Category: News

  • ကျောက်ဖြူတိုက်ပွဲတွင် စစ်ကော်မရှင်တပ် များစွာအထိနာနေ

    AA ဘက်အသာစီးရနေဟုဆို

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ များစွာအထိနာနေပြီး အာရက္ခတပ်တော် (AA)ဘက် အသာစီးရနေသည်ဟု စစ်ရေးသတင်းအရင်းမြစ်များ၏အဆိုအရ သိရသည်။

    လတ်တလော မင်းပြင်ကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားနေပြီး အခိုင်အမာမြေပုံညွှန်းပစ်မှတ်ယူထားသည့် နေရာများသို့ စစ်ကော်မရှင်တပ်သားများ အရောက် AA က တိုက်ကွက်ဖော် တိုက်ခိုက်ခြင်း၊ စစ်မြူစစ်ဆွယ်ပြီး တိုက်ခိုက်နေခြင်းကြောင့် စစ်ကော်မရှင်ဘက်က အထိနာမှုများပြားနေကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းမြစ်က ပြောသည်။

    “AA ကဆုတ်သွားပြီး အထင်နဲ့တက်လာတဲ့ စစ်ကောင်စီတပ်(စစ်ကော်မရှင်တပ်)တွေကို AA က ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း စုစည်းထားတဲ့စစ်ကောင်စီအင်အားကို ထွက်လာအောင် AA က စစ်မြူပြီး သတ်ကွင်းထဲတက်လာတဲ့ စစ်ကောင်စီတပ်သားတွေ အပစ်ခံရလို့ အတုံးအရုံးသေကြတယ်၊ ပြီးတော့ ဒီစစ်ကောင်စီတပ်တွေက နောက်ချန်တပ်နဲ့ ပြန်မပေါင်းနိုင်ဘဲ အသေအလဲခံနေရပါတယ်” ဟု ၎င်းကပြောသည်။

    လက်ရှိ မင်းပြင်ကျေးရွာအနီးဝန်းကျင် တိုက်ပွဲများပြင်းထန်နေရာ စစ်ကော်မရှင်တပ်ဘက်က စစ်ကူပို့နိုင်ရေးနှင့် စစ်ကျွံသွားသည့်တပ်များ ပြန်လည် လွတ်မြောက်လာနိုင်ရန် စစ်ကော်မရှင်တပ်သည် လေကြောင်းသာမက ရေတပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခြင်းများ ရှိနေကြောင်း ၎င်းကတဆက်တည်းဆိုသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ရုပ်သံဖိုင်အရ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာရှိ ရဲစခန်းနှင့် ကျေးရွာအနီး ရေဒါစခန်း(မိုးလေဝသစင်တာ)တို့တွင် အာရက္ခတပ်တော်(AA)က ယာယီတပ်ဆုတ်သွားစဉ် ဝင်ရောက်နေရာယူထားသည့် စစ်ကော်မရှင်တပ် မှတ်တမ်းဓာတ်ပုံရိုက်နေစဉ် AA က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

    စည်ပင်သာယာနယ်နိမိတ်ထဲမှ ထွက်လာပြီးသည့်အခြေအနေအထိ အာရက္ခတပ်တော်(AA)က ခွာစစ်ပုံစံလုပ်လာသော်လည်း အဆိုပါရေဒါစခန်းဖြစ်စဉ်အပြီး AA အနေဖြင့် လက်နက်ကြီး ဒရုန်းများဖြင့်စစ်ကော်မရှင်တပ်ကို ပြန်လည်တိုက်ခိုက်လာသည့် အနေအထားကိုတွေ့ရပြီး ရမ်းဗြဲနှင့်အမ်းမြို့ဘက်ကို စစ်ကော်မရှင်တပ်ဘက်က တိုက်စစ်ဆင်မလာနိုင်ရန် ကျောက်ဖြူမြို့နယ် ဗဟိုချက်နယ်မြေကိုအခိုင်အမာခြေကုပ်ယူပြီး မြို့နယ်ဧရိယာတခုလုံးကို ပြန်လည်သိမ်းပိုက်တတ်သည့်အလေ့အထကိုတွေ့ရကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

