Category: News

  • ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းအတွင်း ရန်ဖြစ်ပွားရာ အထိုးခံရသူ အသက် အန္တရာယ်စိုးရိမ်ရ

    ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းအတွင်း ရန်ဖြစ်ပွားရာ အထိုးခံရသူ အသက် အန္တရာယ်စိုးရိမ်ရ

    ဧရာဝတီတိုင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) ကျောင်းဝင်းအတွင်း နိုဝင်ဘာလ ၁၉ ရက်နေ့က ကျောင်းသားနှစ်ဦး စကားများရန်ဖြစ်ရာတွင် အထိုးခံရသူ ကျောင်းသားဟောင်းမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း အထိုးခံရနှင့်ရင်းနှီးသူထံမှ သိရသည်။

    ဖြစ်စဉ်တွင် ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူ ကျောင်းသားဟောင်းသည် ပြင်းထန်သော ဒဏ်ရာများဖြင့် ပုသိမ်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရသည်။

    ထိုးနှက်ခံရမှုကြောင့် ဦးနှောက်သွေးယိုမှု၊ နှာခေါင်းရိုးကျိုး၊ လည်ပင်းရိုးကျိုး စသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ယနေ့အထိ သတိလစ်နေဆဲဖြစ်ကြောင်း သိရသည်။

    “ကျွန်တော့်သူငယ်ချင်းက သူ့ကျောင်းဟောင်းက ကျောင်းမှာအမှတ်စာရင်းသွားထုတ်တယ်။ အဲဒီမှာ တတိယနှစ်ကျောင်း သားရဲ့ ရည်းစားဟောင်းအကြောင်းကို စလိုက်တယ်။ အဲ့ဒါကို စိတ်ဆိုးသွားပြီးတော့ တိုင်နဲ့ခေါင်း ညှပ်ကန်လိုက်တာ။ အသေ သတ်မယ်ဆိုပြီး အောက်ထပ်မှာ ဒုတ်သွားယူလိုက်တော့မှ လူတွေသိကုန်တယ်။ ပုသိမ်ဆေးရုံပို့ကတည်းက သတိလစ်တာ ဒီနေ့အထိပဲ” ဟု ဆေးရုံတက် နေရသူ၏ သူငယ်ချင်းက ပြောသည်။

    ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ တတိယနှစ်ကျောင်းသားကို ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ရဲစခန်းက ဖမ်းဆီးသွားပြီး ကျောင်းဘက်မှလည်း ကျောင်းနှစ်နှစ်နားရန် အရေးယူခံ ထားကြောင်း သိရသည်။

    လက်ရှိတွင် စစ်ကော်မရှင်လက်အောက်ရှိ အထက်တန်းကျောင်းများအပါအဝင် အစိုးရနည်းပညာ အထက်တန်းကျောင်းနှင့် တက္ကသိုလ်ကျောင်းများ၌ ကျောင်းသားများအကြား ဆေးလိပ်၊ ဘီယာ၊ အရက် သောက်သုံးမှုများ ရှိနေပြီး ကျောင်းသားအချင်းချင်း ရန်ဖြစ်မှုများ တိုးပွားလာကြောင်း ယင်းကျောင်း များထံမှ စုံစမ်းသိရသည်။

    ဓာတ်ပုံ-ပြစ်မှုကျူးလွန်သူ

  • Murder at the Embassy

    Murder at the Embassy

    Murder at the Embassy (2025)

    ဇာတ်လမ်းအကျဉ်း

    ဒီဇာတ်ကားလေးက ၁၉၃၄ ခုနှစ် အီဂျစ် ကိုင်ရိုမြိုကို အခြေတည်ရိုက်ကူးထားတာပါ။

    အကြောင်းအမျိုးမျိုးကြောင့် အီဂျစ်ကို ရောက်နေကြတဲ့ လူငါးယောက်ဟာ သံရုံးထဲက လူသတ်မှုအတွက် သံသယရှိသူတွေ ဖြစ်သွားခဲ့ကြပါတယ်။

    ကံကောင်းစွာနဲ့ တစ်ခါမြင်ရင် ဘယ်တော့မှ မမေ့တော့တဲ့ မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားတဲ့ စုံထောက်မလေး မီရန်ဒါကလည်း အီဂျစ်ကို ရောက်နေခဲ့ရင်း ဒီအမှုကို ဖြေရှင်းဖို ကြိုးစားတဲ့အခါမှာတော့…

