Category: News

  • AA ကနတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကိုဆက်လက်ဝိုင်းဝန်းပိတ်ဆို့ထား

    AA ကနတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကိုဆက်လက်ဝိုင်းဝန်းပိတ်ဆို့ထား

    AA ကနတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကိုဆက်လက်ဝိုင်းဝန်းပိတ်ဆို့ထား၍လေထီးများဖြင့် ရိက္ခာများဆက်လက်ချပေးနေရ

    (ဂုတ်ကြီးရွာလမ်းသစ်နှင့် ပဇီရွာလမ်းဟောင်းမှ စစ်ကူလာသော စစ်ကြောင်း ၂ ကြောင်းမှာလည်း ဖြတ်တောက် တိုက်ခိုက်ခံနေရ ရှေ့တိုးမရောက်ဖြစ်နေ)

    အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးဗျူဟာကို အာရက္ခတပ်တော်မှ ဆက်လက် ဝိုင်းဝန်းပိတ်ဆို့ထားသဖြင့် ၎င်းစခန်းသို့ လေထီးဖြင့် နေ့စဉ်လိုလို ရိက္ခာများလာရောက် ချပေးနေရသည်ဟု သတင်းရရှိသည်။

    တစ်ခြားတစ်ဖက်တွင်လည်း ၎င်းလေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့ စစ်ကူလာသော စစ်ကြောင်း ၂ ကြောင်းမှာလည်း တစ်လနီးပါးကြာလာပြီဖြစ်သော်လည်း လမ်းတစ်လျှောက်တွင် ဖြတ်တောက် တိုက်ခိုက်ခံနေရရသဖြင့် အကျအဆုံးများကာ ရှေ့သို့ တိုးမရောက်ဖြစ်နေသည်ဟု ၎င်းဒေသရှိ စစ်ရေးရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

    “ နတ်ရေကန် ဗျူဟာကုန်းက ဂူခေါင်းထဲမှာ ပိတ်မိနေတဲ့စစ်သားတွေက ရိက္ခာပြတ်နေပြီ။ ဒါကို လေယာဉ်ပေါ်ကနေလေထီးတွေနဲ့ ရိက္ခာများ ချပေးနေရတယ်။ နေ့တိုင်းလိုလို ချပေးနေရတယ်။ စစ်ကူလာတဲ့ စစ်ကြောင်းတွေလည်း ကြားဖြတ်တိုက်ခိုက်ခံရတော့ ရှေ့ကို တိုးမရောက်ဖြစ်နေတယ်။ အေအေကလည်း အချိန်ယူပြီး အလံဖြူထောင် လက်နက်ချဖို့ စောင့်နေသလို တစ်ဖက်မှာလည်း လက်နက်ကြီးတွေနဲ့ ရံဖန်ရံခါ ပစ်ပေးတယ်” ဟု ပြောသည်။

    မြန်မာအကြမ်းဖက် စစ်တပ်မှ နတ်ရေကန်သို့ စစ်ကူလာသည့် စစ်ကြောင်း ၂ ကြောင်းတွင် တစ်ကြောင်းသည် ကတ္တရာလမ်းဖက်မှဂုတ်ကြီးဖက်သို့စစ်ကြောင်းထိုးလာပြီး နောက်တစ်ကြောင်းမှဇပြွန်း-ပဇီဖက်က လမ်းဟောင်းအတိုင်း စစ်ကြောင်းထိုးနေသည်ဟု ဆိုသည်။

    ” မြေလပ်ရွာ ကတ္တရာလမ်းသစ်ဖက်ကနေ ထိုးတက်လာတဲ့ စစ်ကြောင်းနဲ့ ဂုတ်ကြီးနားမှာ အေအေနဲ့ တိုက်ပွဲ ဖြစ်နေတာတစ်ပတ်ကျော်လောက်ရှိပြီ။ပဇီရွာ လမ်းဟောင်းဖက်ကလည်း ပြန်ပြီး စစ်ကြောင်းထိုးလာတော့ တိုက်ပွဲဖြစ်နေတယ်” ဟုပြောသည်။