    “ကျောက်ဖြူက ကျွန်တော်တို့နည်းနည်းတောင် အံ့ဩသွားတယ်။ အရင်က အာရက္ခတပ်တော်ကအခိုင်အမာခြေ ကုပ်စခန်း ကြီးကြီးမားမားယူထားတာမျိုးမရှိဘဲ ပြောက်ကျားစစ်ပုံစံနဲ့ အမှည့်ချွေချွေပြီးတော့ တိုက်လာတာ။ ဒီရက်ပိုင်းမှာဆိုရင် ငါးလုံးစုကျေးရွာအုပ်စု၊ ဒိုးတောင် ကျောက်ချွိန်ဘက်မှာအာရက္ခတပ်တော်ဘက်ကနေ ပြန်ပြီးတပ်စွဲလာတယ် ။ ကျောက်ဖြူမြို့နယ်တခုလုံး ခြုံလိုက်မယ်ဆိုရင် ငါးလုံးစုက အလယ်ဗဟိုချက်မနေရာမှာ ရှိတယ်။ ဓညဝတီရေတပ်စခန်းနဲ့ ကျောက်ဖြူကြည်းတပ်တွေနဲ့ကို အဆက်အဆံ အလုပ်မခံဘဲနဲ့ အမ်းမြို့နယ်ဘက်ကိုသွားပြီးတော့ ပေါင်းမယ့်အနေအထားမျိုးကို ကာကွယ်လိုတဲ့သဘောမျိုးလို့ ပြောရမယ်”ဟု ၎င်းကပြောသည်။

    ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော်(AA)က၂၀၂၅ ဖေဖော်ဝါရီလတည်းမှစ၍ တိုက်လာရာ အခိုင်အမာ ခြေကုပ်စခန်း မထားခဲ့ပေ။ သို့သော် လက်ရှိအနေအထားအရ ငါးလုံးစုတိုက်နယ်ဘက်သို့ ခြေကုပ်ယူလာခြင်းကြောင့် AA သည် ထုနှင့်တိုက်စစ်ဆင်နိုင်ကြောင်း ဗိုလ်ကြီးဇင်ယော်က မှန်းဆပြောကြားသည်။

    စစ်ကော်မရှင်သည် ကျောက်ဖြူမြို့နယ်မှ ရမ်းဗြဲမြို့နယ်အစပ်အထိ စစ်ရေးပစ်မှတ်ကို ဦးတည်ချင်လာရာ လက်ရှိအထိနာနေခြင်းကြောင့် ၎င်းတို့၏ စစ်ရေးရည်မှန်းချက် ပျက်စီးသွားသည့်အနေအထားတွေ့ရသဖြင့် အကယ်၍ စစ်ကော်မရှင်ဘက်က ကျောက်ဖြူမြို့ဘက် ရွေးကောက်ပွဲလုပ်နိုင်သွားသည်ဆိုသည့်တိုင် ရွေးကောက်ပွဲအလွန်၌ တိုက်စစ်ပြန်ဆင်နိုင်ကြောင်း စစ်ရေးသတင်းအရင်းမြစ်များကတွက်ဆကြသည်။

    ရေဒါစခန်းဖြစ်စဉ်ကြောင့် အငြိုးအတေးရှိနေသည့် စစ်ကော်မရှင်တပ်သည် နိုဝင်ဘာလ ၁၈ ရက်ကစ၍ ကျောက် ဖြူမြို့နယ် မင်းပြင်ကျေးရွာ၊ ဝါးနက်ချွိန်ကျေးရွာ၊ လိပ်တင်ကျေးရွာ စသည့်ကျေးရွာများကိုဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ဒေသခံအရပ်သားများ အစုလိုက်အပြုံလိုက် စစ်ဘေးတိမ်းရှောင်နေကြရသည်။

    အာရက္ခတပ်တော်(AA)အနေဖြင့် လက်ရှိ မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်အပါအဝင် ရခိုင်-ပြည်မအစပ်ရှိ နေရာသုံးနေရာကို စစ်မျက်နှာဖွင့် တိုက်စစ်ဆင်နေဆဲဖြစ်၍ စစ်ကော်မရှင်တပ်နှင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

  • The Beldham

    The Beldham

    The Beldham (2025)

    Psychology Horror ကိုမှ ခြောက်ခြားဖွယ် ဖြစ်အောင် ရိုက်ပြထားနိုင်တဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

