Category: News

  • ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ကအကျအဆုံးအထိအခိုက်များနေ

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ကအကျအဆုံးအထိအခိုက်များနေ

    “ရက်ပေါင်း ၃၀ရက်(သို့မဟုတ်) ၄၅ရက်သင်တန်းပေးပြီး ရှေ့တန်းသို့ပို့နေသဖြင့် လူသစ်များကျဆုံးမှုများနေဟုဆို”

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ပြီး ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်မှုထမ်းများကို ရက်ပေါင်း ၃၀ ရက် (သို့မဟုတ်) ၄၅ ရက် သင်တန်းပေးပြီး ရှေ့တန်းသို့ ပို့နေသဖြင့် လူသစ်များ ပိုပြီးကျဆုံးမှုများနေသည်ဟု သတင်းရရှိသည်။

    အထူးသတင်းတပ်ဖွဲ့- ပုသိမ်၏ နိုဝင်ဘာ ၁၈ ရက်နေ့ထုတ်ပြန်ချက်ထဲတွင် အနောက်တောင်တိုင်းစစ်ဌာချုပ် (နတခ) တွင် ဒဏ်ရာရတပ်သားအလွန်များပြားနေသဖြင့် ရန်ကုန်မြို့၊ မင်္ဂလာဒုံစစ်ဆေးရုံသို့ပို့ဆောင်နေရသည်ဟု ရေးသားဖော်ပြထားသည်။

    “ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီနှင့် AA မဟာမိတ်, PDF များ ထိတွေ့တိုက်ပွဲများ နေ့စဉ်အမျှဖြစ်ပေါ်နေပြီး နတခမှ ဒဏ်ရာရတပ်သား အလွန်များပြားနေကာ မဆရ(၄) ဆေးရုံတွင် နေရာအခက်အခဲ၊ ဆေးဝါး၊သွေး၊ ဆရာဝန်၊ သူနာပြုမလောက်ငှသည့် အတွက် ရှေ့တန်းနေရာများတွင် ဆေးဝါး အထိုင်တပ်ထားကုသပေးနေသည့်အပြင် ရန်ကုန်မင်္ဂလာဒုံစစ်ဆေးရုံကိုလည်းအရေးပေါ် ပို့ဆောင်နေရကြောင်း” ဖော်ပြထားသည်။

    ၎င်းပြင် “အနောက်တောင်တိုင်းစစ်ဌာနချုပ်မှပြည်သူများကိုအတင်းအဓမ္မတပ်သားသစ်စုဆောင်းခြင်းများပြုလုပ်၍အခြေခံစစ်သင်တန်းများကိုစခတ(၆)၊တိုက်စည်း(၇) တတက(၅) တို့တွင်စစ်မှုထမ်းတစ်ပတ်စဉ်ရက်ပေါင်း(၃၀/၄၅)ရက်ဖြင့်သာသင်တန်းပေးပြီးရှေ့တန်းစစ်မြေပြင်သို့အားချင်းပို့ဆောင်နေသည့်အတွက်အသေအကြေများကာအခြားတိုင်းဒေသများမှစစ်ကူများကိုလည်းခေါ်ယူအင်အားဖြည့်ထားရကြောင်းသိရသည်”ဟု ဖော်ပြထားသည်။

    အကျအဆုံးများ‌နေသည့်နတခသည် တပ်သားသစ်များကျဆုံးမှုတွင် သေချာစွာအကြောင်းကြားခြင်းမရှိပဲ ရှေ့တန်းတွင်ကျသွားသည်ဟုသာဖုန်းဆက်ပြီး မည်သူမည်ဝါ၊ ဘယ်ရက်၊ ဘယ်ရှေ့တန်းတွင်ကျဆုံးသည်ကို ပြောပြခြင်းမရှိသဖြင့်မိသားစုဝင်များမှာ မည်သို့စုံစမ်းအတည်ပြုရမည်ကို မသိခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်ဟု ဖော်ပြသည်။

    လေးမျက်နှာမြို့နယ်တွင်လည်း စစ်မြေပြင်နှင့်နီးကပ်ပြီး ဝန်ကြီးချုပ်တင်မောင်ဝင်းကိုယ်တိုင်စည်းရုံးရေးမသွားရဲသည့်ခမောက်စု၊ ပိန်းအင်း၊ ကတက်ကုန်းတို့ဘက်များတွင် တရားမဝင်ရွေးကောက်ပွဲကျင်းပရန် ပြည်သူများကို အသည်းအသန်ဖိအားပေးနေကြောင်း သိရှိရသည်ဟု ဆိုသည်။

    “ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် လေးမျက်နှာမြို့နယ်တွင် စစ်တပ်နှင့်အာရက္ခတပ်တော်(AA)ဦးဆောင်သောပူးပေါင်းတပ်များအကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး နိုဝင်ဘာ ၁၆ ရက်တိုက်ပွဲတွင် စစ်တပ်ကထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကိုကိုးကားပြီး နိုဝင်ဘာ ၁၇ ရက်နေ့က သတင်းဖော်ပြထားသည်။

    ၎င်းတိုက်ပွဲသည် နိုဝင်ဘာ ၁၆ ရက်နေ့နံနက်ပိုင်းက သာပေါင်းမြို့နယ်၊ သာပေါင်းကလေးရွာပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