    ရှင်းလေ ရှုပ်လေဖြစ်လာတဲ့ အမှုနဲ့ တစ်စထက်တစ်စ ပိုမို ရှုပ်ထွေးလာတဲ့ နိုင်ငံရေး လှည့်ကွက်တွေအကြား စုံထောက်မလေး မီရန်ဒါ တစ်ယောက် အမှုကို ဘယ်လို ဖြေရှင်းသွားမလဲ…

    လူသတ် တရားခံအစစ်ကရော ဘယ်သူများလဲဆိုတာကို ဆက်လက် ကြည့်ရှုပေးကြဦး။

  • တောင်ငူမှာ အသက်မပြည့်သေးတဲ့ သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင် ထောင်ဒဏ် နှစ် ၆၀ ကျ

    တောင်ငူမှာ အသက်မပြည့်သေးတဲ့ သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင် ထောင်ဒဏ် နှစ် ၆၀ ကျ

    ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၆၀ ကျခံဖို့ အမိန့် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

    ဖခင်ဖြစ်သူ တရားခံ မောင်ခိုင် (ခ) ဇော်ခိုင် ဆိုသူကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် တောင်ငူခရိုင် တရားရုံးက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ-၃၇၆ (၁)အရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    ” ​တရားခံကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ စွဲချက်နှစ်ခုတင်ခဲ့တော့ ၃၇၆ ပုဒ်မတခုကိုထဲကိုပဲ ပြစ်ဒဏ်တွေ ထပ်ထပ်ချလိုက်တာ လို့သိရတယ်။ အဲဒါကြောင့် ပုဒ်မက တခုတည်းနဲ့ ထောင်ဒဏ် နှစ် ၆၀ ရှိသွားတာပါ။ အဖေဖြစ်ပြီးတော့ ကိုယ့်သားသမီးကို လုပ်ရက်တာ ၊ယုတ်မာလွန်းတာ ဒီထက်မက ကျသင့်တယ်။ ကိုယ့်သားသမီးကို ကိုယ်တိုင်ကာကွယ်ရမှာကို ခုလို လူမဆန်စွာလုပ်တာ သေဒဏ်တောင်ပေးသင့်တာပါ။ ခုလို နှစ် ၆၀ ချတာလည်း သူ့အတွက် ထောင်ထဲ သေဖို့ပဲရှိပါတယ်။ဒီလိုလူမျိုးကိုတော့ လွတ်ငြိမ်းတွေထဲ ဘယ်တော့မှ ထည့်မလွှတ်ပေးပါနဲ့လို့ တောင်းဆိုပါတယ်။ ” လို့ တောင်ငူ ဒေသခံကပြောပါတယ်။

    ဖြစ်စဥ်ကတော့ တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာအုပ်စုမှာ ဇူလိုင် ၆ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ အသက် ၁၂ နှစ်အရွယ် သမီးနဲ့ ၁၄ နှစ် သမီးနှစ်ယောက်က ညဘက်မှာ နေအိမ်ထဲ အတူအိပ်နေချိန်မှာ ဖခင်ဖြစ်သူက သမီးအကြီးကို အဓမ္မပြုဖို့ကြံစည်ရာ မအောင်မြင်တဲ့အတွက် သမီးငယ်ကို ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    “ကလေးတွေက အဓမ္မကျင့်ခံရတာကို သူ့အဖွားဖြစ်သူကို ပြောပြတော့မှ အဖွားက ရဲစခန်းမှာ တိုင်လိုက်တာ ။ ရဲတွေက အဖေကို ဖမ်းပြီး စစ်ဆေးတယ် ။ ကလေးတွေကိုလည်း လူမှုဝန်ထမ်းက တာဝန်ရှိသူတွေနဲ့ တွေ့ပြီး အခြေအနေ မေးမြန်းပြီး ရုံးတင်လိုက်တာပဲ ။ ကလေးအမေက မရှိဘူး ။အဖေနဲ့ပဲ နေကြတာ ။ ဒီလိုလူမျိုးက အဖေမခေါ်ထိုက်ပါဘူး ။ ” လို့ ဖြစ်စဥ်သိသူ ဒေသခံက ပြောပါတယ်။

    အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံဖြစ်သူ ဖခင်ကိုတော့ ဖြစ်စဥ် ဖြစ်ပွားပြီးနောက်ရက်မှာပဲ သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီးက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြောင်း ၊ ဖမ်းဆီးပြီး ၄ လကျော်အကြာမှာ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

    တောင်ငူခရိုင်အတွင်းက အဓမ္မပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး ကျူးလွန်သူ တရားခံတွေကို ခရိုင်တရားသူကြီးက သေဒဏ် နဲ့ ထောင်ဒဏ်တသက်လွတ်ရက်မရှိ၊ နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီး အမိန့်ချမှတ်မှုရှိထား ပါတယ်။

