လို့လည်း ဖြစ်စဉ်ကို သိသူတယောက်က ပြောပါတယ်။

    “ဖြစ်စဉ်အမှန်က ဝါသဝတို့အဖွဲ့ကလည်း ဂိတ်ဖွင့်ပြီး ပိုက်ဆံတောင်းတယ်။ စစ်တပ်ကလည်း ဂိတ်ဖွင့် ပိုက်ဆံတောင်းတယ်။ တောင်းတာချင်းအတူတူ စားမာန်ခုပ်ပြီးတိုင်တာ။ ဝါသဝက အရင်တိုင်လို့ ရွှေဘိုတပ်နယ်က အဲဒီဘုန်းကြီးကို ပါးရိုက်ပြမယ်လို့ ကြိမ်းမောင်းတာ။ နေပြည်တော်အထိတိုင်လည်းမရဘူး။ တိုင်းမှူးက ဖြစ်စဉ်အမှန်ကိုတင်ပြပြီးပြီ” လို့ ရှင်းပြပါတယ်။

    ကန့်ဘလူခရိုင်မှာ အင်အားကြီးလာတဲ့ သင်္ဃန်းဝတ်လက်နက်ကိုင် ဝါသဝခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာရုံးကိစ္စတွေအပြင် စစ်ကောင်စီတပ်‌ကိစ္စတွေကို ဝင်ရောက်ခြယ်လှယ်လာတာကြောင့် အခုလိုဖြစ်တာလို့လည်း သူက ပြောပါတယ်။

    ၅၅၀ ဆရာတော်လို့ အများကသိကြတဲ့ ဦးဝါသဝမ ဟာ ဝါသဝပြည်သူ့စစ်အဖွဲ့ကို ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ စဖွဲ့ခဲ့ပြီး အရင် နမခတိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က ၃ နှစ်အတွင်း စစ်လက်နက်နဲ့ ဒရုန်း ၅ ကြိမ်၊ ငွေကြေးစားနပ်ရိက္ခာ ၆ ကြိမ် ထောက်ပံ့ပေးခဲ့ပေမဲ့ လက်ရှိတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးကတော့ ထောက်ပံ့တာမရှိဘူးလို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

  • ရွှေဘိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်

    ရွှေဘိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်

    ရွှေဘိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး စစ်သား ၄ ဦးအရှင်ဖမ်းဆီးရရှိ (ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး စစ်သား ၄ ဦးအရှင်ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၈ တပ်ရင်းမှူး ဗိုလ်စွန်ရဲက ပြောဆိုသည်။

    အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် တပ်မ ၃၃ လက်အောက်ခံ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈) မှ စစ်အင်အား ၆၀ ဖြင့် ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းက ရွှေဘိုမြို့တောင်ဘက်မုခ် Good Brother ရုံးမှတစ်ဆင့် တဂဏန်းကျေးရွာအတွင်းသို့ ဝင်ရောက် လာကြောင်း၊ ယင်းနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် အဆိုပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်း ပူးပေါင်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း စစ်တပ်ဘက်မှ တပ်ကြီးစံထွေး အပါအဝင် ၇ ဦးသေဆုံးပြီး စစ်သား ၁၀ ဦးခန့် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

