Category: News

  • တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးအရေးယူ

    တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးအရေးယူ

    တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး ကြီးမားတဲ့ ပြစ်မှုအမျိုးအစားကျူးလွန်ထားလို့ ဖမ်းဆီးအရေးယူထား​ကြောင်း မန္တလေး PDF ထုတ်ပြန်

    စစ်ရေးဌာနကြီးမှူးကိုမုန်တိုင်း နဲ့ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူးကိုနိုင်ကြီးတို့ဟာတန်ဖိုးကြီးတဲ့ တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ စည်းကမ်းချိုးဖောက်ထုတ်ယူပြီး ပြန်မအပ်သေး၍ဖြစ်ဟု ရှင်းလင်း

    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးဖြစ်သော ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ကို သာမန်စည်းကမ်းဖောက်ဖျက်မှုမဟုတ်တဲ့ ကြီးမားတဲ့ ပြစ်မှု အမျိုးအစား ကျူးလွန်ထားတာကြောင့် ဖမ်းဆီးအရေးယူထားကြောင်း မန္တ​လေး PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

    သူတို့ နှစ်ဦးဟာ ကာလတန်ဖိုးကြီးမားတဲ့တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကိုတပ်ရဲ့စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင် ထုတ်ယူသွားခဲ့တာကြောင့် အပြစ်ရှိကြောင်း၊ ပြစ်ဒဏ်ခံရယူရမှာဖြစ်ကြောင်း ကာယကံရှင်တွေကိုယ်တိုင် ပါဝင်တဲ့ ၂၀၂၅ ဩဂုတ်လ ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင်ဘဏ္ဍာပစ္စည်းတွေကိုတပ်ထံသို့ အမြန်ဆုံး ပြန်လည်အပ်နှံရမယ် ဆိုတာကိုလည်း ဆုံးဖြတ်ခဲ့တယ်လို့ အသိပေးပါတယ်။

    စက်တင်ဘာလမှာကျင်းပခဲ့တဲ့ တပ်မှူးများ (၆) လပတ်စုံညီအစည်းအဝေးမှာလည်း ဗဟိုဦးဆောင်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်တွေကို ထပ်လောင်းအတည်ပြုခဲ့ပေမယ့် တော်လှန်ရေးအခြေအနေအရလည်းကောင်း၊ ကာယကံရှင်နှစ်ဦးရဲ့ မေတ္တာရပ်ခံ တင်ပြချက်အရလည်းကောင်း၊ အခြားထောက်ရှုရမည့်အခြေအနေများအရလည်းကောင်း ပြစ်ဒဏ်များကို လက်တွေ့ ချမှတ်ခြင်း မပြုသေးဘဲယာယီဆိုင်းငံ့ခဲ့ကြောင်းဖော်ပြပါတယ်။

    ဒါပေမဲ့ အခုအချိန်ထိ ဘဏ္ဍာပစ္စည်းများကို တပ်ထံ ပြန်လည်အပ်နှံခြင်း မရှိသလို ဘယ်လိုဖြေရှင်းမှု အသိပေးပြောဆိုမှုမရှိလို့ အရေးယူခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    “ ဤပြစ်မှုသည် တပ်ဖွဲ့တွင်း သာမန် စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုအဆင့်ကိုကျော်လွန်ကာ ကြီးမားသည့် ပြစ်မှုအမျိုးအစားအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်ဟု ကနဦးအဆင့် ကောက်ချက်ချနိုင်ပါသည်”လို့ MDY PDF က ထုတ်ပြန်ပါတယ်။

    ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်သို့တင်ပြကာကိုမုန်တိုင်းနဲ့ကိုနိုင်ကြီးကို နိုဝင်ဘာ ၁၅ရက်မှစတင်ကာလက်ရှိ တပ်ရဲ့တာဝန်အားလုံးက ရပ်ဆိုင်းတာ၊ နှစ်ဦးလုံးကို လက်နက်ဖြုတ်သိမ်းပြီး အချုပ်ဖြင့်ထိန်းသိမ်းထားရှိတာ စတဲ့ အပြစ်ပေးအရေးယူထားတယ်လို့ ဖော်ပြပါတယ်။