    အကြမ်းဖက်စစ်တပ်မှ အဆိုပါ လမ်းကြောင်း နှစ်ခုမှ စစ်ကြောင်းထိုးကာ ထိုးဖောက်နေသည်မှာတစ်လခန့် ကြာနေပြီဖြစ်သော်လည်းနတ်ရေကန် တောင်ခြေရင်းထိ မရောက်နိုင်ဘဲအကျအဆုံးများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

    ” နတ်ရေကန် ဗျူဟာစခန်းကုန်းကိ အောက်တိုဘာလကတည်းကပိတ်ဆို့ခံထားရတာ။ စစ်တပ်ဖက်ကနည်းလမ်း မျိုးစုံနဲ့အင်အားတွေဖြည့်ပြီးစစ်ကြောင်းထိုးတယ်။ တိုက်တယ်။ဒီလိုနဲ့လချီကြာလာတယ်။ ဒါပေမယ့် တောင်ခြေရင်းထိမရောက်နိုင်သေးဘူး။ တိုက်ပွဲကတော့နေ့စဉ်လိုလိုရှိတယ်” ဟုပြောသည်။

    အောက်တိုဘာ၂၈ရက်နေ့ကလည်းဝိုင်းရံပိတ်ဆို့ခံထားရသည့်နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး ဗျူဟာစခန်းမှ စစ်သားများကိုကယ်ထုတ်ရန်အကြမ်းဖက်စစ်တပ်မှစစ်ကြောင်း၂ကြောင်း ခွဲပြီးချီတက်လာရာလမ်းဟောင်းဖက်ကထိုးစစ်ဆင်လာသည့်စစ်ကြောင်းကိုပဇီကျေးရွာ နားအရောက်တွင်အာရက္ခတပ်တော်မှ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာမှစစ်တပ်စစ်ကြောင်း တစ်ခုလုံးပြုတ်သွားသည်ဟုသတင်းရရှိသည်။

    ယင်းနောက်တွင်ပဇီရွာဖက်တွင်တိုက်ပွဲမှာငြိမ်သက်သွားခဲ့ပြီးယခုနိုဝင်ဘာလအစမှစ၍အင်အားဖြည့်ပြီးစစ်ကြောင်းထိုးကာပြန်လည်ထိုးစစ်ဆင်နေသဖြင့်တိုက်ပွဲမှာပြင်းထန်လျက်ရှိသည်ဟုသိရသည်။

    ” ပြီးခဲ့တဲ့လနောက်ဆုံးပတ်ကပဇီရွာဖက်ကစစ်ကြောင်းပြိုပြီးအကျအဆုံးများခဲ့တယ်။အဲ့ဒီနောက်အဲ့ဒီဖက်ကတိုက်ပွဲခဏငြိမ်သွားတယ်။လက်နက်၊လေကြောင်းပစ်တာတော့ရှိတာပေါ့။အခုနိုဝင်ဘာလ အစကနေအင်အားဖြည့်ပြီးစစ်ကြောင်းထိုးလို့တိုက်ပွဲဖြစ်နေတယ်။အကျအဆုံးအထိအခိုက်တော့သေချာ မသိရသေးဘူး” ဟုပြောသည်။

    လက်ရှိတွင်အကြမ်းဖက်စစ်တပ်မှဂုတ်ကြီး၊ပဇီ၊နောင်၊လိုင်ရွာများအားလေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိကြောင်းသိရသည်။

    လက်ရှိနတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကိုAA ကဝိုင်းဝန်းပိတ်ဆို့ထားပြီး လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသည်ဟု ဆိုသည်။

    အာရက္ခတပ်တော်၏ အောက်တိုဘာ၁၇ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်အထဲတွင် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာကုန်းရှိအနည်းငယ်သော လက်ကျန်နေရာအချို့ကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသကဲ့သို့ ကစဉ့်ကလျား ထွက်ပြေးနေကြသော စစ်တပ်တပ်ဖွဲ့ဝင်အချို့နှင့် မိမိတို့သည်နေရာ အချို့တွင်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်ဟု ဖော်ပြထားသည်။

