Category: News

  • ဟားခါးရှိ  မူလတန်းကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ

    ဟားခါးရှိ မူလတန်းကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ

    ဟားခါးရှိ မူလတန်းကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၍ ကျောင်းသား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

    ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာကျေးရွာရှိ မူလတန်းစာသင်ကျောင်းကို စစ်ကော်မရှင် တပ်ဖွဲ့ဝင် များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား နှစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    စစ်ကော်မရှင်သည် ဗန်ဟာကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲထားခြင်း နှင့် စစ်ရေး လှုပ်ရှားမှုများ မရှိသော်လည်း ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    “ကျောင်းကို ဗုံးကြဲတာဆိုပေမယ့် ကျောင်းတည့်တည့် မထိဘဲ ကလေးတွေ သန့်ရှင်းရေးလုပ်တဲ့ ကျောင်းအနောက်ဘက်မှာ ကျပါတယ်။ အဲဒီမှာ ကလေးနှစ်ယောက်က ရှေ့ဆင့်နောက်ဆင့် ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု ဟားခါးမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

    သေဆုံးသွားသည့်ကျောင်းသားနှစ်ဦးသည် အသက် (၇) နှစ်ဝန်းကျင်ရှိ မောင်ဂျိုဟန် (Johan)နှင့် မဇိန်ကျဲရ် (Zin Cer) တို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသူများတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် ကျောင်းသားများလည်း ပါဝင်ကြောင်း သိရသည်။

    ထို့အပြင် စစ်ကော်မရှင်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း အဆောက်အအုံ အပါအဝင် အနီးအနားရှိ လူနေအိမ်အချို့ပါ ဗုံးစထိမှန်၍ ပျက်စီးသွားခဲ့သည်။

    စစ်ကော်မရှင်သည် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့ ညကလည်း မတူပီမြို့ပေါ်ကို ပေါင် ၅၀၀ ဗုံးသီးများဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်၍ လူအများအပြား ထိခိုက်သေဆုံးပြီး ယေရှူအသင်းတော် ဘုရားရှိခိုးကျောင်း လည်း ပျက်စီးခဲ့သည်။

    ထို့အတူ ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့ကလည်း မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်းချောင်း ကျေးရွာ စာသင်ကျောင်းကို လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ ကျောင်းသား ကျောင်းသူ လေး ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    ပုံစာ- စစ်ကော်မရှင်က ဟားခါးမြို့နယ်၊ ဗန်ဟာကျေးရွာရှိ မူလတန်းစာသင်ကျောင်းကို ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။

  • အရက်နှင့် မူးယစ်ဆေးကြောင်နေသည့် ရဲ ၁ ဦးက မိန်းမဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်

    အရက်နှင့် မူးယစ်ဆေးကြောင်နေသည့် ရဲ ၁ ဦးက မိန်းမဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်

    ရန်ကုန်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတယောက်က အရက်နဲ့ မူးယစ်ဆေးကြောင်ပြီး မိန်းမဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူထံက သိရပါတယ်။

    အောက်တိုဘာ ၉ ရက်မှာ ရဲတပ်သား သန်းထိုက်အောင်ဟာ လုံခြုံရေး ဂျူတီ တာဝန်ထမ်းဆောင်ဖို့ မိန်းမဖြစ်သူက သတိပေးစကားပြောတဲ့ အချိန်မှာ ခါးကြားက သေနတ်ကို ထုတ်ပြီး မိန်းမဖြစ်သူ မသူဇာဝင်းရဲ့ နားထင်ကို သေနတ်နဲ့တေ့ ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။

    သေဆုံးတဲ့ ရဲတပ်သားရဲ့ မိန်းမ မသူဇာဝင်းဟာ အသက် ၂၃ နှစ်သာ ရှိသေးပြီး သူ့မှာ လူမမည် ကလေးတယောက်လည်း ကျန်ရစ်ခဲ့တယ်လို့ ဒေါပုံ ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။

    ဒီနေ့ အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းက မသူဇာဝင်းရဲ့အလောင်းကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ရှိ ကျည်စုသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

