Category: News

  • ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသူ ၅ ဦး ဝေစုမတည့်ဘဲ စကားများ ရန်ဖြစ်ရာမှ ၁ ဦး သေဆုံး

    ပုသိမ်မြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသူ ၅ ဦး ဝေစုမတည့်ဘဲ စကားများ ရန်ဖြစ်ရာမှ ၁ ဦး သေဆုံး

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားနေသူ ၅ ဦး ဝေစုမတည့်ဘဲ စကားများ ရန်ဖြစ်ရာမှ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပုသိမ်မြို့၊ ကမ်းနားလမ်း သင်္ဘောဆိပ်တွင် မြို့ပေါ်သို့ လာရောက်သည့် ကရင်လေးဆိုသော လူငယ် ၁ ဦးသည် ဆိုင်ကယ် တက္ကစီမောင်းသူ ကတုံး အပါအဝင် လူ ၅ ဦးက ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားခဲ့ကြောင်း သိရသည်။

    ထိုသို့ ရောင်းစားရာမှ ရရှိသော ငွေကြေးကို ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် ငဝန်ကျွန်းသာ ၈ လမ်းရှိ မူကြိုကျောင်းရှေ့တွင် ဆိုင်ကယ် တက္ကစီမောင်းသူ ကတုံး အပါအဝင် လူ ၅ ဦးက ဝေစုခွဲနေစဉ် အဝေမတည့်ဘဲ စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းသို့ စကားများ ရန်ဖြစ်ရာတွင် ကတုံးဆိုသူကို ကျန်လူ ၄ ဦးက ဓားဖြင့် ဝိုင်းထိုးခဲ့သောကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ထို လူသတ်မှု ကျူးလွန်သူများထဲတွင် ပုသိမ်မြို့ ငဝန်ကျွန်းသာ ၈ လမ်းတွင် နေထိုင်သော ဝတုတ်ဆိုသူလည်း ပါဝင်ပြီး ၎င်း၏ ဦးလေးဖြစ်သူသည် အကြမ်းဖက် စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော စစ်သား ၁ ဦးဖြစ်ကြောင်း သိရသည်။

    ရန်ပွဲအတွင်း သေဆုံးခဲ့သော ကတုံးဆိုသူသည် မိုက်ရိုင်းဆိုးသွမ်းသူ တစ်ဦးဖြစ်ပြီး ပုသိမ်မြို့ အမှတ် ၁ ကမ်းနားလမ်းတွင် နေထိုင်ကာ ဆိုင်ကယ်တက္ကစီဆွဲနေသူဖြစ်ကြောင်း၊ ထို့ပြင် ကတုံးသည် လိမ်လည်မှု လုယက်မှုများဖြင့် မကြာခဏထောင်ကျဖူးသူဖြစ်ပြီး ကမ်းနားလမ်းတွင် အုပ်စုဖွဲ့၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးကာ အကြမ်းဖက် စစ်တပ်ထံ ရောင်းစားနေသူဖြစ်ကြောင်း သိရှိရသည်။

    “လူငယ် ၁ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံကို ရောင်းစားလို့ ရတဲ့ ငွေကြေးကို ဝေစုခွဲရာကနေ ရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွားတာလို့သိရတယ်။ ကတုံးကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ကျန် ၄ ဦးကတော့ ထွက်ပြေး လွတ်မြောက်နေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

  • ရေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ပစ်သတ်ခံရ

    ရေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ပစ်သတ်ခံရ

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ နှီးနူးကျေးရွာနဲ့ ဓမင်းဆိပ်ကျေးရွာတို့က အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ တနေ့တည်းပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    ပစ်သတ်ခံရသူတွေက နှီးနှူးကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးရွှေအနဲ့ ဓမင်းဆိပ်ကျေးရွာနေရာအိမ်မှူး ဦးသောင်းစိန်တို့ ဖြစ်ကြပြီး မနေ့ စက်တင်ဘာ ၁၄ ရက်ညက သူတို့ရဲ့နေအိမ်တွေကို လက်နက်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

