Category: News

  • ကမ္ဘာတဝန်းဆင်ဆာဖြတ်တောက်မှုတွင်သုံးသော တရုတ်၏ Great Firewall ဖိုင်များ ပေါက်ကြား

    ကမ္ဘာတဝန်းဆင်ဆာဖြတ်တောက်မှုတွင်သုံးသော တရုတ်၏ Great Firewall ဖိုင်များ ပေါက်ကြား

    Interesting Engineering

    Great Firewall အင်တာနက်ဆင်ဆာစနစ်ကို တရုတ် အသုံးချပုံများနှင့်ပတ်သက်၍ စက်တင်ဘာ ၁၁ ရက်က အချက်အလက်များပေါက်ကြားခဲ့သည်။ စာရွက်စာတမ်းများ၊ အရင်းအမြစ်ကုဒ်များ၊ မှတ်တမ်းများနှင့် ကိုယ်ရေး ကိုယ်တာဆက်သွယ်ပြောဆိုမှုများအပါအဝင် ဖိုင်အရွယ်အစား ၅၀၀ ဂစ်ဂါဘိုက်ကျော်ရှိ အချက်အလက်များ ပေါက်ကြားခဲ့ခြင်းဖြစ်သည်။

    ပေါက်ကြားလာသောဖိုင်များတွင် ဆော့ဖ်ဝဲလ်ဖိုင်များနှင့် အင်တာနက်ဆင်ဆာစနစ် Great Firewall ကို တရုတ်က တည်ဆောက်ထိန်းသိမ်းပုံနှင့် လမ်းညွှန်လက်စွဲများစာအုပ်များလည်း ပါ၀င်သည်။

    ပေါက်ကြားခဲ့ဖူးသမျှထဲတွင် အသေးစိတ်အကျဆုံး ဆင်ဆာနည်းပညာများပေါက်ကြားမှုဖြစ်သည်ဟု သုတေသီများက ပြောသည်။

    ပေါက်ကြားလာသောဖိုင်များသည် အင်တာနက်ဆင်ဆာစနစ် Great Firewall ၏ ဖခင်ဟု တင်စားကြလေ့ရှိသည့် Fang Binxing ကုမ္ပဏီနှင့်ဆက်စပ်သော တရုတ်နည်းပညာကုမ္ပဏီ Geedge Networks ထံမှ အချက်အလက်များဖြစ်ပုံရသည်။

    ပေါက်ကြားခဲ့သည့်မှတ်တမ်းတွင် အင်တာနက်လမ်းကြောင်းကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာ စစ်ထုတ်သည့် DPI ပလက်ဖောင်းများတည်ဆောက်ရန်အသုံးပြုသည့် စနစ်အပြည့်အစုံပါရှိသည်။

    ဆင်ဆာဖြတ်တောက်မှုကို ကျော်လွှားရန် လူများအသုံးပြုသည့် ဆော့ဖ်ဝဲလ်များကို စစ်ဆေး၍ နှေးကွေးအောင်လုပ်သော ကုဒ်များကိုလည်း သုတေသီများက တွေ့ရှိခဲ့သည်။ ဖိုင်အများစုတွင် VPN ကို စစ်ဆေးခြင်း၊ SSL လုံခြုံရေးစနစ်နှင့် အွန်လိုင်းလုပ်ဆောင်ချက်များကို စောင့်ကြည့်ခြင်းတို့ ပါဝင်သည်။

    ပေါက်ကြားလာသော ဖိုင်များတွင် Tiangou အင်တာနက်ဆင်ဆာစနစ်ကို မည်သို့ တီထွင်ထားကြောင်း ဖော်ပြထား သည်ဟု အချက်အလက်များကို ပထမဆုံးအတည်ပြုခဲ့သည့် Great Firewall Report သုတေသီအဖွဲ့က ပြောသည် ။ Tiangou ဗားရှင်းဟောင်းများကို HP နှင့် Dell ဆာဗာများတွင်လည်း သုံးခဲ့သည်ဟု ဆိုသည်။

    Tiangou အင်တာနက်ဆင်ဆာစနစ်ကို မြန်မာရှိ ဒေတာစင်တာ ၂၆ ခုတွင် တပ်ဆင်ထားပြီး အင်တာနက်ပေါ် ဆက်သွယ်လှုပ်ရှားမှု ၈၁ သန်းခန့်ကို အချိန်နှင့်တပြေးညီ တပြိုင်နက် စောင့်ကြည့်နိုင်သည်ဟု ပေါက်ကြားလာသောစာတမ်းများတွင် ဖော်ပြထားသည်။