    ထို့ပြင် စစ်တပ်ဘက်မှ တပ်ကြပ်အဆင့် ၁ ဦး၊ စစ်မှုထမ်းတပ်သားသစ် (ပစ) အဆင့် ၃ ဦးကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများတွင် ၆၀ မမ ကွန်မန်ဒိုပြောင်း ၁ လက်၊ MA 3 ၁ လက်၊ MA 1 ၁ လက်၊ ၆၀မမ အဖူး ၁ ဖူး၊ RPG-7အဖူး၂ ဖူး၊ ကျောလွယ်ဂျန်မာ ၁စုံ၊ ၅.၅၆ကျည် ၁၀၀ တောင့်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ စစ်ဆင်ရေး တိုက်ပွဲကို ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆ – Together We Can နှင့် ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်း၊ ရွှေဘိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၅ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Northern Tiger Group ပြည်သူ့ကာကွယ် ရေးအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့_တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    အထိနာသွားသော စစ်တပ်မှာ အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရွှေဘိုမြို့နယ်၊ တဂဏန်း ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားကြောင်း ၊တိုက်ပွဲဖြစ်နေစဉ် ရွှေဘိုကညန ရုံးတွင် တပ်စွဲထားသော စစ်တပ်နှင့် ရွှေဘိုမြို့ အခြေစိုက် အမှတ် ၂ ထောက်ပို့တပ် က လက်နက် ကြီးများ ဟောင်ဝှစ်ဇာအမြောက်များဖြင့် ပစ်ကူပေးခဲ့ရာရွှေဘိုမြို့ကားကြီးကွင်းအနီး အောင်မြေဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် အောင်မြေဘုန်းကြီးကျောင်းမှ ကိုယ်ရင်လေး ၄ ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင် ၈ ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ရဲဘော် ၃ ဦး ဒဏ်ရာရရှိကြောင်း၊ ဖမ်းဆီးထိန်းသိမ်းရမိသော စစ်သုံ့ပန်း၏ပြောကြားချက်နှင့် တော်လှန်ရေး ရဲဘော်များ၏ မျက်မြင်အရ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု အလွန်များပြားခဲ့​ကြောင်း သိရသည်။

  • မြန်မာဒုက္ခသည်များ ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့် ရပြီ

    မြန်မာဒုက္ခသည်များ ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့် ရပြီ

    ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော မြန်မာဒုက္ခသည်များသည် ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့် မှတ်ပုံတင်နိုင်ကြပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာသည်။

    လုပ်သားမလုံလောက်မှုကို ဖြေရှင်းရန် ထိုင်းအစိုးရအဖွဲ့က ဒုက္ခသည်များ နိုင်ငံအတွင်း အလုပ်လုပ်ခွင့်ပြုသည့် ဆုံးဖြတ်ချက်ကို သြဂုတ်လ ၂၆ ရက်နေ့တွင် အတည်ပြုပြီးနောက် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်။

    အောက်တိုဘာလ ၁ နေ့တွင် စတင်သက်ဝင်သည့် ထိုဆုံးဖြတ်ချက်သည် လုပ်ငန်းအမျာအပြားတွင် လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပြီး ဒုက္ခသည်များ စီးပွားရေးတွင် တရားဝင်ပါဝင်စေရန် အခွင့်အလမ်းပေးသည့် အစိုးရ၏ အစီအစဉ်နှင့် ကိုက်ညီသည်ဟု အလုပ်သမားဝန်ကြီး ထရီနပ်ချ် သိန်ထောင်က အောက်တိုဘာလ ၂ ရက်နေ့တွင် ပြောသည်။

    ထိုသို့ပြုလုပ်သောကြောင့် မဲဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနဘူရီနှင့် ရက်ချာဘူရီ ပြည်နယ်များမှ စခန်းများတွင် အသက် ၁၈ နှစ်မှ ၅၉ နှစ်အတွင်း ဒုက္ခသည် ၄၂,၆၀၁ ဦး အကျိုးခံစားရမည်ဖြစ်ပြီး ၎င်းတို့အနက် ၁၂,၀၀၀ သည် အလုပ်လုပ်ရန် စိတ်ဝင်စားကြောင်း ပြောကြားထားသူများဖြစ်သည်ဟု အလုပ်အကိုင်ဌာန ညွှန်ကြားရေးမှူးချုပ် ပီချက် ထောင်ဖန်က ပြောသည်။

    အလုပ်ရှင်များက အလုပ်သမား လစ်လပ်နေရာ ၆,၁၅၂ နေရာ မှတ်ပုံတင်ထားသည်ဟု ၎င်းကပြောသည်။

    အလုပ်သမားလိုအပ်ချက် အမြင့်မားဆုံးကဏ္ဍများတွင် ဆောက်လုပ်ရေး၊ အီလက်ထရောနစ် ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ အစားအသောက်နှင့် အဖျော်ယမကာ ထုတ်လုပ်ရေးတို့ ပါဝင်သည်ဟု ညွှန်ကြားရေးမှူးချုပ် ပီချက် ထောင်ဖန်က ပြောသည်။

