Category: News

  • မကွေး၊ စေတုတ္တရာမြို့နယ်တွင် ယာယီတပ်ရင်းမှူးတစ်ဦး အဆုံးစီရင်

    မကွေး၊ စေတုတ္တရာမြို့နယ်တွင် ယာယီတပ်ရင်းမှူးတစ်ဦး အဆုံးစီရင်

    မင်းဘူးခရိုင်အတွင်း PDF ယာယီတပ်ရင်းမှူးတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်ခဲ့မှု အောက်တိုဘာလဆန်းတွင် ဖြစ်ပွားခဲဲ့သည်။

    မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ယာယီတပ်ရင်းမှူးတစ်ဦး အောက်တိုဘာလ ၁ ရက်နေ့ က မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်ကာ အဆုံးစီရင်ခဲ့မှု ဖြစ်ပွားခဲဲ့ကြောင်း မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်းထံက သိရသည်။

    သေဆုံးသူမှာ လက်နက်ကိုင်တော်လှန်ရေးအစောပိုင်းတည်းက ပါဝင်လာခဲ့သူ အသက် ၃၁ နှစ်အရွယ် ရဲဘော်ဟိုးကြီးဖြစ်ပြီး လွန်ခဲ့သည့် သုံးလဝန်းကျင်မှစပြီး မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်း၏ ယာယီ တပ်ရင်းမှူးအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။

    ယင်းနေ့နံနက်က တပ်စခန်းထဲရှိ ၎င်းအခန်းတွင်းမှာပင် မောင်းပြန်သေနတ်ဖြင့် ချိန်ရွယ်ပစ်ခတ်ကာ အဆုံး စီရင်သွားခဲ့သည်။

    ၎င်း၏ ဘေးတွင် သေတမ်းစာရေးခဲ့သော ဒိုင်ယာရီစာအုပ်တစ်ခုရှိကာ ထိုအထဲတွင် “ရိုးသားစွာ တော်လှန်ကြပါ။ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေကို ချမနင်းကြပါနဲ့” ဟု ရေးသားခဲ့သလို ဒစ်ဂျစ်တယ်ငွေအကောင့် ကေပေး (Kpay) ၏ လျို့ဝှက်ကုတ် (password)ကိုလည်း ချရေးသွားသည်။

    ရဲဘော်ဟိုးကြီး အဆုံးစီရင်သွားသည့် အဓိကအချက်မှာ အထက်နှင့်အောက်ခြေအကြား စီမံခန့်ခွဲမှု အမှား များကြောင့် ထိုလမ်းကို ရွေးချယ်သွားခြင်းဖြစ်သည်ဟု မင်းဘူးခရိုင်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုကြသည်။

    “တိုင်းနဲ့ ခရိုင်ရဲ့ စီမံခန့်ခွဲမှုအမှားတွေကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားပါတယ်။ …သူဒီလို မလုပ်ခင် အထက်က ဖိအားအရမ်းပေးခဲ့တယ် စိတ် အတော်ပင်ပန်းနေပြီလို့ပြောပါတယ်”ဟု မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Viper (ဗိုက်ပါ)က ပြောသည်။

    မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်း၏ တပ်ရင်းမှူးသည် ဒလန် ရှင်းလင်းရေးကိစ္စများ နှင့်ငွေကြေးတောင်း ခံသည်ဟူသော စွပ်စွဲချက်များနှင့် ယခုနှစ်ဆန်းတွင် ဖမ်းဆီးစစ်ဆေးခံရသည်။ ထိုအခြေအနေတွင် ရဲဘော်ဟိုးကြီးက ယာယီတပ်ရင်းမှူး ဖြစ်လာသည်။

    ထို့နောက် မကွေးခရိုင်ကွပ်ကဲရေးက ထိုတပ်ရင်းမှ တပ်ဖွဲ့ဝင် အင်အားအများအပြားကို ထုတ်နှုတ်ကာ ဗျူဟာဖွဲ့စည်းရန် အခြားသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

    “တပ်ရင်းမှာရှိတဲ့ အင်အားတွေကိုဆွဲထုတ်ပြီးတော့ ဗျူဟာဘက်ကို ပို့တယ်။ ကျန်နေတဲ့အချိန်မှာ မရပ်တည်နိုင်တဲ့အချိန်မှာ မင်းတို့မဖြစ်ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ Pressure (ဖိအား) တွေကို ပေးခဲ့တယ်”ဟု ရဲဘော်ဗိုက်ပါက ပြောသည်။