    သတင်းရင်းမြစ်များ၏ပြောကြားချက်အရ သာပေါင်းမြို့နယ်ထဲမှ တိုက်ပွဲများတွင် စစ်တပ်မှ ဗိုလ်မှူးအဆင့်အရာရှိတချို့အပါအဝင် တပ်ဖွဲ့ဝင်အများအပြားထိခိုက်သေဆုံးမှုများရှိနေသည်ဟု သိရသည်။

    ထိတွေ့တိုက်ပွဲဖြစ်စဉ်တွင်အကြမ်းဖက်တပ်သည်လေကြောင်းပစ်ကူများရယူခဲ့သော်လည်းစက်စက်ယို၊မြောက်စမ်း၊နဂါးရစ်တောင်၊ ချင်းလယ်တိုက်ပွဲများတွင် နေ့စဉ်ရက်ဆက်ဆိုသလိုအထိအခိုက်အကျအဆုံးများစွာဖြင့်ရင်ဆိုင်နေရ‌ကြောင်း CDM ဗိုလ်ကြီးဇင်ယော်၏ နိုဝင်ဘာ ၁၃ ရက်နေ့စစ်ရေးသတင်းသုံးသပ်တင်ပြချက်တွင် ဖော်ပြထားသည်။

    ဗိုလ်ကြီးဇင်ယော်က “ဧရာဝတီတိုင်းမှာတော့တပ်မ (၆၆) ရဲ့ လက်အောက်ခံတပ်တွေအထိနာနေတာကိုတွေ့ရပါတယ်။ သာပေါင်းလေးမျက်နှာရေကြည်မြို့နယ်တွေမှာ တပ်မတစ်မလုံးဖြန့်ခွဲအခြေပြုထားတယ်လို့ ကောက်ချက်ချရပါတယ်။ အင်းမခမရ (၄၅)၊ ခလရ (၈၀) ၊ ခမရ (၆)၊ မှတ်တိုင်ခမရ (၁၀) နှင့် သာယာဝတီ ခလရ (၃၅) တပ်တွေအပြင် နတခ (အနောက်တောင်တိုင်းစစ်ဌာနချုပ်) လက်အောက်ခံခလရ၆၃၊ အိမ်မဲခလရ (၂၇၁) ပုသိမ်အခြေစိုက်တပ်တွေဖြစ်ပါတယ်။ ထိတွေ့တိုက်ပွဲဖြစ်စဉ်တွေမှာ အကြမ်းဖက်တပ်ဟာလေကြောင်းပစ်ကူတွေရယူခဲ့ပေမယ့် စက်စက်ယိုမြောက်စမ်း နဂါးရစ်တောင်၊ ချင်းလယ် တိုက်ပွဲတွေမှာနေ့စဉ်ရက်ဆက် ဆိုသလိုအထိအခိုက်အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရ‌တာဖြစ်ပါတယ်”ဟု ပြောသည်။

    အာရက္ခတပ်တော်၏ နိုဝင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အထဲတွင်လည်း “ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့မှ နိုဝင်ဘာလ (၇) ရက်နေ့အတွင်း ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ်၊ သာပေါင်း ကလေးကျေးရွာအနီးနှင့် လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာများအနီး ပတ်ဝန်းကျင်များ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဖက်ဆစ်အကြမ်းဖက် ကော်မရှင်တပ်မှ ထွက်ပြေးလာပြီးအာရက္ခတပ်တော်ထံတွင် ဖမ်းဆီးခံရသူ (၂၀) ကျော်နှင့် လက်နက်ချ အလင်းဝင်ရောက်သူ (၂၀) ကျော်အထိရှိခဲ့သည်”ဟု ဖော်ပြထားသည်။

    ၎င်းဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ တပ်ဖွဲ့ဝင်များမှာခမရ (၄)၊ခမရ (၅)၊ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀) အစရှိသောတပ်မ (၆၆) လက်အောက်ခံ တပ်ရင်းများနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံ တပ်ရင်းများ ဖြစ်ကြသောခလရ (၆၃) အိမ်မဲ၊ ခလရ (၂၇၁) ပုသိမ်အစရှိသောတပ်ရင်းများမှ ထွက်ပြေးလာကြသော သူများနှင့် လက်နက်ချ အလင်းဝင် ရောက်လာကြသူများဖြစ်သည်ဟုဖော်ပြထားသည်။

    အဆိုပါအလင်းဝင်ရောက်လာသော သူများနှင့်ဖမ်းဆီးရမိသေ ာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များ အားလုံးနီးပါးသည်၂၀၂၅ခုနှစ်အတွင်းစစ်ကောင်မရှင်တပ်၏ အတင်းအဓမ္မစစ်မှုထမ်းပေါ်တာ ဆွဲခြင်းခံရသော စစ်သင်တန်းဆင်းများ ဖြစ်ကြပြီးအချို့မှာ (၁၈) နှစ်မပြည့်သေးသောသူများ၊ အထက်တန်းတက်နေကြသောကျောင်းသားများဖြစ်ကြသည်။ (ဓာတ်ပုံ- အထူးသတင်းတပ်ဖွဲ့- ပုသိမ်)

