Category: News

  • Overflow Music Festival ဖျော်ဖြေပွဲတွင် အများပြည်သူအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး ညစ် ညမ်းသော စကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသူများအား ဖော်ထုတ်ဖမ်းဆီး အရေး ယူ

    Overflow Music Festival ဖျော်ဖြေပွဲတွင် အများပြည်သူအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး ညစ် ညမ်းသော စကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသူများအား ဖော်ထုတ်ဖမ်းဆီး အရေး ယူ

    နေပြည်တော်၊ နိုဝင်ဘာ ၈

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၉)ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Eventpark ၌ ကျင်းပပြုလုပ်သည့် Overflow Music Festival ဖျော်ဖြေပွဲတွင် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထိုက် တို့ ဦးဆောင်သည့်အဖွဲ့မှ အများပြည်သူအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသဖြင့် အရေးယူဆောင်ရွက်နိုင်ရေး စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါဖျော်ဖြေပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြသည့် စမ်းချောင်းမြို့ နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်နေ တင်ရတနာသိမ့် (၂၈)နှစ်၊ မရမ်းကုန်းမြို့ နယ်၊ စည်ပင်မီးသတ်ရုံးဝန်ထမ်းအိမ်ရာနေ ဟန်လင်းထက် (၂၇)နှစ်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်နေ အောင်ခန့်မော်(ခ) ဂျပန်ကြီး (၂၉)နှစ်တို့သည် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Eventpark ၌ Overflow Music Festival ဖျော်ဖြေပွဲအား နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ဖျော်ဖြေပွဲပြုလုပ်နိုင်ရန်စီစဉ်ခဲ့ကြောင်း၊ အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလ၊ Bkho Bain (ခ) သိန်းမင်းထိုက်တို့အား နိုဝင်ဘာလ ၂ ရက်နေ့ညတွင် အခြားအဆိုတော်များနှင့်အတူ ဖျော်ဖြေပေးရန်ငှားရမ်းခဲ့ကြောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့ညတွင် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထိုက် တို့နှစ်ဦးသည် “ရပါတယ်နှင့် 5.55566” သီချင်းအပါအဝင် သီချင်း ၁၂ ပုဒ်အား သီဆိုဖျော်ဖြေခဲ့ကြောင်း၊ “5.55566” သီချင်းကို ဖျော်ဖြေရာတွင် အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများပြောဆိုကာ လာရောက်ကြည့်ရှုသည့် ပရိတ်သတ်များအတွင်းသို့ “ကွန်ဒုံးများ” ဖြန့်ကြဲပြီးနောက် သီဆိုဖျော်ဖြေခဲ့ကြောင်း၊ ထို့သို့ဖျော်ဖြေနေစဉ် ၎င်းတို့နှစ်ဦးအပါအဝင် ၁၃ ဦးခန့်မှ စင်ပေါ်တက်ရောက်၍ ကခုန်ခြင်း၊ Video ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရပါသည်။