    စာရွက်စာတမ်းများအရ မြန်မာစစ်ကော်မရှင်လက်အောက်ရှိ ဆက်သွယ်ရေးကုမ္ပဏီသည် အဆိုပါစနစ်ကိုအသုံးပြုနေပြီး အင်တာနက်ပိတ်ဆို့ခြင်းများကို အကြီးအကျယ်လုပ်ဆောင်နေသည်။

    တရုတ်ကုမ္ပဏီ Geedge ၏ DPI စနစ်များကို တရုတ်ပြင်ပ ပါကစ္စတန်၊ အီသီယိုးပီးယားနှင့် ကာဇက်စတန်နိုင်ငံများသို့လည်း ရောင်းချခဲ့သည်ဟု WIRED နှင့် Amnesty International တို့၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

    အဆိုပါစနစ်များကို ဆက်သွယ်ရေးလမ်းကြောင်းများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်စေသည့် တရားဝင်ကြားဖြတ်ကြားဖြတ်စောင့်ကြည့်ရေးပလက်ဖောင်းများနှင့်အတူ တပ်ဆင်ထားသည်။

    ပါကစ္စတန်တွင် နိုင်ငံတဝန်းရှိ မိုဘိုင်းကွန်ရက်များကို အချိန်နှင့်တပြေးညီ ခြေရာခံနိုင်သည့် WMS 2.0 ဟု ခေါ်သော ပိုကြီးမားသည့် စောင့်ကြည့်ရေးပရိုဂရမ်တွင် Geedge ၏ နည်းပညာလည်း ပါဝင်သည်။

    ဖိုင်များပေါက်ကြားမှုကြောင့် သုတေသီများသည် တရုတ်၏ ဆင်ဆာစနစ်တည်ဆောက်ပုံနှင့်ပတ်သက်၍ အသေး စိတ် သိရှိသွားသည်။ စနစ်တည်ဆောက်မှုမှတ်တမ်းများနှင့် ဆော့ဖ်ဝဲလ်ရေးသားသူ၏မှတ်စုများပါဝင်မှုကြောင့် စနစ်အတွင်းရှိ အား နည်းချက်များကို ဖော်ထုတ်နိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောသည်။ ထိုအားနည်းချက်များကိုသိခြင်းအားဖြင့် အနာ ဂတ်တွင် ဆင်ဆာဖြတ်တောက်မှုကို ကျော်လွှားရန် ပိုအစွမ်းထက်သော ဆော့ဖ်ဝဲလ်များ တီထွင်နိုင်မည်ဟုဆိုသည်။

    Interesting Engineering မှ 500GB leak exposes China’s Great Firewall files used for global censorship အား Brownie ဘာသာပြန်သည်။

  • ကန့်ဘလူတွင် အမျိုးသား ၇ ဦး အရှင်လတ်လတ်မီးရှို့သတ်ခံရ၊ ၁ ဦး လွတ်မြောက်လာ

    ကန့်ဘလူတွင် အမျိုးသား ၇ ဦး အရှင်လတ်လတ်မီးရှို့သတ်ခံရ၊ ၁ ဦး လွတ်မြောက်လာ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အမျိုးသား ခုနစ်ဦး ဖမ်းဆီးနှိပ်စက်ခံရကာ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခံရပြီး တစ် ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ယနေ့ နံနက်တွင် ပြောသည်။

    မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရွှေမှော်တစ်ခုတွင် အလုပ်လုပ်ကိုင်သည့် ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်း (ရွာဟောင်း) မှ အမျိုးသား ခုနစ် ဦးသည် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်က ဆိုင်ကယ် သုံးစီးဖြင့် ပြန်လာခဲ့ကြစဉ် စစ်တပ်နှင့်ပျူ အထိုင်စခန်းနှင့်တိုးကာ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်သည်။

    “လုပ်ငန်းအဆင်မပြေလို့ ပြန်ခဲ့ကြတာပြောတယ်။ လိုင်းပေါ်တွေလည်း အေးဆေးသွားလို့ရတယ်ဆိုတော့ ဒီတိုင်းဖြတ်ခဲ့ကြတာ။ အားလုံး အရပ်သားတွေချည်းပဲဗျ။ ပြီးခဲ့တဲ့ ၉ ရက်နေ့ ညနေပိုင်း ၃ နာရီလောက်မှာ ဘူးကုန်းလမ်းခွဲမှာ စပြီး အဖမ်းခံရတာဗျ” ဟု ကန့်ဘလူဒေသခံ အမျိုးသားက ဆိုသည်။