    တပ်ရင်းမှူးကို ဖမ်းဆီးခံထားရသလို တပ်ဖွဲ့ဝင်အများအပြားကို မကွေးခရိုင်ကွပ်ကဲရေးက ထုတ်နှုတ် ခေါ်သွားပြီးနောက် တပ်ရင်းမှ လက်နက်များလည်း သိမ်းဆည်းလိုက်သည့်အတွက် ကျန်ရဲဘော်များမှာ စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

    “လူတွေခေါ်ချင်သလို ခေါ်သွားပြီးတော့ လူမရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ လက်နက်တွေ ထပ်သိမ်း သွားတယ်။ အဲ့ဒါကြောင့်မလို့ ရဲဘော်တွေက တော်တော်စိတ်ဓါတ်ကျပြီးတော့ တပ်က တော်တော်‌ ဖရိုဖရဲ ဖြစ်သွားတယ်”ဟု ရဲဘော်ဗိုက်ပါက ဆက်ပြောသည်။

    ရဲဘော်ဟိုးကြီး အဆုံးစီရင်သွားသည့်အခြေအနေနှင့်ပတ်သက်ပြီး ၎င်းနှင့်ရင်းနှီးသည့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ယခုကဲ့သို့မှတ်ချက်ပြုသည်။

    “ပထမတစ်ချက်က ခရိုင်၊ တိုင်းတွေက မြေပြင်အခြေအနေကိုလက်တွေ့မသိဘဲနဲ့ ဖိအားဇွတ်ပေးတာက တစ်ခု၊ နောက်တစ်ခုကကျတော့ မြေပြင်မှာ သူ့အဖွဲ့အစည်းကိုထိန်းကျောင်းရတဲ့ ငွေကြေးမလုံလောက် တာကလည်း ဖိအားတစ်ခု၊ နောက်တစ်ခုကကျတော့ ….. မြေပြင်မှကြ တကယ်အဆင်မပြေဘဲနဲ့ ၊ ခရိုင် မှာတော့ လုပ်တယ်နော်၊ လုပ်ထားတယ်နော်လို့ပြောပြီး မြေပြင်မှာကျ တကယ်မလုပ်ဘဲနဲ့ ဖြစ်တဲ့ ဖိအားပေါ့။ အဲ့ဒီ သုံးခု အဓိကပါပေါ့”ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်ကပြောသည်။

    ရဲဘော်ဟိုးကြီးအဆုံးစီရင်သည့်ဖြစ်စဉ်အား ကိုင်တွယ်ဆောင်ရွက်နေသည့်အခြေအနေများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ ထံ ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။

    ရဲဘော်ဟိုးကြီးဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားမျှတမှု လိုလားကြောင်း မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်း မှ ရဲဘော် ဗိုက်ပါက တောင်းဆိုသည်။

    “သူ့အတွက်တရားမျှတမှုကို ပြန်လိုချင်ပါတယ်။ မတရားဖိနှိပ်ခဲ့သူတွေကို ပြန်ပြီး NUG အနေနဲ့ ထိထိ ရောက်ရောက် အရေးယူပေးစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

    ရခိုင်ရိုးမ၊ ချင်းတောင်တန်းတို့နှင့်ဆက်စပ်နေသည့် စေတုတ္တရာမြို့နယ်သည် စလင်း၊ ပွင့်ဖြူ၊ ငဖဲ၊ မင်းပြား၊ ကန်ပက်လက်၊ ဆောတို့နှင့် ထိစပ်နေပြီး တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းရာ ဒေသဖြစ်သည်။

  • သီတင်းကျွတ် လပြည့်ည ဆီမီးထွန်းနေစဉ် လေကြောင်းတိုက်ခိုက်

    သီတင်းကျွတ် လပြည့်ည ဆီမီးထွန်းနေစဉ် လေကြောင်းတိုက်ခိုက်

    သီတင်းကျွတ် လပြည့်ည ဆီမီးထွန်းနေစဉ် လေကြောင်းတိုက်ခိုက်ခံရသဖြင့် ကလေးငယ်များအပါအဝင် အလောင်း ၁၃ လောင်းရှာဖွေတွေ့ရှိ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အစပ်ရှိ ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင် သေဆုံးထိခိုက်သူများပြားကြောင်း သိရသည်။