    ထိုသို့ဖော်ထုတ်ချက်အရ အခင်းဖြစ်နေ့တွင်သီဆိုဖျော်ဖြေ ကခုန်ခြင်း၊ Video ရိုက်ကူးခြင်းများတွင် ပါဝင်ခဲ့ကြသူများအား ဖမ်းဆီးရမိနိုင်ရေးဆက်လက်ဆောင်ရွက်ခဲ့ရာ သီဆိုဖျော်ဖြေရာတွင်ပါဝင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ နယ်၊ မြို့သစ်(က)ရပ်ကွက်နေ It’s Phyo (ခ) ဖြိုးသန့်အောင်(ခ) ကိုဖြိုး (၂၈)နှစ်အား နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီတွင် ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ “What’s Up Café ” ဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ စတိတ်စင်ပေါ်၌ သီဆိုကခုန်ခဲ့သည့် တာမွေမြို့ နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ ပြည့်စုံထွန်း (ခ) စိုင်းမွမ်းဖ (၂၇)နှစ်အား ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်တွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ချိတ်ဆက်ခေါ်ယူ၍လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့ နယ်နေ သက်လှိုင်ဝင်း(ခ) ကိုသက် (၂၉)နှစ်၊ ချမ်းမြသာစည်မြို့ နယ်နေကြသူများဖြစ်ကြသည့် အာကာဖြိုး(ခ)အာကြီး (၂၇)နှစ်၊ မင်းမော်ထွန်း(ခ) မော်ကြီး (၂၇)နှစ်၊ ဟိန်းလွင်ထွန်း (ခ) ဖိုးထန်း (၁၆)နှစ်၊ စိုင်းအောင်ခေး (၂၅)နှစ်တို့အား နိုဝင်ဘာလ ၅ ရက်နေ့ ည ၈ နာရီတွင် ၎င်းတို့၏ နေအိမ်များမှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့ နယ်၊ အမှတ်(၆) ရပ်ကွက်နေ ဝေလင်းအောင် (၂၂)နှစ်အား ယင်းနေ့ညနာရီ ၁၅ မိနစ်တွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ချိတ်ဆက်ခေါ်ယူ၍လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်နေသူများဖြစ်ကြသည့် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလ၊ ပြည့်ဇော်အောင်(ခ) . Pause (၂၃)နှစ်နှင့် ထိုက်အောင်ကျော်မြတ်(ခ) ဗြဲကြီး (၂၁)နှစ်တို့အား နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ချိတ်ဆက်ခေါ်ယူ၍လည်းကောင်း၊ ထို့အတူ ချမ်းအေးသာစံမြို့ နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်နေ အဆိုတော် Bkho Bain (ခ) သိန်းမင်းထက် (၂၉)နှစ်နှင့် ရန်ကင်းမြို့ နယ်၊ အမှတ်(၆)ရပ်ကွက်နေ လင်းလင်းထွန်း(ခ) လင်းထွန်း (၂၃)နှစ်တို့သည် သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက်အဖမ်းခံသဖြင့် အသီးသီး အမှုဖြင့်ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။

    ထို့သို့ အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများပြောဆိုကာ “ကွန်ဒုံးများ” ဖြန့်ဝေပြီး သီဆိုကခုန်ခဲ့ကြသူများဖြစ်ကြသည့် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထက် တို့ပါ အမျိုးသား ၁၃ ဦးနှင့် ပွဲစီစဉ်သူများဖြစ်ကြသည့် တင်ရတနာသိမ့်၊ ဟန်လင်းထက်နှင့် အောင်ခန့်မော်(ခ) ဂျပန်ကြီးတို့အား သင်္ဃန်းကျွန်းမြို့ နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်း၌ (ပ)၂၁၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅-က/၂၉၄/၁၁၄ အရ အမှုရေးဖွင့်ထားရှိကြောင်းနှင့် ၎င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

  • တရုတ်ပြည်မှာ ကလေးချင်းဝင်တိုက်မိလို့ ဆေးရုံတက်တာကို ကလီစာ (၆) ခုဖယ်ထုတ်ခံခဲ့ရတဲ့ ၁၀ နှစ်သားလေး

    တရုတ်ပြည်မှာ ကလေးချင်းဝင်တိုက်မိလို့ ဆေးရုံတက်တာကို ကလီစာ (၆) ခုဖယ်ထုတ်ခံခဲ့ရတဲ့ ၁၀ နှစ်သားလေး

    Vision Times သတင်းစာ ရဲ့အဆိုအရ ၂၀၂၃ ခုနှစ်တုန်းက ၁၀ နှစ်သားလေး ရှောင်ရီဟာ ကလေးချင်း မတော်တဆဝင်တိုက်မိရာကနေ ဗိုက်နာတယ်လို့ သူ့အမေကိုပြောပြတယ်လို့ ဆိုပါတယ်။

    အဲ့ဒါကြောင့် ရှောင်ရီရဲ့အမေက စိုးရိမ်ပြီး Chengwu County People’s Hospital ကိုသွားပြတယ်လို့ ဆိုပါတယ်။

