Category: News

  • သန်လျင်တွင် အငှားယာဥ်မောင်းအားသတ်ပြီး ကားလုသူ ၂ ဦးကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

    သန်လျင်တွင် အငှားယာဥ်မောင်းအားသတ်ပြီး ကားလုသူ ၂ ဦးကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

    သန်လျင်တွင် တက္ကစီမောင်းသူကို သတ်ပြီး ကားလုယက်သူ လူငယ် နှစ်ဦး ဖမ်းမိ

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှာ တက္ကစီယာဉ်မောင်းကို သတ်ပြီး မော်တော်ယာဉ် လုယက်ယူဆောင်ခဲ့သူ အသက် (၁၇) နှစ်အရွယ် လူငယ်ပိုင်း အမျိုးသား နှစ်ယောက်ကို ဖမ်းမိပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

    သာကေတမြို့နယ်၊ အမှတ် (၃) ရန်ပြေရပ်ကွက်၊ ရန်ပြေ (၁၈) လမ်းနေ ဦးစံသိန်း (၅၆ နှစ်) ဟာ သူမောင်းနှင်တဲ့ Toyota Probox အမျိုးအစား အဖြူရောင်အဌားယာဉ်နဲ့ ထွက်ခွာသွားပြီး အောက်တိုဘာ ၅ ရက်၊ ည ၉ နာရီအချိန်ထိ နေအိမ်ကို ပြန်ရောက်လာတာ မရှိဘဲ သူကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းမှာလည်း စက်ပိတ်ထားတဲ့အတွက် သက်ဆိုင်ရာ သာကေတ မြို့မရဲစခန်းကို ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။

    ရဲစခန်းအချင်းချင်း ချိတ်ဆက်ပြီး စုံစမ်းရှာဖွေခဲ့ရာ အောက်တိုဘာ ၆ ရက်၊ မနက် ၁၁ နာရီကျော်လောက်မှာ သန်လျင် မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု၊ အလယ်ရွာ ကျေးရွာ၊ သီလဝါခြောက်လမ်း သွားကားလမ်း မိုင်တိုင် ၈ မိုင်၊ ၇ ဖာ လုံ နဲ့ ၉ မိုင်အကြား လမ်းဝဲဘက်ခြမ်း အမှိုက်ပုံမှာ ဦးစံသိန်းကို ထိုးသွင်းဒဏ်ရာ ၃၁ ချက်နဲ့ သေဆုံးနေတာကို ပြန်လည် တွေ့ရှိတဲ့အတွက် သန်လျင်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ နဲ့ အမှုဖွင့်ပြီး ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ကျူးလွန်သူတွေမှာ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်း ကျေးရွာ တောင်ဘက်ကွင်းနေ ထက်ရှိုင်းဇော် (၁၇) နှစ် နဲ့ သုံးခွမြို့နယ်၊ ပုလဲစံပြကျေးရွာ အဆောင်နေ သက်ဝေဦး (၁၇) နှစ် တို့ ဖြစ်ကြောင်း ဖော်ထုတ်သိရတဲ့အတွက် ဖမ်းမိနိုင် ရေး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၆ ရက်၊ ညနေ ၅ နာရီလောက်မှာ ထက်ရှိုင်းဇော်ကို သန်လျင်မြို့နယ်၊ အမှုထမ်း ရပ်ကွက်ရှိ ဓမ္မရောင်ခြည် ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ အခင်းဖြစ်စဉ်က လုယက်ယူဆောင်ခဲ့တဲ့ Probox မော်တော် ယာဉ်နဲ့အတူ ဖမ်းမိခဲ့ပြီး နောက်ထပ် အတူပါဝင်သူ သက်ဝေဦးကိုတော့ အဲဒီနေ့ ညပိုင်းမှာ သူနေထိုင်တဲ့ အဆောင်မှာ ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

    ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ အခင်းဖြစ် အောက်တိုဘာ ၅ ရက်၊ ညပိုင်းက သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားပွဲ မှာ အရက်သေစာ သောက်စားမူးယစ်ပြီးတော့ အသတ်ခံရသူ ဦးစံသိန်း မောင်းတဲ့ အဌားယာဉ်ကို စီးနင်းခဲ့ကြောင်း၊ သန်လျင်-ကျိုက်ခေါက် ဘုရားကားလမ်း ဆည်မြောင်းဂုံးထိပ်အနီးအရောက် ယာဉ်မောင်းက ယာဉ်စီးခ တောင်းခံတာ နဲ့ ပတ် သက်လို့ စကားများပြီး ထက်ရှိုင်းဇော်က ယူဆောင်လာတဲ့ ကတ်ကြေးနဲ့ ထိုးရာ ယာဉ်မောင်းက ဝက်အူလှည့်နဲ့ ပြန် လည် ခုခံတိုက်ခိုက်လို့ သက်ဝေဦးကနေ ဝက်အူလှည့်ကို လုယူပြီး ပြန်လည်ထိုးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ယာဉ်မောင်းသေဆုံးသွားတဲ့အခါ ထက်ရှိုင်းဇော်က ယာဉ်ကို မောင်းနှင်လာပြီး သီလဝါခြောက်လမ်းသွားလမ်းပေါ်အရောက် ယာဉ်မောင်းရဲ့ အလောင်းကို စွန့်ပစ်ခဲ့ကာ ယာဉ်နံပါတ်ပြား နဲ့ အခြားဆက်စပ်ပစ္စည်းတွေကို စစ်ပင်ကွင်းကျေး ရွာ အနီးမှာ စွန့်ပစ်ခဲ့ကြောင်း ဖော်ထုတ်သိရတဲ့အတွက် သွားရောက်သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

