Category: News

  • AA ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဖိုက်တာစစ်ခန်းကုန်းမှ စစ်သားများ လက်နက်များကိုစွန့်ပစ်ကာ ကစင့်ကလျားဆုတ်ခွာထွက်ပြေး

    AA ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဖိုက်တာစစ်ခန်းကုန်းမှ စစ်သားများ လက်နက်များကိုစွန့်ပစ်ကာ ကစင့်ကလျားဆုတ်ခွာထွက်ပြေး

    (စစ်သားများမှာ တပ်ကိုမပြန်တော့ဘဲ ထွက်ပြေးပုံရဟုဆို)

    မကွေးတိုင်း ငဖဲမြို့နယ်၊ပဒန်းမြို့အနီးရှိ နတ်ရေကန်တောင်ပေါ်တွင်တည်ရှိသည့် အကြမ်းဖက် စစ်တပ်၏ လေကြောင်းရန်ကာကွယ်ရေးဗျူဟာကုန်း၏ အားထားရသည့်ဖိုက်တာစခန်းကုန်းကို အာရက္ခတပ်တော် (AA)ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့က ထိုးစစ်ဆင် တိုက်ခိုက်ရာ စစ်သားများမှာ လက်နက်ကြီးများကိုသာမက လက်နက်များကိုပါ စွန့်ပစ်ကာ ကိုယ်လွတ်ရုန်းပြီး ကစင့်ကလျားဆုတ်ခွာထွက်ပြေးသွားကြသည်ဟု သတင်းရရှိသည်။

    စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဒီစခန်းကုန်းက နာမည်ကြီး။ ဗိုလ်မှူးအဆင့်ရှိတဲ့သူထိုင်တာ။ဖိုက်တာစခန်းကုန်းလို့နာမည်ကြီး စခန်းကုန်းပါ။ဘာကြောင့်တော့မသိဘူး။ စစ်သားတွေ လက်နက်တွေကို စွန့်ပစ်ပြီးထွက်ပြေးတာ။ အဲဒီစခန်းကုန်းကို အချိန်တိုတိုနဲ့ အပြတ်သတ်ချေမှုန်းသိမ်းပိုက်လိုက်တယ်”ဟုပြောသည်။

    AA ဦးဆောင်သည့်တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်းစစ်သား၄၀ ထက်မနည်းသေဆုံးကာအများအပြားမှာဒဏ်ရာရရှိသွားပြီးလက်နက်ခဲယမ်းများကိုချန်ထားကာအကုန်ထွက်ပြေးသွားသည်ဟုဆိုသည်။

    “နတ်ရေကန်တောင်ရှိ လေကြောင်းရန်ကာကွယ်ရေးဗျုဟာကုန်းရဲ့ အားကိုးအားထားရတဲ့ ဖိုက်တာစခန်းကုန်းဆိုတော့ လက်နက်ကြီးတွေပါ ဆင်ထားတာ။ အကုန်ရလိုက်တယ်။ ဒီလိုများများလှူဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

    ၎င်းစခန်းတွင် စစ်ကောင်စီအင်အား ၁၀၀ ကျော်ရှိပြီး ဒရုန်း၊ စနိုက်ဘာ၊ လက်နက်ကြီးအမျိုးအစားအများအပြား တပ်ဆင်ထားသောဖိုက်တာစခန်းကုန်းတစ်ခုဖြစ်သည်ဟုဆိုသည်။

    အာရက္ခတပ်တော်နဲ့ပူးပေါင်းတော်လှန်ရေးတပ်များက လက်နက်ခဲယမ်းများကိုသိမ်းဆည်းပြီးစခန်းကုန်းတစ်ခုလုံးကိုပါအပြီးပိုင်ထိန်းချုပ်ထားသည်။