    ရဲစခန်းနဲ့ နီးစပ်သူ တယောက်က “ရဲစခန်းတွေမှာက အရက်နဲ့ မူးယစ်ဆေးက အကြိုက်သုံးနေကြတာလေ။ အခု ရဲကလည်း သူ့မိန်းမနဲ့ စကားများ ရန်ဖြစ်တာ မဟုတ်ဘူး။ ဆေးကြောင်နေတာ။ အရက်ကလည်း မူးနေတုန်း အဲဒီလို ဖြစ်တာ။ သူ့မိန်းမက ကလေးသိပ်ပြီးတော့ သန်းထိုက်အောင်ကို လုံခြုံရေးအတွက် သွားဖို့ ပြောတဲ့အချိန်မှာ ပစ်သတ်တာလို့ သိရတယ်။ တချက်တည်း ပွဲချင်းပြီးပဲ။ လူမှုကူညီရေးအသင်းက သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ကြတယ်”လို့ပြောပါတယ်။

    ရဲတပ်သား သန်းထိုက်အောင်ဟာ မကြာသေးခင်ကမှ ဧရာဝတီတိုင်းကနေ ရန်ကုန်ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်တာဖြစ်ပြီး လက်ရှိမှတော့ စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

  • ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား

    ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား

    ပြည်သူ​တွေက BC လုပ်ထားလို့ ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား

    ပွဲငှားနဲ့ ရုပ်ရှင်ကားရိုက်ဖို့ ခေါ်တာတွေ မရှိတော့လို့ ထိုင်စောင့်နေရကြောင်းပြည်သူတွေကသပိတ်​မှောက် (BC-boycott)ထားတဲ့ စစ်တပ်ထောက်ခံသူ ဟာသလူရွှင်တော် ဒိန်းဒေါင်ကပြောပါတယ်။

    အာဏာသိမ်းကာလတလျှောက်လုံး စစ်ကောင်စီကိုထောက်ခံခဲ့ပြီး စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်တွေ၊ ဝါဒဖြန့်ဖျော်ဖြေပွဲတော်တွေမှာ လုပ်ကိုင်ပေးခဲ့တဲ့ ဟာသလူရွှင်တော်ဒိန်းဒေါင်ဟာ ပွဲငှားရော ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေပါ ခေါ်ယူတာတွေ မရှိတော့လို့ စောင့်မျှော်နေရကြောင်း NSS Youtube channel မှာ ဖြေဆိုထားတာတွေ့ရပါတယ်။

    “ပွဲငှားတွေနည်းသွားတယ်။ ဇာတ်ကားတွေလည်း မရိုက်ရဘူး။ ရင်ထဲကခံစားချက်လေးပေါ့။ တချို့တွေ ဒိန်းဒေါင်ပါတဲ့ ရုပ်ရှင်ကားကို ရုံတင်တဲ့အခါ လူလာမကြည့်ရင် မင်းတာဝန်ယူမလားဆိုတဲ့ ပရိုဂျူဆာ၊ ဒါရိုက်တာတွေလည်းရှိတယ်။ နံပါတ် ၁ မရိုက်ရခြင်းအကြောင်းရင်းပေါ့။”လို့ ဒိန်းဒေါင်က ပြောပါတယ်။

    ယခင်က စစ်ကောင်စီရဲ့ တိုင်းရုံးတွေ၊ ဌာနဆိုင်ရာတွေမှာ ၂၀၂၃ ခုနှစ်လောက်အထိ ဖျော်ဖြေခဲ့ရ​ပေမယ့် ၂၀၂၄ ခုနှစ် ကစပြီး ဒီကနေ့အထိ ငှားရမ်းတာတွေ မရှိတော့ဘူးလို့ ဒိန်းဒေါင်က ငြီးတွားပါတယ်။မြဝတီရုပ်မြင်သံကြားမှာ တနှစ်တကြိမ်လောက်သာ ရိုက်ရပြီး မြန်မာ့ရုပ်မြင်သံကြားမှာတော့ တကြိမ်ပဲ ရိုက်ရသေးတယ်လို့လည်း သူကဆက်​ပြောပါတယ်။

    “တဘက်ကမငှားရင်တဘက်ကတော့ငှားသင့်တယ်လေ သိတယ်မလား နှစ်ဖက်ထဲရှိတာကိုး အဲဒီတော့ ဟိုဘက်ကလည်းမငှားဘူး။ ဒီဘက်ကလည်းမငှားဘူး။ဟိုဘက်မှာလည်း မရိုက်ရဘူး။ ဒီဘက်မှာလည်း မရိုက်ရဘူး။ ကြားထဲက ငုတ်တုပ်မေ့တာပေါ့။”လို့ ဒိန်းဒေါင်က ပြောပါတယ်။