    အခုလို အငှားယာဉ်မောင်းကို သတ်ပြီး မော်တော်ယာဉ်ကို လုယက်ခဲ့တဲ့ ထက်ရှိုင်းဇော်နဲ့ သက်ဝေဦး တို့ကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

  • မုံရွာတွင် ရဲတပ်ဖွဲ့ဝင်များ စီးလာသည့်ကား တိုက်ခိုက်ခံရပြီး ဒုရဲအုပ် အပါအဝင် ၄ ဦး သေဆုံး

    မုံရွာတွင် ရဲတပ်ဖွဲ့ဝင်များ စီးလာသည့်ကား တိုက်ခိုက်ခံရပြီး ဒုရဲအုပ် အပါအဝင် ၄ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အောက်တိုဘာ ၄ ရက် မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဒုရဲအုပ်တယောက် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Budalin Mobile Team (BMT) က ရုပ်သံမှတ်တမ်းတွေနဲ့အတူ အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ရွာတွေဘက်ကိုဆင်းပြီး ဆက်ကြေးတောင်းဖို့ ထွက်လာတဲ့ Honda Fit ကားကို မုံရွာမြို့နယ်ထဲမှာရှိတဲ့ သာစည်လမ်း-အက်တောအဝိုင်းပတ်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၁ ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲနဲ့အတူ မဟာမိတ်တွေဖြစ်ကြတဲ့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ် ပလဖ)၊ ကျောင်းသားတပ်တော် (SAF)၊ Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။

    ပကဖ တာဝန်ခံတယောက်က “ရဲတွေက မကြာခဏဆိုသလို အဲဒီကားနဲ့ ရွာတွေဘက်ကိုထွက်ပြီး ဆက်ကြေးတောင်းလေ့ရှိတယ်။ အခုလည်း သတင်းကြိုရလို့ သာစည်လမ်း-အက်တော အဝိုင်းပတ်က စောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အခါမှာ ကားပေါ်မှာပါလာတဲ့ ဒုရဲအုပ်သိန်း​ဇော် အပါအ၀င် ရဲ ၄ ယောက်လုံး သေတယ်။ ကားကတော့ ဆက်မောင်းလို့ မရတော့တာကြောင့် လက်နက်တွေပဲ သိမ်းပြီး ပြန်ဆုတ်လာခဲ့ကြတာပါ” လို့ ပြောပါတယ်။

    ရဲတပ်ဖွဲ့ဝင်တွေဆီကနေ G3 သေနတ် ၂ လက်၊ ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ဖုန်း ၅ လုံး သိမ်းဆည်းရရှိခဲ့ပါတယ်။

    ပြည်သူတွေအနေနဲ့လည်း ရဲကား၊ စစ်ကားတွေနဲ့ နီးကပ်စွာ မောင်းနှင်တာတွေ မပြုလုပ်ကြဖို့ တိုက်တွန်းထားတယ်လို့ မုံရွာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

  • အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော်  ကို လိမ်ယူ

    အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော် ကို လိမ်ယူ

    စင်္ကာပူတွင် အလုပ်ရမည်ဆိုကာ အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော် ကို လိမ်ယူပြီးတိမ်းရှောင်နေ

    စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ပို့ဆောင်ပေးမယ် ဆိုပြီး အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော် ထံကနေ သိန်းပေါင်း ၁၂၀၀၀ ကျော်ကို လိမ်လည်ယူပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ နစ်နာသူ တွေထံ က သိရပါတယ်။

    ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသမီးဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် တောင်သူကုန်း မှာ Original Over sea Employment ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ လို့ ရုံးခန်း ဖွင့်လှစ်ပြီး ပြည်ပ သွားရောက်ချင်တဲ့ လူငယ်တွေကို စင်္ကာပူ နိုင်ငံက လုပ်ငန်းအသီးသီးမှာ အလုပ်လုပ်ကိုင်နိုင်ရန် ပို့ဆောင်ပေးမယ်ဆိုပြီး တစ်ဦး ကို ကျပ်သိန်း ၅၀ ကနေ ကျပ်သိန်း၂၀၀ ကျော်အထိ ယူဆောင်သွားတယ်လို့ နစ်နာသူ တွေကပြောပါတယ်။

    “”ညီမက သူ့ဆီမှာ အစောဆုံး အလုပ်အပ်သူလို့ပြောလို့ရတယ်။ အခုနှစ်ဇန်နဝါရီလကထဲ က စင်္ကာပူ ကို သူနာပြုနဲ့သွားဖို့ သိန်း ၅၀ သွင်းထားရတယ်။ စင်္ကာပူရောက်ရင် ၂လစာ ကို ဖြတ်မယ်ဆိုပြီး စာချုပ်ချုပ်ခဲ့တာ ပထမပြောတေ့ာသုံးလ လေးလ လောက်ပဲကြာမယ် ဆိုပြီး ရက်တွေ ဟိုနေ့ ဒီနေ့ ဆိုပြီးရွှေ့လာတာ ပြီးခဲ့တဲ့ ၉လ ပိုင်း၂၉ရက်နေ့မှာ ရုံးကိုလည်း သော့ခတ်ပြီး ပိတ်ထားတယ်။ ဆက်သွယ်တာလည်းမရတော့ဘဲ လိမ်ပြေးသွားတာ ညီမက သိန်း၅၀ ဆိုပေမယ့် ညီမသူငယ်ချင်းတွေဆို သိန်း၂၀၀လောက်ပါသွားတာ။ အတိုးတွေနဲ့ ယူပေးရတာလေ အခုတော့ သူတို့ ဒုက္ခအတော်လေးရောက်နေတယ် ပတ်စပို့ တွေလည်း သူ့ဆီပါသွားတော့ ပိုပြီးခက်ခဲကုန်တာပေါ့””လို့ နစ်နာသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