    “ဤတပ်ဖွဲ့ဝင်နှစ်ဦးသည်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်နေသည့်အပြင် ပြစ်မှု၏ သဘောသဘာဝအရ ဤအမှုကို သာမန်တပ်တွင်း စီရင်ဆုံးဖြတ်မှုဖြင့် ဆောင်ရွက်ရန် မသင့်သောကြောင့် အထက်ရုံးဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က အမှုတွဲဖြစ်စဉ်ကို လိုအပ်သလို ဆုံးဖြတ် ဆောင်ရွက်နိုင်ရန် သတင်းပို့တင်ပြထားပြီးလည်း ဖြစ်ပါသည်”လို့လည်း MDY PDF က ထုတ်ပြန်ပါတယ်။

    အခုလို စည်းကမ်းထိန်းသိမ်းခြင်းနဲ့ အပြစ်ပေးအရေးယူခြင်းတို့ဟာ သာမာန်အားဖြင့် တပ်တွင်းကိစ္စများသာဖြစ်လို့အများပြည်သူသို့ အသိပေးထုတ်ပြန်လေ့ မရှိသော်လည်း အခုဖြစ်စဉ် အကြောင်းပြုပြီး မလိုလားအပ်တဲ့သတင်းအချက်အလက် အလွဲအမှားတွေ ၊ တော်လှန်ရေးအကျိုးကို ထိခိုက်စေမယ့် ကောလဟာလအမှားတွေ ပေါ်ပေါက်လာမယ့် အရိပ်အယောင်တွေ ကြားသိရလို့ တော်လှန်ရေးအကျိုးကို ရှေးရှုပြီး သတင်းထုတ်ပြန်ရတာဖြစ်တယ်လို့လည်းရှင်းလင်းထားပါတယ်။

    အခုလို တော်လှန်ရေးရဲ့ခက်ခဲကြမ်းတမ်းသော အခိုက်အတန့်ကာလမျိုးမှာ တော်လှန်ရေးအကျိုးကို ထိခိုက်စေမယ့် သတင်းအချက်အလက် အလွဲအမှားတွေ မဖန်တီး မဖြန့်ဖြူးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

    အခုကာလမျိုးမှာပြည်သူလူထုကို စိတ်ပိုင်းဆိုင်ရာ တစုံတရာ အနှောက်အယှက်ဖြစ်စေမယ့် ဖြစ်စဉ် သတင်းမျိုး ပေါ်ပေါက်စေတဲ့အတွက်လည်း MDY PDFက ပြည်သူလူထုတွေကို တောင်းပန်ခဲ့ပါတယ်။

    ပြည်သူ့နွေဦးတော်လှန်ရေးကြီးက ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဟာ “တပ်ပုံကျ၊ စစ်ပုံကျ”တဲ့ တပ်ဖွဲ့တရပ်ဖြစ်စေဖို့ အစွမ်းကုန် ကြိုးပမ်းတည်ဆောက်နေကြောင်း မန္တလေး PDFက အသိပေးထားပါတယ်။

    မန္တလေး PDF ဟာ တပ်တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ တပ်ဖွဲ့ဝင်များအကြား တာဝန်/ရာထူး/အဆင့်အတန်း မခွဲခြားဘဲ “အပြစ်ရှိသူကို အပြစ်အလျှောက် ထိုက်သင့်သလို အပြစ်ပေးအရေးယူခြင်း၊ ကျင့်ဝတ်စည်းကမ်းထိန်းသိမ်းကြပ်မတ်ခြင်း” (Disciplinary Action)ဟာလည်း အထူးအရေးကြီးတဲ့ ကဏ္ဍတရပ်အနေနဲ့ ပါဝင်တာနဲ့အညီ မိမိတို့တပ်ဟာ “တပ်တွင်း စည်းကမ်းထိန်းသိမ်းကြပ်မတ်ခြင်း” ကို အထူးအလေးထား ဆောင်ရွက်လေ့ရှိကြောင်း သိရပါတယ်။

    မန္တ​လေး PDFဟာ တပ်ဖွဲ့ဝင်များအကြား တာဝန်/ရာထူး/အဆင့်အတန်း မခွဲခြားဘဲ “အပြစ်ရှိသူကို အပြစ်အလျှောက် ထိုက်သင့်သလို အပြစ်ပေးအရေးယူတာ၊ ကျင့်ဝတ်စည်းကမ်းထိန်းသိမ်းကြပ်မတ်တာ အပါအဝင် “တပ်တည်ဆောက်ရေးလုပ်ငန်းစဉ်” ကို ပိုမိုအားစိုက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် ပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အန္တိမပန်းတိုင်ဖြစ်သော တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး” အတွက် မဆုတ်မနှစ် ဆက်လက်ချီတက်် တိုက်ပွဲဝင်သွားမယ်လို့လည်းအသိပေးထုတ်ပြန်ထားပါတယ်။

