Category: News

  • ဗန်းမော်မှပြန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စု တိုက်ခိုက်

    ဗန်းမော်မှပြန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စု တိုက်ခိုက်

    ဗန်းမော်မှပြန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး စစ်သင်္ဘော ၁ စင်းပျက်စီး

    ‎ဗန်းမော်ကို လူအင်အား၊ စစ်လက်နက်၊ ရိက္ခာပို့ပြီး ပြန်စုန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    တော်လှန်ရေးတပ်ဖွဲ့များသည် ‎ယနေ့ စက်တင်ဘာ ၅ ရက်နေ့ နံနက်၈နာရီခန့်က လေကြောင်းပစ်ကူ များနှင့်အတူ ဗန်းမော်မှ ပြန်ထွက်ခွာလာသည့် စစ်သင်္ဘော အုပ်စုကို စင်ခန်းအနီးတွင် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စင်း ပျက်စီးသွားကြောင်း သိရသည်။

    ‎”သင်္ဘော ၁၁ စင်းမှာ ခြောက်စင်း ပြန်ဆင်းလာတယ်ပြောပါတယ်။ ကြားဖြတ်တိုက်တာ စစ်သင်္ဘော တစ်စင်း ပျက်စီးပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ‎ပျက်စီးသွားသည့် စစ်သင်္ဘောကို အခြားသင်္ဘောဖြင့် ဆွဲ၍ ဆက်လက်ထွက်ခွာသွားရာ ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ဝဲမကို ရောက်ရှိနေပြီဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရသည်။

    ယခုတိုက်ခိုက်ခံရသော စစ်ကော်မရှင်စစ်သင်္ဘောများသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ‎မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ သံခွန်သင်္ဘောပေါင်း အစီး ၂၀ ဖြင့် ဗန်းမော်မြို့အထိ မြစ်ကမ်းတ‌စ်လျှောက် စစ်စခန်းများကို လူအင်အား၊ လက်နက်၊ ခဲယမ်း၊ စားနပ်ရိက္ခာများ ပို့ပြီး ပြန်ဆင်းလာသည့် စစ်သင်္ဘောများ ဖြစ်ကြောင်း သိရသည်။

    ‎ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တက်လာစဉ်ကလည်း အဆိုပါ စစ်သင်္ဘောများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်သင်္ဘော လေးစင်း အထိပျက်စီးခဲ့ကြောင်း သိရသည်။

    ‎ထောက်ပို့ စစ်သင်္ဘောများ ဗန်းမော်မြို့သို့ရောက်ရှိကာ လက်နက်၊ရိက္ခာဖြည့်တင်းပြီးနောက် ဗန်းမော်တိုက်ပွဲမှာ ပြန်လည်ပြင်းထန်လာခဲ့ပြီး စစ်ကော်မရှင်က တပ်ရင်းသုံးခုထက်မနည်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

    ပုံစာ-ဧရာ၀တီမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကော်မရှင် စစ်သင်္ဘောများ။ (ပုံဟောင်း)

  • ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတို့ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတို့ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    ချောက်မြို့ပေါ်ရှိ ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတို့ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားဟုဆို

    မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံး တပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးအဖွဲ့မှ Cyrus က ပြောဆိုသည်။

    စက်တင်ဘာလ ၄ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ချောက်မြို့ရှိ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၃ နှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းကို တော်လှန် ရေးတပ်ဖွဲ့များက ရော့ကတ် ၁၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ထို တိုက်ခိုက်မှု အတွင်း ခလရ ၁၃ တပ်ရင်းကို ရော့ကတ် ၇ လုံး၊ ခမရ ၄၁၆ တပ်ရင်း ကို ရော့ကတ် ၈ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ခလရ ၁၃ တပ်ရင်းထဲကို ပေါက်မြို့နယ်မှ ရိက္ခာပို့ပြီး ပြန်လာသည့် ကား ၂ စီးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေး ထိခိုက်သေဆုံးမှုစာရင်းက ၃၀ ဝန်းကျင်လောက်ရှိတယ်။ သေဆုံးတာကတော့ ၁၅ ယောက် ကျော်တယ်လို့တော့ သိရတယ်။ ၄၁၆ တပ်ရင်းထဲမှာ အင်အား ၁၀၀ ဝန်းကျင်ရှိတယ်လို့သိရတယ်။ ခလရ ၁၃ တပ်ရင်းကတော့ အင်အားပိုများတဲ့အပြင် စစ်သင်တန်းပါပေးတယ်။ ပေါ်တာဆွဲထားတဲ့ လူတွေကို စစ်သင်တန်းပေးတယ်။ စစ်ခွေး သေစာရင်းကတော့ ၂ ခု ပေါင်းရင် အဲ့ထက်ပိုနိုင်တယ်။ ပစ်ခတ်မှု ဖြစ်ပြီး ၃ နာရီကျော်ကြာမှ ချောက်မြို့ပေါ်နဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကင်းတွေထွက်လာတယ်။ အဲဒီအချက်နဲ့တင် အထဲမှာ ဘယ်လောက်ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်လည်းဆိုတာကို သိနိုင်တယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့နေရာတွေကို ဝေးဝေးမှရှောင်ပေးဖို့ရယ် မရှောင်လို့သွားမိရင် ထိခိုက်မှုတွေရှိလာနိုင်လို့ပါ။ နောက်ပြီး ပူးပေါင်းလုပ်ဆောင်ကြတဲ့ အဖွဲ့တွေကို ကူညီထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးအဖွဲ့မှ Cyrus က ပြောဆိုသည်။