    ယနေ့ အောက်တိုဘာ ၆ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် သီတင်းကျွတ်လပြည့် မီးထွန်းပွဲပြုလုပ်နေသည့် မုံရွာနှင့် ချောင်းဦးမြို့နယ်အစပ်ရှိ ဗုံတိုရွာကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “လပြည့်ည ဆီးမီးထွန်း၊ မီးပုံးပျံတွေလုပ်နေကြချိန်မှာ လာကြဲသွားတာ။ အား လုံးထိတာဆိုရင် ၃၀ ၊ ၄၀ နီးပါးကိုရှိတယ်။ ကလေးငယ်တွေ အမျိုးသမီးတွေ သေဆုံးတာများတယ်။ ထိခိုက်သူတွေလည်း များတာပေါ့ဗျာ။ လောလောဆယ် အလောင်းရှာဖွေလို့ရတာ ၁၃ လောင်းကျော်ရှိပြီ” ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

    ဧရာဝတီတိုင်းမ်သတင်းဌာနမှ ရရှိထားသည့် ဓာတ်ပုံများထဲတွင် ကလေးငယ်များ ဗိုက်ပေါက်ထွက်ရုပ်အလောင်းများနှင့် ကိုယ်တစ်ပိုင်းပြတ်ထွက်၍ သေဆုံးနေသည့် ကလေးငယ်ရုပ်အလောင်းများအပြင် မိသားစုလိုက်သေဆုံးသွားသူ၏ သွေးစွန်းပေနေသည့် ဖုန်းတစ်လုံးကိုလည်း တွေ့ရှိထားသည်။

  • ပဲခူးနှင့် ရန်ကုန်တိုင်း စစ်ဆင်ရေးအတွက် ပဲခူးပကဖကို ဖွဲ့စည်းလိုက်ပြီး အထူးတိုင်းစစ်ဌာနစစ်ကြောင်းသို့ လွှဲပြောင်း

    ပဲခူးနှင့် ရန်ကုန်တိုင်း စစ်ဆင်ရေးအတွက် ပဲခူးပကဖကို ဖွဲ့စည်းလိုက်ပြီး အထူးတိုင်းစစ်ဌာနစစ်ကြောင်းသို့ လွှဲပြောင်း

    တစ်နိုင်ငံလုံးအထွေထွေ ထိုးစစ်အတွက် ကြိုပြင်

    ပဲခူးနှင့် ရန်ကုန်တိုင်း စစ်ဆင်ရေးအတွက် ပဲခူးပကဖကို ဖွဲ့စည်းလိုက်ပြီး အထူးတိုင်းစစ်ဌာန စစ်ကြောင်းသို့ လွှဲပြောင်း ပူးပေါင်းလိုက်ကြောင်း အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ပြောဆိုသည်။

    ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့ KNU တပ်မဟာ ၁ နယ်မြေတွင် ပဲခူးခရိုင်ပကဖက ဖွဲ့စည်း ထားသည့် တိုက်ခိုက်ရေးစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်စေရန် လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကျင်းပခဲ့ ပြီး ပဲခူးခရိုင်ပကဖတာဝန်ခံ ရဲဘော်ဖြိုးမောင် မှ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားထံသို့ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းကို လွှဲပြောင်း အပ်နှံပေးခဲ့ကြောင်း သိရသည်။

    ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေး စစ်ကြောင်းကို အမှတ် ၁ စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှူအတွင်းရှိ ဝေါမြို့ နယ် ၊ ကဝမြို့နယ် ၊ သနပ္ပင်မြို့နယ်၊ ပဲခူးမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ဖြစ်သော အင်းတကော် ပကဖ ၊ ဘုရားကြီးပကဖနှင့် ပဲခူးမြို့နယ် ပဖက တို့မှ ပေါင်းစည်းထားသည့် စစ်‌ကြောင်း တစ်ခုဖြစ်ကြောင်း၊ PDF တပ်ရင်း/စစ်ကြောင်းစုဖွဲ့မှုအတိုင်း လက်ရုံးတပ်ဖွဲ့များပါ ပြည့်စုံအောင် စုဖွဲ့လေ့ ကျင့်ထားပြီး စစ်ဆင်ရေးများလည်း ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးသည်။