    ဖြစ်စဉ်ကို သိရှိတဲ့သူ ဒေသခံ တယောက်က “အုပ်ကြီးရော၊ ရာအိမ်မှူးရော နှစ်ယောက်လုံး သူတို့အိမ်တွေမှာ ပစ်သတ်ခံရတာ။ အမည်မသိ သေနတ်သမားတွေက ပစ်ခတ် သတ်ဖြတ်သွားတာ။ သေနတ်သံတွေကြားလို့ သွားစုံစမ်းကြည့်တော့ သိရတာ။ တခါတည်းပွဲချင်းပြီး ဆုံးသွားတာ။ ရာအိမ်မှူးက နာမည်ဆိုးနဲ့ ပိုကျော်ကြားတဲ့သူ” လို့ ပြောပါတယ်။

    ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ဟာ နေရာမှာပင် သေဆုံးသွားပြီး ရုပ်အလောင်းတွေကို ရေးမြို့နယ် ဆေးရုံကို သယ်ဆောင်သွားတာတွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူ တယောက်က “ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ အုပ်ကြီးက အရင် ပစ်သတ်ခံရတာပါ။ ပြီးမှ ရာအိမ်မှူးပစ်သတ်ခံရတာ။ အခု ရဲတွေအပြင် တပ်ပါ စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

    အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ် နဲ့ ရဲတွေက ညတွင်းချင်း ကျေးရွာအတွင်း ရောက်လာပြီး ပစ်ခတ်သတ်ဖြတ်သွားတဲ့ သေနတ်သမား တွေကို လိုက်လံရှာဖွေနေကြတယ်လို့ သိရပါတယ်။

    အခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွင်းရှည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးဟာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

  • နတ်‌ရေကန်ဗျူဟာ အနီးတွင် စစ်ကော်မရှင်တပ်များ သေဆုံးမှုများပြားပြီး တပ်လန်ထွက်ပြေးနေရ သော်လည်း အင်အားအလုံး အရင်းသုံး၍ ရှေ့ဆက်တိုးနေ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းရိုးအနီးရှိ နတ်ရေကန်ဗျူဟာနှင့် စွန်တက်ရွာအနီးတစ်ဝိုက်တွင် စစ်ကော်မရှင်ပူးပေါင်းတပ်များနှင့် တော်လျန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန် လျက်ရှိသည်။ စစ်ကော်မရှင်တပ်များသည် တိုက်ပွဲများအတွင်း သေဆုံးမှုများပြားကာ တပ်များလန် ထွက်ပြေးခဲ့ရသော်လည်း အင်အားအလုံးအရင်းဖြင့် ထပ်မံဖြည့်တင်းကာ ရှေ့တိုးထိုးစစ်များ ဆင်နွှဲ နေကြောင်း သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာ ၉ရက်နှင့် စက်တင်ဘာ ၁၂ရက်နေ့တို့တွင် အမှတ်(၉၀၅)အမြောက်စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၅) မှနေ၍ စစ်သုံးကားကြီး ရှစ်စီးဖြင့် နတ်ရေကန်ဘက်ကို အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။


    “မစခ ၉၀၅ကနေ စုဖွဲ့ထားတဲ့ အင်အားတွေ တင်ပို့နေတယ်။ အခုပို့နေတဲ့အဖွဲ့တွေက ရှမ်းမြောက် နမ့်ဖတ်ကာနဲ့ သီပေါမှာ စစ်ရှုံး တပ်ပျက်သွားတဲ့ အဖွဲ့တွေပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    မစခ-၉၀၅ မှနေ၍ အမြောက်များဖြင့် တရစပ်ပစ်ခတ်မှုများရှိခဲ့ပြီး တိုက်ပွဲပြင်းထန်နေသည့်နေရာများကို စစ်ကူ ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။‎ထို့အပြင် စစ်ကော်မရှင်က နတ်ရေကန်အနီးတဝိုက် ကင်းထောက်လေယာဉ်နှင့် ဒရုန်းများ ပျံသန်းနေစေပြီး ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်လုပ်ဆောင် နေကြောင်း သိရသည်။

    ပြီးခဲ့သည့် ‎စက်တင်ဘာ ၁၂ရက်နေ့က နတ်ရေကန်အနီးသို့ ပို့လိုက်သည့် စစ်ကော်မရှင် စစ်ကြောင်းတွင် ဒရုန်းအထူးတပ်ဖွဲ့ကိုပါ ထည့်သွင်းစေလွှတ်ခဲ့ကြောင်း သိရသည်။