    ထို့နောက် လေး ရက်တာ ညှဉ်းပန်းနှိပ်စက်ခံရအပြီး စက်တင်ဘာလ ၁၂ရက်နေ့ ညနေတွင် ကြိုးတုပ်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

    မီးရှို့သတ်ဖြတ်ခံရသူ ခုနစ် ဦးမှာ ဦးစိုးတင့် (၄၅ နှစ်)၊ ကိုချစ်သဲ‌မောင်(၂၃ နှစ်)၊ ကိုသန်း‌ဇော်ထွန်း (၂၃ နှစ်) ၊ ကိုရီ‌ဝေမိုး (၁၈ နှစ်) ၊ မောင်မိုးသက်ခ (၁၆ နှစ်) နှင့် မောင်ချမ်းဖြိုးဝေ (၁၄ နှစ်) တို့ဖြစ်ကြပြီး ၁၅ နှစ်အရွယ် မောင်မောင် (အမည်လွှဲ) ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်ဟု သိရသည်။

    “လောလောဆယ်တော့ လွတ်မြောက်လာတဲ့ ကလေးက ထိတ်လန့်နေတယ်။ အသက်ကလည်း ငယ်သေးတာကိုး။ သူ့ကို လုံခြုံတဲ့နေရာမှာ စီစဉ်ပြီး ထားပါတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

    မောင်မောင်ဆိုသည့် လူငယ်ကို တုတ်ဖြင့်ရိုက်နှက်၍ စစ်သားများက မီးရှို့ခဲ့ပြီး ပြန်ထွက်သွားစဉ် ပြန်လည် သတိရလာသောကြောင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု သိရသည်။

    ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ ထုတ်ပြန်ထားသည့် လွတ်မြောက်လာသူ၏ ဓာတ်ပုံအရ မျက်နှာ၊ ကျောကုန်းတို့တွင် နှိပ်စက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များ အပြင် ခါး၊ ပေါင်နှင့်လက် တို့တွင် အပူ လောင်ထားသည့် ဒဏ်ရာများကိုတွေ့ရသည်။

    လွတ်မြောက်လာသူ ပြောပြသည့်ဖြစ်စဉ်

    ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းအတိုင်း ရွှေဘိုမြို့ဘက်မှ ကန့်ဘလူမြို့ဘက်သို့ မောင်းနှင်လာကြစဉ် ကန့်ဘလူမြို့နယ်၊‌ ရေကြည်ဦးရွာနှင့် ဘူးကုန်းရွာအကြား၊ ဘူးကုန်းလမ်းခွဲဇရပ်ရှိ စစ်တပ် အထိုင်ဂိတ်တွင် ဖမ်းဆီးခံရပြီး ဘူးကုန်းဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သွားခံရသည်ဟု မောင်မောင်ဆိုသူ လူငယ်က ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကို ပြောထားသည်။

    “လိုင်း‌ပေါ်မှာ ကားသမားတွေပြည်သူတွေတင်ထားတာ ဗျူဟာလမ်းအတိုင်း အေးအေးဆေးဆေး အစစ် အဆေးမရှိသွားလို့ရပြီ၊ ဘာမှ‌ ကြောက်စရာမရှိဘူး ဘာညာတင်ထားတော့ ကျွန်တော်တို့လည်း အေး‌ဆေး ပြန်ခဲ့ကြတာဗျ။‌ ရေကြည်ဦးကျော်အထိအေးဆေးပဲ၊ ဘူးကုန်းလမ်းခွဲနားက ဇရပ်ရောက်မှ ဖမ်းခံရတာ” ဟု ၎င်းက ပြောသည်။

    “အကုန်ဆင်းခိုင်းပြီးရိုက်နှက်တာ၊ အလုပ်လုပ်ပြန်လာတယ်‌ ပြောလည်းမရဘူး။ ပြီး‌တော့ ကျွန်တော်တို့ကို ဘူးကုန်း ဘုန်းကြီးကျောင်းထဲ ခေါ်သွားတာ။‌ ကျောင်းထဲရောက်တာ့ အင်္ကျီတွေ ချွတ်ခိုင်းပြီး ဝါးအစိုနဲ့ ထပ်ရိုက်တယ်။ လေးရက်လုံး ထမင်းမကျွေးဘဲ လက်ပြန်ကြိုးတုပ်ပြီး နှိပ်စက်နေခဲ့တာ”