  • အမေရိကန်နိုင်ငံထံမှ ဒေါ်လာဘီလီယံချီ ကျားဖြန့်လုပ်ငန်းများမှတစ် ဆင့် စစ်တပ်က ခိုးယူနေဟု အမေရိကန်လွှတ်တော်တွင် ဆွေးနွေး

    အမေရိကန်နိုင်ငံထံမှ ဒေါ်လာဘီလီယံချီ ကျားဖြန့်လုပ်ငန်းများမှတစ် ဆင့် စစ်တပ်က ခိုးယူနေဟု အမေရိကန်လွှတ်တော်တွင် ဆွေးနွေး

    မြန်မာနိုင်ငံက ကျရှုံးနိုင်ငံဖြစ်နေပြီး ကမ္ဘာ့ရာဇဝတ်မှုများ၏ ဗဟိုချက်ဖြစ်လာနေကာ အမေရိကန်နိုင်ငံထံမှ ဒေါ်လာဘီလီယံချီ ကျားဖြန့်လုပ်ငန်းများမှတစ် ဆင့် စစ်တပ်က ခိုးယူနေဟု အမေရိကန်လွှတ်တော်တွင် ဆွေးနွေး

    စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲမှာ လွတ်လပ်၊ တရားမျှတလိမ့်မည်ဟု ဆိုခြင်းမှာ စိတ်ကူးယဉ်သာ ဖြစ်လိမ့်မည်ဟု ထောက်ပြ

    မြန်မာနိုင်ငံက ကျရှုံးနိုင်ငံတော်ဖြစ်နေပြီး ကမ္ဘာ့ရာဇဝတ်မှုများ၏ ဗဟိုချက်ဖြစ်လာနေကာ မြန်မာအကြမ်းဖက် စစ်တပ်က အမေရိကန်နိုင်ငံသားများထံမှ ကျားဖြန့်လုပ်ငန်းများမှတစ်ဆင့် ဒေါ်လာဘီလီယံချီ ခိုးယူနေကြောင်း အမေရိကန် အောက်လွှတ်တော်တွင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲတွင် လွှတ်တော်အမတ်များနှင့် ကော်မတီဥက္ကဋ္ဌများက ထုတ်ဖော်ပြောဆိုကြသည်။

    နိုဝင်ဘာလ ၁၉ ရက်နေ့ အမေရိကန်အောက်လွှတ်တော်တွင် “No Exit Strategy: Burma’s Endless Crisis and America’s Limited Options” “ထွက်ပေါက်မရှိသော မဟာဗျူဟာ- မြန်မာနိုင်ငံ၏ အဆုံးမရှိသော အကျပ် အတည်းနှင့် အမေရိကန်၏ ကန့်သတ်မှုရှိနေသည့် ရွေးချယ်စရာများ” ခေါင်း စဉ် ဖြင့် ဆွေးနွေးပွဲတွင် လွှတ်တော်အမတ်များနှင့် ကော်မတီဥက္ကဋ္ဌများကထိုသို့ ထုတ်ဖော်ပြောဆိုကြခြင်းဖြစ်သည်။

    အမေရိကန်အောက်လွှတ်တော်၏ နိုင်ငံခြားရေးရာ အရှေ့အာရှနှင့် ပစိဖိတ် ဆပ်ကော်မတီ ဥက္ကဋ္ဌ Young Kim က မြန်မာနိုင်ငံသည် ကျရှုံးသော နိုင်ငံတော်တစ်ခုဖြစ်နေပြီး ကမ္ဘာရာဇဝတ်မှုများ၏ ဗဟိုချက်ဖြစ်လာနေကြောင်း၊ မြန်မာ့ လူဦးရေ၏ တစ်ဝက်ကျော်မှာ ဆင်းရဲမွဲတေမှုဖြင့် နေထိုင်နေကြရပြီး လူပေါင်း ၃ ဒသမ ၆ သန်းနီးပါးမှာ ပြည်တွင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း၊ သန်းပေါင်းများစွာသော လူများသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ပြောဆိုသည်။

    လွန်ခဲ့သော တစ်နှစ်ခွဲကျော်အတွင်း တော်လှန်ရေးအင်အားစုများက ထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့သော်လည်း စစ်အာဏာရှင်အဖွဲ့က ကြံ့ကြံ့ခံနေဆဲဖြစ်ပြီး နိုင်ငံ၏ နယ်မြေ ၂၀ ရာခိုင်နှုန်း ခန့်ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကာ၊ အတိုက်အခံအင်အားစုများက ထိုပမာဏ၏ နှစ်ဆခန့်ကို ထိန်းချုပ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်အဖွဲ့သည် ၎င်းတို့၏ တရားဝင်မှုကို ပိုမိုခိုင်မာစေရန်သာ လုပ်ဆောင်ခဲ့ပြီး၊ ၎င်းတို့ ကျဆုံးနေသည်ဆိုသော ပြောဆိုမှုများကိုလည်း ပယ်ချခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