    ပြီးခဲတဲ့ စက်တင်ဘာလမှာ ဆိုရင် တောင်ငူခရိုင် ထန်းတပင်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ ၁၂ နှစ်အရွယ် သမီးကို အဓမ္မပြုကျင်ခဲ့တဲ့ အဖေကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၄၀ ချမှတ် ခဲ့ပါတယ်။

    ဇူလိုင်လမှာ ဆိုရင်လည်း တောင်ငူခရိုင်တရားရုံးက ပဲခူးမြို့နယ် မုက္ကလကျေးရွာကျေးရွာ အလက(ခွဲ) ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသား ၁၇ ယောက်ကို အလိုမတူဘဲ လိင်တူ အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းဆရာသက်ဇော်အောင်ကို ထောင်ဒဏ်အနှစ် ၄၀ အမိန်ချမှတ်ခဲ့ပါတယ်။

    ဇွန် ၂၇ ရက်မှာဆိုရင်လည်း အုတ်တွင်းမြို့နယ်မှာ အသက် ၅ နှစ်အရွယ်ကလေးမလေးကို မွေးစားပြီး အသက်သေစေတဲ့အထိ ရေနွေးပူနဲ့လောင်း၊ လက်သီးနဲ့ထိုးပြီး အဓမ္မပြုကျင့်ခဲ့တဲ့ မွေးစားမိဘနှစ်ယောက်ကို ထောင်ဒဏ်တသက်လွတ်ရက်မရှိကျခံစေဖို့အပြင် နောက်ထပ်ထောင်ဒဏ် ၂၇ နှစ်ပါသီးခြားကျခံစေဖို့ တောင်ငူခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

  • ရန်ကုန်တွင် ပါဝါအိတ်ဇောတပ် ယာဥ်များကို အရေးယူမည်

    ရန်ကုန်တွင် ပါဝါအိတ်ဇောတပ် ယာဥ်များကို အရေးယူမည်

    ပါဝါအိတ်ဇောတပ်တဲ့ ယာဥ်တွေနဲ့ တပ်ဆင်၊ ရောင်းချတဲ့ဆိုင်တွေကို ဒီဇင်ဘာလကစပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီရဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက ကြေညာထားပါတယ်။

    ရန်ကုန်တိုင်းအတွင်း အများပြည်သူသွားလာတဲ့ လမ်းများပေါ်မှာ ပါဝါ အိတ်ဇောတပ်ဆင်ထားတဲ့ အိမ်စီးကား၊ ပြိုင်ကားနဲ့ မော်တော်ဆိုင်ကယ် မောင်းနှင်အသုံးပြုတဲ့သူကို တလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်အရေးယူမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    နောက်တကြိမ် ထပ်မံကျူးလွန်ရင် သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားမယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် ပါဝါအိတ်ဇောရောင်းချတဲ့ ဆိုင်တွေ၊ ပါဝါအိတ်ဇောတပ်ဆင်ပေးတဲ့ ဝပ်ရှော့တွေကိုလည်း သက်ဆိုင်ရာဌာနတွေရဲ့ ဥပဒေနဲ့ အရေးယူခံရမယ်လို့ ထည့်သွင်း အသိပေးထားပါတယ်။

    အဲဒီလို ပါဝါအိတ်ဇောတပ်ယာဥ်တွေကို စစ်တပ်အရာရှိတွေ၊ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ လုပ်ငန်းရှင်တွေရဲ့ သား၊ သမီးအများစုက စီးနင်းအသုံးပြုတာဖြစ်လို့ ထိထိရောက်ရောက် အရေးယူနိုင်ဖို့ မရှိဘူးလို့ ရန်ကုန်မြို့မှ ယာဥ်မောင်းတယောက်က ပြောပါတယ်။

    “လူကြီး သား၊ သမီး ကား သွားဖမ်းရင် ဖမ်းတဲ့သူတောင် အခန့်မသင့်ရင် နာမှာလေ။ သာမန်ပိုက်ဆံရှိလို့ ဝါသနာအရ ဝယ်စီးတဲ့သူတွေကတော့ ကြားညှပ်ခံရနိုင်တယ်။”