    ဆေးရုံက abdominal hematoma ဝမ်းဗိုက်မှာသွေးစုတာတွေ့တယ်ဆိုပြီး ရှောင်ရီရဲ့အမေကို ပြောပါတယ်။

    ဆေးရုံမှာ လိုအပ်တဲ့စစ်ဆေးစစ်မှုတွေပြုလုပ်ပြီးနောက် ရှောင်ရီကိုခွဲစိတ်မှုပြုလုပ်ပေးဖို့ ဆေးရုံတင်ရမယ်လို့ ပြောပါတယ်။

    အစတုန်းကတော့ သွေးခဲလေးပိတ်နေတာဖြစ်ပြီး ခွဲစိတ်မှုအသေးစားလေးလုပ်လိုက်ရင်အဆင်ပြေသွားမယ်လို့ ရှောင်ရီရဲ့အမေကိုဆေးရုံက ပြောတယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ ခဏနေတော့ ဆရာဝန်တစ်ယောက်ပြေးထွက်လာပြီး သွေးတွေအလွန်ထွက်နေတာမို့လို့ အကြီးစားခွဲစိတ်မှုကို ဆက်လုပ်ဖို့ ဝမ်းဗိုက်ကိုဖွင့်ရမယ်လို့ အရေးပေါ်အကြောင်းကြားပါတယ်။

    ရှောင်ရီခွဲခန်းဝင်တာ ၁၄ နာရီကြာပြီး နောက် ခွဲခန်းထဲမှာဘာဖြစ်နေသလဲဆိုတာ အပြင်ကမိဘတွေကမသိရပေမဲ့ ဆေးရုံဝင်ထမ်းတွေက ထွက်ထွက်လာပြီး ရှောင်ရီရဲ့ဘယ်အင်္ဂါအစိတ်အပိုင်းကမကောင်းလို့ တစ်ခါတည်းဖယ်ရှားရမယ်ဆိုပြီး မိဘတွေကို လက်မှတ်ထိုးခိုင်းတယ်လို့ ဆိုပါတယ်။

    အဲ့ဒီလိုနဲ့ လေးငါးခြောက်ခါလောက် လက်မှတ်ထိုးရတဲ့အခါကျတော့ အပြင်ကမိဘတွေက စိတ်ပူပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်လာကြပါတယ်။

    ဒါပေမဲ့ ရှောင်ရီခွဲခန်းထဲဝင်နေရတဲ့ အရေးကြီးတဲ့အခြေအနေမို့လို့ရယ်၊ သူတို့ကိုယ်တိုင်ဘာမှတတ်နိုင်တဲ့ကိစ္စမဟုတ်လို့ ဆေးရုံကိုသာပုံအပ်ထားရပါတယ်။

    အဲ့ဒီလိုနဲ့ ရှောင်ရီရဲ့ အစာအိမ်တစ်ခြမ်း၊ အူအိမ်ဦး၊ အူသိမ်၊ ပန်ကရိယ၊ သည်းခြေအိတ်နဲ့အူမကြီးအစိတ်အပိုင်းအချို့ဟာ ခွဲထုတ်ခံလိုက်ရပါတယ်။

    ရှောင်ရီခမျာ အဲ့ဒီကတည်းက ဆေးရုံနေဆင်းရတယ်လို့မရှိပဲ ယနေ့အထိ ဆေးရုံပေါ်မှာ နေရတာ ၂ နှစ်ရှိပြီဖြစ်ပါတယ်။

    အဲ့ဒီလိုကလီစာတွေကို ခွဲထုတ်လိုက်လို့ ရှောင်ရီလေးရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းစနစ်ထိခိုက်သွားတာကြောင့် ရှောင်ရီလေးဟာ အစာစားလို့မရတော့ပဲ အဟာရတွေကိုသွေကြောကနေ သွင်းနေရတယ်လို့ ဆိုပါတယ်။