    ဆက်လက်၍ “ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ.. အချိန်တော့အတိအကျမသိဘူး။ ကျွန်တာ်တို့ ခုနစ် ယောက်လုံးကို လက်ပြန်ကြိုးတုပ်လျက်နဲ့ပဲ တာယာပုံပေါ်တက်ခိုင်းတယ်။ ပြီး‌တော့ ခေါင်းတွေကို တုတ်တွေနဲ့ရိုက်တယ်။ မေ့မြောလို့ မပြေးနိုင်တော့ဘူးဆိုမှ မီးရှို့ပစ်ထားခဲ့တာ။ အဲ့ထဲမှာ ကျွန်တော်က ကံကောင်းပြီး သတိရလို့ ထွက်ပြေးလွတ်မြောက်ခဲ့တာ” ဟု ၎င်းက ပြောထားသည်။

    စစ်ကိုင်းတိုင်း အထက်ပိုင်းမှသည် ကချင်ပြည်နယ်အထိ ချိတ်ဆက်ထားသည့် ဆက်သွယ်ရေးအရ အချက် အချာကျသည့် ရွှေဘို – မြစ်ကြီးနားဗျူဟာလမ်း ကန့်ဘလူမြို့နယ်ထဲ ဖြတ်သန်းသွားသည့် လမ်းပိုင်းတွင် စစ်တပ်ဂိတ်များရော တော်လှန်ရေးအင်အားစုများကပါ ယခင်ကထိန်းချုပ်ထားသည်။

    ယခုနှစ် ဩဂုတ်လ ဒုတိယပတ်ကစပြီး ဗျူဟာလမ်းဘက်ဦးတည်ပြီး စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး နယ်မြေရှင်းလင်းခဲ့သည်။

    “ထန်းကုန်း၊ ဇီးကုန်းတိုက်နယ်ကနေစပြီး စစ်ကြောင်းတောက်လျှောက်ထိုးလာတာကနေ ဗျူဟာလမ်း ကြောဘက်ကို တိုးလာတာ အနောက်ဘက်ခြမ်းကနေ အရှေ့ခြမ်းကိုနေရာယူလာတာ။ ငှက်ပျောတိုင်း (ရွာ) ကနေ ရေကြည်ဦး၊ ကျီးကျင်း၊ ဘူးကုန်းတို့ဘက်ကို ရောက်လာတာ။ တကြောလုံးကို ဖြန့်ထားတာ စစ်ကြောင်းက”ဟု ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ကန့်ဘလူမြို့နယ် အနောက်ခြမ်းရှိ ကန့်ဘလူ – ကောလင်း ခရိုင်ချင်းဆက်လမ်းကို စစ်တပ်က ယခုနှစ် နှစ်လယ်တွင် အင်အားအများပြားဖြင့် စစ်ကြောင်းထိုးပြီးလမ်းပိုင်းပေါ်ရှိအချက်အချာကျသည့် ကျေးရွာများတွင် တပ်စွဲကာ ထိုလမ်းပိုင်းကို ပြန်လည်နယ်မြေစိုးမိုးထားပြီးဖြစ်သည်။

    အမှတ် (၆၀၀၆) တပ်ရင်းအခြေချထားရာ ကန့်ဘလူမြို့နယ်သည် စစ်ကိုင်းတိုင်းတွင် ပြည်သူ့စစ် အင်အားအကောင်းဆုံးဒေသတစ်ခုဖြစ်ပြီး ထိုပြည်သူ့စစ်များကို သင်္ကန်းဝတ် ဦးဝါသဝ ဦးဆောင်သည်။

    ထို့ပြင် စစ်တပ်သည် ရွှေဘို-မြစ်ကြီးနားဗျူဟာ လမ်းပိုင်းအား စိုးမိုးမှုအလုံးစုံရရှိရန် ကြိုးပမ်းလျက်ရှိပြီး လက်ရှိတွင် ရေကြည်ဦး ၊ ဘူးကုန်းရွာလမ်းခွဲ၊ ဇီးကုန်း-မလယ်လမ်းဆုံတို့၌ ထပ်တိုးနေရာယူကာ ပြည်သူများအား ဖမ်းဆီးနှိပ်စက်လေ့ရှိသည့်အတွက် ဒေသခံများ အနေဖြင့် သတိပြုသွားလာကြရန် တော်လှန်ရေးအဖွဲ့ များက သတိပေး ထုတ်ပြန်ထားသည်။