    အဆိုပါ Original Over sea Employment ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ အနေနဲ့ ပြည်ပကို ပို့ဆောင်လိုက်တဲ့ လုပ်သားအနည်းငယ်ရှိပေမယ့် ရောက်ရှိသွားသူတွေမှာ အလုပ်အမျိုးအစား ကွဲလွဲတာတွေ စာချုပ်ချုပ်စဉ်ကအတိုင်း မဖြစ်တာတွေ ကြောင့် တစ်ဖက်နိုင်ငံမှာအခက်ခဲတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

    “”ဦးလေး သူငယ်ချင်းရဲ့ သားက သူ့အေဂျင်စီကနေ စင်္ကာပူကို ရောက်သွားတော့ မှန်ကန်တယ်ထင်ပြီး ဦးသားကို ဟိုတယ် အလုပ်နဲ့ ပို့ဖို့ ၇လပိုင်းက အလုပ်အပ်ခဲ့တာ အခု ၁၀ လပိုင်း ၂ရက်နေ့မှာ လေယာဉ်တတ်ရမယ်ဆိုပြီး ၉လပိုင်း၂၃ရက်မှာအပြီးပိုက်ဆံချေပါဆိုလို့ပေးလိုက်ရတယ် အားလုံးသိန်း၂၀၀ ပေးလိုက်ရတယ်။ အခုဦးလေးသူငယ်ချင်းရဲ့သားလည်း ဒီမှာစာချုပ်ချုပ်တော့၂နှစ်ဆိုပြီး ဟိုရောက်တော့ ၃လ ဘဲ ရတယ် တချို့စင်္ကာပူ ဆိုပြီး ထိုင်းရောက်သွားတာတွေ၅ယောက်လောက်ရှိတယ်။ သူတို့တွေလည်းဟိုမှာဒုက္ခရောက်နေတယ် အခု ရုံးပိတ်ပြီး ထွက်ပြေးတယ်လို့ သတင်းကြားတော့ သူ့ဆီမှာ အလုပ်အပ်ထားတာ ဦးစာရင်းလုပ်ထားတာကိုဘဲ ၅၆ ယောက်ရှိတယ် အလုပ်အမျိုးမျိုးနဲ့ အကြွေးစနစ်နဲ့မို့သိန်း၅၀ပါသွားတာမျိုး အပြည့်ပေးချေတဲ့သူတွေ က သိန်း၁၅၀၊သိန်း၂၀၀ တွေပါသွားကြတာ “”လို့ နစ်နာသူလုပ်သားရဲ့ဖခင်ဖြစ်သူဦးအောင်မင်းကပြောပါတယ်။

    အခုလို လုပ်သား ၇၀ ကျော်ထံမှ ငွေကြေးကျပ်သိန်း ၁၂၀၀၀ ကျော် လိမ်လည်ပြီး ထွက်ပြေးတိမ်းရှောင်တဲ့ အမျိုးသမီး ကို နစ်နာသူတွေက အင်းစိန်မြို့နယ်ရဲစခန်းနဲ့လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံ တိုင်ကြားထားကြောင်း သိရပါတယ်။

    “”ရုံးခန်းပိတ်တယ်လို့ ကြားတော့ နစ်နာသူတွေ အယောက် ၆၀ လောက်ရောက်လာတယ် သူတို့နေအိမ်ကိုလိုက်သွားတော့ လိမ်သွားတဲ့အမျိုသမီးရဲ့ အမျိုးသားကိုတွေ့တယ်။ ဒါနဲ့သူ့အမျိုးသားနဲ့ဝန်ထမ်းတွေကို ​တွေကို ရဲစခန်းကို ပို့တယ် ၃၀ရက်နေ့ပေါ့ အဲ့နေမှာ လိမ်သွားတဲ့ အမျိုးသမီးနဲ့ ဖုန်းအဆက်သွယ်ရတော့ လာဖြေရှင်းပေးမယ်လို့ပြောတယ်။ နောက်အဲ့ညမှာဘဲ စခန်းမှာ တပ်မတော်ဘက်က အရာရှိတစ်ယောက်က အာမခံနဲ့ သူ့အမျိုးသားနဲ့ဝန်ထမ်းတွေ ကို ထုတ်ပေးလိုက်တယ် သိရတယ်။ လက်ရှိအချိန်ထိ ဘာအဆက်သွယ်မှမရသေးပါဘူး””လို့ ဦးအောင်မင်းကရှင်းပြပါတယ်။

    လက်ရှိမှာ ငွေကြေးများစွာ လိမ်လည်ခံလိုက်ရတဲ့ လုပ်သား ၇၀ ကျော်မှာ အခက်ခဲ ဒုက္ခ များစွာ ရင်ဆိုင်နေရပြီး တိမ်းရှောင်နေတဲ့ အမျိုးသမီး ကို လာရောက်ဖြေရှင်းပေးဖို့ လူမှုကွန်ယက်စာမျက်နှာ တွေကနေတစ်ဆင့် အသိပေးထားပါတယ်။