    မြန်မာစစ်အာဏာရှင်အဖွဲ့ဖြစ်သော စစ်တပ်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အာဏာရှင်အုပ်ချုပ်မှုကို ဒီမိုကရေစီလုပ်ငန်းစဉ်အသွင် လိမ်လည်ဖုံးကွယ်အသွင်ပြောင်းရန်အတွက် ရလဒ်များကို ကြိုတင်သတ်မှတ်ထားသော အယောင်ပြ ရွေးကောက်ပွဲများကို ကျင်းပရန် စီစဉ်ထားကြောင်း၊ ထိုရွေး ကောက်ပွဲများသည် တရားဝင်မှု၏ အထင်အမြင်ကို ဖန်တီးရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး တချိန်တည်းမှာပင် စစ်အာဏာရှင်များက တရုတ်နှင့် ရုရှားနိုင်ငံတို့နှင့်ထိတွေကဆက်ဆံလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

    တရုတ်နှင့် ရုရှားက လက်နက်များနှင့် ထောက်လှမ်းရေးနည်းပညာများဖြင့် စစ်တပ်ကို ထောက်ခံခြင်းဖြင့် စစ်ရာဇဝတ်မှုများစွာကို အထောက်အကူပြုနေကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အာဏာရှင်အုပ်ချုပ်မှုဆိုင်ရာ ကျူးလွန်မှုနှစ်ခုလုံးကို ပြတ်ပြတ်သားသား ပြောဆိုရန်နှင့် လုပ်ဆောင်ရန်အတွက် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ဝတ္တရား ရှိနေကြောင်း ၎င်းက ဆိုသည်။

    မြန်မာနိုင်ငံအတွင်း လည်ပတ်နေသော စစ်အာဏာရှင်အဖွဲ့နှင့် ဆက်စပ်နေသည့် ကျားဖြန့် ကွန်ရက်များက အမေရိကန်ပြည်သူများကို ပစ်မှတ်ထားပြီး အမေရိကန်အခွန်ထမ်းများထံမှ တစ်နှစ်လျှင် ဒေါ်လာဘီလီယံပေါင်းများစွာကို ခိုးယူနေကြောင်း၊ ဤရန်ပုံငွေများသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်များအတွက်သာမက စစ်အာဏာရှင်အဖွဲ့၏ အိတ်ကပ်များကို ဆက်လက်ဖြည့်တင်းပေးနေကြောင်း၊ ကွန်ဂရက်လွှတ်တော်က အမေရိကန် နိုင်ငံသားများ၏ ကြိုး စားရှာဖွေထားသော ငွေစုငွေများကို ကာကွယ်ရန်အတွက် ချက်ချင်းဆောင် ရွက်ရမည်ဟု သူမက ဆက်လက်ပြောဆိုသည်။

    မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်၊ အရှေ့ တောင်အာရှရှိ ၎င်း၏ မဟာဗျူဟာမြောက် အရေးပါမှုနှင့် လက်ရှိစစ်ပွဲကြောင့် သာမန်အမေရိကန်များအပေါ် ဖြစ်ပေါ်နေသော ဆိုးကျိုးများအားလုံးသည် အမေရိကန်ပြည်ထောင်စု၏ မူဝါဒကို သေချာစွာ ပြန်လည်သုံးသပ်ရန် လိုအပ်နေကြောင်း သူက ထောက်ပြသည်။

    အလားတူ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ တောင်အာရှနှင့် အလယ်အာရှ ဆပ်ကော်မတီ ဥက္ကဋ္ဌ Bill Huizenga ကလည်း မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်ထားသော အစိုးရကို စစ်တပ်က အာဏာသိမ်းပြီးနောက် ပိုင်း ဒီမိုကရေစီလိုလားသူများ၏ ဆန္ဒပြမှုများနှင့် အထွေထွေသပိတ်များသည် စစ်အစိုးရ၏ ရမ်းကားသော နှိမ်နင်းမှုများကို ဖြစ်စေခဲ့ကြောင်း၊ ဆန္ဒပြသူများနှင့် ယခင်က ရွေးကောက်တင်မြှောက်ခံခဲ့ရသော ခေါင်းဆောင်များကို သတ် ဖြတ်ခြင်း၊ ကျောင်းများ၊ IDP စခန်းများနှင့် အရပ်ဘက် အခြေခံအဆောက် အအုံများကို လေကြောင်းမှ တိုက်ခိုက်ခြင်းများ စစ်တပ်က လုပ်ဆောင်နေကြောင်း ထောက်ပြသည်။

    စစ်တပ်က တရားမဝင်သော အစိုးရ အပေါ် တရားဝင်မှု တည်ဆောက်ရန်အတွက် နောက်ဆုံးလှည့်ကွက်အဖြစ် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားကြောင်း၊ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများနှင့် ဖွဲ့စည်းပုံများ မရှိခြင်းအပေါ် စိုးရိမ်ကြောင်း၊ ထို့အပြင်၊ မကြာသေးမီက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲကာကွယ်ရေးဥပဒေက ရွေးကောက်ပွဲကို ဆန့်ကျင်ပြောဆိုသူ သို့မဟုတ် ဆန္ဒပြသူတိုင်းကို ပစ်မှတ်ထားပြီး ပြစ်ဒဏ်ချမှတ်ခံရသူများအတွက် နှစ်ပေါင်းများစွာ ထောင်ဒဏ် (သို့မဟုတ်) သေဒဏ်အထိ ခြိမ်းခြောက်ထားကြောင်း၊ ဤလုပ်ရပ်က မြန်မာနိုင်ငံရှိ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ပိုမိုဆိုးဝါးစေပြီး စစ်တပ်၏ရွေးကောက်ပွဲများက လွတ်လပ်ပြီး တရားမျှတမည်ဟု ဆိုခြင်းမှာ စိတ်ကူးယဉ်ခြင်းမျှသာ ဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။