    ဒီဇာတ်ကားက Horror ဆိုတာထက် ကလေးမွေးပြီးစ ဖြစ်လေ့ရှိတဲ့ မိခင်စိတ်ကျရောဂါနဲ့အတူ စိတ်ကျန်းမာရေးဆိုတာက ပစ်ထားရမယ့်အရာ မဟုတ်ဘဲ ဝိုင်းဝန်းကူညီစောင့်ရှောက်မှု ပေးရင် ပြန်ပြီး ကောင်းမွန်လာနိုင်တဲ့အရာဆိုတာ မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးတစ်ကားလို့ ပြောရပါမယ်။

    ဇာတ်လမ်းအကျဉ်းကတော့ …

    ဟာပါဆိုတဲ့ အမျိုးသမီးငယ်လေးဟာ စင်ဂယ်မားသား တစ်ယောက်ဖြစ်ပြီးတော့ ကလေးမွေးပြီးနောက်ပိုင်း သူမရဲ့ မိခင်ဖြစ်သူ နေအိမ်ကို ပြင်ဆင်ရောင်းချဖို့အတွက် သူ့ရဲ့၆လအရွယ် သမီးလေးနဲ့အတူ ကူညီပေးဖို့ ရောက်လာခဲ့ပါတယ်။

    အဲဒီအိမ်မှာ သူမတစ်ယောက်တည်း အသံတွေ ကြားရတာတွေ ဖြစ်လာပြီးတော့ ကျီးကန်းငှက်တွေကလည်း အိမ်ထဲမှာ ရှိနေပြန်ပါတယ်။

    ဒီအခါမှာ ကလေးငယ်တွေရဲ့ ဝိဉာဉ်ကို ဖမ်းယူစားသုံးတတ်တဲ့ ဘယ်လ်ဒမ်ငှက်စုန်းနတ်ဆိုးဟာ ဒီအိမ်မှာ ရှိနေတယ်ဆိုပြီး ဟာပါ ထင်မြင်လာခဲ့ပါတယ်။

    ဒီလိုနဲ့ သူမရဲ့ ကလေးငယ်ကို နတ်ဆိုးလက် မပါရအောင် ကြိုးစားကာကွယ်ဖို့လုပ်ရင်း သူမရဲ့ မိခင်စိတ်ကျရောဂါက ပိုပြီး အခြေအနေဆိုးလာတာတွေ ဖြစ်လာပါတယ်။

    လက်တွေ့နဲ့ စိတ်ကူးယဉ်ကမ္ဘာ မကွဲပြားတော့တဲ့အခါ ဘာကိုယုံကြည်ရမှန်း မသိဖြစ်လာတဲ့ ဇာတ်ကောင်ရဲ့ ဒွိဟဖြစ်မှုတွေ ကြောက်လန့်မှုတွေနဲ့အတူ မထင်မှတ်ထားစရာ ဇာတ်ကွက်အလှည့်အပြောင်းကိုလည်း ရိုက်ကူးတင်ဆက်ထားတာမို့ အားပေးကြည့်ရှုကြပါဦးလို့….။

  • မြန်မာ့အရေးကို မဟာဗျူဟာအသစ်ဖြင့် အမေရိကန် ချဉ်းကပ်မည်

    မြန်မာ့အရေးကို မဟာဗျူဟာအသစ်ဖြင့် အမေရိကန် ချဉ်းကပ်မည်

    အာဆီယံလမ်းကြောင်းထက် ပိုထိရောက်မယ့် မဟာဗျူဟာသစ်နဲ့ မြန်မာ့အရေးကို ချဉ်းကပ်ဖို့ အမေရိကန် အောက်လွှတ်တော် မြန်မာ့အရေးကြားနာပွဲ တက်ရောက်သူ အားလုံးက သဘောတူခဲ့ကြပါတယ်။

    “ထွက်ပေါက်မရှိတဲ့ မဟာဗျူဟာ- မြန်မာနိုင်ငံရဲ့ အဆုံးမရှိတဲ့ အကျပ်အတည်းနဲ့ အမေရိကန်ရဲ့ ကန့်သတ်ထားတဲ့ ရွေးချယ်ခွင့်များ” ကြားနာပွဲကို ဒေသစံတော်ချိန် နိုဝင်ဘာ ၁၉ ရက်က အမေရိကန်အောက်လွှတ်တော်မှာ ပြုလုပ်ခဲ့တာပါ။

    မြန်မာ့အရေးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အချက်အလက်နဲ့ နည်းလမ်းတွေ ရနိုင်မယ့် ကျွမ်းကျင် ပညာရှင်တွေရဲ့ သက်သေခံ ထွက်ဆိုချက်တွေကို လွှတ်တော်အမတ်တွေနဲ့ တာဝန်ရှိသူတွေက ရယူကြားနာတဲ့ပွဲ ဖြစ်ပါတယ်။