  • စစ်တပ်တွင် လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ အသုံးပြုနေ

    စစ်တပ်တွင် လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ အသုံးပြုနေ

    စစ်တပ်တွင် လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ အသုံးပြုနေပြီး စစ်နိုင်သဖြင့် ဆုအဖြစ် ယူခွင့်ရှိသည်ဟုဆိုကာ ပြည်သူ ပိုင် ပစ္စည်းများကို လုယက်ခိုင်းဟု အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်း ဝန်ခံ

    အကြမ်းဖက်စစ်တပ်အတွင်း လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ ဆွဲသွင်းအသုံးပြုနေပြီး ရှေ့တန်းစစ်မြေပြင်တွင် စစ်နိုင်သဖြင့် ဆုအဖြစ် ယူခွင့်ရှိသည်ဟုဆိုကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခိုင်းနေကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းကဝန်ခံ ပြောဆိုလိုက်သည်။

    စက်တင်ဘာလ ၂၉ရက်နေ့ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော ခလရ ၉ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် အောင်ကိုကိုဟိန်းသည် KNDF – Karenni Nationalities Defense Force ထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ပေါ်တာဆွဲ ဖမ်းဆီးခံရ၍ စစ်မှုထမ်းတပ်သားဖြစ်လာသူဖြစ်ကာ အပတ်စဉ် ၅ သင်တန်းဆင်း စစ်မှုထမ်းတပ်သားတစ်ဦးဖြစ်သည်။

    အကြမ်းဖက်စစ်တပ်တွင် လူငယ်များကို စစ်မှုထမ်းအဖြစ် ခိုင်းစေနေရာတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရခြင်း၊ မဲပေါက်ခြင်းနှင့် ငွေကြေးအတွက် ဝင်လာရခြင်းဟူ၍ ၃ မျိုးရှိကြောင်း၊ အများစုမှာ ပေါ်တာဆွဲဖမ်းဆီးခံရ၍ ဝင်လာသူများဖြစ်ကြောင်း၊ ထို့ပြင် အသက်အရွယ်ကြီးရင့်နေသော အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကို စစ်သားအဖြစ် အသုံးပြုနေကြောင်း၊ မူးယစ်ဆေးဝါးများလည်း စိတ်ကြိုက် သုံးခွင့်ရှိပြီး ဆေးကြောင်နေသော စစ်မှုထမ်းလူငယ်အများစုရှိနေကြောင်း၊ ပေါ်တာဆွဲရာတွင် ကျန်းမာရေးမကောင်းသူမှစ၍ စိတ်ဝေဒနာရှင်များအထိ ပေါ်တာဆွဲ ဖမ်းဆီး၍ စစ်ထဲဆွဲသွင်းကြောင်း ၎င်းက ပြောဆိုသည်။

    “မဲပေါက်လို့ ဝင်လာတာရှိတယ်။ ဒီငွေကြေးကြောင့် ဝင်လာရတာရှိတယ်။ ပေါ်တာဆွဲလို့ ဝင်လာရတာ ရှိတယ်ဗျ။ သုံးမျိုးသုံးစားရှိတယ်ဗျ အဲဒီမှာ။ စစ်မှုထမ်းချင်ပါတယ်ဆိုပြီးတော့ ဝင်လာတဲ့ လူတော့ မရှိဘူး။ ပစတွေကို အရှေ့က တက်ခိုင်းတယ်ဗျ။ အဲ့ဒီ သန္ဓေဆရာတွေက အရှေ့က တက်ခိုင်းတယ်ဗျ။ ဆေးတွေ ဘာတွေလည်း ဒီလို ခိုးဝယ်သုံးရတယ်ဗျ။ ဆေးက ၁၀၂ က ဝယ်ရတယ်ဗျ။ ရာမတို့ ဘာတို့က တပ်မှာဆိုလည်း ရှိတယ်ဗျ၊ ရယ်နေတဲ့ ကောင်၊ ကြောင်နေတဲ့ ကောင်တွေ အများကြီးပါတယ်။ တချို့ကျတော့လည်း ခုနကလို ရယ်တဲ့ကောင်တွေက ရယ်နေတာ၊ ငိုတဲ့ ကောင်တွေကလည်း ငိုနေတာ။ ဒါပေမဲ့ သူတို့အိမ်လည်း သူတို့မသိဘူး၊ သူတို့နာမည်တောင် သူတို့မသိတော့ဘူး အဲ့ဒါမျိုး ကောင်တွေ များတယ်ဗျ။ အဘိုးကြီးလေးတွေလည်း ပါတယ်ဗျ။ အသက် ၇၀ ကျော်နေပြီ၊ ဆံပင်မွေးတွေ ဖြူနေပြီ။ တချို့ သွားတွေတောင်မရှိတော့ဘူး အဲ့လိုအဘိုးကြီးမျိုးတွေ ပါတယ်ဗျ စစ်တပ်မှာ လူမျိုးစုံပဲ။ ခြေထောက် ဒီလေငန်းဆွဲတဲ့ လေငန်းဆွဲပြီး ပြန်ကောင်းတဲ့လူက အစ ပါတယ်ဗျ။ ဦးနှောက်မမှန်တဲ့ လူတွေလည်း ပါတယ်ဗျ။” ဟု အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းက ပြောဆိုသည်။