    “ကျွန်တော်တို့ရဲ့ တော်လှန်ရေးအင်အားစုတွေဟာ ရန်သူ(စကစ) ထက် ယနေ့အချိန်ထိ အင်အား သာလွန်နေဆဲပါ။ ကျွန်တော်တို့ စုစည်းဖို့ပဲလိုတာပါ။ ကျွန်တော်တို့မှာ ခိုင်မာတဲ့စုစည်းမှူနဲ့ ရှိနေတဲ့အရင်းအမြစ်တွေကို မျှဝေပြီး အကျိုးရှိရှိသုံးနိုင်ရင် လာမဲ့ အထွေထွေစစ်ကို အောင်မြင်အောင် စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ EROs ၊ PDF ၊ ပကဖ တွေကို တစုတစည်းတည်း စုစည်းပြင်ဆင်နေကြပါတယ်၊ Joint Operations Command တစ်ခုတည်းအောက်မှာရှိအောင် တည်ဆောက်နေပြီးဖြစ်ပါတယ်။ ပကဖတွေကို PDF အသွင် လေ့ကျင့်စုဖွဲ့တာသည်လည်း အထွေထွေစစ်အတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုပါ၊ ပဲခူးခရိုင်ပကဖသည် အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှူနဲ့အတူ ပဲခူး၊ ရန်ကုန်စစ်ဆင်ရေးတွေမှာ အစွမ်းကုန် ပူးပေါင်းသွားမဲ့ စိတ်ဓာတ်ပြတ် သားပြီး လေ့ကျင့်သားဝတဲ့ ပကဖ တိုက်ခိုက်ရေးရဲဘော်တွေနဲ့ စုဖွဲ့ထားတဲ့ စစ်ကြောင်းတကြောင်းဖြစ်ပါတယ်” ဟု အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ပြောဆိုသည်။

    ပဲခူးပကဖကို ဖွဲ့စည်းလိုက်ပြီး အထူးတိုင်းစစ်ဌာန စစ်ကြောင်းသို့ လွှဲပြောင်း သည့်အခမ်းအနားသို့ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှုး ရဲဘော်အောင်စံရှား၊ စစ်ထောက်အရာရှိ ရဲ ဘော် ကွီးသောင်း၊ တိုင်းဆေးတာဝန်ခံ ဒေါက်တာဒေဝ၊ အမှတ် ၃၆ နည်းဗျူဟာမှူး ရဲဘော်ရန်နိုင်၊ပဲခူးတိုင်းပကဖ ထောက်လှမ်းရေးအရာရှိ ရဲဘော်စောဘီလူး ၊ ပဲခူးခရိုင်ပကဖတာဝန်ခံ ရဲဘော်ဖြိုး မောင်နှင့် ခရိုင်တာဝန်ခံများ သက်ဆိုင်ရာမြို့နယ် ပကဖတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။

  • အိုးသည်ကုန်း စစ်တပ်ဂိတ်တွင် စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်

    အိုးသည်ကုန်း စစ်တပ်ဂိတ်တွင် စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်

    အုတ်ဖိုမြို့နယ်ရှိ အိုးသည်ကုန်း စစ်တပ်ဂိတ်တွင် စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်ရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံး

    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ အိုးသည်ကုန်း အကြမ်းဖက် စစ်တပ်ဂိတ်တွင် စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်ရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်း စစ်တပ် ဂိတ်တွင်ကင်းစောင့်နေသော စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုပစ်ခတ်မှု အတွင်း ပျူစောထီး ၁ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး စစ်သား ၁ ဦးမှာလည်း ပြည်ဆေးရုံတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

    “အိုးသည်ကုန်း စစ်ခွေးဂိတ်မှာ မနေ့က ညနေ ၅ နာရီလောက်မှာ စစ်ခွေးနဲ့ ပျူစောထီးတွေ ရန်ဖြစ် စကားများပြီး အချင်းချင်း အပြန်အလှန် ပစ်ခတ်ကျတာ ပျူစောထီး ၁ ကောင်ကတော့ ပွဲချင်းပြီး သေဆုံးတယ်။ စစ်ခွေးကတော့ ပြည်ဆေးရုံကို ပြင်းထန်ဒဏ်ရာတွေနဲ့ အရေးပေါ်ပို့ဆောင်ထားရတယ်လို့ သိရတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အဆိုပါ အိုးသည်ကုန်း စစ်တပ်ဂိတ်သည် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ခရီးသွားပြည်သူများထံမှ ငွေကြေး အဆမတန် ကောက်ခံခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခု ပစ်ခတ်မှုသည် အချင်းချင်း ဝေစုခွဲရာမှ အဝေမထည့်ဘဲ ခိုက်ရန် ဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံပြည်သူများက ဆက်လက်ပြောဆိုသည်။

  • ရေဖြူတွင် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု ၁၃ ဦးသေဆုံး

    ရေဖြူတွင် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု ၁၃ ဦးသေဆုံး

    ရေဖြူတွင် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု ၁၃ ဦးသေဆုံးပြီး စစ်သား အလောင်းများကို နေအိမ်ထဲထည့်ကာ မီးရှို့ဖျောက်ဖျက်