    ကြားနာပွဲမှာ အဓိကအကျဆုံး အချက်အဖြစ် တွေ့ရတာက အမေရိကန်နိုင်ငံက မြန်မာ့အရေးကို အာဆီယံလမ်းကြောင်းကနေ ဆက်လက်ချဉ်းကပ်တာထက် ပိုထိရောက်မယ့် ကိုယ်ပိုင်မူဝါဒ၊ မဟာဗျူဟာအသစ်နဲ့ ပြောင်းလဲချဉ်းကပ်ဖို့ ကြားနာပွဲမှာ ပါဝင်သူအားလုံးက သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

    အခုကြားနာပွဲဟာ စစ်အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ ကြာနားပွဲတွေထဲမှာ အကြီးဆုံးပွဲဖြစ်ကာ တော်လှန်ရေးအတွက် ရလဒ်ကောင်းတွေ ရှိလာမယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်သူတယောက်က ပြောပါတယ်။

    လော့စ်အိန်ဂျလိစ် မြန်မာ လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “ဘုံသဘောတူညီချက် ၅ ရပ်နောက်ကို လိုက်နေတာ၊ အဲဒါက မထိရောက်ဘူး၊ သိပ်အသုံးမဝင်ဘူး။ သူတို့ပေါ်လစီပြောင်းရမယ် ဆိုပြီးတော့ အကုန်လုံး သဘောတူကြတယ်။ ဘုံသဘောတူညီချက် ၅ ရပ်ထက်ကို ပိုပြီးတော့ အမေရိကန်ပေါ်လစီ သပ်သပ်ဖြစ်သင့်တယ်။ အာဆီယံနောက်ချည်းပဲ လိုက်နေလို့ရှိရင် ၅ နှစ် ပြည့်တော့မယ်၊ ဘာမှမဖြစ်သေးဘူး ဆိုပြီးတော့ မြန်မာပြည်နဲ့ဆိုင်တဲ့ ပေါ်လစီကို သူတို့ ပြောင်းမှာပေါ့ဗျာ။ နံပါတ် ၂ က အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သင့်တယ် ဆိုပြီးတော့ လက်မခံသင့်ဘူး ဆိုပြီးတော့ အဲဒါလည်း အကုန်လုံးပဲ ရီပတ်ဘလစ်ကန်ရော၊ ဒီမိုကရက်ရော၊ သက်သေတင်ပြတဲ့သူတွေရော၊ မေးခွန်းထုတ်တဲ့သူတွေရော အကုန်လုံးက သဘောတူတယ်။ နံပါတ် ၃ က ကျားဖြန့်တွေကိစ္စပေါ့၊ အွန်လိုင်း ငွေရေးကြေးရေးလိမ်လည်မှုကိစ္စက အမေရိကန်အတွက် သူတို့တိုင်းပြည်လုံခြုံရေး အထိပါ ထိခိုက်နိုင်တယ်၊ နှိမ်နင်းရမယ် ဆိုပြီးတော့ ကျနော်တို့တွေ့တာ အဓိက ၃ ချက်ပေါ့” လို့ ပြောပါတယ်။

    အမေရိကန်ရဲ့ မြန်မာ့အရေးအပေါ် ချဉ်းကပ်ဖို့ မဟာဗျူဟာအသစ်မှာ ပါဝင်တဲ့ အချက် ၄ ချက်ကတော့ စစ်ကောင်စီယန္တရား လည်ပတ်မှုမှာ အရေးပါတဲ့ အထောက်အပံ့တွေကို ဖြတ်တောက်ရေး၊ မဟာဗျူဟာ ဖော်ဆောင်ဖို့အတွက် ခေါင်းဆောင်တယောက် ခန့်အပ်ရေး၊ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ အားကောင်းလာအောင် ထောက်ပံ့ရေး၊ အမေရိကန်နိုင်ငံ လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အချက်တွေကို ရင်ဆိုင်ဖြေရှင်းရေး စတဲ့အချက်တွေ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေရဲ့ နောက်ကွယ်မှာ ဝှက်ထားတဲ့ နိုင်ငံရေးသဘောထားတွေအပေါ်မှာ မူတည်ပြီး အမေရိကန်နိုင်ငံက ဆောင်ရွက်လာမယ့် လုပ်ငန်းတွေ အောင်မြင်မှုရှိမရှိကိုတော့ စောင့်ကြည့်သွားရမယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