    “သူတို့က ဒဏ်ရာရတဲ့သူတွေပါအကုန် တောင်အောက်ကိုဆင်းပြေးသွားတယ်။ လက်နက်တွေကိုယူမသွားတော့ဘူဆိုတော့ ကျနော်ထင်တာက တပ်ကိုသူတို့ မပြန်ဘဲတစ်နေရာရာကိုအကုန်ထွက်ပြေးသွားပြီထင်တယ်”ဟု ​ဒေသခံသတင်းရင်းမြစ်တစ်ဦးကလည်းပြောဆိုသည်။

    အနီးအနားရှိဇင်ပြွန်းရွာစစ်စခန်းကို လက်နက်ခဲယမ်းနှင့်တပ်နောက်ဆုတ်၍ရသော်လည်း ထိုသို့ နောက်မဆုတ်ဘဲ လက်နက်ခဲယမ်းများကိုအကုန်ထားပြီးထွက်ပြေးသွားကြသဖြင့်တပ်ကို မပြန်လိုဘဲ တစ်ခြားနေရာများသို့ ထွက်ပြေးကြပုံရသည်ဟု ဆိုသည်။

    “စစ်သားတွေက စိတ်ဓာတ်တွေ အရမ်းကျနေပြီ။ သူတို့ ဘက်က အထိအခိုက်အကျအဆုံးနေ့တိုင်း ရှိနေသလို တိုက်ပွဲတွေလည်း နေ့တိုင်းဖြစ်နေတော့ ထမင်းတွေလည်း ငတ်ပုံရတယ်။ အခု သူတို့ လက်နက်တွေကို စွန့်ပြီး ထွက်သွားကြတယ်ဆိုတော့ လုံး၀ စစ်မတိုက်ချင်တဲ့ သဘောမျိုးလို့ ပြောလို့ရပါတယ်” ဟု ပြောဆိုသည်။

    စစ်ကောင်စီသည် အင်အားထောင်နှင့်ချီရှိသော ပြည်သူ့စစ်သင်တန်းဆင်းခါစစစ်သားများအား ရှေ့တန်းပို့ပြီးထိုးစစ်ဆင်ရာကနေ အမ်း-ပဒန်း ရိုးတောင်လမ်းတွင် ပြည်သူ့စစ်များမှာအကျဆုံးများပြီး ဘဝပျက်ကာ ပြန်လမ်းမဲ့အနေအထားသို့ရောက်ရှိသွားခဲ့သည်ဟုဆိုသည်။

    လေကြောင်း၊လက်နက်ကြီး၊ဒရုန်းတို့ဖြင့်ထိုးစစ်ကိုအရှိန်ဟုန်းမြင့်ခဲ့သောအကြမ်းဖက်တပ်မတော်သည်အေအေနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် နောက်ပိုင်းတွင်ခံစစ်အနေအထားသို့ကျရောက်သွားခဲ့ကာ ကပစ (၁၄) ၊ဇင်ပြွန်း၊ဆုန်ကုန်း အမြောက်ကြီးတပ်တို့တွင်အင်အားများဖြည့်တင်းကာ လုံခြုံရေး တိုးမြှင့်ထားသည်ဟု သိရသည်။

  • ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အား နိုင်ငံရေးအကျဉ်းသားမဟုတ်ဟု ဒေါ်သက်သက်ခိုင်ပြော

    ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အား နိုင်ငံရေးအကျဉ်းသားမဟုတ်ဟု ဒေါ်သက်သက်ခိုင်ပြော

    ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား နိုင်ငံရေးအကျဉ်းသားမဟုတ်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ယမန်​နေ့(အောက်တိုဘာ ၈)က ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ​​ပြောသည်။