    ရန်ကုန်တိုင်းအတွင်းမှာ ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးပူးပေါင်းအဖွဲ့တွေ အခုနှစ် ဇွန်လကနေ နိုဝင်ဘာလလယ်အထိ ပါဝါ အိပ်ဇောတပ်ဆင်ထားတဲ့ ပြိုင်ကား ၇ စီး၊ လူစီးယာဉ် ၇၁ စီး၊ မော်တော်ဆိုင်ကယ် ၂ စီးကို ဖမ်းဆီး၊ ဒဏ်ရိုက်၊ လိုင်စင်ပိတ်သိမ်းပညာပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

  • စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိမှုဖြင့် လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီး

    စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိမှုဖြင့် လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီး

    ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅၃ သန်းနီးပါး စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိမှုဖြင့် လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီး

    လွတ်မြောက်နေသူ စီးပွားရေးသမား ရဲမင်းလွင်မှာ အေးနေဝင်း အပါအဝင် စစ်တပ်ဘက်တော်သားများနှင့်ရင်းနှီးသူဖြစ်ပြီး နွေဦးတော်လှန်ရေးကို ဝေဖန်ပုတ်ခတ်နေသူဖြစ်

    စစ်တပ်က ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅၃ သန်းနီးပါး စစ်တပ်လက်အောက်ခံ ဘဏ်များသို့ ပြန်လည်ပေးသွင်းခြင်းမရှိ၍ ဟုဆိုကာ ပို့ကုန်တင်ပို့သူ လုပ်ငန်းရှင် ၈ ဦးကို ဖမ်းဆီးလိုက်ပြီး တချို့မှာ လွတ်မြောက်သွားကြောင်း စစ်တပ်က ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။

    ရန်ကုန်အခြေစိုက် Maha Nadi International Co.,Ltd. မှ ဒါရိုက်တာများဖြစ်သော ဦးရဲမင်းလွင်၊ ဒေါ်ကွန်သီ၊ ဒေါ်ဖြူဖြူဇင်၊ ဒေါ်မြင့်မြင့်လှိုင်နှင့် ဒေါ်ခင်စန်းသီတို့မှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၄၂ သန်း ကျော်တန်ဖိုးရှိ မတ်ပဲများတင်ပို့ခဲ့ပြီး စစ်တပ်လက်အောက်ခံဘဏ်များထံသို့ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာသန်း ၄၀ ကျော် ပြန်လည်ပေးသွင်းရန် ကျန်ရှိလျက်ရှိကြောင်း၊ ထို့အတူ ဦးဟင်နရီခင်မောင်နှင့် ဒေါ်ဖြူဖြူဇင်တို့ နှစ်ဦးအမည်ဖြင့် တည်ထောင်ထားသည့် RK Shipping and Trading Co.,Ltd. အနေဖြင့်လည်း ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းကျော်တန်ဖိုးရှိ မတ်ပဲများ တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂ သန်းကျော်မှာ စစ်တပ်ထံသို့ ပြန်လည်ပေးသွင်းခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

    ထပ်မံစစ်ဆေးတွေ့ရှိချက်များအရ ဦးဟင်နရီခင်မောင်သည် သားဖြစ်သူ ဦးရဲမင်းလွင်နှင့် ခင်မင်ရင်းနှီးသည့် ဦးဗိုဗိုသန့်၏ Taw Thar Gyi Co.,Ltd. အမည်ခံ၍ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်တန်ဖိုးရှိ မတ်ပဲနှင့် ပဲစင်းငုံများကို တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေအမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်းကျော်မှာ စစ်တပ်ထံသို့ ပြန်လည်ပေးသွင်းရန်ကျန်ရှိနေကြောင်း၊ ထို့အတူ ဦးရဲမင်းလွင်သည် Ocean Lion King Co.,Ltd. အမည်ကိုအသုံးပြု၍ ပဲမျိုးစုံတင်ပို့လျက်ရှိကြောင်း သတင်းရရှိသဖြင့် ထပ်မံစိစစ်ခဲ့ရာ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် အတွင်း ပြည်ပသို့အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် တန်ဖိုးရှိ မတ်ပဲများကို တင်ပို့ခဲ့ပြီး နိုင်ငံတော်သို့ ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းရန် ကျန်ရှိလျက်ရှိကြောင်း သိရှိရသည်။

    ထို့အပြင် ဦးရဲမင်းလွင်က နိုင်ငံတော်သို့ ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းမှုမရှိသောကြောင့် ၎င်း၏ကုမ္ပဏီများအား ပို့ကုန်/သွင်းကုန် လိုင်စင်ပိတ်သိမ်းခံရမှုအပေါ် ကျေနပ်မှုမရှိသဖြင့် ပဲမျိုးစုံရောင်းဝယ်သည့် လုပ်ငန်းလုပ်ကိုင်ရန်အတွက် ကုန်သည်များ၊ ပွဲစားများ၊ တောင်သူများ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် Online Pulses Myanmar Association အမည်ရှိ Viber Group ၌ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်သည့် စာသားများ ရေးသားဖော်ပြခြင်းများ ဆောင်ရွက်ခဲ့သည်ဟု စစ်တပ်က ဆိုသည်။