    Alliance for Democracy in Myanmar အဖွဲ့တည်ထောင်သူ မခင်သီရိနန္ဒာစိုးက “အမေရိကန်အနေနဲ့ ကမ္ဘာမှာ အင်အားချိန်ခွင်လျှာ ညီအောင်ပေ့ါလေ၊ အထူးသဖြင့် တရုတ်နဲ့ ပတ်သက်ပြီးတော့မှ အရှေ့တောင်အာရှတို့လို၊ အင်ဒိုပစိဖိတ်ဒေသတွေလိုမှာပေါ့၊ သူတို့ရဲ့ လွှမ်းမိုးမှုဟာ တရုတ်ရဲ့အနောက်မှာ ကျန်ခဲ့တာမျိုး မဟုတ်ဘဲနဲ့ အင်အားချိန်ခွင်လျှာညီအောင် လုပ်ဆောင်လာတဲ့ အရိပ်အယောင်မျိုးတွေ ကျမတို့တွေ ခန့်မှန်းလို့ရပါတယ်။ ပတ်သက်မှု အတိုင်းအတာတွေ တိုးမြှင့်ပြီးတော့ ဆောင်ရွက်လာတာတွေကို တွေ့ရပါတယ်။ အထူးသဖြင့် ကျမတို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဒီရက်ပိုင်းတွေမှာ တောက်လျှောက်ဆိုသလို မြန်မာ့အရေးတွေက အရှေ့ကို ရောက်လာတယ်၊ အခုလို အရေးကြီးတဲ့ ကြားနာပွဲတွေ လုပ်သလို ဒီလိုကြားနာပွဲတွေ ဆိုတာက ဆက်ပြီးတော့မှ ဥပဒေပြုမှုတွေအထိ သွားနိုင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရေးကြီးတဲ့ ကိစ္စတွေကို အမေရိကန်နိုင်ငံအနေနဲ့ ဆောင်ရွက်လာတယ်လို့ ကျမတို့ သုံးသပ်လို့ ရပါတယ်ရှင့်” လို့ ပြောပါတယ်။

    စစ်ကောင်စီက ရာဇဝတ်မှုတွေ ကျူးလွန်ထားတာကြောင့် တရုတ်နိုင်ငံလိုမျိုး စစ်ကောင်စီနဲ့ စေ့စပ်ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကို သုံးဖို့ အမေရိကန်နိုင်ငံအတွက် မဖြစ်နိုင်ကြောင်း ကြားနာပွဲမှာ ဆွေးနွေးခဲ့တာကိုလည်း တွေ့ရပါတယ်။

    အမေရိကန်အစိုးရက အွန်လိုင်းငွေလိမ် ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ Scam Center Strike Force ကို ဖွဲ့စည်းကြောင်း နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာထားတာပါ။

    ရက်ပိုင်းအတွင်းမှာပဲ လွှတ်တော်မှာ ကြားနာပွဲ ပြုလုပ်ပြီး မြန်မာ့အရေးကို ထိရောက်တဲ့ မူဝါဒရေးရာ နည်းလမ်းတွေနဲ့ ချဉ်းကပ်ဖို့ အမေရိကန်လွှတ်တော် တာဝန်ရှိသူတွေက ကြိုးစားလာတာ ဖြစ်ပါတယ်။

    ✍သုတချမ်းသာ

  • ရေတာရှည်ပကဖကို ထောက်ပံ့နေတဲ့ ထောက်ပို့အမျိုးသမီး အသတ်ခံရမှု ပဲခူးတိုင်းစစ်ဒေသကို တိုင်ကြားထား

    ရေတာရှည်ပကဖကို ထောက်ပံ့နေတဲ့ ထောက်ပို့အမျိုးသမီး အသတ်ခံရမှု ပဲခူးတိုင်းစစ်ဒေသကို တိုင်ကြားထား

    ပဲခူးတိုင်းအရှေ့ခြမ်း ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ကို ထောက်ပံ့ပေးနေတဲ့ ထောက်ပို့အမျိုးသမီးတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