  • စစ်တပ်နှင့် တော်လှန်ရေးတပ်များ အားပြိုင်မှုကို မြင်ရမည့် မိုးကုတ်၊ မိုးမိတ်

    စစ်တပ်နှင့် တော်လှန်ရေးတပ်များ အားပြိုင်မှုကို မြင်ရမည့် မိုးကုတ်၊ မိုးမိတ်

    မိုးကုတ်နှင့် မိုးမိတ်မြို့များ ပြန်လွှဲရေးအစီအစဉ်အား လေကြောင်းရန်နှင့် တရုတ်အစိုးရ ဖိအားကြောင့် မဟာမိတ် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ လားရှိုးလွှဲပြောင်းရေးအစီအစဉ်ကဲ့သို့ပင် TNLA က သဘောတူခဲ့ရသည်။

    စစ်တပ်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းပိုက်လိုက်ချိန်တွင် ကိုးကန့်နှင့်တအာင်း တို့အပေါ် တရုတ်၏ ရာဇသံမှာ ပိုမိုပြင်းထန်ခဲ့သည်။

    မိုးကုတ် မိုးမိတ်မြို့များ ပြန်လွှဲပြောင်းရေး အစီအစဉ်သည် လားရှိုးမြို့ကဲ့သို့ မလွယ်ကူနိုင်ဟု နိုင်ငံရေး အကဲခတ် များက မှတ်ချက်ပြုသည်။

    မိုးမိတ်မြို့မြောက်ဘက် ၃၆ မိုင်အကွာတွင် မဘိမ်းမြို့ရှိပြီး အဆိုပါမြို့အား ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA)၊ အာရက္ခတပ်တော် (AA)၊ ကျောင်းသားတပ် (ABSDF)၊ KPDF ၊ ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားသည်။

    မိုးကုတ်မြို့သည် ကမ္ဘာကျော် ပတ္တမြားနှင့် အဖိုးတန်ကျောက်များ ထွက်ရှိပြီး မိုးမိတ်မြို့သည် ရွှေ၊ စိန်နှင့် ကျွန်းသစ် များ အဓိကထွက်သည်။ ယူရေနီယမ် သတ္တုကြောများလည်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။

    ကျော်ဇင်ဝင်း/ Myanmar Now

  • ရှမ်းမြောက်မှာ စစ်တပ်နဲ့ MNDAA ဆက်ဆံရေး ပိုတင်းမာလာ

    ရှမ်းမြောက်မှာ စစ်တပ်နဲ့ MNDAA ဆက်ဆံရေး ပိုတင်းမာလာ

    MNDAA ထိန်းချုပ်ဒေသဖြတ်လာတဲ့ကုန်ကားတွေကို စစ်တပ်တားဆီး၊ သီပေါတံတားကို ဖြတ်သန်းခွင့် နှစ်ဘက်စလုံးကပိတ်

    လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုမှုအဆင်မပြေတဲ့နောက် နှစ်ဘက်ဆက်ဆံ​ရေးပိုတင်းမာလာပြီး တရုတ်ဘက်က ဝင်လာတဲ့ကုန်ကားတွေကို စစ်တပ်က ပြန်လှည့်ခိုင်းသလိုလားရှိုး-သီပေါကြားက ဒုဋ္ဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးကပိတ်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။

    “တရုတ်နယ်စပ်ကနေ ကိုးကန့်ကိုဖြတ်ဝင်လာတဲ့ကားတွေကို လားရှိုးကနေ စကစက ပိတ်တယ်။ MNDAAကလည်း သီပေါတံတားကိုပိတ်ပစ်တယ်။ MNDAA က ပိတ်တော့ စကစကလည်း သီပေါမြို့ဘက်ခြမ်းကနေ ပိတ်တယ်။ အခြေအနေက ပိတ်ကားပေါ် စောင့်ကြည့်ရတော့မယ်” လို့ သီပေါမြို့ခံတဦးကပြောပါတယ်။

    သီပေါမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်နေ့မှာ ထိန်းချုပ်ခဲ့တယ်လို့ ကြေညာပေမယ့် မြို့‌ပေါ်မှာရှိတဲ့ တံတားကိုတောင် အပြည့်အဝ မထိန်းချုပ်နိုင်​သေးဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ်။ တံတားရဲ့ သီပေါမြို့ထဲဘက်ကို စစ်တပ်က တပ်စွဲထားပြီး လားရှိုးမြို့ဘက်ကိုထွက်တဲ့ဘက်ခြမ်းကို MNDAA က တပ်စွဲထားတာပါ။ ဒီ‌နေ့မှာတော့ တံတားကို နှစ်ဘက်စလုံးက ပိတ်ထားလို့ ကုန်ကားတွေ ရပ်ထားရပါတယ်။