    စစ်တပ် မီးရှို့မှုကြောင့် ကြံ့ဖွတ် အမတ်ဟောင်း ပျူစောထီးနိုင်ဦးနေအိမ်ပါပြာကျ

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ ၁၃ ဦးသေဆုံးပြီး စစ်သား အလောင်းများကို နေအိမ်ထဲထည့်ကာ မီးရှို့ဖျောက်ဖျက်သွားကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်း ဝင်ရောက်လာသော အင်အား ၂ဝဝ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုဂေါဇွန်းရွာကို ရောက်ရှိလာပြီး ရွာသားများကိုဖမ်းဆီးခြင်း၊ လူနေအိမ်များအားဖျက်ဆီးခြင်း၊ ရွှေငွေနှင့်လက်ဝတ်ရတနာများအားယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ပုဂေါဇွန်းရွာကို ဝင်ရောက်စီးနင်းပြီးနောက် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ယင်းစစ်ကြောင်းသည် ဝက်ချောင်းရွာမှ တဆင့်ခမောင်းချောင်းရွာသို့ ရောက်ရှိလာပြီး လူနေအိမ်များနှင့်စျေးဆိုင်များကို ဖျက်ဆီး၍ စျေးဆိုင်အတွင်းရှိပစ္စည်းများကို ထပ်မံ ယူဆောင်သွားကြောင်း သိရှိရသည်။

    စက်တင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧကနိရွာအနီးသို့ ရောက်ရှိခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲသည် အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၆ နာရီထိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိနာကာ လူနေအိမ် ၁၀ လုံးကို မီးရှို့ကာ နေအိမ်တချို့ကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

    တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း များပြားကြောင်း၊ တိုက်ပွဲ၌ သေဆုံးခဲ့သော စစ်သား မသာအလောင်းများကို နေအိမ်များ အတွင်းထည့်ကာ မီးရှို့ဖျောက်ဖျက်ခဲ့ပြီး မီးလောင်ကျွမ်းခြင်းမရှိသော စစ်သား မသာအလောင်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မီးရှို့သင်္ဂြိုလ်ပေးခဲ့ရကြောင်း သိရှိရသည်။

    အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ လုံးပြာကျခဲ့ပြီး ကြံ့ဖွတ်အမတ်ဟောင်း ပျူစောထီး နိုင်ဦး ၏နေအိမ်အပါအဝင် ကြံ့ဖွတ်အမာခံများ၏ နေအိမ် ၅ လုံးလည်းပြာကျခဲ့ကြောင်း သိရသည်။

    “အခုက ပွင့်လင်းရာသီထဲရောက်ပြီဆိုတော့ နေရာတိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်။ ရန်သူ့ စကမ စစ်ကြောင်းတွေလည်း မြို့နယ်တိုင်းမှာ လှည့်ပတ်သွားလာနေတယ်။ တွေ့တဲ့လူငယ်တွေ ပေါ်တာဆွဲ ဖမ်းဆီးသွားတာတွေကြုံနေရတယ်။ အဲဒီတော့ခွေးတွေ စစ်ကြောင်း၀င်လာရင်မတွေ့အောင်နေကြဖို့ အရေးကြီးတယ်။ နောက်တစ်ချက်က ထား၀ယ်ခရိုင်ထဲမှာလေကြောင်းကနေတိုက်ပွဲမရှိဘဲ ရွာတွေထဲကို အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေရှိလာတယ် ဆိုတော့ လေယာဉ်ကိုလည်း သတိထားဖို့ အကြံပြုတိုက်တွန်းပါတယ်။ လေကြောင်းအန္တရာယ်ရှိလာလိမ့်မယ်။ အဓိကက ဒီကောင်တွေကအကြမ်းဖက်ပြီပြီ အရပ်သား ပြည်သူရှိတဲ့နေရာတွေကိုပဲ ကျဲတာဖြစ်လို့ ‌မြို့နယ်တိုင်းသတိပြုဖို့လိုတယ်။ ပွင့်လင်းရာသီ ရောက်လာတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့လိုမယ်။ ဥပမာအရေးကြီးပစ္စည်းအထုပ်ပိုးသေချာထုပ်ထားတာမျိုး ဗုံးခိုကျင်းတွေတူးထားကြတာမျိုး လုပ်ထားသင့်တယ်” ဟု ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

    ထိုတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ရေဖြူမြို့နယ်အခြေစိုက်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကာ ရဲဘော် ၃ ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။