    အသတ်ခံရသူမှာ လယ်ပြင်မကျေးရွာ၊ ကိုးပင်-သာဂရလမ်းပိုင်းမိုင်တိုင် ၃၂ အနီးနေ ကုန်စုံဆိုင်နဲ့ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ဖွင့်လှစ်ထားတဲ့ အသက် ၅၀ နှစ်ဝန်းကျင်ရှိ ဒေါ်ဆန်းမြင့်ဆိုသူအမျိုးသမီးဖြစ်ပြီး နိုဝင်ဘာ ၄ ရက် ည ၉ နာရီခန့်မှာ ၎င်းနေအိမ်ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ တပ်ခွဲ ၆ တပ်ခွဲမှူး ဗိုလ်ကြက်သွန် ဦးစီးအင်အား ၁၀ ဦးကျော်က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

    ” ဒေါ်ဆန်းမြင့်က အဲ့ဒီလမ်းမဘေးမှာ အိမ် ၂ လုံးနဲ့ သူတို့တအိမ် ကပ်လျက်မှာ သားတွေက တအိမ်အဲ့လိုနေတာ။ ပထမကအိမ်ကိုလေထိုးပိုက်ခဏငှားပါအုန်းဆိုပြီးတံခါးခေါက်တယ်တဲ့၊ ကလေးတွေက မထူးတော့ အိမ်ရှင်တို့ဆိုပြီးထပ်ခေါ်ပြီးမှ ခြံစည်းရိုးတွေဖြဲကားကျော်တက်ဝင်လာပြီး အကုန်ဒူးထောက်၊ လက်မြှောက်၊ ဝမ်းလျားမှောက်ထားဆိုပြီး ဒေါ်ဆန်းမြင့်ပါ ၃ ဦးကို ကောင်းထိုက်ဆိုင်ဘက်ကို ခေါ်ထုတ်သွားတာ” လို့ ဖြစ်စဥ်ကိုသိရှိတဲ့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

    အခင်းဖြစ်ပွားချိန်မှာနေအိမ်တွင်းမိသားစုဝင် ၆ ဦးရှိနေပြီး အဲ့ဒီထဲကဒေါ်ဆန်းမြင့်နဲ့အတူ အမျိုးသားဖြစ်သူ ဦးဝင်းသန်း၊ သားမက်ဖြစ်သူ တင်ထူးတို့ ၃ ဦးကို အထက်ပါတပ်ဖွဲ့ဝင်တွေက ပေ ၁၀၀ ခန့်အကွာရှိ ကောင်းထိုက်စျေးဆိုင်ဆီကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

    ” ဦးကြက်သွန်က ဆန်းမြင့်ဆိုတာနင်လားလို့မေးတယ်။ (ဒေါ်ဆန်းမြင့်က)ဟုတ်တယ် ကျွန်မပဲလို့ ပြန်ဖြေတယ်။ ဒေါ်ဆန်းမြင့်ကယဥ်ယဥ်ကျေးကျေးပဲပြန်ဖြေတယ်။ နင်က ပကဖထောက်ပို့လား ဆိုပြီးမေးတယ်။ ဟုတ်တယ် ကျွန်မက ပကဖထောက်ပို့ပါဆိုပြီးဖြေတယ်။ နင်တို့ အဲ့ကိစ္စတွေရှင်းဖို့လာတာဆိုပြီး ကြက်သွန်ကပြောတယ်။ ပြီးတော့လူခွဲမယ်ဆိုပြီး ဒေါ်ဆန်းမြင့်ကိုခေါ်သွားတာ” လို့ သူကဆက်ပြောပါတယ်။

    အဲ့ဒီနောက် ဒေါ်ဆန်းမြင့်တဦးတည်းကို သီးခြားဆက်လက်ချုပ်နှောင်ထားပြီး အမျိုးသားနဲ့သားမက်ဖြစ်သူအပါ ၎င်းတို့နေအိမ် ၂ ခုက မိသားစုဝင် ၁၀ ဦးကျော်ကို ကားလမ်းမဘေးတောတွင်းကနေအိမ်တခုမှာ ဆက်လက်ဖမ်းဆီးထားကာ နေအိမ်တွင်း ငွေနဲ့အဖိုးတန်ပစ္စည်းတွေကို သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