    MNDAA အနေနဲ့ လူသိမခံချင်တဲ့ တပ်အပြောင်းအရွှေတွေလုပ်မှာမို့ တံတားကိုပိတ်တာဖြစ်နိုင်တယ်လို့ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်​တွေက​ရေးသားနေကြပါတယ်။ အဲ့လိုမဟုတ်ဘဲ စစ်ကောင်စီက ကုန်ကားတွေကို ပိတ်လို့ MNDAAက တုန့်ပြန်တာလို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ လားရှိူးမြို့ပေါ်ကိုသာကွက်ပြီးထိန်းချုပ်နိုင်တာဖြစ်ပြီး ပြည်ထောင်စုလမ်းမအတိုင်းတစ်ဖက်စီမှာရှိ သိန္နီနဲ့ သီပေါမြို့အထွက်တွေကိုပါ MNDAAက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့ မှုးကိုယ်တိုင် နိုဝင်ဘာလ ၁၁ ရက်က လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် MNDAA ကငြင်းပယ်လို့ ဆွေးနွေးမှုပျက်ခဲ့ပါတယ်။

    အဲ့‌ဒီနောက်ပိုင်း စစ်တပ်က ကင်းထောက် လေယာဉ်တချို့ပျံသလို MNDAAကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။

    လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAAက တပ်စွဲထားပါတယ်။

    MNDAAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့နယ်မြေထဲမှာပါဝင်ပါတယ်။

    ပြီးခဲ့တဲ့ဧပြီလမှာ စစ်အုပ်စုက တရုတ်အစိုးရရဲ့အကူအညီနဲ့လားရှိုးမြို့ကို ပြန်ယူပြီးတဲ့နောက် အဲ့ဒီနေရာတွေကနေ တဆင့်ချင်းဆုတ်ပေးဖို့ စစ်ကောင်စီက ဆက်တိုက်တောင်းဆိုနေတာဖြစ်ပြီး MNDAAက လက်မခံဘူးလို့ သိရပါတယ်။

    လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ MNDAAက သီးခြားသတင်းထုတ်ပြန်မထားပါဘူး။

    ဒါပေမယ့်စစ်ကောင်စီနဲ့ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အမြဲသတိရှိနေဖို့နဲ့ဗျူဟာကျကျနားလည်နေဖို့ လိုတယ်လို့ အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ဖူးပါတယ်။

    “တိုက်ပွဲအနံ့တွေပြန်ရနေပြီ”လို့ လားရှိုးမြို့ခံတစ်ဦးပြောပါတယ် ။

    (MNDAA နဲ့ စစ်တပ် က သီ​ပေါတံတားကို နိုဝင်ဘာ ၁၄ ရက်မှာအပြန်အလှန်ပိတ်ထားစဥ်။ ရုပ်သံ-​ဒေသခံ)

  • One Battle After Another

    One Battle After Another

    One Battle After Another (2025)

    လီယိုနာဒိုဒီကာပရီရို ရဲ့ တစ်ကြော့ပြန် One Battle after Another ရုပ်ရှင်ထွက်လာပါပြီ။

    တစ်ကြော့ပြန်ဆိုတာ သူ့ရဲ့အော်စကာတန်းဝင်နောက်တစ်ကားလို့ သတ်မှတ်လို့ရပြီး ဒီနှစ်ထဲမှာ Brad Pitt ရဲ့ F1, Leonardo ရဲ့ One Battle After Another ရုပ်ရှင်ဂုရုကြီးတွေ ပိတ်ကားပေါ်ပြန်ရောက်လာတဲ့ နှစ်လို့ဆိုရမယ်။

    ရိုက်တဲ့ ဒါရိုက်တာကလည်း There will be Blood တို့လိုအော်စကာဆုကားတွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Paul Thomas Anderson ဘာပဲဖြစ်ဖြစ် လီယိုပါတဲ့ ကားဆိုတာနဲ့ တစ်ခုမဟုတ် တစ်ခုချပြတတ်လို့ သေချာပေါက်ကြည့်ရမှာပါပဲ။