    ရှောင်ရီရဲ့မိဘဆွေမျိုးတွေက မကျေနပ်ပဲတိုင်တန်းတဲ့အတွက်ကြောင့်မို့လို့ အခြား third-party စုံစမ်းစစ်ဆေးရေးလုပ်တဲ့အခါမှာ ၂၀၂၄ ဒီဇင်ဘာလမှာ ဆေးရုံရဲ့လုပ်ရပ်တွေမှားယွင်းကြောင်း အစီရင်ခံစာထွက်လာခဲ့ပါတယ်။

    ဒါ့အပြင်အခုလိုခွဲစိတ်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဖယ်ရှားခံရမှုကြောင့် ကလေးမှာဒီလိုဖြစ်သွားတယ်ဆိုတာပါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

    Chengwu County ကျန်းမာရေးကော်မရှင်က ဆေးရုံမှာတာဝန်ရှိတယ်လို့အမိန့်ချတဲ့အတွက်ကြောင့်မို့လို့ ဆေးရုံကတရုတ်ငွေ ယွမ် ၂ သိန်းပေးလျော်ခဲ့ပါတယ်။

    ဒါပေမဲ့ ဒီလိုဆေးရုံရဲ့အမှားကြောင့် ရှောင်ရီလေးဟာ အသက်ကြီးလာရင်အလုပ်လုပ်လို့လည်းမရသလို အသက်ဘယ်လောက်ရှည်မလဲလည်း မသိရပါ။

    ရှောင်ရီရဲ့မိဘတွေက ရှောင်ရီလေးကို တခြားဆေးရုံတွေတင်ပြီး ကုသဖို့ကြိုးစားခဲ့ပါတယ်။

    ဒါပေမဲ့ ရှောင်ရီလေးကိုကယ်ဖို့က ခွဲထုတ်ခံထားရတဲ့ ကလီစာတွေကို အလှုရှာပြီး အစားထိုးပြန်ထည့်ပြီး ကုသမှရမယ်လို့ဆိုပါတယ်။

    အခုလိုဆေးရုံကပေးတဲ့ လျော်ကြေးငွေ ယွမ် ၂ သိန်းဟာ ရှောင်ရီဆေးကုစားရိတ်ရဲ့အစိတ်အပိုင်း ပမာဏအသေးစားလေးသာဖြစ်တာကြောင့် မိဘတွေက တရားမျှတမှုရဖို့ မျှော်လင့်နေပါတယ်။

    ရှောင်ရီရဲ့မိဘတွေက ကလေးကိုခွဲစိတ်တုန်းက ခွဲခန်းထဲက CCTV မှတ်တမ်းတွေကိုထုတ်ပေးဖို့ တောင်းဆိုလျှက်ရှိပြီး အမှန်တရားအမြန်ဆုံးပေါ်ပေါက်ဖို့နဲ့ ရှောင်ရီလေးအတွက် တရားမျှတမှုရဖို့ တစိုက်မတ်မတ်တောင်းဆိုနေကြပါတယ်။

    7-November -2025
    #RichardMyoThant

  • မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးလာသော လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ရန် လိုက်လံ ဖမ်းဆီးစဉ် ရပ်ထားသော ကားကို ဝင်တိုက်ပြီး ၁ ဦးသေကာ ၃ ဦးဒဏ်ရာရ

    မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးလာသော လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ရန် လိုက်လံ ဖမ်းဆီးစဉ် ရပ်ထားသော ကားကို ဝင်တိုက်ပြီး ၁ ဦးသေကာ ၃ ဦးဒဏ်ရာရ

    ရန်ကုန်၊ နိုဝင်ဘာ ၇

    မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးလာသော လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ရန် လိုက်လံ ဖမ်းဆီးစဉ် ရပ်ထားသော ကားကို ဝင်တိုက်ပြီး ၁ ဦးသေကာ ၃ ဦးဒဏ်ရာရရှိကြောင်း ယင်းဖြစ်စဉ်တွင်ဒဏ်ရာရရှိသူ ၁ ဦး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

    ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် စစ်တပ်က လူငယ်များကို တားဆီးစစ်ဆေးခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်စဉ် ဆိုင်ကယ်စီး လူငယ်တချို့ကိုလည်း တားဆီးစစ်ဆေး၍ ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ယင်းအချိန် ဆိုင်ကယ်စီး လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးရန် ပြင်ဆင်နေစဉ် လူငယ် ဆိုင်ကယ် ရပ်မပေးဘဲ မောင်းပေးခဲ့ကြောင်း၊ အဆိုပါ လူငယ်တို့ကို စစ်တပ်က အိမ်စီးကား၊ စစ်ကားများဖြင့် လိုက်လံ ဖမ်းဆီးရာ အဆိုပါ ဆိုင်ကယ်မှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၇ လမ်း နှင့် လမ်း ၈၀ တွင် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးတွင် ရပ်ထားသော ကားကို ဝင်တိုက်ခဲ့ပြီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    “ဒီဖြစ်စဉ်က သူ့ဘာသာ ဆိုင်ကယ်တိုက်တာမဟုတ်ပါဘူး။ နောက်က နေ စစ်ခွေးတွေကားက ပေါ်တာဆွဲဖို့ ဆိုင်ကယ်သမားလူငယ်ကို လိုက်တာမှာ ဆိုင်ကယ်သမားလူငယ်က ထွက်ပြေး ၊ပြေးရင်း ရပ်ထားတဲ့ကားဝင်တိုက်တာပါ။ ၁ ဦးပွဲချင်းပြီးသေဆုံးပါတယ်။ ကျန် ၃ ဦးကလည်း ဒဏ်ရာ အပြင်းအထန်ရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မန္တလေးအခြေစိုက် “မဏီစလ” လူမူကူညီရေးအသင်းနှင့် “ပရဟိတဓါရီ” လူမူကူညီရေးအသင်းတို့က ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ပြီး ဒဏ်ရာရရှိသူများနှင့် သေဆုံးသူတို့ကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

    မန္တလေးမြို့ပေါ်တွင် ယခုနိုဝင်ဘာလလယ်ပိုင်းဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၉ အတွက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများကို အကြီးအကျယ်လုပ်ဆောင်လာကြောင်း မန္တလေးမှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

  • အရက်မူးပြီး လူကြားထဲ မက္ကဆီကို သမ္မတကို နမ်းဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား အဖမ်းခံရ

    အရက်မူးပြီး လူကြားထဲ မက္ကဆီကို သမ္မတကို နမ်းဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား အဖမ်းခံရ

    မက္ကဆီကိုမှာ သမ္မတကို လူကြားထဲမှာ ဖက်ပြီး နမ်းဖို့ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ဦး အဖမ်းခံခဲ့ရပါတယ်။ သူ့ကို ဖမ်းဆီးဖို့ မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွမ်း ကိုယ်တိုင်က အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

    နိုဝင်ဘာ ၄ ရက်နေ့တုန်းက ရှိန်ဘွမ်းဟာ မက္ကဆီကို စီးတီးမှာရှိတဲ့ သမ္မတ နန်းတော်နားမှာ ထောက်ခံသူတွေနဲ့ တွေ့ဆုံနေချိန် အဲဒီ အမျိုးသားက အနောက်ကနေ ချဉ်းကပ်လာပြီး သူ့လည်ပင်းနားကို နမ်းဖို့၊ လူကိုလည်း သိုင်းဖက်ဖို့ ကြိုးစားခဲ့ပါတယ်။ ပြီးတော့ သူ့လက်ကလည်း ရှိန်ဘွမ်းရဲ့ ရင်ဘတ်နဲ့ ထိလုနီးပါးထိ ဖြစ်ခဲ့တာကို ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။