    အဆိုပါတိုက်ခိုက်မှုကို မကွေးတိုင်းပြည်သူ့ကာကွယ်​ရေးအဖွဲ့ Droneလက်ရုံးတပ်ဖွဲ့ Team1 သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးနှင့် ချောက်သခင်ဖိုးလှကြီးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

  • ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

    ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

    ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများကို ရွှေတောင် ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ဟုဆို

    ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူများကို ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

    စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ ညောင်နီပင်အုပ်စု ကျောက်ကြီးတောင်နှင့် ညောနီပင်ရွာ အကြားတွင် အကြမ်းဖက် စစ်သား ၉၂ ဦးပါဝင်သော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ပြီး စနိုက်ပါ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သား အလောင်းများနှင့် ဒဏ်ရာ ရရှိသူများကို ထမ်းစင်ဖြင့် ကျောက်ကြီးတောင် စစ်တပ် ဂိတ်စခန်းကို သယ်ဆောင်သွားပြီး ထိုမှတဆင့် ဖောကား ၂ စီးဖြင့် ရွှေတောင်မြို့ကုတင် ၁၀၀ စစ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

    တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က ယင်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေတောင်မြို့နယ်၊ ဘိုလည်ကုန်း တပ်က စက်တပ်လေထီး ၂ စီး ဖြင့် ပေါင်းတည်မြို့နယ်၊ လက်ပံခုံရွာနှင့် တောင်ခမောက်ရွာတို့ကို ဗုံး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “မိုင်းဆွဲ တိုက်ခိုက်မှုမှာ စစ်ခွေး ၆ ကောင် ပွဲချင်းပြီး သေဆုံးတယ်။ ၅ ကောင် အပြင်း အထန် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ စစ်ခွေးတွေကို ရွှေ တောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံကို သယ်ဆောင်သွားတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Shadow ကပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၁ ၊ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၂ နှင့် ၃၆၀၁ တပ်ရင်း Sniper အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်

    ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်

    ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၆ ဦးသေဆုံး

    ပဲခူးတိုင်း၊ ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် ၆ ဦးသေဆုံးကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး (ဗဟို)က သတင်းထုတ်ပြန်သည်။

    စက်တင်ဘာလ ၂ ရက်နေ့ ၊ ကျောက်ကြီး-မုန်းကားလမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့က မြက်ရဲရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လေယာဉ်များ၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူရခဲ့သော်လည်း ထိခိုက်သေဆုံးမှု အများအပြားဖြင့် တပ်ပြန် ဆုတ်ခဲ့ရကြောင်း သိရှိရသည်။

    တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ ဒုတပ်ရင်းမှူး ၁ ဦးနှင့် တပ်ခွဲမှူး ၁ ဦးအပါအဝင် ၆ ဦး သေဆုံးပြီး ၁၆ ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်း အများအပြားကိုလည်း တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

    ကျောက်ကြီး-မုန်းကားလမ်းပိုင်းကို စစ်တပ်က ပြန်လည်ရယူရန် အတွက် လက်နက်ကြီးများဖြင့် နေ့စဥ်ပစ်ခတ်လျက်ရှိကြောင်း၊ မြေပြင်စစ်ကြောင်းများဖြင့် အဆက်မပြတ် ထိုးစစ်များ လုပ်ဆောင်လျက်ရှိသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်တို့က စစ်တပ်ကို လမ်းတစ်လျှောက် ဖြတ်တောက်တိုက်ခိုက်မှုများအား လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

  • ရခိုင်တွင် အမျိုးသမီး ၁၁ ဦးအား အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်

    ရခိုင်တွင် အမျိုးသမီး ၁၁ ဦးအား အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်

    ရခိုင်ပြည်နယ် မြို့နယ် ၃ ခုမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် အမျိုးသမီး ၁၁ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားတယောက်ကို အာရက္ခတပ်တော် (AA) ရဲ့ တရားရုံးက ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်နေ ဇော်ဇော်နိုင် (ခ) လဖြူချေ (၂၅ နှစ်) ဟာ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့က အမျိုးသမီး ၁၁ ယောက်ကို အလိုမတူဘဲ အတင်းအဓမ္မ ပြုကျင့်ခဲ့ပြီး အဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