    ဒုက္ခသည်စခန်းများမှ အလုပ်သမားခေါ်ယူလိုသည့် အလုပ်ရှင်များသည် ၎င်းတို့ ဖြည့်ဆည်းလိုသည့် လစ်လပ်နေရာများကို ရာထူးနေရာနှင့် စာချုပ်သက်တမ်း အသေးစိတ်ဖော်ပြပြီး ၎င်းတို့၏ ဒေသဆိုင်ရာ အလုပ်အကိုင်ရုံးများတွင် ဦးစွာ မှတ်ပုံတင်ရမည်ဖြစ်သည်။

    သက်ဆိုင်ရာအာဏာပိုင်များသည် ၎င်းတို့စာရင်းပြုစုထားသည့် သင့်တော်သော အလုပ်အကိုင် လျှောက်ထားသူများကို ရွေးချယ်ရန် အလုပ်ရှင်များကို ညွှန်ကြားမည်ဖြစ်သည်။

    ထို့နောက် အလုပ်သမားများသည် ထိန်းချုပ်နေရာများမှ ထွက်ခွာခွင့်ရရန် ခရိုင်အာဏာပိုင်များထံမှ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်သည်။ စခန်းပြင်ပသို့ ရောက်သောအခါ အလုပ်အကိုင်ရှိရာပြည်နယ်မှ အာဏာပိုင်များသို့ ၄၈ နာရီအတွင်း သတင်းပို့ရမည်ဖြစ်သည်ဟု မစ္စတာ ပီချက်က ပြောသည်။

    ထို့နောက် အလုပ်ရှင်သည် အလုပ်သမားကို အစိုးရဆေးရုံသို့ ပို့ဆောင်ကာ ကျန်းမာရေး စစ်ဆေးပြီး ၎င်းတို့အတွက် အာမခံ မှတ်ပုံတင်ရမည် ဖြစ်သည်။

    ထို့နောက် အလုပ်ရှင်သည် လိုအပ်သော စာရွက်စာတမ်းများဖြင့် အလုပ်လုပ်ခွင့် လျှောက်ထားရမည် ဖြစ်သည်။

    ကနဦးလျှောက်ထားခွင့်ကို ဘတ် ၁၀၀ သတ်မှတ်ထားပြီး နှစ်စဉ်သက်တမ်းတိုးခွင့်မှာ ဘတ် ၉၀၀ ဖြစ်သည်။ အလုပ်သမားများသည် နိုင်ငံခြားသားများအတွက် တားမြစ်သည်ဟု အတိအလင်း ကြေညာမထားသည့် မည်သည့် အလုပ်ကိုမဆို လုပ်နိုင်သည်။

    ဥပဒေနှင့် အညီဖြစ်ရေးအတွက် အလုပ်ရှင်များအနေဖြင့် လုပ်ထုံးလုပ်နည်း လိုအပ်ချက် အားလုံးကို လိုက်နာရန် မစ္စတာ ပီချက်က တိုက်တွန်းသည်။ လမ်းညွှန်များနှင့် အကူအညီများကို တနိုင်ငံလုံးမှ ပြည်နယ်အလုပ်အကိုင်ရုံးများတွင် သို့မဟုတ် အလုပ်သမားဝန်ကြီးဌာန အရေးပေါ်ဖုံး ၁၅၀၆ တွင် မေးမြန်းနိုင်သည်။

    ကိုးကား ။ ။ Bangkok Post သတင်း Myanmar refugees now eligible for work

  • မလှိုင်တွင် ၁၃ နှစ်အရွယ် ကလေးငယ်ကို စစ်တပ်က မုဒိမ်းကျင့်ပြီး မိသားစုဝင်များနှင့်အတူ သတ်ဖြတ်