    ဒီကားအစမှာ French 75 ဆိုတဲ့ လက်နက်ကိုင်အဖွဲ့နဲ့စထားတယ်။ ဒါပေမဲ့ အဲ့ဂိုဏ်းကအဖွဲ့အဝင်တွေကို US အစိုးရက အကုန်လိုက်ဖမ်းလို့ ဖော်ကောင်လုပ် ထိုးကျွေးခံလိုက်ရတဲ့အခါ Bob Ferguson လဲသူ့သမီးလေးနဲ့အတူ တိမ်းရှောင်ဖို့ဖြစ်လာပါတော့တယ်။

    ဇာတ်လမ်းက နိုင်ငံရေးအက်ရှင်ပုံစံမျိုးဖြစ်ပြီး plot twist လေးတွေနဲ့ Rotten Tomatoes မှာလဲ 98%နဲ့freshထားပြီး IMDb ratingဟာလဲ 8.5/10ရရှိထားတာပါ။ တကယ်ရဖို့လဲတန်တဲ့ကားလို့လဲထင်ပါတယ်။

  • သက်သက်ခိုင်ရဲ့ သနားခံစာ UEC က ပယ်ချ

    သက်သက်ခိုင်ရဲ့ သနားခံစာ UEC က ပယ်ချ

    ဒေါက်တာ သက်သက်ခိုင်ရဲ့ သနားခံစာ UEC က ပယ်ချတာခံရလို့ ရွေးကောက်ပွဲ ဝင်ခွင့်မရ

    ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင် ဟာ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ခွင့်ရဖို့သနားခံစာလျှောက်ထားခဲ့ပေမယ့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် UEC က ပယ်ချတာခံလိုက်ရတယ်လို့ သိရပါတယ်။

    UEC ထံတင်ပြထားတဲ့အသနားခံစာ ပယ်ချခံရလို့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် နိုင်မှာမဟုတ်ဘူးလို့ နိုဝင်ဘာ ၁၄ ရက် ဒီနေ့မဲဆွယ်ပွဲမှာ ဒေါက်တာ သက်သက်ခိုင် က ပြောခဲ့တာပါ။

    ဒေါက်တာ သက်သက်ခိုင်ဟာ စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းထဲမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်ပြခဲ့ပေမယ့် အမျိုး သားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းခဲ့လို့ ကိုယ်စားလှယ် လောင်းအဖြစ်ပယ်ချခံလိုက်ရတာ ဖြစ်ပါတယ်။

    အမျိုးသားလွှတ်‌တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ဟာ “လူမွဲအဖြစ် သက်ဆိုင်ရာ တရားရုံး၏ ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူ” ‌ဆိုတဲ့ အချက်နဲ့ ဒေါက်တာ သက်သက်ခိုင်ဟာ ငြိစွန်းနေတာ ဖြစ်ပါတယ်။

    ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်ရှိ 68 Residence အထပ်မြင့်အိမ်ယာစီမံကိန်းမှာ က‌‌မ္ဘော ဇဘဏ်ကို ငွေကျပ်ဘီလီယံ ၁၀၀ ကျော် အကြွေးတင်နေတဲ့အတွက် ကိုယ်စားလှယ်လောင်းအဖြစ်က နေ ပယ်ချခံရတာဖြစ်တယ်လို့ သိရပါတယ်။

    ဒေါက်တာ သက်သက်ခိုင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး၊ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန် ကြီး စတဲ့ရာထူးတာဝန်တွေကို ထမ်းဆောင်ခဲ့ပေမယ့် နိုင်ငံရေးအငြင်းပွားဖွယ်ရာတွေ ရှိခဲ့သူလို့လည်း သိရပါတယ်။

    သူမတည်ထောင်ထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီဟာ စစ်တပ်ကလုပ်မယ့် ရွေးကောက် ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ယှဉ်ပြိုင်မည့် ပါတီကြီး ၆ ခုထဲက တစ်ခုအပါအဝင် ဖြစ်ပါ တယ်။

    အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၇၀ ကျော်တင်သွင်းထားပြီး အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။