    (မန္တ​လေး PDF ၊ စစ်ရေးဌာနကြီးမှူးကိုမုန်တိုင်းနဲ့ ထုတ်ပြန်ချက်။ ဓါတ်ပုံ-မန္တ​လေး PDF)

  • ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက်  အဆိုမူကြမ်းတစ်ရပ်ကို  ကုလသမဂ္ဂတွင် အတည်ပြု

    ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု

    စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု

    မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေခြင်းကြောင့် မြန်မာပြည်သူများ ပါဝင်နိုင်စေမည့် အခြေ အနေမရှိ၍ ကန့်ကွက်ရှုတ်ချ ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု လိုက်ကြောင်း သိရှိရသည်။

    နိုဝင်ဘာလ ၁၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်ခဲ့သော အကြိမ် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေညီလာခံ၊ တတိယကော်မတီသို့ တင်သွင်းလာသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ဖြင့် အဆိုမူကြမ်း A/C.3/80/L.32/Rev.1 ကို တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများက မဲမခွဲဘဲ တူညီဆန္ဒဖြင့် အတည်ပြု လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ကုလသမဂ္ဂတွင် အတည်ပြုလိုက်သော အဆိုမူကြမ်းတွင် မြန်မာစစ်အုပ်စုက ပဋိပက္ခများ မြင့်တက်နေသည့်ကာလ၌ (အတုအယောင်) ရွေးကောက်ပွဲ ကျင်း ပ ပြုလုပ်ရန် ရည်ရွယ်သည့်အပေါ် အလွန်အမင်း စိုးရိမ်သည်ဟုလည်းကောင်း၊ အထူးသဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်နေခြင်း၊ လူ့အခွင့် အရေး ချိုးဖောက်မှုများရှိနေခြင်းတို့က ရိုဟင်ဂျာ နှင့် အခြားသော လူနည်းစုများ အပါအဝင် မြန်မာပြည်သူများအတွက် (အတုအယောင်) ရွေးကောက်ပွဲတွင် ပါဝင်နိုင်စေမည့် အခြေအနေ မရှိသကဲ့သို့ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ခွင့် အခွင့်အရေးလည်း ရှိနိုင်မည် မဟုတ်ကြောင်း၊ ယင်းမှာ အခြေခံကျသည့် အချက်များအဖြစ် ပါဝင်သည်ဟု သိရှိရသည်။

    ထို့ပြင် စစ်အုပ်စုမှ နိုင်ငံ၏ နယ်မြေအများစု နှင့် နိုင်ငံရေးပါတီများကို ချန်လှပ်ကာ (အတုအယောင်) ရွေးကောက်ပွဲအား တစ်ဖက်သတ် စီစဉ်ရန် ကြိုးပမ်းနေ သည့်အပေါ်လည်း အလွန်အမင်း စိုးရိမ်သည်ဟုလည်းကောင်း၊ အထူးသဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာသိမ်းမှုအား တရားဝင်မှု ရှိစေရန် (အတုအယောင်) ရွေးကောက်ပွဲ ကျင်းပမည့်အပေါ် ကန့်ကွက်ရှုတ်ချသည်ဟုလည်း ကောင်း၊ ထိုသို့သော (အတုအယောင်) ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိနိုင်မည် မဟုတ်ဟူ၍ လည်းကောင်း၊ စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုများဖြင့် အရပ်သားပြည်သူများကို သတ်ဖြတ်နေသည့်အကြားက (အတုအယောင်) ရွေးကောက်ပွဲ ကျင်းပခြင်းမှာ လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်သည့် ရွေးကောက်ပွဲ သတ် မှတ်ချက်နှင့် ကိုက်ညီသော အခြေအနေမဟုတ် ဟူ၍ လည်းကောင်း၊ ထို့ပြင် အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မရှိဘဲ (အတုအယောင်) ရွေး ကောက်ပွဲ ကျင်းပမည့်အပေါ် ကြီးစွား စိုးရိမ်ရသည်ဟုလည်းကောင်း စသည် ဖြင့် နိဒါန်းစာပိုဒ်များနှင့် အရေးယူဆောင်ရွက်ချက်ဆိုင်ရာစာပိုဒ် နှစ်နေရာလုံးတွင် ထည့်သွင်းထားကြောင်း သိရှိရသည်။