    နိုဝင်ဘာ ၅ ရက်မှာသီးခြားဖမ်းဆီးထားတဲ့ ဒေါ်ဆန်းမြင့်နဲ့တွေ့ခွင့်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုရာမှာ တပ်ခွဲ ၆ တပ်ဖွဲ့ဝင် တင့်ကား ဆိုသူက ဒေါ်ဆန်းမြင့်ကို သတ်လိုက်ပြီးဖြစ်ကြောင်းပြောဆိုခဲ့ကာ မိသားစုဝင်အားလုံးကိုလက်ရှိနေအိမ်တွေအပါ ကိုးပင်-သာဂရအပိုင် ၁၅ မိုင်အတွင်း ဆက်မနေကြဖို့ပြောဆိုကာ ပြန်လွှတ်ပေးခဲ့တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးလာကြရတယ်လို့ ဆိုပါတယ်။

    “တင့်ကားဆိုသူပြောတာက ကလေးတွေတော့ ကယ်လို့ရမယ်။ ဒေါ်ဆန်းမြင့်ကိုတော့ မကယ်ပေးနိုင်တော့ဘူး။ ငါတို့သတ်ပစ်လိုက်ပြီ ဆိုပြီးပြောတယ်” လို့ ပြောပါတယ်။

    ရေတာရှည်ပကဖအနေနဲ့ ဒေါ်ဆန်းမြင့် အသတ်ခံရတဲ့ဖြစ်စဥ်ကိုသိရှိထားပြီး ဒေါ်ဆန်းမြင့် ဟာ ၂၀၂၂ ကစတင်ကာတပ်ဖွဲ့အတွက် လစဥ်ငွေကျပ် ၁၀ သိန်းထောက်ပံ့တာအပြင် ရိက္ခာအတွက်ဆန်အိတ်၊ တပ်ဖွဲ့အသုံးပြုမယ့် ဆိုင်ကယ်၊ ဆေးဝါးတွေကို မကြာခဏထောက်ပံ့ပေးနေတာဖြစ်ပြီး ယခင်ကတည်းက NLD ပါတီဝန်းရံသူတဦးဖြစ်တယ်လို့ မြို့နယ်ပကဖ ဒုတာဝန်ခံက အတည်ပြုပြောပါတယ်။

    “ဂုဏ်ပြုမှတ်တမ်းလွှာ တောင်းတာမျိုးတွေတော့ ဂုဏ်ပြုမှတ်တမ်းလွှာထုတ်ပေးရတာမျိုးတွေတော့ မရှိပါဘူး။ လျှို့ဝှက်သိပ်သည်းစွာ သူ့အနေနဲ့ ထောက်ပံ့တာမျိုးတွေတော့ ရှိခဲ့ဖူးတယ်။ အဲ့ဒီထောက်ပံ့တာတွေ အဓိက က သူ့အနေနဲ့ တိတိကျကျ တိတိပပနဲ့ထဲထဲဝင်ဝင် ထောက်ပံ့တာတွေကို ကျနော်တို့အနေနဲ့ မှတ်တမ်းမှတ်ရာတော့ လုပ်ထားတာတော့ ရှိပါတယ်ဗျ” လို့ ပြောပါတယ်။

    ပကဖထောက်ပို့ ဒေါ်ဆန်းမြင့်ကို သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ၃၅၀၁ တပ်ရင်း တပ်ခွဲ ၆ ဗိုလ်ကြက်သွန်အဖွဲ့ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သတင်းတင်ပြချိန်အထိ ဆက်သွယ်လို့မရခဲ့ပါဘူး။

    ဖြစ်စဥ်နဲ့ပတ်သက်ပြီး တောင်ငူခရိုင် ၃၅၀၁ တပ်ရင်းကို ဆက်လက်မေးမြန်းရာမှာ တစုံတရာ တုံ့ပြန်ပြောဆိုတာမရှိပါဘူး။

    တပ်ရင်း ၃၅၀၁ နဲ့နီးစပ်သူတဦးကတော့ အခင်းဖြစ်ပွားခဲ့မှုမှန်ကန်ပြီး အသတ်ခံရသူအမျိုးသမီးဟာ စစ်တပ်ကို ထောက်ပံ့ပေးနေသူလို့ သတင်းတွေထွက်ပေါ်ထားတယ်လို့ ဆိုပါတယ်။

    ဒေါ်စန်းမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီဝန်းရံသူအမာခံတဦးဖြစ်ပြီး စစ်တပ်ကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ နားလည်မှုလွဲမှားခြင်းသာဖြစ်နိုင်တယ်လို့ ရေတာရှည်ပကဖဒုတာဝန်ခံက သုံးသပ်ပါတယ်။