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည် ဇွန်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း စစ်တပ် စစ်ကြောင်းထိုးရာတွင်လည်း ကန့်ဘလူတောင်ခြမ်းကျေးရွာ သုံး ရွာမှ ပြည်သူ ကိုး ဦးကို ညှဉ်းပန်း သတ်ဖြတ်သွားခဲ့သေးသည်။

    ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်ရှိ သပြေသာ ၊ ကျောင်းကုန်း စသည့် ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် အသက် ၃၄ နှစ်မှ ၆၀ ကြားရှိ ဒေသခံအမျိုးသား ကိုး ဦး အသတ်ခံရခြင်းဖြစ်ပြီး သတ်ဖြတ်ခံရသူများတွင် စကားမပြောနိုင်သည့် မသန်စွမ်းတစ်ဦး ပါဝင်ကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ခဲ့သည်။

    ယင်းအပြင် သြဂုတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း စစ်တပ်စစ်ကြောင်းသည်လည်း ကန့်ဘလူမြို့နယ် ကျေးရွာများမှ ဒေသခံ ၁၁ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သေးသည်။

  • ရန်ကုန်တွင် လုံခြုံရေးဝန်ထမ်း ၁ ဦး လုပ်ငန်းခွင်အတွင်း ဆွဲကြိုးချသေဆုံး

    ရန်ကုန်တွင် လုံခြုံရေးဝန်ထမ်း ၁ ဦး လုပ်ငန်းခွင်အတွင်း ဆွဲကြိုးချသေဆုံး

    ရန်ကုန်မှာ လုံခြုံရေးဝန်ထမ်းတယောက် လုပ်ငန်းခွင်မှာ ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

    ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက်က ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၆ ရပ်ကွက်က ဆောက်လုပ်ရေးလုပ်ငန်းထဲမှာ အဲဒီလုံခြုံရေးဝန်ထမ်း အမျိုးသားရဲ့ ဆွဲကြိုးချ သေဆုံးနေတဲ့ အလောင်းကို စည်ပင်ဝန်ထမ်းတချို့က တွေ့ခဲ့တာလို့ သိရပါတယ်။

    သေဆုံးသူဟာ အသက် ၃၅ နှစ်နဲ့ ၄၀ ကြား အရွယ်ရှိပြီး သူအလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရုံး အသေးစား အဆောက်အအုံထဲမှာ မီးကြိုးကို လည်ပင်းပတ်ပြီး အဆုံးစီရင်ခဲ့တာလို့ သိရပါတယ်။

    ဒါကြောင့် စစ်ကော်မရှင်လက်အောက်ခံ ရဲကို အကြောင်းကြားခဲ့တာကြောင့် ရဲက တောင်ဥက္ကလာပမှာရှိတဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းကို အခင်းဖြစ်တဲ့ နေရာကို လာဖို့ ခေါ်လိုက်တာလို့လည်း သိရပါတယ်။

    မြေပြင်မှာ လိုက်ပါကူညီတဲ့သူက “ဒီမနက် စောစောက မနက် ၄ နာရီလောက် ရှိမယ်တဲ့။ အမှိုက်သိမ်းတဲ့ စည်ပင်အလုပ်သမားတွေက တွေ့တာ။ သူတို့က ရဲစခန်းကို အကြောင်းကြားတော့ ရဲစခန်းကလည်း အလောင်းသယ်ဖို့ ခေါ်တာကြောင့် သွားရတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သူတယောက်တည်းပဲ ရှိနေတာဖြစ်မယ်လို့ သုံးသပ်ရပါတယ်။ သူ့အိတ်ထဲက သူ့ရဲ့ လုံခြုံရေးကုမ္ပဏီကတ်ကို တွေ့လို့ ဆက်သွယ်ထားပါတယ်” လို့ ပြောပါတယ်။

    လက်ရှိမှာတော့ သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကို မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက သင်္ကန်းကျွန်း စံပြဆေးရုံ အအေးတိုက်(ရင်ခွဲရုံ)ကို ပို့ထားတယ်လို့ သိရပါတယ်။

    “ရဲကတော့ လုပ်ထုံးလုပ်နည်းအရ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးကြဦးမယ်ထင်ပါတယ်” လို့ သူက ပြောပါတယ်။

  • ကော့သောင်းတွင် စစ်သားများလိုက်ပါလာသည့် လှေ ၂ စီး ပစ်ခတ်ခံရပြီး ၁ စီး တိမ်းမှောက်