    စစ်တပ်အတွင်း စစ်မှုထမ်းတပ်သားများနှင့် အောက်ခြေတပ်သားများကို အဆင့်အဆင့် အနိုင်ကျင့်ပြီး ရာထူးအဆင့်အတန်းအလိုက် အနိုင်ကျင့်ကြကြောင်း၊ အောက်ခြေ တပ်သားနှင့်ရဲဘော်များမှာ အနိုင်ကျင့်မှုကို အခံရဆုံးဖြစ်ကြောင်း သိရှိရသည်။

    “တပ်ကြပ်ကြီးတွေက အောက်က ပစတွေကို အနိုင်ကျင့်တယ်ဗျ။ တပ်ကြပ်ကြီးတွေ အထက်မှာ CQ ဆိုတာရှိတယ်။ CQ ကလည်း တပ်ကြပ်ကြီးတွေကို အနိုင်ကျင့်တယ်။ ကိုယ့်အဖေအရွယ်လောက်ကို သားလောက်တွေက အနိုင်ကျင့်နေတာဗျ။ ခေါင်းဖြူကြီးတွေကို သားလောက်တွေက အနိုင်ကျင့်နေလည်း ခံရတယ်ဗျ။ ကျွန်တော်တို့ဆိုတာ ဝေလာ ဝေးပေါ့ဗျာ။ ကျွန်တော်တို့ ပစတွေဆိုတာကတော့ ။ သူတို့ အချင်းချင်းတောင် အနိုင်အရမ်းကျင့်တာဗျ။ ကောင်းစားသွားတော့လည်း အရာရှိကပဲ ကောင်းစားသွားတာ ။ ရင်းတော့ ရဲဘော်တွေက ရင်းရတာဗျ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

    စစ်တပ်အတွင်း လစာနှင့် ရိက္ခာများမှာလည်း အဆင့်ဆင့် ဖြတ်စားကြသဖြင့် အောက်ခြေတပ်သားနှင့်ရဲဘော်များမှာ အာဟာရ ပြည့်အောင် မစားရဘဲ လစာလည်း အပြည့်အ၀ မရကြောင်း သိရှိရသည်။

    “စားရတာဆိုလည်း ရှေ့တန်းမှာ လုံးဝအဆင်မပြေဘူး။ အာဟာရမရှိဘူးဗျ။ အဆင်မပြေဘူးဗျ။ အသားတုစားရတယ် ငါး ခြောက်ဆိုလည်း လောက်တက်နေတဲ့ ငါးခြောက်စားရတယ်။ သင်္ဘာသီးနဲ့ အသားတု ချက်ကျွေးတာတို့ ၊ အာလူးတို့ ချက်ကျွေးတာတို့၊ နှစ်ပတ်မှ ကြက်သားတစ်တုံးပဲ စားရတယ်။ ကြက်သားဆို တစ်တုံးပဲ။ ကျန်တာတွေက သူတို့ဖြတ်စားတယ်ဗျ ။ မသေရုံတမယ် ထမင်းစားရတယ်ဗျ။ ထမင်းတွေလည်း ငတ်တယ်ဗျ။ ကျနော်တို့ ငွေတွေကိုတော့ သူတို့ လူကြီးတွေ ယူတယ်ဗျ။ ယူပြီးတော့မှ ကျနော်တို့ စားဖို့ဆိုပြီး ကျွန်တော် စောင့်ကျွေးတာဗျ။ ရှေ့တန်းမှာ ဒီနေရာမှာ လုံးဝအဆင်မပြေဘူးဗျ။ စားတာနေရတာ အာဟာရမရှိဘူးဗျ။ ကောင်းကောင်းမကျွေးဘူးဗျ” ဟု သူက ရှင်းပြသည်။

    အရပ်သားပြည်သူများကိုလည်း PDF ဟုဆိုကာ သတ်ဖြတ်လေ့ရှိပြီး လက် နက်ကိုင်သော PDF များကို ဖမ်းမိပါကလည်း အရှင်မထားဘဲ သတ်ဖြတ်ပစ်ကြောင်း၊ စစ်ဘေးရှောင် ပြည်သူများစွန့်ခွာသွားသော နေအိမ်များမှ ပြည်သူများ၏ပစ္စည်းများကိုလည်း စစ်နိုင်သဖြင့် ယူခွင့်ရှိသည်ဟုဆိုကာ လုယက်ခိုင်းကြောင်း သိရှိရသည်။

    “PDF ဆိုရင် အရပ်သားလည်း PDF ဆိုရင် PDF လုပ်ပစ်တာဗျ။ ကျွန်တော်တို့က အသာလေးကြည့်ရတာဗျ၊ သတ်တာကတော့ မိတာတော့ မိတယ်ဗျ။ သွားနေတဲ့ အရပ်သားလည်း PDF လုပ်ရင် လုပ်ပစ်တာဗျ။ အိမ်တစ်အိမ်ဝင်လို့ရှိရင် ကျွန်တော်တို့ကို အကုန်ယူခိုင်းတယ်ဗျ။ အကုန်ယူတယ်ဗျ။ နောက်ဆုံး ဓာတ် ကြိုးတွေ ခွာတယ်ဗျာ။ ဓာတ်ကြိုးခွာပြီးတော့ ကြေးခွာတယ်လို့ သူတို့ခေါ်တယ်ဗျ​။ ပြည်သူပိုင်အိမ်က ပစ္စည်းတွေကတော့ အကုန်ယူတယ်ဗျ။ ရေခဲသေတ္တာတွေ့ ရေခဲ သေတ္တာယူတယ်။ အပ်ချုပ်စက်တွေ့ စက်ယူတယ်။ ဆိုင်ကယ်တွေ့ ဆိုင်ကယ်ယူတယ်။ အဲဒါ ကျွန်တော်တို့ မီးစက်တွေ့ မီးစက်ယူတာ။ အကုန်ယူတယ်ဗျ။ ပြည်သူပိုင် ပစ္စည်းကို သူတို့က ။ သူတို့ ပြောတာကျတော့ ငါတို့ စစ်နိုင်လို့ ငါတို့ ယူတာလို့ ပြောတာဗျ” ဟု ၎င်းက ရှင်းပြသည်။