    ဒါကို ရှိန်ဘွမ်းရဲ့ ဝန်ထမ်းတွေက ကြားဝင်ပြီး အရက်မူးနေဟန်ရှိတဲ့ အမျိုးသားကို တခြားတစ်နေရာဆီ ဆွဲခေါ်သွားခဲ့ရပါတယ်။ အဲဒီတုန်းက ရှိန်ဘွမ်းဟာ အပြုံးမပျက်ခဲ့ပေမယ့် ထိတ်လန့်သွားခဲ့တာတော့ မြင်သာပါတယ်။

    နိုဝင်ဘာ ၅ ရက်နေ့မှာတော့ သမ္မတက အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်နဲ့ ရဲတိုင်ခဲ့ပြီး အမျိုးသားလည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ပထမတော့ သူဟာ ဒီကိစ္စကို အမှုဖွင့်ဖို့ အစီအစဉ် မရှိခဲ့ပေမယ့် အဲဒီအမျိုးသားက နောက်ထပ် အမျိုးသမီး တချို့ကိုလည်း အလားတူ အနှောင့်အယှက် ပေးနေခဲ့တယ်ဆိုတာ ကြားသိတဲ့နောက် သူ့ဆုံးဖြတ်ချက် ပြောင်းသွားခဲ့တာလို့ မက္ကဆီကိုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာသူ အသက် ၆၃ နှစ်အရွယ် ရှိန်ဘွမ်းက ပြောပါတယ်။

    သူ့ခံယူချက်က ရိုးရှင်းကြောင်း၊ ဒီလိုလူမျိုးကို မတိုင်ကြားရင် နောက်ထပ် မက္ကဆီကို အမျိုးသမီးတွေ ဘာတွေ ဆက်ကြုံမလဲ ဆိုတာကို တွေးမိကြောင်း၊ သမ္မတကိုတောင် ဒါမျိုးလုပ်တဲ့ လူစားတွေဟာ တစ်နိုင်ငံလုံးက တခြားအမျိုးသမီးတွေကိုလည်း လက်ဆော့မှာ သေချာကြောင်း ရှိန်ဘွမ်းက ဆိုပါတယ်။

    အစိုးရက ဒီဖြစ်စဉ်ကို ပြန်လည် ဆန်းစစ်နေပြီး အလားတူ ကျူးလွန်မှုတွေကို မက္ကဆီကိုရဲ့ ပြည်နယ်တိုင်းမှာ ရာဇဝတ်မှုအဖြစ် သတ်မှတ်ရေး စည်းရုံး လှုပ်ရှားသွားမှာဖြစ်ကြောင်းလည်း သူက ပြောကြားသွားပါတယ်။ မက္ကဆီကိုမှာတော့ ပြည်နယ် ၃၂ ခုမှာ ရာဇဝတ်ကြောင်းဆိုင်ရာ ဥပဒေတွေက ပြည်နယ်အလိုက် ကွဲပြားတဲ့ သတ်မှတ်ချက်တွေနဲ့ ကျင့်သုံးပြီး အခုလို အနှောင့်အယှက် ပေးမှုကို ပြည်နယ်တိုင်းမှာ ရာဇဝတ်မှုလို့ သတ်မှတ်မထားပါဘူး။

    နောက်ထပ် အမျိုးသမီးတွေကိုပါ အနှောင့်အယှက် ပေးနေကြောင်း သိသွားပြီး တရားမစွဲတုန်းကထိ ရှိန်ဘွမ်းဟာ အဲဒီအမျိုးသားကို ယဉ်ယဉ်ကျေးကျေး တုံ့ပြန်ခဲ့ပြီး ဓာတ်ပုံ အတူတွဲရိုက်ဖို့လည်း သဘောတူခဲ့ပါတယ်။ အဲဒီ အမျိုးသားဟာ အရက်မူးနေတာကိုတော့ သူသတိထားမိကြောင်း၊ တခြားမူးယစ်ဆေး တစ်မျိုးမျိုး သုံးထားသလား ဆိုတာကိုတော့ မပြောတတ်ကြောင်း၊ ဗီဒီယိုတွေ ပြန်ကြည့်တော့မှ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို သေချာ သဘောပေါက်ခဲ့ကြောင်း ရှိန်ဘွမ်းက နောက်တစ်နေ့မနက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    မက္ကစီကို စီးတီးမှာတော့ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှု စွပ်စွဲချက်ဟာ ရာဇဝတ်မှုမြောက်ပြီး အမျိုးသားလည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး သမ္မတရဲ့ အနီးကပ် လုံခြုံရေးတွေလည်း အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။