    အာဏာရပါတီဖြစ်ခဲ့ပါက လွှတ်​တော်တွင် နိုင်ငံ​ရေးအကျဥ်းသားများလွှတ်​ပေးရန်​တောင်းဆိုမည်လား၊ ​ဒေါ်​အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဦးဝင်းထိန်စသည့် ပုဂ္ဂိုလ်များကို လွှတ်​ပေးရန်​တောင်းဆိုမည်လားဆိုသည့် ​မေးမြန်းမှုအ​ပေါ် “နိုင်ငံတကာကတော့ နိုင်ငံရေးအကျဉ်းသားလို့ နာမည်တပ်တာပေါ့။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး။ အကျင့်ပျက်လာဘ်စားမှုဆိုတဲ့ ပုဒ်မတွေနဲ့ အစွဲခံထားရပြီးတော့မှ တကယ်လည်း စစ်ဆေးပေါ်ပေါက်လို့ တကယ် ပြစ်ဒဏ်ချခံရတာဖြစ်ပါတယ်ရှင့်”ဟု ဒေါ်သက်သက်ခိုင်က ​ဖြေကြားခဲ့ခြင်းဖြစ်သည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က သဘာဝဘေးကူညီကယ်ဆယ်ရေးအတွက် ရန်ပုံငွေထားရှိခဲ့ပြီး အဆိုပါ ရန်ပုံငွေအား ဆုံးဖြတ်ချက်ချခဲ့သူများက ခေါင်းစဉ်နှင့် မကိုက်ဘဲ အသုံးပြုခဲ့ကြောင်း၊ မလိုအပ်သည့် အလေအလွင့်များ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ဒေါ်သက် သက်ခိုင်က ပြောသည်။ သဘာဝဘေးအတွက် ရဟတ်ယာဉ်ဝယ်ယူမှုအပေါ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်စီးရန် ဝယ်ယူသည်ဟုလည်း စွပ်စွဲသည်။

    “ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကတော့ FDI တွေလည်း လာတယ်။ နောက် ODA ပေါ့နော်။ Official Development Assistance တွေပေါ့ရှင့်။ ဖွံ့ဖြိုးမှုအတွက် တရားဝင်ပေးတဲ့ အကူအညီတွေ ဒါတွေအများကြီးရတယ်။ ပြီးရင် Technical Assistance တွေလည်း အများကြီးရတယ်။ ရတဲ့အချိန်မှာ ငွေတွေက အရမ်းဘုံးပေါလအောဖြစ်တဲ့ သဘောဖြစ်ပါတယ်။ ဖြစ်ပြီးတော့မှ သုံးစွဲတာတွေမှာ စိစိစစ်စစ်နဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘဲ သုံးစွဲတာတွေ ဒါတွေကို တာဝန်ခံရတာတွေရှိပါတယ်” ဟုလည်း ဆိုသည်။

    ဒေါ်သက်သက်ခိုင်သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဒဂုံမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာ၍ ၂၀၁၈ ခုနှစ်တွင် NLD ပါတီမူဝါဒနှင့် စည်း ကမ်းများချိုးဖောက်မှုကြောင့်ဟုဆိုကာ ပါတီတာဝန်များမှ ရပ်ဆိုင်းခံခဲ့ရသည်။

    ထို့နောက် ၂၀၁၉ ခုနှစ်တွင် ပါတီထံ နုတ်ထွက်စာတင်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ကို တည် ထောင်ခဲ့သည်။ PPP ပါတီသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမကျင်းပမီ ဩဂုတ်လအတွင်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် သွားရောက်တွေ့ဆုံပြီး ရွေးကောက်ပွဲမတရားခဲ့ပါက ဝင်ရောက်ဖြေရှင်းပေးရန် သွားရောက်ပြောဆိုခဲ့သည့် ၃၄ ပါတီထဲတွင် ပါဝင်သည်။

    အဆိုပါ ဒေါ်သက်သက်ခိုင်ဦးဆောင်သည့် PPP ပါတီသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မဲဆန္ဒနယ်တနေရာမှ အနိုင်မရခဲ့ပေ။ သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက် တွင် ဒေါ်သက်သက်ခိုင်သည် စစ်အုပ်စု၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့တွင် ယခု ၂၀၂၅ခုနှစ် ဇန်နဝါရီလအထိ ပြည်ထောင်စုဝန်ကြီးအဖြစ် နေရာရခဲ့သည်။

    လက်ရှိ စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင်လည်း ဒေါ်သက်သက်ခိုင်၏ ပါတီသည် နိုင်ငံတဝန်းစည်း ရုံးမည့်ပါတီအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းအရေအတွက် ၆၇၀ ကျော် အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။

    စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး လက်ရှိတွင် ထောင်ဒဏ် ၂၇ နှစ်ချမှတ် ထိန်းသိမ်းထားပြီး ပြင်ပနှင့် အဆက် အသွယ်ဖြတ်တောက်ထားခြင်းဖြစ်သည်။ အလားတူပင် သမ္မတဦးဝင်းမြင့်ကိုလည်း အမှု ရှစ်မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၁၀ နှစ် ဆက် လက်ချမှတ်ထားခြင်းဖြစ်သည်။

    စာတည်း – သန့်ဇော်(သန်လျင်)

  • ထက်ထက်ထွန်းရေ  နင် မေ့နေမှာစိုးလို့ ငါပြန်တင်ပေးတာ (ရုပ်သံ)

    ထက်ထက်ထွန်းရေ နင် မေ့နေမှာစိုးလို့ ငါပြန်တင်ပေးတာ (ရုပ်သံ)

    ထက်ထက်ထွန်းရေ

    နင် မေ့နေမှာစိုးလို့ ငါပြန်တင်ပေးတာ

    ဖက်ခွက်စားတွေဆိုတာ အာ့ဒါပဲ ….

    စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လမ်းပေါ်ကို ရဲရဲ တောက်ထွက်ကာ နေ့စဉ်နဲ့အမျှ ဝတ်စုံမျိုးစုံဖြင့် ဆန္ဒထွက်ပြခဲ့တဲ့ နိုင်ငံ့ကိုယ်စားပြု အမည်နဲ့ ကိုယ်ကျိုးစီးပွါးရှာခဲ့တဲ့ အလှမယ်အမည်ခံ ထက်ထက်ထွန်းဟာ သူမ ဆန့်ကျင်တော်လှန်ခဲ့တဲ့ စစ်အာဏာရှင်က ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲဝင်ဖို့ တပြားမနိုင် သက်သက်ခိုင် ပါတီမှာ စတင်လှုပ်ရှားနေပြီဖြစ်ပါတယ်။

    အမှန်တရားကို ရရင် ရ၊ ပြန်မရရင်

    စစ်အာဏာရှင်အလိုကျ အမတ်လုပ်မှာပါ။

    အောက်မှာတော့ အာဏာသိမ်းခါစ ထက်ထက်ထွန်းရဲ့ သတင်းလေးပါ။

    “အဓမ္မ အာဏာသိမ်းတာကို မကြိုက်လို့ ဆန္ဒပြတာပါ”လို့ ထက်ထက်ထွန်း ဆို

    မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် အလှမယ် ထက်ထက်ထွန်းက ဒီမိုကရေစီလမ်းကြောင်းကို လမ်းလျှောက်နေချိန် ခေတ်နောက်ပြန်ဆွဲပြီး ပြည်သူတွေရဲ့ ဘဝတွေ ဆင်းရဲဒုက္ခ ပြန်မရောက်စေချင်ဘူးလို့ ဆိုပါတယ်။

    “အာဏာသိမ်းလိုက်တာ လုံးဝ မဖြစ်သင့်ပါဘူး။ ပြည်သူပြည်သားတွေ အားလုံး ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းကို လျှောက်လာတာ အခုမှပြန်ပြီးတော့ ခေတ်နောက်ပြန် ဆွဲပြီးတော့ ဘဝတွေ အကုန်လုံး ဒုက္ခဆင်းရဲထဲကို ရောက်မယ့်ကိစ္စကို ပြန်လုပ်တာမျိုး ဖြစ်ပါတယ်။ အဓိကက အတင်း အဓမ္မ လုပ်တာကို ထက်တို့က မကြိုက်တာပါ”လို့ ထက်ထက်ထွန်းက ပြောပါတယ်။

    ရွေးကောက်ပွဲမှာ ပါတီအသီးသီးက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး၊ ယှဉ်ပြိုင်လို့ အနိုင်ရတဲ့ ပါတီကို ပြောခွင့် မရှိဘူးလို့ ဆိုပါတယ်။