    စစ်ကော်မရှင်သည် စကခ (၁၇) လက်အောက်ခံတပ်ရင်းများဖြစ်သော ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများနှင့် စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် အတင်းအဓမ္မ စစ်သားစုဆောင်းကာ စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များဖြင့် ဖွဲ့စည်းထားသည့် တပ်ရင်းများကိုပါ စစ်ကြောင်းထိုးရန် စေလွှတ်လျက်ရှိသည်။

    ပြီးခဲ့သည့် ရက်ပိုင်းကလည်း စွန်တက်ကျေးရွာအနီး စစ်ကြောင်း ၃ကြိမ်ထိုးလာသည့် ခလရ ၂၉၅တပ်ဖွဲ့ကို တပ်ဆုတ်ပြီး ကစဉ့်ကလျားထွက်ပြေးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း AAက စက်တင်ဘာ ၁၀ရက်နေ့တွင် ထုတ်ပြန်သည်။

    ဧရာဝတီတိုင်း-ရခိုင်အစပ်၊ မကွေးတိုင်း-ရခိုင်အစပ်နေရာများ၌ ၎င်းတို့ စစ်ရှုံး၍ ပေးထားခဲ့ရသော နေရာများကို ပြန်လည်ရရှိရန် ကြိုးပမ်း အားထုတ်သော ထိုးစစ်များ ကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

    ထို့ကြောင့် ယခုရက်များအတွင်း အဆိုပါနေရာများ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး အထူးသဖြင့် ရန်သူသည် မကွေးတိုင်း၊ နတ်ရေကန်ကုန်းဘက်တွင် ထိုးစစ်များကို ပိုမို ပြုလုပ်လျက်ရှိသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  • မဲဆမိတ်ရွာက ငြိမ်းချမ်းရေးဆုတောင်းပွဲကို DKBA၊ BGF နဲ့ KNLA-PC အဖွဲ့ခေါင်းဆောင်တွေတက်

    မဲဆမိတ်ရွာက ငြိမ်းချမ်းရေးဆုတောင်းပွဲကို DKBA၊ BGF နဲ့ KNLA-PC အဖွဲ့ခေါင်းဆောင်တွေတက်

    ကရင်လက်နက်ကိုင်တပ်တွေဖြစ်တဲ့ နယ်ခြားစောင့်တပ်(BGF)၊ DKBA နဲ့ KNLA-PC တို့က ခေါင်းဆောင်တွေတက်ရောက်တဲ့ ငြိမ်းချမ်းရေးဆုတောင်းပွဲတစ်ခုကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်က မဲဆမိတ်ရွာမှာ စက်တင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်သွားတယ်လို့ သိရပါတယ်။

    သက်တော် ၉၄ နှစ်ရှိပြီဖြစ်တဲ့ မဲဆမိတ်ဆရာတော်ကြီးကို ဂါရဝပြုပွဲ ကျင်းပရင်း ငြိမ်းချမ်းရေး ဆုတောင်းပွဲပါ ပြုလုပ်ခဲ့တာလို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့သူတွေက လူမှုကွန်ရက်မှာ ရေးသားကြပါတယ်။

    အဲဒီအခမ်းအနားကို BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ DKBA နဲ့ KNLA-PC က တာဝန်ရှိသူတွေ၊ ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေ(ဒူးပလာယာခရိုင်) ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းလည်း တက်ရောက်တာ တွေ့ရပါတယ်။

    အခုတစ်ခေါက် ငြိမ်းချမ်းရေးဆုတောင်းပွဲဟာ ဒုတိယအကြိမ် ဆုတောင်းပွဲဖြစ်ပြီး ပထမ တစ်ကြိမ်ကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက လှိုင်းဘွဲ့မြို့နယ်ထဲက မြိုင်ကြီးငူ ဒေသမှာ ပြုလုပ်ခဲ့ပါတယ်။

    အဲဒီအခမ်းအနား မတိုင်ခင် တစ်ပတ်အလို ဇူလိုင် ၂၀ ရက်နေ့တုန်းကလည်း မြိုင်ကြီးငူ အထူးဒေသမှာ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ လူထုတွေ့ဆုံမှုပြုလုပ်ခဲ့ပြီး အဲဒီကတည်းက ငြိမ်းချမ်းရေးဆုတောင်းပွဲတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