    ပြည်ပသို့ပို့ကုန်များတင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည် ဝင်ရောက်ခြင်းမရှိခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများဖြစ်သည့် ဦးရဲမင်းလွင် (ထွက်ပြေးတိမ်းရှောင်)၊ ဒေါ်ကွန်သီ (ထွက်ပြေးတိမ်းရှောင်)၊ ဒေါ်ဖြူဖြူဇင် (ထွက်ပြေးတိမ်းရှောင်)၊ ဒေါ်မြင့်မြင့်လှိုင် (ဖမ်းမိ)၊ ဒေါ်ခင်စန်းသီ (ဖမ်းမိ)၊ ဦးဟင်နရီခင်မောင် (ဖမ်းမိ)၊ ဦးဗိုဗိုသန့် (ဖမ်းမိ) နှင့် ဦးဌေးကို (ထွက်ပြေးတိမ်းရှောင်) တို့ ၈ ဦးနှင့် အသင်းမှ တာဝန်ရှိသူများကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်ခဲ့သူ ဦးရဲမင်းလွင် (ထွက်ပြေးတိမ်းရှောင်) တို့အပေါ် ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအလိုက် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်သည်။

    “ရဲမင်းလွင်က အေးနေဝင်းတို့ ကျော်နေဝင်းတို့နဲ့ ရင်းနှီးတယ်။ မကြာခဏ ဆုံနေသူလည်းဖြစ်တယ်။ ရဲမင်းလွင်က သူ့ဖေ့ဘုတ်စ်ကနေ နွေဦးတော်လှန်ရေးကို အမြဲတမ်းဝေဖန်နေတဲ့သူလည်းဖြစ်တယ်။ သူ့ကို ဒေါ်လာ ၇ သန်းလိမ်သွားလို့ ဆိုပြီး ဇော်ဇော်လေး ခေါ် ဇော်မင်းသန့်ကို သူ့ဆီခေါ်လာဖို့ သာကေတလူမိုက် ဝင်းထွဋ်ဝင်းနဲ့ ကြည့်မြင်တိုင် ငါးစျေးက လူမိုက်ကျော်ကျော်ကို သိန်းရာထောင်ချီပေးပြီး ခေါ်ခိုင်းတယ်။ ဟိုလူမိုက်တွေက အဲဒီပိုက်ဆံတွေဘုန်းသွားပြီး သူခေါ်ခိုင်းတဲ့သူကိုလည်း မခေါ်ပေးလို့ Live တွေလွှင့်၊ ပို့စ်တွေတင်နေတာ။ သူက အခု ဘန်ကောက်မှာ ရှောင်နေတာ” ဟု အဆိုပါဖြစ်စဉ်ကို သိရှိသူ စီးပွားရေးအသိုင်းအ၀ိုင့်နှင့်နီးစပ်သူတစ်ဦးက ရှင်းပြသည်။

    အကြမ်းဖက် စစ်တပ်က ပို့ကုန်ရငွေ နိုင်ငံ ခြားငွေ မပေးသွင်းသည့် ပို့ကုန်/သွင်းကုန် ကုမ္ပဏီ ၁၉၇ ခုနှင့် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်ပျက်စာရင်းသွင်းကြောင်း ယခုနှစ် ဇွန်လအတွင်း ကြေညာခဲ့သည်။

    NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ပို့ကုန်များ တင်ပို့ခဲ့ကြသော ပို့ကုန်သွင်းကုန်ကုမ္ပဏီများကို အကြမ်းဖက်စစ်ကောင်စီက ၎င်းလက်အောက်ခံဘဏ်များအတွင်းသို့ နိုင်ငံခြားသုံးငွေများ ပြန်လည် ထည့်သွင်းရန် ဖိအားပေးခဲ့ကြောင်း၊ သို့ရာတွင် ကုမ္ပဏီများက ပို့ကုန်ရငွေ နိုင်ငံခြားငွေများကို ထည့်သွင်းခြင်းမရှိသည့်အတွက် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း ၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ပူးတွဲပါကုမ္ပဏီ ၁၉၇ ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာ ခြင်းမရှိသဖြင့် ကုမ္ပဏီနှင့်ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က ကြေညာခဲ့သည်။