    ကော့သောင်းတွင် စစ်သားများလိုက်ပါလာသည့် လှေ ၂ စီး ပစ်ခတ်ခံရပြီး ၁ စီး တိမ်းမှောက်

    တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စက်လှေ ၂ စီးနဲ့ ကမ်းကူးထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ်တိုက်ခိုက်ခဲ့တာကြောင့် စက်လှေတစီး တိမ်းမှောက်ကာ သေဆုံးသူတွေရှိခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၁၆ ရက်မှာ ရုပ်သံ၊ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

    ခမောက်ကြီးမြို့အခြေစိုက် ခလရ ၂၆၂ တပ်ရင်းက ဦးစီးပြီး တပ်ပေါင်းစုအင်အား ၃၀ ကျော်ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၉ ရက် မနက် ၁၂ နာရီခွဲခန့်မှာ ယုဇန ဆီအုန်းပျိုးခင်းကနေ မီတာ ၁၀၀ ခန့်ဝေးတဲ့ ခမောက်ငယ်ကျေးရွာကို စက်လှေ ၂ စီးနဲ့ ကမ်းကူးလာစဥ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ် တိုက်ခိုက်ခဲ့တာကြောင့် စက်လှေတစီး တိမ်းမှောက်ခဲ့ကာ ရေထဲပြုတ်ကျသေဆုံးခဲ့တဲ့သူတွေလည်း မျက်မြင်တွေ့ရှိခဲ့ရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

    “စက်လှေ ၂ စီးလုံးမှာ တစီးက ကမ်းဘေးကို ထိုးကပ်သွားတယ်။ လှေပေါ်ပါတဲ့ကောင်တွေလည်း ပြေးတက်ကြတယ်။ ထိချက်ကောင်းတဲ့ လှေကတော့ ရေထဲမှာ မြုပ်သွားတယ်။ ကမ်းပေါ်ရောက်တဲ့ ကောင်တွေက ပစ်ကူပေးကြတယ်။ နောက်ချန် ကျန်ခဲ့တဲ့ကောင်တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ စပစ်တည်းက ရေထဲပြုတ်ကျတာတွေ၊ ဒဏ်ရာရပြီး ကုန်းပေါ်တက်ပြေးတာတွေကို ရဲဘော်တွေ အကုန်တွေ့ရတယ်။ နယ်မြေရှင်းလင်းတဲ့အချိန်မှာ သေတဲ့အလောင်းတွေကို တွေ့ရတယ်။ လက်နက်ခဲယမ်းတွေတော့ မတွေ့ရတော့ဘူး၊ ကျည်ဘောက် ၃ ခုတော့ တွေ့ရတယ်။”

    ယုဇနဆီအုန်းပျိုးခင်းနဲ့ ခမောက်ငယ်ကျေးရွာက မီတာ ၁၀၀ ခန့်ဝန်းကျင်ပဲ ကွာဝေးတယ်လို့ သိရပြီး ဒီမတိုင်ခင် ယုဇနပျိုးခင်းထဲမှာ စစ်ကောင်စီအင်အား ၇၀ ခန့် ကျန်ခဲ့ကာ တိုက်ပွဲဖြစ်ချိန် ၁၂၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ တနာရီခန့် ကြာမြင့်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    အဆိုပါဖြစ်စဥ်အပြီး စက်တင်ဘာ ၁၀ ရက်နေ့မှာ ကော့သောင်းမြို့နယ်ကနေ စစ်ကူပေးဖို့လာတဲ့ အင်အား ၅၀ ခန့်ရှိတဲ့ စစ်ကြောင်းကို မနက် ၈ နာရီခွဲနဲ့ မနက် ၉ နာရီခန့်တို့မှာ စောင့်ကြိုတိုက်ခိုက်ခဲ့လို့ ၃ နာရီကြာ ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာတာကြောင့် ထိခိုက်သူတွေကို သယ်ဆောင်ကာ ပြန်ဆုတ်ခွာသွားတယ်လို့ ပြောပါတယ်။

    ပစ်ခတ်မှု ၂ ရက်အတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူတွေ အများအပြားရှိပြီး ကော့သောင်းမြို့ ပြည်သူ့ဆေးရုံနဲ့ ထိုင်းနယ်စပ်၊ ရနောင်းမြို့ဘက်ကို ပို့ဆောင်ခဲ့တယ်လို့ သတင်းသိထားရကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ခံတယောက်က ဆက်ပြောပါတယ်။