    ကုလသမဂ္ဂရဲ့ လိင်ခွဲခြားမှု ဆန့်ကျင်ရေး အစုအဖွဲ့ တစ်ခုဖြစ်တဲ့ UN Womenရဲ့ အဆိုအရ မက္ကဆီကိုမှာ အသက် ၁၅ နှစ်အထက် အမျိုးသမီး အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဘဝမှာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အနှောင့်အယှက်ပေးမှု အနည်းဆုံးတစ်ကြိမ် ကြုံခဲ့ဖူးကြောင်း သိရပါတယ်။

  • PPP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သားဖြစ်သူတို့ လူသတ်မှုဖြင့် ဖမ်းဆီးခံရ

    တန်ဆောင်မုန်း သူခိုးကြီးညက နေအိမ်မှာ ကြက်လာခိုးတဲ့ အမျိုးသားတယောက်ကို ရိုက်နှက် သတ်ဖြတ်ခဲ့မှုနဲ့ တောင်ကြီးမြို့က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးနဲ့ သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    နိုဝင်ဘာ ၅ ရက် မနက် ၂ နာရီခွဲလောက်မှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရပ်ကွက် ၁ နယ်မြေ ၂ မှာနေတဲ့ ဦးစိုင်းထွန်းဆာက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးရဲ့ ခြံထဲရှိ ကြက်ကို ဝင်ခိုးခဲ့ရာ သားအဖ ၂ ယောက်က တုတ်နဲ့ ဝိုင်းဝန်းရိုက်နှက်လို့ သေဆုံးသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “သူခိုးညမှာ ချက်စားဖို့ အိမ်ဘေးနားကလူက သူ့ခြံထဲက ကြက်ကိုဝင်ခိုးတာ။ ဦးရွှေထီးတို့ သားအဖမြင်ပြီး တုတ်နဲ့ ခြေထောက်တွေ၊ ခေါင်းတွေ၊ လက်တွေကို ရိုက်တာ နေရာမှာတင် ပွဲချင်းပြီးပဲ၊ သေတဲ့လူက သူရဲ့ဘေးအိမ်က အရပ်ထဲကလူ၊ မွေးမြူရေးလုပ်တာ သူတို့သားအဖကို နေ့လယ်ကပဲ ရဲတွေ ဖမ်းသွားတယ်။”

    ပြစ်မှုကျူးလွန်သူ ဦးစိုင်းရွှေထီးနဲ့ စိုင်းကျော်စိုးမိုးတို့ကို အေးသာယာနယ်မြေရဲစခန်းက ဖမ်းဆီးပြီး (ပ)အမှတ် ၇၁ /၂၀၂၅ ၊ပုဒ်မ ၃၀၂/ ၁၁၄ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “သူခိုးကြီးညအတွက် အပျော်သဘောနဲ့ တရပ်ကွက်တည်းနေတဲ့သူက အပျော်သဘောနဲ့ ကြက်လေး ခိုးစားတာတောင် လူတယောက် ရိုက်သတ်ဆိုရင်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားလို့ အာဏာသာ ရသွားရင် မလွယ်ဘူး။ တော်သေးတယ်၊ ဒီလိုလူမျိုးတွေ လွှတ်တော်ကိုယ်စားလှယ် မဖြစ်တော့တာ။ အခုစခန်းက ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတယ်။”

    စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဦးစိုင်းရွှေထီးက အချိုးကျ PR စနစ်နဲ့ ပြည်သူ့ရှေ့ဆောင် PPP ပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ် ၁ မှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။