    အစောပိုင်း ငြိမ်းချမ်းရေးဆုတောင်းပွဲကို ဇူလိုင်လဆန်းမှာ ကရင်လက်နက်ကိုင်အဖွဲ့အချို့နဲ့ ကရင်ပြည်နယ်က နာမည်ရှိဆရာတော်တွေ ဦးဆောင်ပြီး ထိုင်း – မြန်မာ နယ်စပ်က ဘုရားသုံးဆူမြို့မှာ စီစဥ်ခဲ့ပေမဲ့ ကန့်ကွက်မှုတွေကြောင့် ပွဲမဖြစ်မြောက်ခဲ့ပါဘူး။

    အခုတော့ မဲဆမိတ်ဆရာတော်က ဦးဆောင်ပြီး ငြိမ်းချမ်းရေး ဆုတောင်းပွဲတွေကို ပြုလုပ်လာတာဖြစ်ပါတယ်။

  • မြောက်ဒဂုံမှာ ဘေလီတံတားပေါ်ကနေ လက်ချင်းကြိုးချည်ပြီး ခုန်ချသွားတဲ့ စုံတွဲကို ရုပ်အလောင်းအဖြစ် ပြန်တွေ့

    မြောက်ဒဂုံမှာ ဘေလီတံတားပေါ်ကနေ လက်ချင်းကြိုးချည်ပြီး ခုန်ချသွားတဲ့ စုံတွဲကို ရုပ်အလောင်းအဖြစ် ပြန်တွေ့

    ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဘေလီတံတားပေါ်ကနေ လက်ချင်းကြိုးချည်ပြီး ပုစွန်တောင်ချောင်းထဲ ခုန်ချသွားတဲ့ စုံတွဲရုပ်အလောင်းကို စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းမှာ တွေ့ရှိတယ်လို့ ဝန်းရံမှူး လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။

    သေဆုံးခဲ့သူတွေဟာ စက်တင်ဘာလ ၁၂ ရက်မှာ တံတားပေါ်ကနေ ခုန်ချခဲ့တယ်လို့ မျက်မြင်တွေကနေတဆင့် သိခဲ့ရတယ်လို့လည်း ကူညီရေးအဖွဲ့က ပြောပါတယ်။

    သေဆုံးခဲ့ကြသူတွေဟာ အသက် ၂၆ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတွေတို့ဖြစ်ပြီး အလောင်းတွေကို ကပ်လျက် ပြန်တွေ့တာခဲ့ရတာလို့လည်းဆိုပါတယ်။

    “ကျောပိုးအိတ်နဲ့ ဖုန်းတွေကို တံတားပေါ် ထားခဲ့ပြီး ခုန်ချသွားတာလို့ မျက်မြင်တွေက ပြောတယ်။ အလောင်းတွေကိုတော့ ခုန်ချခဲ့တဲ့ နေရာနားမှာပဲတွေ့တာ။ အလောင်းပေါ်လာလို့ လှေသမားတွေက လှေနဲ့ဆွဲထားလိုက်တာ”လို့ ဝန်ရံမှူး လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

    သူတို့ ရုပ်အလောင်းတွေကို အလောင်းသယ်အိတ်ထဲတည့်ပြီး မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကို ပရဟိတအဖွဲ့တွေက ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကလည်း မြောက်ဒဂုံနဲ့ သင်္ဃန်းကျွန်းအစပ်က ငမိုးရိပ်တံတားပေါ်ကနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ယောက် ငမိုးရိပ်ချောင်းထဲ ခုန်ချမှုဖြစ်ခဲ့ပါတယ်။

    ခုန်ချခဲ့တဲ့အမျိုးသမီးဟာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

    အဲဒီမတိုင်ခင် ပြီးခဲ့တဲ့တစ်ပတ်လောက်တုန်းကလည်း လက်ရှိပျောက်ဆုံးနေဆဲ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ ငမိုးရိပ်တံတားပေါ်ကနေ ခုန်ချမှုဖြစ်ခဲ့ပြီး အမျိုးသားဖြစ်သူကိုလည်း ရှာဖွေလို့ မတွေ့သေးဘူးလို့ ဝန်းရံမှူး လူမှုကယ်ဆယ်ရေးကနေ သိရပါတယ်။