    ဒါ့ကြောင့် ပွဲငှားနဲ့ ရုပ်ရှင်ကားရိုက်ဖို့ ခေါ်တာကို စောင့်နေရပြီး စစ်ကောင်စီအနေနဲ့လည်း အရင်ကလို တိုင်းပွဲတွေ၊ ဌာနဆိုင်ရာပွဲတွေမှာ ခေါ်ပေးဖို့ဆိုပြီး ဒိန်းဒေါင်က တောင်းဆိုထားပါတယ်။

    စစ်တပ်​က ​ရွေး​ကောက်ခံအရပ်သားအစိုးရကို လက်နက်အားကိုနဲ့ ဖြုတ်ချပြီး အဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ ပြည်သူ​တွေက စစ်တပ်ကို​ထောက်ခံတဲ့၊ စစ်တပ်နဲ့ နီးစပ်တဲ့ လူပုဂ္ဂိုလ်​၊ အဖွဲ့အစည်း​​တွေကို သပိတ်​မှောက်တာ၊ လူမှု​ရေးပစ်ဒဏ်ခတ်တာ​တွေကို လုပ်ခဲ့ကြပါတယ် ။

    ပြည်သူ​တွေရဲ့ သပိတ်​မှောက်တာ ၊လူမှု​ရေးပြစ်ဒဏ်ခတ်တဲ့အထဲ အနုပညာရှင်​တွေလည်းပါဝင်ပါတယ်။

    စစ်တပ်အာဏာသိမ်းကာလ ကြာရှည်လာတဲ့အခါ ပြည်သူ​တွေရဲ့ သပိတ်​မှောက်တာ၊ လူမှု​ရေးပြစ်ဒဏ်ခတ်တာ အရင်ကနဲ့စာရင် ​လျော့နည်းလာ​ပေမယ့် သပိတ်​မှောက်တာ၊ လူမှု​ရေးပြစ်ဒဏ်ခတ်တာ​တွေဆက်လုပ်​နေကြဆဲဖြစ်ပါတယ်။

  • ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

    ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

    ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းသား ၂ ဦးသေဆုံးပြီး ကျောင်းသားတချို့ ပျောက်ဆုံးနေ

    ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး ကျောင်းသားတချို့ ပျောက်ဆုံးနေကြောင်း Chinland Defense Force-Hakhaနှင့် ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဗန်ဟာရွာ စာသင်ကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျောင်းသား ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ သေဆုံးသွားသော ကျောင်းသား ၂ ဦးသည် အသက် ၁၀ နှစ်အရွယ် ကလေးငယ်များဖြစ်ပြီး ပျောက်ဆုံးနေသော ကျောင်းသား တချို့ကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သိရှိရသည်။

    “သေဆုံးသွားတဲ့ ကျောင်းသားလေး ၂ ဦးက ၃ တန်းနဲ့ ၅ တန်းအရွယ် ကလေးငယ်တွေပါ။ လေကြာင်း တိုက်ခိုက်မှု အတွင်းမှာလည်း ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ သိရပါတယ်။ ပျောက်ဆုံးနေသူတွေကိုတော့ ဆက်လက် ရှာဖွေနေပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

    အဆိုပါ လေကြောင်းတိုက်ခိုက်မှု အတွင်း ကျောင်းသား၊ ကျောင်းသူများ ထိခိုက်သေဆုံးမှုရှိကြောင်းကို Chinland Defense Force-Hakha က အတည်ပြုပြောဆိုသော်လည်း သေဆုံးသူ အရေအတွက်ကို ပြောဆိုခြင်းမရှိသေးပေ။

  • ကာကင်းစခန်းအားလုံး သိမ်းပိုက်ထားပြီး နတ်ရေကန်ကို ဝိုင်းပတ်ပိတ်ဆို့ထား

    ကာကင်းစခန်းအားလုံး သိမ်းပိုက်ထားပြီး နတ်ရေကန်ကို ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် စခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

    မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ချိတ်ဆက်ထားပြီး စစ်ရေးအရ ဗျူဟာကျတဲ့ ရိုးမပေါ်က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းက ကာကင်းစခန်းအားလုံးကို အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နတ်ရေကန်စခန်းကို အဖက်ဖက်ကပိတ်ဆို့ကာ အပြီးသတ်သိမ်းနိုင်ဖို့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။