    စစ်တပ်အတွင်း ပြည်သူ့စစ်များကို ၂ နှစ်သာ တာဝန်ထမ်းရမည်ဟု ပြောဆိုထားသော်လည်း နှစ်ပြည့်လျှင်လည်း ပြန်လည် ထွက်ခွင့်ပြုမည့် အခြေအနေ မမြင်ရကြောင်း၊ ရှေ့တန်းတွင် စစ်မှုထမ်းတပ်သားများ သေဆုံးပါက လမ်းဘေးမြုပ်နှံပြီး မိသားစုများထံ အသိပေး အကြောင်းကြားခြင်းမရှိကြောင်း၊ တပ်တွင်း ဖိနှိပ်မှုများစွာရှိနေပြီး ထွက်ပြေးလျှင် တော်လှန်ရေး တပ်များက အလင်းဝင်သူများကို သတ်ဖြတ်သည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရှိရသည်။

  • ရက်စက်တဲ့ဟိုတယ်လူသတ်မှု ဆယ်​ကျော်သက်စုံတွဲကကျူးလွန်ခဲ့တယ်လို့စစ်​ကောင်စီထုတ်ပြန်မှုအ​ပေါ်ပြည်သူအချို့သံသယရှိ​နေ

    ရက်စက်တဲ့ဟိုတယ်လူသတ်မှု ဆယ်​ကျော်သက်စုံတွဲကကျူးလွန်ခဲ့တယ်လို့စစ်​ကောင်စီထုတ်ပြန်မှုအ​ပေါ်ပြည်သူအချို့သံသယရှိ​နေ

    ရက်စက်တဲ့ဟိုတယ်လူသတ်မှု ဆယ်​ကျော်သက်စုံတွဲကကျူးလွန်ခဲ့တယ်လို့စစ်​ကောင်စီထုတ်ပြန်မှုအ​ပေါ်ပြည်သူအချို့သံသယရှိ​နေ

    ရန်ကုန်မြို့လယ်ဟိုတယ်မှာ အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်​တောက် ရက်ရက်စက်စက်သတ်ခဲ့တဲ့တရားခံကိုဖမ်းမိပြီလို့ စစ်​​ကောင်စီကကြေညာခဲ့ပေမယ့် ကျူးလွန်သူနဲ့ကူညီသူ​တွေဟာ ဆယ်​ကျော်သက်အရွယ်လူငယ်တွေဖြစ်‌နေတာကြောင့် ကျူးလွန်သူမှန်ရဲ့လားဆိုတဲ့​အ​ပေါ် ပြည်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။

    “စကစ က မိတယ်ဆိုတဲ့ တရားခံက တစ်ခုခုလွဲနေသလို ခံစားရတယ်။ အခြားမိန်းမတစ်ယောက်နဲ့ ပျော်ပါးပြီး သတ်လိုက်တဲ့ ကောင်လေးကို သူ့ကောင်မလေးက ကူညီအလောင်းဖျောက်ပေးမယ်ဆိုတာ ရိုးရိုးလေးပဲ စဥ်းစားကြည့် ဖြစ်နိုင်ပါ့မလား။ နောက်ပြီး လူတစ်ယောက်သတ်ရတာ သူတို့အတွက် အဲ့လောက် လွယ်ကူနေသလား။ ဂိမ်းအလွန်အကျွံ စွဲလန်းတယ် ဘယ်လောက်ပြောပြော ဒါက လူတစ်ယောက်ကို ဓားနဲ့သတ်ရတာလေ မလွယ်နိုင်ဘူး။ သက်သေခံဓားဆိုတာကလည်း အပိုင်းပိုင်းဖြတ်ဖို့ မဖြစ်နိုင်လောက်ဘူး။ ကြက်ကလေး၊ ငှက်ကလေးမှ မဟုတ်တာ လူ့ခန္ဓာကိုယ်လေ။” လို့ ဒီဖြစ်စဉ်အပေါ် ပြည်သူတစ်ဦးက သူ့အမြင်ကို​ပြောပါတယ်။

    ဒါ့အပြင် ပြစ်မှူကျူးလွန်တယ်ဆိုတဲ့ လူငယ်တွေက အလောင်းကိုဖျောက်ဖျက်ခဲ့ပေမယ့် သက်သေခံပစ္စည်းတွေကို မဖျောက်ဘဲ စစ်ကောင်စီက ဖမ်းဆီးနိုင်တဲ့အချိန် သိမ်းဆည်းနိုင်ခဲ့တာ ဟုတ်ပါ့မလားလို့ သူကမေးခွန်းထုတ်ထားတာပါ။