    အမေရိကန်လွှတ်တော်အမတ်များက မြန်မာ့အရေးဆွေးနွေးရာတွင် စစ်တပ်က အရပ်သားပြည်သူများ၊ ကလေးများကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်နေကြောင်း၊ ကျေးရွာများနှင့်လူနေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး စစ်ဘေးရှောင်ပြည်သူ သန်းချီ ထွက်ပြေးနေရကြောင်း၊ လက်ရှိ အာဆီယံဘုံသဘော တူညီချက် ၅ ချက်က အလုပ်မဖြစ်ဘဲ အမေရိကန်အနေဖြင့် အာဆီယံ ဘုံသဘောတူညီချက်အတိုင်းမဟုတ်တော့ဘဲ မိမိကိုယ်ပိုင်ပေါ်လစီဖြင့် သွားသင့်နေပြီဖြစ်​ကြောင်း ထောက်ပြကြသည်။

    အကြမ်းဖက်စစ်တပ်က KK Park ကို ရှင်းလင်းနေခြင်းမှာလည်း အယောင်ပြသာဖြစ်ပြီး သက်သေများကို ဖျောက်ဖျက်နေခြင်းဖြစ်ကြောင်း၊ အဓိက ကျားဖြန့် တရုတ်များကို ခေါ်ထုတ်ပြီး အရေးယူမှုမရှိဘဲ ကျားဖြန့် လုပ်ငန်းများကို ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း၊ ယခင်နှစ်များတွင် စစ်တပ်နှင့် မဟာ မိတ် လက်နက်ကိုင်တပ်ဖွဲ့များက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် အမြတ် အစွန်းရရှိသွားကြောင်း၊ မြန်မာနိုင်ငံက ကမ္ဘာ့ဘိန်းထုတ်လုပ်မှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ကြောင်း အမေရိကန်အောက် လွှတ်တော်၏ မြန်မာ့အရေး ဆွေးနွေးပွဲတွင် Mr. Steve Ross က ထွက်ဆိုသွားသည်။

    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
  • ဗန်းမော်တိုက်ပွဲမှာ မင်းကင်း PDF ဒု-တပ်ရင်းမှူးအပါ ၁၄ ဦးကျဆုံးခဲ့

    ဗန်းမော်တိုက်ပွဲမှာ မင်းကင်း PDF ဒု-တပ်ရင်းမှူးအပါ ၁၄ ဦးကျဆုံးခဲ့

    ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃)မှ ဒု−တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့မှ သိရသည်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃)မှ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ဖြင့် ဧပြီလတွင် စတင်ပါဝင်တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာလကုန်ပိုင်းအထိ ခြောက်လကျော် တိုက်ပွဲကာလအတွင်း အဆိုပါတပ်ရင်း၏ ဒု−တပ်ရင်းမှူး၊ တပ်စိတ်မှူး၊ တပ်စုမှူးအပါအဝင် ရဲဘော်များ သေဆုံးခဲ့ခြင်းဖြစ်သည်။

    ဒုတပ်ရင်းမှူးနှင့် ရဲဘော်တစ်ဦးသည် အောက်တိုဘာလဆန်းပိုင်းတွင် ဗန်းမော်မြို့ထဲသို့ တပ်ဖွဲ့ဝင်များကို စစ်ဆေးရန်သွားချိန် စစ်ကော်မရှင်တပ်နှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တပ်မှသိရသည်။

    အသက် ၃၆ နှစ်အရွယ် ဒုတပ်ရင်းမှူးသည် အားကစားနှင့် ကာယပညာဦးစီးဌာနမှ CDM ဝန်ထမ်း တစ်ဦးဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးအစပိုင်း တပ်ဖွဲ့ကိုစတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်လာသူဖြစ်သည်ဟု မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၃) ယာယီတပ်ရင်းမှူး ကိုနောင်ရိုးက ပြောသည်။

    “တပ်ရင်းမှာဆိုရင် သူက စံပြပုဂ္ဂိုလ်ပဲ။ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ထန်းရည်ဆိုတာ လုံးဝမသောက်ဘူး။ အရှုပ်အရှင်းလည်းကင်းတယ်။ လောင်းကစားလည်း မလုပ်ဘူး။ အကုန်လုံးကို အမြဲတမ်း ငဲ့ညှာပြီး အကုန်လုံးအတွက် တွေးပေးတဲ့သူပါ။ ကျွန်တော်တို့အတွက်တော့ ဆုံးရှုံးမှုအကြီးကြီးပေါ့”ဟု ကိုနောင်ရိုးက ပြောသည်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်နေသည့် ကလေးခရိုင် အမှတ် ၆ တပ်ရင်း PDF ကလေးဝတပ်ဖွဲ့မှ တပ်ဖွဲ့မှူးအပါအဝင် ရဲဘော် ၁၇ ဦးသည်လည်း တိုက်ပွဲများအတွင်း သေဆုံးခဲ့ရသည်ဟု ထိုတပ်ဖွဲ့က စက်တင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