    “ရွေးကောက်ပွဲမှာ အတူတူ ဝင်ရောက် ယှဉ်ပြိုင်တယ်။ ယှဉ်ပြိုင်လို့ နိုင်ရင် ပြောခွင့် မရှိပါဘူး။ ဒါသည် ဒီမိုကရေစီပါ။ အခုချိန်မှာ ရွေးကောက် တင်မြှောက်ထားတဲ့ နိုင်သွားတဲ့ ပါတီက တခု၊ အာဏာသိမ်းတဲ့ ပါတီက တခု ဖြစ်နေတယ်။ အာဏာသိမ်းတယ်ဆိုပေမယ့် အတင်း မုဒိမ်းကျင့်တဲ့ ပုံစံမျိုးကို ထက်တို့က မကြိုက်တာပါ”လို့ ထက်ထက်ထွန်းက ပြောပါတယ်။

    အခုချိန်မှာ အားလုံး စည်းစည်းလုံးလုံးနဲ့ တိုက်ယူမှ ဒီမိုကရေစီ ရမှာပါလို့ ဆိုပါတယ်။

    “ထက်တို့ ဒီမိုကရေစီကို ဆုံးရှုံးလိုက်ရပြီ။ လက်လွှတ်လိုက်ရပြီ။ တိုက်ပွဲဝင်နေတာကို အရှုံးပေးလိုက်မယ် ဆိုရင်တော့ ဘယ်အချိန်ပြန်ပြီး ဒီလွပ်လပ်မှုတွေကို ပြန်ပြီး ရမလဲဆိုတာကို မျှော်လင့်လို့တောင် မရတော့ပါဘူး။ အခုချိန်မှာ ထက်တို့တွေ ဒီမိုကရေစီ မတိုင်ခင် ခံစားခဲ့ရတဲ့ ခံစားမှုကို ခံစားဖူးသူတွေ သက်ရှိထင်ရှား ရှိနေပါသေးတယ်”

    “သူတို့ သက်ရှိထင်ရှား မရှိတော့ရင် အဲ့ခံစားချက်တွေ ဘယ်လို မျှဝေမလဲ။ ဘယ်လိုမျိုးပါ ဆိုတာကို မျှဝေမယ့်သူတွေ မရှိတော့ရင် ဒီမိုကရေစီကို မျှဝေမယ့်သူတွေ မရှိဘဲ နည်းလာပါလိမ့်မယ်။ အခုချိန်မှာ စည်းစည်းလုံးလုံးနဲ့ တိုက်ယူမှ ဒီမိုကရေစီ ရမှာပါ”လို့ ထက်ထက်ထွန်းက ပြောပါတယ်။

    အာဏာရှင်စနစ် ဆန့်ကျင်ရေးအနေနဲ့ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ပေးတဲ့ ပြည့်သူ့ဝန်ထမ်းများ၊ တသားတည်း ရှိကြတဲ့ ပြည်သူပြည်သားများ အားလုံးကို လေးစားတယ်လို့ ထက်ထက်ထွန်းက ဆိုပါတယ်။

  • ဗန်းမော်နှင့် ဝိုင်းမော်ရှိ ရှေ့တန်းကာကင်းစခန်း ၅ ခုထက်မနည်း KIA ပြန်ရ

    ကချင်ပြည်နယ်ထဲက ဗန်းမော်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အရင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က လက်လွှတ်ခဲ့ရတဲ့ ရှေ့တန်းကာကင်း ၅ ခုထက်မနည်းကို ပြန်ရထားတယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ဗန်းမော်ဘက်မှာတော့ စက်တင်ဘာ ၂၉ ရက်က ကာကင်းတခု၊ အောက်တိုဘာ ၈ ရက်မှာ ခလရ ၄၇ ရဲ့ ကာကင်းတခုနဲ့ အောက်တိုဘာ ၉ ရက် မနက် ၅ နာရီလောက်မှာတော့ မိုးမောက်ဘက်အထွက် ၂ မိုင်နဲ့ ၃ မိုင်အကြား ကာကင်း ၂ ခုထက်မနည်းကို ပြန်လည် ထိန်းချုပ်လိုက်တာပါ။

    KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “မနေ့ကတော့ ၄၇ နဲ့ မြို့အကြားမှာ သူတို့ လုံခြုံရေးချထားတဲ့ ကာကင်းသဘောဖြစ်မှာပေါ့။ တပ်ရင်းတခုမှာ အယောက် ၁၀ လောက်ရှိတဲ့ နေရာတခုကို ကျနော်တို့ သိမ်းတာရှိပါတယ်။ အဲဒီနေရာမှာ ဗိုလ်မှူးအဆင့်ရှိတဲ့ သူတို့ခေါင်းဆောင်တယောက်လည်း အဲဒီမှာကျသွားတာ။ နောက်အရာရှိတချို့လည်း ကျသွားတယ်။ အဲဒါရှိပါတယ်” လို့ ပြောပါတယ်။

    ဗန်းမော်ဘက်မှာ ခလရ-၄၇ ရဲ့ ကာကင်းတခုကိုသာ သိမ်းပိုက်နိုင်တာဖြစ်ပြီး ကျန်စခန်းငယ်တွေကတော့ လက်လွှတ်ခဲ့ရတဲ့နေရာတွေ ဖြစ်တဲ့အကြောင်း သိရပါတယ်။

    ဒါ့အပြင် မိုးမောက်ဘက်အထွက် ၂ မိုင်၊ ၃ မိုင် ဝန်းကျင်တွေမှာ တိုက်ပွဲဆက်ဖြစ်နေကြောင်း KIA ဘက်က ပြောပါတယ်။

    ဝိုင်းမော်ဘက်မှာလည်း အောက်တိုဘာ ၈ ရက်က လမြန်ရွာဝန်းကျင်မှာရှိတဲ့ စခန်း ၂ ခုထက် မနည်းကို KIA က ပြန်လည်ရရှိခဲ့ကြောင်း စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။

    ဒီအချက်ကို ဗိုလ်မှူးကြီးနော်ဘူက မငြင်းဆိုပေမဲ့ စစ်မြေပြင်ဖြစ်တဲ့အလျောက် အတိုး၊ အဆုတ်တွေ ရှိနေတယ်လို့ ပြောပါတယ်။

    “သူတို့လည်း ကျနော်တို့ဆီကို ထိုးလာတယ်၊ မြေပြင်ကနေ ထိုးတယ်။ အဲဒါကို ခုခံရင်းနဲ့ ကျနော်တို့လည်း ရသလောက် ယူတာပေါ့ကွာ။ ရသလောက်သိမ်းတဲ့ ပုံစံမျိုးတွေပေါ့။ တကယ့်စစ်ဆင်ရေးအကြီးတွေ ဗျူဟာမြောက်တဲ့ စစ်ဆင်ရေးတွေ လုပ်တာတော့ မဟုတ်ပါဘူး။ ကာကင်းစခန်းတွေ သိမ်းတာတွေ သိမ်း၊ အဲလိုပုံစံပါပဲ။ အဓိကတော့ ခံစစ်ပုံစံနဲ့နေတာ ဖြစ်ပါတယ်။”

    ဝိုင်းမော်ဘက်မှာတော့ ပြည်သူ့စစ်တွေပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ၂ ရက်၊ ၃ ရက် တကြိမ် မြေပြင်ကနေ ဆက်တိုက်ထိုးစစ်ဆင်နေပြီး ဘယ်ဘက်ကမှ နယ်မြေတွေ လက်လွှတ်ရတာ မရှိသေးဘူးလို့ ဆိုပါတယ်။

    ဝိုင်းမော်-ကန်ပိုင်တီ တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ လနဲ့ချီကြိုးပမ်းနေတဲ့ စစ်တပ်ဟာ လမြန်ရွာကနေ ရှေ့ဆက်မတိုးနိုင်ဖြစ်နေပြီး ပန်ဝါဘက်ကိုလည်း ပြည်သူ့စစ်အင်အားနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