    ” ကျနော်တို့နဲ့ စတင်သိကတည်းကိုက သူက ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်းကိုက သူက NLD ဝန်းရံသူဖြစ်တယ်။ နောက်ပြီး ကျနော်တို့ ဒီပါတီတွေကို ထောက်ခံသူလည်း ဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီစစ်တပ်နဲ့ပတ်သက်ပြီးတော့ ဒလန်လုပ်တယ်ဆိုတာကို ကျနော်တို့အနေနဲ့ တိတိကျကျ ပြောလို့မရဘူး။ ဒီကာလက မလွတ်ကင်းတဲ့လူတွေဆိုလို့ရှိရင် လမ်းဘေးမှာနေတယ်ဆိုလို့ရှိရင် စစ်တပ်လာလည်း သူတို့အနေနဲ့ မဖြစ်မနေပေါင်းရတာမျိုးတွေလည်း ရှိရင် ရှိနိုင်တာပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့အထင်လွဲတာလည်းဖြစ်နိုင်တာပဲ။ ဒီဒလန်လို့စွပ်စွဲမယ်ဆိုရင်တော့ စစ်ကောင်စီထောက်တိုင်ဒလန်အများစုက ကျနော်တို့တော်လှန်ရေးအင်အားစုဘက်ထဲကို ထောက်ပို့အနေနဲ့ ဝင်လာတယ်ဆိုလို့ရှိရင်တောင်မှ သူ့အနေနဲ့အဖိုးထိုက်အဖိုးတန်တွေနဲ့ အင်တိုက်အားတိုက်လှူဒါန်းတာမျိုးပြုလုပ်ခဲ့မှာ မဟုတ်ဘူးလို့ ကျနော်တို့အနေနဲ့ သုံးသပ်လို့ရပါတယ်”

    ဒေါ်ဆန်းမြင့်အသတ်ခံရတာနဲ့ပတ်သက်ပြီး မိသားစုဝင်တွေက ပဲခူးတိုင်းစစ်ဒေသထံ နိုဝင်ဘာ ၁၄ ရက်စွဲနဲ့ အီးမေလ်းကနေတဆင့် တိုင်စာပေးပို့တိုင်ကြားထားတယ်လို့ သိရပါတယ်။

    ပဲခူးတိုင်းစစ်ဒေသဘက်ကတော့ မိသားစုဝင်တွေပေးပို့ထားတယ်ဆိုတဲ့ တိုင်စာကို လက်ခံရရှိတာမရှိဘူးလို့ နိုဝင်ဘာ ၁၉ ရက်မှာ မြေလတ်အသံကို ဖြေကြားထားပါတယ်။

  • ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်ပေးနေသော ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ

    ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်ပေးနေသော ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ

    မြောက်ဥက္ကလာတွင် စစ်တပ် ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်ပေးနေသော ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ မှု အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ထိခိုက်မှုရှိနိုင်

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်ပေးနေသော ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ထိခိုက်မှုရှိကြောင်း Yangon Army မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၌ တရားမ၀င် ရွေးကောက်ပွဲအတွက် အစွမ်းကုန် ကူညီပေးနေသော ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ရောက်ရှိနေချိန် ပြင်းအားမြင့် မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံးတို့ဖြင့် တော်လှန်ရေး ရဲဘော်များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုဖောက်ခွဲ တိုက်ခိုက်မှုအတွင်း ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံး၌ ရောက်ရှိနေသော အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

    “အုပ်ကြီးနဲ့ ပျူစောထီးတွေတော့ ထိဖို့များတယ် မိုင်းခွဲပြီး အသီးနဲ့ပစ်တာဆိုတော့ ထိခိုက်မှုရှိနိုင်ပါတယ်။ စစ်ခွေးပြုလုပ်မယ့် ရွေးကောက်ပွဲကို အတွက် အစွမ်းကုန် ကူညီပေးနေလို့ အဲ့အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့တာပါ” ဟု Yangon Army မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖတို့ ပူပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်ဖက် စစ်တပ်နှင့်ပတ်သက်သော ပစ်မှတ်များ၊ အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် တရားမ၀င် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပါ၀င်လုပ်ကိုင်နေသူများကို ဆက်လက်၍ အပြင်းအထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Yangon Army မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

    ဓာတ်ပုံ- ရန်ကုန်တွင် စစ်ဆေးမှုများလုပ်ဆောင်နေသော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲနှင့်စစ်သားများ။ (ပုံအဟောင်းဖြစ်ပါသည်။)