    အာဏာသိမ်းစစ်တပ်ကို စတင်လက်နက်ကိုင်တော်လှန်ချိန် တူမီးဖြင့်စတင်ခဲ့ရပြီး အညာဒေသတွင် ပြောက်ကျား တိုက်ခိုက်မှုများသာ လုပ်နိုင်ခဲ့ရာမှ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ရှေ့တန်းစစ်မြေပြင်အတွင်း စစ်ရေး အတွေ့အကြုံအများပြား ရရှိခဲ့သည်ဟုလည်း ကိုနောင်ရိုးက ဆိုသည်။

    “ကျွန်တော်တို့ အတွေ့အကြုံတွေလည်း အများကြီးရပါတယ်။ ပေးဆပ်မှုတွေလည်း အများကြီးပဲ။ ကျွန်တော်တို့ဘက်တွေမှာက စစ်ဆင်ရေးဖော်ဆောင်တာတွေက ပြောက်ကျား ဖော်ဆောင်တာတွေများတယ်။ ပျူစောထီးရွာတွေ လောက်ကိုတော့ သိမ်းနိုင်တာပေါ့။ မြို့ပြစစ်ဆင်ရေးတော့ မလုပ်ဖူးဘူး။ ဒီမှာတော့ ကျွန်တော်တို့ ထုနဲ့ထည်နဲ့ပေါ့။ သူတို့ဘက်ကလည်း ထုနဲ့ပဲ။ ကျွန်တော်တို့ဘက်ကလည်း ထုနဲ့ပဲ။ ထုထုချင်းကိုမှ အားပြိုင်ပြီးတိုက်ခိုက်ကြတာ”ဟု ကိုနောင်ရိုးက ပြောသည်။

    ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့သည်။ ထိုတိုက်ပွဲကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်၍ အာရက္ခတပ်တော် (AA)၊ ကျောင်းသားတပ်မတော် (ABSDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

    ဗန်းမော်မြို့သည် တရုတ်နယ်စပ်နှင့်မိုင် ၄၀ ခန့်သာဝေးပြီ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင်အမြောက်တပ်များ၊ တင့်ကားတပ်နှင့်လက်ရုံးတပ်စသည့် စစ်စခန်းအများအပြား အခြေစိုက်ထား သည်။
    ထို့ပြင် ဗန်းမော်မြို့သည် ကချင်ပြည်နယ်နှင့် နိုင်ငံအလယ်ပိုင်းကို ရေကြောင်း၊ ကုန်းကြောင်းဖြင့် ဆက်သွယ် နိုင်သည့် ဗျူဟာမြောက်မြို့ဖြစ်သည့်အတွက် မြို့ကိုလက်မလွှတ်ရရေး စစ်တပ်က အပြင်းအထန်ခုခံနေသည်။

    လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါးရှိနေသည့်အပြင် အကြီးမားဆုံးစိန်ခေါ်မှုသည် ဒရုန်းတိုက်ခိုက်မှု ဖြစ်ကြောင်း ဗန်းမော် ရှေ့တန်းစစ်မြေပြင်တွင် ခြောက်လကျော်ပါဝင်တိုက်ခိုက်ခဲ့သည့် ကိုနောင်ရိုးက ပြောသည်။

    “ကျွန်တော်တို့အနေနဲ့ လေယာဉ်လာတာလောက်ကတော့ ခေါင်းထဲမထည့်ဘူး။ သိပ်လည်း မကြောက်ဘူး။ ဒရုန်းကိုတော့ တော်တော်ကြီးကြောက်ရတယ်။ ဒရုန်းရန်ကတော့ တော်တော်လေး ဒုက္ခပေးတယ်။ သူတို့ရဲ့ဒရုန်းတွေက အသေခံဒရုန်းတွေက ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်”ဟု ၎င်းကဆိုသည်။

    “ဘန်ကာတွေ၊ ကတုတ်ကျင်းတွေထဲမှာ ဘယ်လိုကြီးပဲ လုံခြုံအောင်နေနေ၊ ကျွန်တော်တို့ ထမင်းစား ရေသောက် သို့မဟုတ် ဟိုနားဒီနား တာဝန်အရ ကင်းပတ်တာမျိုးတွေမှာ တစ်ချက်သူတို့အမြင်ခံလို့ မရဘူး။ မြင်တာနဲ့အဲ့ဒီနေရာတွေကို သူတို့ကမှတ်ပုံတင်ပြီးတော့မှ ကျွန်တော်တို့ကို လေယာဉ်နဲ့ချတယ်၊ ဒရုန်းနဲ့ပေါ့ တစ်ခါတည်း”ဟုလည်း ကိုနောင်ရိုးကပြောသည်။

    ဆက်သွယ်ရေးဖြတ်တောက်စက် (ဂျန်မာ)များကို တော်လှန်ရေးအင်အားစုများက အသုံးပြုသော်လည်း ထိရောက်မှုနည်းပါးသည့် အခြေအနေဖြစ်သည်ဟု သိရသည်။