    “ဆန္ဒပြလူငယ်တွေကျ ဖူးယောင်နေအောင် ထိုးကြိတ်ထားတဲ့ ရဲတွေက အခုလူသတ်တရားခံကျ ဘာဒဏ်ရာမှမရှိဘဲ လွယ်လင့်တကူပဲ လက်ထိတ်လေးခတ်ပြီး ဖမ်းလာတာလား။ မဖြစ်နိုင်တဲ့မေးခွန်းတွေက အများကြီးပဲ။ ကျွန်တော်တို့ကတော့ တရားခံရှာမတွေ့လို့ တွေ့တဲ့ကလေးတွေကို ထိုးထည့်တယ်လို့ပဲ မြင်ပါတယ်” လို့ သူ့ထင်မြင်ချက်ကိုပြောပါတယ်။

    ဒါ့အပြင် စစ်အုပ်စုကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး လူသတ်မှုကျူးလွန်တယ်ဆိုတဲ့ သူ​တွေဟာ ငယ်ရွယ်လွန်း​နေတဲ့အတွက်တွေဟုတ်ပါ့မလား လို့ သံသယဝင်တယ်လို့ အခြားပြည်သူတစ်ဦးကဆိုပါတယ်။

    တကယ်လို့ ဒီလူငယ်လေးတွေက သတ်ဖြတ်ခဲ့တယ်‌ဆိုရင်တော့ ဒီလိုရက်စက်တဲ့ သတ်ဖြတ်မှုတွေကျူးလွန်နိုင်ဖို့ လှုံ့​ဆော်​စေတဲ့ အရာ​တွေကိုရှာ​ဖွေ​ဖော်ထုတ် အ​ဖြေရှာသင့်တယ်လို့ အကြံပြုထားပါတယ်။

    စစ်ကောင်စီက မှုခင်းကိစ္စတွေမှာ တရားခံ အစစ်တွေကို လွှတ်ပေးပြီး အစားထိုး‌ လေ့ရှိတာ ၊ တရားခံမမိရင် ​တွေ့ရာသူကိုတရားခံအဖြစ်ထိုထည့်တဲ့ဖြစ်စဉ်‌ တွေ ရှိဖူးတာကြောင့် ပြည်သူတွေဘက်က ဒီအမှုအပေါ်အပြည့်အဝ မယုံကြည်ကြတာဖြစ်ပါတယ်။

    ဒါ့အပြင် ဒီလိုဖြစ်ရတာကစစ်ကောင်စီရဲ့ အာဏာသိမ်းမှု အကျိုးဆက်အနေနဲ့ မူးယစ်ဆေးတွေကို လွတ်လွတ်လပ်လပ်အသုံးပြုခွင့်ပေးထား‌တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြည်သူအချို့က မှတ်ချက်ပေးထားပါတယ်။

    ဒီဖြစ်စဉ်အပေါ် ဆရာဝန်တစ်ဦးကလည်း လူသတ်မှူကျူးလွန်သူကို သွေးစစ်ကြည့်ရင် Mephedrone၊ Methamphetamine၊ GHB/GBL စတဲ့ ဆေးတွေ ပြည့်နေနိုင်တယ် လို့ သုံးသပ်ထားပြီး လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ Chemsex ရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

    စစ်ကောင်စီက​တော့ရန်ကုန်မြို့ ၊ပန်းပဲတန်းမြို့နယ် ၃၂ လမ်း က Beauty Land ဟိုတယ်မှာ ဖြစ်ခဲ့တဲ့ လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိပြီလို့ အောက်တိုဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ထားတာပါ။

    လူသတ်မှူကျူးလွန်သူ က သာကေတ မြို့နယ်မှာ နေထိုင်တဲ့ အသက် ၁၈နှစ်အရွယ် အောင်ခန့်ကျော်ဇင်ဖြစ်ပြီး ဂိမ်းအလွန်ကစားသူဖြစ်ကာ နိုင်ငံခြားဇာတ်ကားများထဲက လူသတ်အ‌လောင်းဖျောက်သည့် ဇာတ်ဝင်ခန်းများအတိုင်း အသင့်ယူဆောင်လာတဲ့ ဓားနဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ ထွက်ဆိုကြောင်း စစ်ကောင်စီကဆိုပါတယ်။

    သေဆုံးသူကတော့ နတ္တလင်းမြို့နယ်က အသက် ၂၃ နှစ်အရွယ် မစုမြတ်ဝင်းဖြစ်ပြီး လူသတ်မှုကျူးလွန်သူက တယ်လီဂရန်ချန်နယ်မှတစ်ဆင့် အခပေးပျော်ပါးရန် ဆက်သွယ်ကာ ဟိုတယ်ကိုခေါ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    အောက်တိုဘာ ၆ ရက်က ၃၂ လမ်းမှာရှိတဲ့ Beauty Land ဟိုတယ်ရဲ့ အခန်း ၅၀၂ မှာ လူသတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ဝမ်းတွင်းကလီစာတွေ နဲ့ ပေါင်သားတွေ လှီးဖြတ်ခံထားရတဲ့ သေဆုံးသူကိုထည့်ထားတဲ့ကျွတ်ကျွတ်အိတ်အပြာကို အခန်း
    ပြတင်းပေါက် အပြင်ဘက် အဲကွန်း Outdoor နှစ်ခုကြားမှာ တွေ့ခဲ့တာပါ။

    လူသတ်မှူကျူးလွန်သူနဲ့ အခင်းနေရာကိုရှင်းလင်းရာမှာ ပါဝင်ကူညီခဲ့တဲ့ လူသတ်မှူကျူးလွန်သူ ရဲ့ ချစ်သူကို သူတို့ရဲ့ နေအိမ်တွေမှာ အောက်တိုဘာ ၇ ရက်က ဖမ်းဆီးခဲ့တယ်လို့ စစ်​ကောင်စီကဆိုပါတယ်။