    မလှိုင်တွင် ၁၃ နှစ်အရွယ် ကလေးငယ်ကို စစ်တပ်က မုဒိမ်းကျင့်ပြီး မိသားစုဝင်များနှင့်အတူ သတ်ဖြတ်

    မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သလို မိသားစုဝင်တွေကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    ဒေသခံတယောက်က “အခု သတ်ဖြတ်ခံရသူတွေနေတဲ့ရွာက နွားထိုးကြီးမြို့နယ်အစပ် မလှိုင်မြို့နယ်အဆုံးမှာရှိတဲ့ အိမ်ကြီးတောရွာမှာပါ။ စစ်တပ်စစ်ကြောင်းက ၄၊ ၅ ရက်လောက်ဝင်ပြီး တပ်စွဲနေခဲ့တာဆိုတော့ ဘယ်နေ့က သတ်ဖြတ်သွားခဲ့တယ်ဆိုတာတော့ အတိအကျမသိရဘူးပေါ့နော်။ စစ်တပ်စစ်ကြောင်းက ပြီးခဲ့တဲ့လ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့မနက်အထိ တပ်စွဲသွားတာဆိုတော့ အသတ်ခံရတဲ့နေ့ကိုတော့ အတိအကျမသိနိုင်ဘူးဗျ” လို့ ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အား ၁၀၀ ကျော်နဲ့ စက်တင်ဘာ ၂၃ ရက်ကနေ အိမ်ကြီးတောကျေးရွာနဲ့ အနီးအနားကကျေးရွာတွေကို စစ်ကြောင်းထိုးတပ်စွဲပြီး ပြည်သူတွေကိုသတ်ဖြတ်ကာ စက်တင်ဘာ ၂၇ ရက်နေ့မနက်ပိုင်းအထိ ၅ ရက်နီးပါးကြာ တပ်စွဲနေခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

    နွားထိုးကြီးမြို့ခံတယောက်က “အိမ်ကြီးတောရွာဘက်ကို စစ်ကြောင်းဝင်လာတော့ ပြေးနိုင်တဲ့သူတွေက ထွက်ပြေးသွားကြသလို မပြေးနိုင်ဘဲရွာထဲမှာကျန်နေခဲ့တဲ့သူတွေလည်းရှိတာပေါ့။ မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့မိသားစုမှာက ကျန်းမာရေးမကောင်းတဲ့သူတွေရှိနေတော့ မပြေးနိုင်ကြဘူး။ စစ်သားတွေက အဲဒါကို အခွင့်ကောင်းယူပြီး ၁၃ နှစ်အရွယ် ကလေးမလေးကို မုဒိမ်းကျင့်ပြီးသတ်သွားတာ။ စစ်သားတွေက ကလေးမလေးကိုမုဒိမ်းကျင့်နေတော့ သူ့အမေကတားလို့ဆိုပြီး ပစ်သတ်တယ်။ နောက်ပြီး အရက်နာကျနေတဲ့ သူ့အကိုရယ် ကျန်းမာရေးမကောင်းတဲ့ သူ့ညီမလေးတွေလည်း ပစ်သတ်သွားကြတယ်။ အသတ်ခံရတာက သူတို့မိသားစုဝင်အားလုံး ၃ ယောက်ပါ” လို့ ပြောပါတယ်။

    ဖြစ်စဉ်ကို ရွာမှာကျန်ခဲ့သူတွေဆီက သိရကြောင်းနဲ့ သေဆုံးသူညီအမနှစ်ယောက်ဟာ အသက် ၁၃ နှစ်နဲ့ ၈ နှစ်ဝန်းကျင်အရွယ်လို့ သိရပါတယ်။

    မလှိုင်မြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းစတင်ဝင်ရောက်လာတဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ပန်းအိုင်ကျေးရွာမှာနေတဲ့ အသက် ၇၀ အရွယ် အမျိုးသား ၁ ယောက်ကို စစ်တပ်က အကြောင်းမဲ့ပစ်သတ်သွားခဲ့ကြသေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။