    ၁၀၂၇ စစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း တစ်ခုလုံးနီးပါးကို လက်လွှတ်ခဲ့ရသည့် စစ်တပ်သည် ဒရုန်းနည်းပညာကို အဆင့်မြှင့်တင်သုံးစွဲလာပြီး ထောက်လှမ်းရေး ကင်းထောက်ဒရုန်း၊ တိုက်ခိုက်ရေးဗုံးကြဲဒရုန်းနှင့် အသေခံဒရုန်းများကို အဓိကသုံးနေကြောင်း ဒရုန်းဆိုင်ရာ ကျွမ်းကျင်သူများကဆိုသည်။

    တစ်နှစ်နီးပါး (၁၁ လကျော်) ကြာမြင့်နေသည့် ဗန်းမော်တိုက်ပွဲတွင် KIA သည် ဗန်းမော်မြို့နေရာ အများစုကို သိမ်းပိုက်ထားနိုင်သည်။ စစ်ကော်မရှင်တပ်ကလည်း ရေကြောင်းရောလေကြောင်းမှပါ စစ်ကူနှင့် လက်နက်ခဲယမ်း ဖြည့်တင်းတိုက်ခိုက်သဖြင့် KIA သိမ်းပိုက်ထားသည့် ဗန်းမော်လေယာဉ်ကွင်း၊ မြို့ပေါ်ရပ်ကွက်အချို့ကို လက်လွှတ်ခဲ့ရသည်။

    ဗန်းမော်မြို့ကိုအပြီးသတ်သိမ်းနိုင်ရေး နှစ်ဖက်အားပြိုင်နေဆဲဖြစ်ပြီး တိုက်ပွဲများဆက်ဖြစ်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့်ရက်ပိုင်းက ပြောဆိုထားသည်။

  • ပခုက္ကူနည်းပညာတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွား

    ပခုက္ကူနည်းပညာတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွား

    ပခုက္ကူနည်းပညာတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွား

    မကွေးတိုင်း ပခုက္ကူနည်းပညာတက္ကသိုလ်က တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံရသူတွေကတော့ ပခုက္ကူနည်းပညာတက္ကသိုလ် တာဝန်ခံကျောင်းအုပ်ကြီး ဒေါက်တာ မြမြမွှေး နဲ့ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင် ၊ နည်းပညာတက္ကသိုလ် အမှုတွဲထိန်းဖြစ်သူ ဦးသန်းလွင် နဲ့ တူတော်စပ်သူ ကိုမင်းကိုချစ် ဆိုသူတို့ ဖြစ်ကြောင်း သိရပါတယ်။

    နိုဝင်ဘာ ၁၈ ရက်နေ့က ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးပွဲကို တက်ရောက်ပြီးနောက် ရေစကြိုမြို့ကို ကားနဲ့ပြန်လာစဥ် လမ်းမှာ လက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးသွားတာ ဖြစ်ကြောင်း ၊ ဖမ်းဆီးခံရပြီးကတည်းက အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။

    ” သူတို့စီးသွားတဲ့ ကားနှစ်စီးလည်း ယူသွားတယ် ။ သတင်းပေးရှိလို့ ကြိုစောင့်ဖမ်းတယ်လို့ ထင်တယ် ။ ရေစကြို နဲ့ ပခုက္ကူလမ်းပေါ်ရှိတဲ့ ကျောက်လှေခါးရွာနားမှာ ဖမ်းသွားတာပါ ။အဆက်အသွယ်တော့ မရသေးဘူး သိရတယ် ။ ဘယ်အဖွဲ့က ဖမ်းမှန်းမသိရသေးဘူး ။” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူ ကပြောပါတယ် ။

    ဖမ်းဆီးခံရတဲ့ ကျောင်းအုပ်ကြီး အပါအဝင် လေးယောက်လုံးကို အမြန်ဆုံးရှာဖွေတွေ့ရှိပြီး ကယ်တင်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ် ။

    “ကျောင်းအုပ် ဆရာမကြီး အပါ လေးယောက်ဖမ်းခံရတယ် ဆိုတာ ဟုတ်ပါတယ် ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာတော့ မသိပါဘူး ။ စစ်တပ်နဲ့ ရဲဘက်ကတော့ ကယ်နိုင်ဖို့ ရှာနေတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း ကျွန်တော်တို့တော့ သေချာမသိဘူး။” လို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။

    နိုဝင်ဘာ ၁၆ ရက်ကလည်း တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ အခြေခံပညာ အထက်ကျောင်းမှ ကျောင်းဆရာမ သုံးယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    အဲဒီနေ့မှာပဲ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ အထက်တန်းပြ ကျောင်းဆရာမ တယောက် နဲ့ အခြေခံပညာစာသင်ကျောင်းတွေက ကျောင်းဆရာမ ရှစ်ယောက်ကိုလည်း လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့ပြီး နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ် ။

    နိုဝင်ဘာလ ၆ ရက်နေ့ကလည်း မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၅)မှ အငယ်တန်း အင်ဂျင်နီယာ တယောက်ကို ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးသွားပါတယ်။