    လက်ရှိမှာ ကျောက်တော်မြို့နယ်က အမျိုးသမီး ၂ ယောက်နဲ့ မြောက်ဦးမြို့နယ်က အမျိုးသမီး ၂ ယောက်ကို အတင်းအဓမ္မပြုကျင့်မှုနဲ့ စက်တင်ဘာ ၁ ရက်မှာ မြောက်ဦးခရိုင်တရားရုံးက အမှု ၄ ခုအတွက် ထောင်ဒဏ် နှစ် ၄၀ ချမှတ်ထားပြီး နောက်ထက် ပြစ်မှု ၇ ခုအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “သူ့ရဲ့ စစ်ဆေးရေးမှတ်တမ်းတွေအရ သူက မြို့နယ် ၃ ခုက အမျိုးသမီး ၁၁ ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံထားတာရှိတယ်။ အဲဒီအထဲမှာ ကျောက်တော်က အမျိုးသမီးနှစ်ဦး အမှုနဲ့ မြောက်ဦးက အမျိုးသမီးနှစ်ဦး အမှုသာ စစ်ဆေးရသေးပြီး ကျူးလွန်တာ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် နှစ် ၄၀ ချမှတ်ထားတယ်။ နောက်ထပ်အမှုတွေကို စစ်ဆေးပြီး ထိုက်သင့်တဲ့ ပြစ်မှုပြစ်ဒဏ်တွေ ချမှတ်သွားဖို့ရှိတယ်။”

    မြောက်ဦးခရိုင်တရားရုံးက ကျောက်တော်မြို့နယ်၊ လိပ်မရွာက အမျိုးသမီးတယောက်အမှု၊ မြင်းကြပ်ကျေးရွာက အမျိုးသမီး‌တယောက်၊ မြောက်ဦးမြို့ လက်ကောက်ဈေးက အမျိုးသမီးငယ် တယောက်နဲ့ မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးကျေးရွာက အမျိုးသမီးတယောက် စုစုပေါင်း ၄ ယောက်ကို အဓမ္မပြုကျင့်မှုအတွက် စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားတာကြောင့် ‌တယောက်ကို ရာဇသတ်ကြီးပုဒ်မ- ၃၆၆ နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်နဲ့ ရာဇသတ်ကြီးပုဒ်မ-၃၇၆ အတွက် အလုပ်နဲ့ထောင်ဒဏ် ၇ နှစ် စုစုပေါင်း ၁၀ နှစ်စီနဲ့ ၄ ယောက်အတွက် ထောင်ဒဏ် နှစ် ၄၀ ကို သီးခြားစီကျခံဖို့ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

    အခု အမျိုးသမီး ၁၁ ယောက်ကို အဓမ္မမှုကျူးလွန်တဲ့ ဇော်ဇော်နိုင်ဟာ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့က နွမ်းပါးတဲ့ အမျိုးသမီးတွေကို အလုပ်ရှာပေးမယ်လို့ လိမ်လည်ခေါ်ယူခဲ့ပြီး အဓမ္မပြုကျင့်မှုတွေကို အကြိမ်ကြိမ် ကျူလွန်းခဲ့တာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    သက်ငယ်အမျိုးသမီးတွေ အပါအဝင် အမျိုးသမီး ၁၁ ယောက်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်ဆိုတာ အလွန်တရာ တုန်လှုပ်ဖွယ်ဖြစ်ပြီး လူထုရှေ့မှာ သေဒဏ်ပြစ်ဒဏ် ချမှတ်သင့်တယ်လို့ ရခိုင်က တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတယောက်က မှတ်ချက်ပြုပါတယ်။

    “အမျိုးသမီး ၁၁ ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာဆိုတာ ကျမတို့ အမျိုးသမီးထုကို လုံးဝ တုန်လှုပ်စေတာတော့ အမှန်ပဲ။ ဒီလိုလူမျိုးကို ထောင်ဒဏ်ချမှတ်လိုက်တာထက် လူမြင်ကွင်းမှာ သေဒဏ်ချမှတ်သင့်တယ်။ အထူးသဖြင့် နောက်ထပ် အမျိုးသမီးတွေအပေါ် ဒီလိုဖြစ်စဉ်တွေ မကျူးလွန်ရဲကြအောင် ပုံစံပြသင့်နေပြီ။”

    ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်းမှာ သက်ငယ်မုဒိမ်းမှု ၂ ခု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတချို့ကို ဖမ်းဆီးထားပေမဲ့ ပြစ်မှုပြစ်ဒဏ် ချမှတ်ထားခြင်းတော့ မရှိသေးပါဘူး။

    ရခိုင်ပြည်နယ်အတွင်း အဓမ္မကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့ကိုလည်း အာရက္ခတပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုထားကြပါတယ်။