    အဆိုမူကြမ်းကို အတည်ပြုဆုံးဖြတ်ရာတွင် ယခင်နှစ်များနည်းတူ မဲမခွဲဘဲ တူညီဆန္ဒဖြင့်သာ အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း၊ အတည်ပြုခဲ့သည့် အဆိုပါ အဆိုမူကြမ်း A/C.3/80/L.32/Rev.1တွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားသောလူနည်းစုများအတွက် တာဝန်ယူမှု ရှိစေရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်း ကြောင်း ပေါ်သို့ ပြန်လည်သွားရောက်နိုင်ရေး ရည်ရွယ်ချက် ၂ မျိုးလုံးအတွက် ဖော်ဆောင်ပေးသည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှုမြင်ပြီး အဆိုမူကြမ်းတွင် မိမိတို့၏ အဓိကကျသော စိုးရိမ်ပူပန်ချက်များကို ထည့်သွင်း ဖော်ပြထားသည့်အတွက်လည်း ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

    ယင်းအပြင် စစ်အုပ်စုမှ ကျေးရွာများအား နေရာအနှံ့မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အကျပ်နေရပ်စွန့်ခွာစေခြင်းနှင့် အရပ်သားပြည်သူလူထုတစ်ရပ်လုံးအပေါ်တွင် စနစ်တကျ အကြောက်တရား ရိုက်သွင်းခြင်း စသည့် လုပ်ရပ်များဖြင့် ၎င်းတို့၏ အကြမ်းဖက်မှုများကို ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန်အရှိန်အဟုန်မြှင့်တင်လာသည့်အချက်ကို အဆိုမူကြမ်း၌ မှန်ကန်စွာ ထည့်သွင်း ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးလည်း ကျဆင်းဆုတ်ယုတ်နေပြီး လူဦးရေ၏ ထက်ဝက်ကျော်မှာ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်သို့ ရောက်ရှိနေ၊ တရားဥပဒေစိုးမိုးရေးကလည်း ပြိုလဲကာ အကျင့်ပျက်ချစားမှုများသာတိုးပွားလာပြီး စစ်အုပ်စုမှအကျိုးခံစားနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်က ကျယ်ပြောသည်ထက် ကျယ်ပြော၊ နက်နဲသည်ထက် နက်နဲလာနေသည်ဟု သံအမတ်ကြီးက ထောက်ပြသည်။

    စစ်အုပ်စုနှင့် ၎င်းတို့၏အစွယ်အပွားလက်ဝေခံများအနေဖြင့် အွန်လိုင်းလိမ်လည်ဂိုဏ်းများနှင့်လူနှင့် မူးယစ် ဆေးဝါးကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လုံခြုံသည့် ခိုလှုံရာ ရပ်ဝန်းများ ပိုမို ကျယ်ပြန့်လာစေရန် ဖန်တီးလုပ်ကိုင်ပေးလျက်ရှိကြောင်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၏ ကြီးမားသော နောက်ဆက်တွဲ​ဆိုးကျိုးများသည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနှင့် ဒေသတွင်းကို ကျော်လွန်၍ အခြားသောနေရာဒေများအနှံ့သို့ပါ ကူးစက်ပျံ့ပွားကာ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကိုပင် ခြိမ်းခြောက်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။

    မြန်မာနိုင်ငံနှင့် အခြားသောနေရာများတွင် ဖြစ်ပေါ်နေသည့် အွန်လိုင်း လိမ်လည်မှုများနှင့် အခြားသော နယ်စပ်ဖြတ်ကျော်မှုခင်းများ အပြီးတိုင် ပပျောက်စေရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့ထံမှ ညှိနှိုင်းဆောင်ရွက်မှုရှိ၍ ပိုမိုထိရောက်သော လုပ်ဆောင်ချက်များ လိုအပ်နေကြောင်း၊ စစ်အုပ်စုကမူ ၎င်းတို့ကျူးလွန်သည့် ကြီးလေးသောရာဇဝတ်မှုများအား ဖုံးဖိဖျောက်ဖျက်နိုင်ရန် နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့မှ ရှောင်လွှဲနိုင်ရန် အတုအယောင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အား စီစဉ်လျက် တရားဝင်မှု ရရှိနိုင်ရေး မတရား ဆက်လက် ကြိုးပမ်းနေကြောင်း သံအမတ်ကြီးက အသိပေးပြောဆိုထားသည်။