    ဖားကန့်ဘက်မှာတော့ စစ်ကောင်စီတပ်တွေ မြို့ထဲအထိ ထိုးဖောက်ဝင်ရောက်ပြီး ရွာတချို့ကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ စစ်ရေးတင်းမာနေပြီး နှစ်ဖက်လုံးက တပ်သားသစ် စုဆောင်း ပေါ်တာဆွဲနေလို့ ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။

    ✍စိုးသူအောင်

  • စည်ပင်က အပင်ကြီးများခုတ်၊ ရေမြောင်းချဲ့ပြီးနောက် အိမ်ထဲရေဝင်ရောက်သည်အထိ ဖြစ်လာ

    စည်ပင်က အပင်ကြီးများခုတ်၊ ရေမြောင်းချဲ့ပြီးနောက် အိမ်ထဲရေဝင်ရောက်သည်အထိ ဖြစ်လာ

    ရန်ကုန်မြို့တော်စည်ပင်က ရေမြောင်းတွေချဲ့ဖို့ လမ်းမကြီးနဲ့လမ်းကြားဘေးဝဲယာရှိ သစ်ပင်ကြီးငယ်တွေကိုခုတ်ပြီး ရေမြောင်းတွေကိုချဲ့ထားပေမဲ့လည်း ဒီကနေ့ အောက်တိုဘာ ၉ ရက် ညနေပိုင်းက မိုးရွာသွန်းပြီးချိန်မှာ တအိမ်လုံး ရေဝင်နစ်မြှုပ်တဲ့အထိ ဖြစ်လာပါတယ်။

    တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးအနီးမှာ ရေမြောင်းတွေချဲ့ပြီးတဲ့နောက် နေအိမ်ထဲထိ ရေဝင်ရောက်လာတဲ့အခြေနေကို မြို့ခံတယောက်က “ရေက ပိုပြီးတော့ဝင်တာပေါ့။ အခုဒါ အရင်တုန်းက ကျနော်တို့ အဲ့လိုဝင်တာမှ မဟုတ်တာ။ ဒီလောက်ပဲခပ်ထုတ်ရတာ၊ အခုဒီလိုမျိုးဖြစ်သွားတာ။ အခုအိမ်အနောက်ထိ” လို့ ပြောပါတယ်။

    မြောင်းကျယ်ကြီးတွေတူးဖို့အတွက် အိမ်ရှေ့မျက်နှာစာတွေမှာ စိုက်ပျိုးထားတဲ့ အလှပန်းပင်နဲ့ ဗန်ဒါပင်လို အရိပ်ကောင်းပြီး နှစ်ပေါင်း ၅၀ ကျော် အပင်ကြီးတွေကိုပါ ခုတ်ပြီးမြောင်းတွေ လိုက်တူးခဲ့ပေမဲ့ မြောင်းအကျယ်ကြီးတွေတူးပြီးမှ အိမ်တွေထဲကို ရေပိုပြီး ဝင်ရောက်လာတာဖြစ်ပါတယ်။

    ဒါ့အပြင် ပြောင်းလဲလာတဲ့ မိုးရွာသွန်းမှုပုံစံကိုလိုက်ပြီး လမ်းမကြီးတွေ ပေါ်ရေမတင်အောင် ရေမြောင်းကျယ်ကြီးတွေ တူးခဲ့ပေမဲ့ ရေလမ်းကြောင်းတွေဟာ ချောင်းကျယ်ဘက်ကို တသက်လုံးစီးဆင်းနေရာကနေ ချောင်းနဲ့ဆန့်ကျင်ဘက်အရပ်ကို စီးဆင်းလာတဲ့အတွက် စည်ပင်ရဲ့မြောင်းတူးလာတဲ့ အစီအစဥ်ပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။

    အောက်တိုဘာ ၉ ရက် ညနေပိုင်းမှာ မိုးရွာသွန်းပြီးတဲ့နောက် တောင်ဥက္ကလာပမြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာပါ လမ်းရေကျော်တာ၊ ရေဝင်ရောက်တာတွေကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။