    နတ်ရေကန်ကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ ဗစည်ရွာလမ်းဟောင်းနဲ့ ဂုတ်ကြီးရွာလမ်းသစ်ပေါ်က လုံခြုံရေးအထပ်ထပ်ချထားတဲ့ စစ်အုပ်စုရဲ့ကာကင်းစခန်းတွေကို အောက်တိုဘာလ အစောပိုင်းကတည်းက အာရက္ခတပ်တော်နဲ့ တော်လှန်ရေးပူးပေါင်းအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဒါ့ကြောင့် လမ်းဟောင်းနဲ့ လမ်းသစ်ပေါ်က စစ်အုပ်စုစခန်းတွေအားလုံးကို သိမ်းပိုက်လိုက်တာဟာ နတ်ရေကုန်လေကြောင်းရန်ကာကွယ်ရေးစခန်းကိုပါ တစ်ပါတည်း ဝိုင်းပတ်ပိတ်ဆို့ထားနိုင်တဲ့ အခြေအနေရောက်သွားသလို စခန်းသိမ်းတိုက်ပွဲအတွက် တော်လှန်ရေးအင်အားစုတွေက ဆက်လက်ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    “(ကာကင်းစခန်းတွေအားလုံးရပြီးပြီဆိုတာ) ဟုတ်ပါတယ်။ ပတ်လည်ဝိုင်းပြီး ပိတ်ဆို့ထားတာတော့ မှန်ပါတယ်။ နတ်ရေကန် ဗျူဟာကုန်းသပ်သပ်ပဲ ကျန်နေတာမျိုးပါ”

    နတ်ရေကန်စခန်းဟာ အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေအတွက် မကွေးတိုင်းကို ထိုးစစ်ဆင်နိုင်ဖို့ အကြီးဆုံးနဲ့ စစ်ရေးအရ ဗျူဟာအကျဆုံးဖြစ်သလို စစ်သည်အင်အား ၁၀၀၀ ဝန်းကျင်နဲ့ အထိုင်ချထားတဲ့ ရိုးမပေါ်က လေကြောင်းရန်ကာကွယ်ရေး စခန်းကြီးဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။

    စစ်အုပ်စုကလည်း နတ်ရေကန်စခန်းကို လက်မလွှတ်ရဖို့အတွက် လေကြာင်းထိုးစစ်တွေပါ အသုံးပြုနေပြီး နေ့ညမရွေးဗုံးကြဲကာအရေး ခုခံကာကွယ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    “လေကြောင်းတိုက်ခိုက်မှုတော့ နေ့တိုင်းရှိပါတယ်”

    ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကလည်း နတ်ရေကန်စခန်းရဲ့ တောင်အောက်ခြေမှာရှိတဲ့ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်ကနေ ထိုးစစ်ဆင်လာရာမှာ နှစ်နာရီကျော်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအနေနဲ့ တပ်လန်ဆုတ်ခွာသွားခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

    စက်တင်ဘာလ ၇ ရက် မနက် ၁၁ နာရီမှာလည်း စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်ကနေ ဆက်လက်ထိုးစစ်ဆင်လာခဲ့ရာ ၈ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်သား အလောင်း ၆၀ ကျော်သေဆုံးပြီး ၁၀ဦးခန်းမနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

    စစ်အုပ်စုအနေနဲ့ နတ်ရေကန်အနီး ထိုးစစ်ဆင်ရာမှာ အရင်ကစွန်တက်ရွာရဲ့ အရှေ့တောင်ဘက်ကနေ တော်လှန်ရေးအင်အားစုတွေ စိုးမိုးဒေသတွေကို ထိုးစစ်ဆင်လေ့ရှိပေမဲ့ အခုတစ်ခါမှတော့ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်ကနေ ဗျူဟာပြောင်းလဲထိုးစစ်ဆင်လာခဲ့တာဖြစ်တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

    တရုတ်အကူအညီနဲ့ လာရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နဲ့ နောင်ချို့မြို့တွေကို စစ်အုပ်စုက ပြန်လည်ရယူပြီးနောက် ရှမ်းမြောက်ကနေ အောင်ပွဲတွေ ရယူလာတဲ့ပုံ ခွန်အားပေးပြီး အသစ်စုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားအသစ်တွေနဲ့ မကွေးတိုင်း-ရခိုင်ပြည်အစပ်နဲ့ ဧရာဝတီတိုင်း-ရခိုင်ပြည်အစပ်နေရာတွေကို အင်အားတစ်ထောင်ကျော်အသုံးပြုပြီး ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။