    စုစည်းရရှိထားတဲ့ အချက်အလက်အရဆိုရင် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာက ဦးအောင်ခင်ညွန့်နဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မို့မို့ထွန်း၊ သားဖြစ်သူ မောင်မြတ်ဘုန်းခန့်(၁၂ နှစ်)၊ ဦးဇော်ဝင်းမောင်နဲ့ ဇနီးဖြစ်သူ ဒေါ်သန်းသန်းမူ၊ ဦးခင်မောင်အေး နဲ့ညီမဖြစ်သူဒေါ်နှင်းရီ၊ ဒေါ်ခင်ပိုတို့ ရှစ်ယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတယ် လို့သိရပါတယ်။

    မကွေးတိုင်း၊ စလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးသက်ဝေထွန်းဆိုသူကိုလည်း အောက်တိုဘာ ၃၁ ရက်နေ့က စလင်းမြို့နယ်ကနေ ဆင်ဖြူကျွန်းမြို့ကို ဆိုင်ကယ် နဲ့ သွားစဥ် လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

  • KIO ဗိုလ်သင်တန်းကျောင်းမှာ ကျဆုံးခဲ့ရတဲ့ ဗိုလ်လောင်းတွေရဲ့ (၁၁) နှစ်မြောက်နေ့မှာ  AA ရဲ့ တပ်စခန်းတွေအားလုံးမှာ အောင်လံတဝက်လွှင့်ထူ

    KIO ဗိုလ်သင်တန်းကျောင်းမှာ ကျဆုံးခဲ့ရတဲ့ ဗိုလ်လောင်းတွေရဲ့ (၁၁) နှစ်မြောက်နေ့မှာ AA ရဲ့ တပ်စခန်းတွေအားလုံးမှာ အောင်လံတဝက်လွှင့်ထူ

    KIO ဗိုလ်သင်တန်းကျောင်းမှာ ကျဆုံးခဲ့ရတဲ့ ဗိုလ်လောင်းတွေရဲ့ (၁၁) နှစ်မြောက်နေ့မှာ AA ရဲ့ တပ်စခန်းတွေအားလုံးမှာ အောင်လံတဝက်လွှင့်ထူ

    ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်နေ့ဟာ အာရက္ခတပ်တော် ( AA) ရဲ့ ဗိုလ်လောင်း ၈ ဦးအပါအဝင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းအချို့က ဗိုလ်လောင်း (၂၃) ဦး ကျဆုံးခဲ့ရတဲံ့ နေ့ဖြစ်ပါတယ်။

    ဒီနေ့မှာ ကျဆုံးခဲ့ရတဲ့ ဗိုလ်လောင်းတွေကို ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်အနေနဲ့ အာရက္ခတပ်တော်ရဲ့ စစ်ဒေသအသီးသီးမှာ တပ်တော်ရဲ့ အောင်လံတွေကို တဝက်လွှင့်တင်ခဲ့ကြတယ်လို့ ဒီကနေ့ “ ၁၉/၁၁ – ဇာခါလေ့သင့် မမိပါ” ဆိုတဲ့ ရခိုင်ဘာသာစကားနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

    ဒီဗိုလ်လောင်းတွေဟာ KIO/KIA ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းမှာ စစ်ပညာဆည်းပူးနေစဉ် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ (၁၉) ရက်နေ့ နေ့ ခင်းဖက် (၁၂:၄၅) နာရီဝန်းကျင်မှာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ အလစ်အငိုက် အကောက်ကြံ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဗိုလ်သင်တန်းကျောင်းဝင်းတနေရာမှာ တပြိုင်နက်တည်း အသက်ကြွေလွင့်ခဲ့ကြရပါတယ်။

    ဒီကနေ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ဟာ AA ဗိုလ်လောင်း ၈ ဦးအပါအဝင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းအချို့က ဗိုလ်လောင်း (၂၃) ဦး သွေးမြေကျခဲ့ရတဲ့ (၁၁) နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။

    အာရက္ခတပ်တော်အနေနဲ့ နိုဝင်ဘာလ (၁၉) ရက်နေ့ကိုရောက်တိုင်း ကျဆုံးခဲ့ကြရတဲ့ ဗိုလ်လောင်းတွအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို စစ်ရေး၊နိုင်ငံရေးအခြေအနေပေါ်မှာ မူတည်ပြီး ဗိုလ်လောင်းများ လဲလျောင်းရာ အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေတွေချကာ ဂါရဝပြုခြင်း၊ တပ်စခန်းတွေမှာ အောင်လံတဝက် လွှင့်ထူတာတွေးကို နှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒီကနေ့ (၁၁) နှစ်ပြည့်နေ့မှာတော့ စစ်ရေးအခြေအနေအရ ကျဆုံးဗိုလ်လောင်းတွေအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်အခမ်းအနားကို အကျဉ်းချုပ်မျှသာ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    အခုလို ကျင်းပခဲ့ရပေမယ့် အာရက္ခတပ်တော်အနေနဲ့ နိုဝင်ဘာ (၁၉) ရက်နေ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်သလို ဗိုလ်လောင်းတွေရဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်ခဲ့မှုတွေအပေါ် အမြဲတမ်း သတိရအောက်မေ့နေကြမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။