    “အောင်ခန့်ကျော်ဇင်၏ နေအိမ်မှ ပြစ်မှူကျူးလွန်စဉ် ၎င်းဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ ၊စတီးဓားနှစ်ချောင်း ၊ သေဆုံးသူကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် လက်ကိုင်ဖုန်းသုံးလုံးနဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါသည်” လို့ ထုတ်ပြန်ထားပါတယ်။

    အောင်ခန့်ကျော်ဇင်ရဲ့ ချစ်သူက အခန်းတွင်းကသွေးတွေကိုသန့်ရှင်းရေးပြုလုပ်တာ ၊ အလောင်းဖျောက်တာမှာ ပါဝင်ကူညီခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

    အောင်ခန့်ကျော်ဇင် ဟာလူသတ်မှုကျူးလွန်တာဟုတ်၊မဟုတ် မသိ​ပေမယ့် သူကို ဖမ်းဆီးသွားတာ မှန်တယ်လို့ သူနေထိုင်တဲ့ ရပ်ကွက်က ဒေသခံအချို့က လူထုနွေဦးကို အတည်ပြုပေးပါတယ်။ သူ့ရဲ့မိခင်ဟာ ​ဆရာဝန်ဖြစ်ပြီး သူတို့မိသားစုဟာ​ငွေ​ကြွေးချမ်းသာတယ်လို့ စုံစမ်းသိရပါတယ်။

    စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ မပါဝင်ပေမယ့် စစ်ကောင်စီထောက်ခံတဲ့ သတင်းဌာနတွေမှာတော့ လူသတ်မှူကျူးလွန်သူက အမျိုးသားကိုသတ်ရင် ပြန်ခုခံမှာစိုးတာကြောင့် အမျိုးသမီးကို ရွေးချယ်ခဲ့တာဖြစ်ပြီး လူသတ်ဖို့ဓါး၊အလောင်းထည့်ဖို့ပလတ်စတစ်အိတ်နဲ့ သွေးတွေကိုချွတ်ဖို့အစွန်းချွတ်တဲ့အက်ဆစ်ပုလင်းတွေကို အောက်တိုဘာ ၅ ရက်ကတည်းက ယူဆောင်သွားခဲ့တာလို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် သေဆုံးသူရောက်ရှိလာချိန်မှာ လည်ပင်းကိုညှစ်ပြီး ရင်ဘတ်ကို ဓားနဲ့ ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။အဲဒီ့နောက် ပေါင်သားတွေကိုလှီးကာ အိမ်သာထဲကိုထည့်ခဲ့ပြီး ဝမ်းဗိုက်ထဲကကလီဇာတွေကိုတော့ အိတ်နဲ့ထည့်ကာ ဗိုလ်ချုပ်လမ်းပေါ်က အမှိုက်ပုံး‌ထဲကို ပစ်ခဲ့တာလို့ဆိုပါတယ်။

    စစ်ကောင်စီက နေအိမ်မှာဖမ်း‌ဆီးစဉ် လူသတ်မှုကျူးလွန်ခဲ့တဲ့ ဓားကိုသိမ်း‌ဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် စစ်​ကောင်စီလက်အောက်ခံ မီဒီယာတွေမှာတော့ အဲဒီ့ဓားကို မဟာဗန္ဓုလတံတားပေါ်ကနေ ပစ်ချခဲ့တယ်လို့ရေးသားထားပါတယ်။

    အဲဒီ့အပြင် လူသတ်မှုကျူးလွန်ချိန်မှာ ရုန့်ရင်းဆန်ခတ်ဖြစ်တာကြောင့် အခန်းနံရံဆေးကွာသွားလို့ ဟိုတယ်ကို Check Out ပြုလုပ်ချိန်မှာ လျော်ကြေး ကိုးသောင်းပေးရတယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေက ရေးသားထားပေမယ့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ မပါဝင်​ပါဘူး။

    ဖမ်းဆီးထားသူနှစ်ဦးကို စစ်အုပ်စုရဲ့ပန်းဘဲတန်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

    စစ်ကောင်စီက လူသတ်မှုနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားပေမယ့် ပြည်သူ အချို့ကလည်း စစ်ကောင်စီရဲ့ ထုံးစံအတိုင်း ဇာတ်ကွက်ဆင် လုပ်ကြံဖန်တီးတာတွေရှိနိုင်တယ်လို့ ယူဆနေကြပါတယ်။

    လူသတ်မှူကျူးလွန်တယ်ဆိုတဲ့သူတွေဟာ ၁၈ နှစ်အရွယ်တွေပေမယ့် စစ်ကောင်စီ အာဏာသိမ်းတဲ့ ကာလမှာဆိုရင် ဆယ်ကျော်သက်အရွယ်တွေသာရှိသေးတာကြောင့် အာဏာသိမ်းတဲ့ကာလ ဖြတ်သန်းရတဲ့ လူငယ်တွေရဲ့ စိတ်အခြေအနေအပေါ် ဖေ့စ်ဘွတ်ခ်အသုံးပြုသူအချို့က မေးခွန်းထုတ်​နေကြပါတယ်။

    (စစ်​ကောင်စီက လူသတ်မှုကျူးလွန်သူလို့ထုတ်ပြန်ခဲ့တဲ့ လူငယ် သမီးရည်စားစုံတွဲ ။ ဓါတ်ပုံ-စစ်​ကောင်စီ)