    “ဒဏ်ရာရတဲ့ကောင်တွေကို ရ‌‌နောင်းဆေးရုံနဲ့ ကော့သောင်းဆေးရုံကို ပို့ထားတာ တွေ့ရတယ်။ ဆေးရုံရောက်မှ သေတဲ့ကောင်တွေလည်း ရှိတယ်။ အဲ့ထဲမှာ အရာရှိတွေလည်း ပါတယ်ဆိုပြီး သတင်းပြန်ကြားရတယ်။”

    အဆိုပါပစ်ခတ်မှု ဖြစ်ပြီးနောက်ပိုင်း နောက်ထပ်တိုက်ပွဲတွေ မဖြစ်တော့ဘဲ စစ်ကောင်စီဘက်ကတော့ ကော့သောင်းမြို့နယ်အတွင်းမှာ ‌ရွေးကောက်ပွဲ လုပ်နိုင်ဖို့အတွက် နယ်မြေဖြန့်ကြက်တာ၊ ရှင်းလင်းတာတွေကို ပိုလုပ်ဆောင်လာတာ တွေ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

  • မန္တလေးကနေ မေမြို့ကို ဆိုင်ကယ် အစီး ၃၀၀ နဲ့ အပျော်အပါးသွားတဲ့ လူငယ်တွေ ယာဉ် မတော်တဆ ဖြစ်လို့ တစ်ယောက် သေ

    မန္တလေးကနေ မေမြို့ကို ဆိုင်ကယ် အစီး ၃၀၀ နဲ့ အပျော်အပါးသွားတဲ့ လူငယ်တွေ ယာဉ် မတော်တဆ ဖြစ်လို့ တစ်ယောက် သေ

    မန္တလေးကနေ မေမြို့ကို ဆိုင်ကယ် အစီး ၃၀၀ နဲ့ အပျော်အပါးသွားတဲ့ လူငယ်တွေ ယာဉ် မတော်တဆ ဖြစ်လို့ တစ်ယောက် သေ

    မန္တလေးကနေ မေမြို့ကို ဆိုင်ကယ် အစီး ၃၀၀ လောက် စုပေါင်းပြီး စက်တင်ဘာ ၁၄ရက် မနက်ပိုင်းက အပျော်အပါး သွားတဲ့ လူငယ်တွေ ယာဉ်တော်တဆဖြစ်ကာ တစ်ယောက် သေတယ်လို့ သတင်း ရရှိပါတယ်။

    မန္တလေးက ဆိုင်ကယ်စီးအဖွဲ့တွေဖြစ်တဲ့ BRS၊ WRB၊ GRF၊ MMCB နဲ့ MPY ဆိုတဲ့ အဖွဲ့ ငါးဖွဲ့က ရာချီတဲ့ လူငယ်လူရွယ်တွေဟာ စက်တင်ဘာ ၁၄ရက် မနက်ပိုင်းက မန္တလေးကနေ မေမြို့ကို ဆိုင်ကယ်အစီး ၃၀၀ လောက်နဲ့ အပျော်အပါး သွားလာခဲ့တာ ဖြစ်ပြီး အဲ့ဒီအဖွဲ့ထဲမှာပါတဲ့ ဘုန်းထက်နိုင်ဆိုတဲ့ လူငယ်တစ်ယောက် မေမြို့ မြို့ရှောင်လမ်းမှာ ယာဉ်မတော်တဆဖြစ်ကာ သေဆုံးတာလို့ ဆိုပါတယ်။

    သေဆုံးသူဟာ မေမြို့ကို ရောက်ပြီးမှ ခနတဖြုတ် သွားစရာရှိတယ်လို့ဆိုကာ ဆိုက်ကယ်ဦးထုပ် မဆောင်းဘဲ မြို့ရှောင်လမ်းဘက် ထွက်သွားရာက တွဲကားနဲ့ချိတ်မိကာ သေဆုံးတာလို့ အဲ့ဒီ မန္တလေး – မေမြို့ အပျော်အပါး ခရီးစဉ် စီစဉ်တဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ BRS (Burmese Riders Society) က ဖေ့စ်ဘွတ်မှာ ဖော်ပြပါတယ်။

    “ညီလေး Bhone Htett Naing ကိုကြီးတို့ သိလိုက်ရတဲ့အချိန်မှာ အရမ်းနောက်ကျသွားတဲ့အတွက် ကိုကြီးတို့ အားလုံး စိတ်မကောင်းကြီးစွာနဲ့ တောင်းပန်ပါတယ်၊ ညီလေးဖြစ်တဲ့အချိန် ကိုကြီးတို့က ညီလေးနဲ့အတူတူ မရှိနေလိုက်နိူင်ဘူး၊ တစ်ယောက်တစ်နေရာစီ ဖစ်နေခဲ့ပြီ၊ ညီလေးက အဖွဲ့နဲ့ဝေးမှာရှိနေတာ၊ ညီလေးဘာမှမဖြစ်ခင် ကိုကြီးတို့နဲ့ မြို့ထဲ မနက်စာအတူတူစားပြီး မြို့ရှောင်လမ်းကို သူငယ်ချင်းသွားကြိုမယ်ဆိုပြီး အခြား သူငယ်ချင်းတစ်ယောက်ကို ပြောပြီးထွက်သွားခဲ့တာလည်း ကိုကြီးတို့ မသိခဲ့လိုက်ဘူး၊ ညီလေး ဖြေးဖြေးလေးပဲ မောင်းတယ်ဆိုတာလဲ ကိုကြီးတို့သိတယ်၊ ညီလေးက ဦးထုပ်မဆောင်းထားခဲ့တာ သိရတယ့် အချိန်ဟာ အရမ်း နောက်ကျသွားခဲ့ရတယ်၊ ညီလေးသူငယ်ချင်းစီ ညီလေးဦးထုပ်ထားခဲ့တာကို ညီလေးသူငယ်ချင်းကလဲ ဦးထုပ်ဆောင်းဖို့ နှစ်ခါတောင် အတင်းပေးခဲ့ပေမဲ့ ညီလေး ခန ပဲဆိုပြီ ထွက်သွားလိုက်တယ် ညီလေး တွဲကားကို အန္တရာယ်ဖြစ်မှာစိုးပြီး ရှောင်ပေးလိုက်မှ ဘေးကပ်ထိမိသွားတယ်၊ လမ်းနဲ့ခေါင်းနဲ့ထိမိတဲ့အချိန် အဖွဲ့ထဲက မန်ဘာအများစုက အခြားတစ်နေရာကို ရောက်နေကြပြီ၊ ညီလေးအနားအဖွဲ့ဝင် အနည်းငယ်နဲ့ အခြားသော အဖွဲ့အနည်းငယ်ရှိပေမဲ့ လူကြီးတွေက ရဲမှုရဲခင်း အမှူ့ကိစ္စမလို့ ကားဆရာကလဲ မထိခိုင်းခဲ့ဘူး၊ အဲ့ဒီ ဖြစ်ပျက်နေတဲ့အချိန် မြို့ရှောင်လမ်းဆိုတော့ ဖုန်းလှိုင်းတွေက မမိခဲ့ဘူး၊ ကိုကြီးတို့ အသိနောက်ကျခဲ့တယ်၊ ကိုကြီးသိလိုက်ရတဲ့အချိန် ဆေးရုံးကြီးကို ရောက်ခဲ့ပေမဲ့ ညီလေးမရှိတော့ဘူး၊ ညီလေးကို မခွဲစိတ်ခင် ကိုကြီးညီလေးကို ကြည့်ခဲ့တယ်၊ ညီလေး R.I.P ပါနော် အမြဲတမ်းလည်း အဖွဲ့က ညီအစ်ကိုမောင်နှမတွေလဲ သတိရနေမှာပါ”

    မန္တလေးမြို့တွင်း အပါအဝင် မန္တလေး – မေမြို့လမ်းတလျှောက်က စစ်အုပ်စု ငွေညှစ်ဂိတ်တွေက သာမန် ခရီးသွားပြည်သူတွေ၊ စစ်ဘေးရှောင်တွေနဲ့ ပုသိမ်ကြီးနယ်ကနေ မန္တလေးမြို့တွင်း အလုပ်လာလုပ်တဲ့ လူငယ်လူရွယ်တွေကို အလွတ်မပေးဘဲ ပေါ်တာဆွဲ ဖမ်းဆီး၊ ငွေညှစ်နေပြီး ယခု ဆိုင်ကယ်စီးတဲ့ လူငယ်တွေ ကိုတော့ စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးတာ မလုပ်ဘဲ လွှတ်ပေးထားတာ ဖြစ်မယ်လို့ မြို့ခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

    မန္တလေးကနေ မေမြို့ကို ဆိုင်ကယ်အစီး ၃၀၀ နဲ့ အပျော်အပါးသွားတဲ့ လူငယ်တွေနဲ့ သေဆုံးသူတို့ကို တွေ့ရစဉ်/Photo – BRS၊ LR