    စစ်တပ်က မြန်မာ ပြည်သူများ၏ဆန္ဒ အလျဉ်းမပါဝင်သော မသမာသည့်လုပ်ငန်းစဉ်ကို နောက်ဆုံးလက်နက်သဖွယ် အသုံးချကာ နိုင်ငံတကာအသိုက်အဝန်း တစ်ခုလုံးအား လှည့်ဖြားရန် ကြိုးစားနေကြောင်း၊ ပြည်တွင်း၌ နေထိုင်လျက်ရှိသော ပြည်သူများ၊ အထူးသဖြင့် အနုပညာရှင်များအနေဖြင့် ဓားစာခံ ဖြစ်ကာ ဖိအားပေးခံနေရပြီး စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲဆိုင်ရာ ဝါဒဖြန့်ချိရေး အစီအစဉ်များတွင် မျက်နှာပြပေး၍ အသုံးချခံနေရသည့်အပေါ် ကြေကွဲဝမ်းနည်းရကြောင်း ၎င်းက ကုလသမဂ္ဂတွင် ပြောဆိုသည်။

    စစ်အုပ်စု၏ တရားမဝင်မှုအား မြင်သာစေနိုင်သည့် စာသားများ ပါဝင်လာသည့်အပေါ် ကြိုဆိုသည့်တပြိုင်နက် စစ်အုပ်စု စီစဉ်နေသော အတုအယောင် ရွေးကောက်ပွဲအား ပြင်းထန်စွာ ကန့်ကွက်ပယ်ချရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုလိုက်ပြီး မြန်မာပြည်သူများမှ မိမိတို့၏ အနာဂတ်အား ပြန်လည် ရယူနိုင်ရေးနှင့် ဒေသတွင်းနှင့် ကမ္ဘာတစ်လွှားအပေါ် အပြု သဘောဆောင်စွာ အကျိုးပြုနိုင်မည့် ငြိမ်းချမ်းသော၊ အားလုံး ပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်းမှုတွင် နိုင်ငံတကာ အသိုက်အဝန်းက ပါဝင်အားဖြည့်ပေးနိုင်ရန် သံအမတ်ကြီးက ထပ်လောင်း တောင်းဆိုခဲ့သည်။

  • Crazy Crying Lady

    Crazy Crying Lady

    Crazy Crying Lady (2012)

    ဒီ ဇာတ်ကားကတော့ မည်သည့်ကိစ္စမဆို ချက်ချင်း ငိုချတတ်သောကြောင့် “အငိုသန် သခင်မ ဟို” လို့ အမည်တွင်တဲ့ “ဟိုဂ ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘဝရုန်းကန်မှုတွေကို ဖော်ကျူးထားတဲ့ကားလေးပါပဲ။

    “ဟို” ဟာ ရော့ခ်ဂီတသမား ဘွိင် နဲ့ ချစ်သူဖြစ်နေတာပါ။ သူတို့အတွဲလေးဟာ ရိုးရိုးရှင်းရှင်းနေထိုင်ခဲ့ရာကနေ တနေ့မှာတော့ “ဟို”ကို ကျန်းမာရေး စစ်ဆေးကြည့်ရာ သားသမီးမရနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရနိုင်တဲ့ သားအိမ်ပြဿနာအကြောင်း ရုတ်တရတ် သိလိုက်ရပါတော့တယ်။ အဲဒီမှာပဲ သူ့ရဲ့ ဘဝဟာလည်း အပြောင်းအလဲကြီး ဖြစ်လာခဲ့ပါတော့တယ်။

    ငယ်ငယ်လေးကတည်းက သားသမီးလိုချင်လှတဲ့ “ဟို”အတွက်တော့ ဒီပြဿနာဟာ အိပ်မက်ဆိုးကြီးဖြစ်လာပါတော့တယ်။ အဲဒါကြောင့် အချိန်မီ မိခင်တစ်ဦး ဖြစ်လာဖို့အရေး ဘဝလက်တွဲဖော် အမြန်ဆုံး ရှာဖို့ ဖြစ်လာပါတော့တယ်။ လက်ရှိ သူ့ရဲ့ ချစ်သူ ဘွိင် ကလည်း သူ့ရဲ့ သားသမီးအတွက် မှန်ကန်တဲ့ ဖခင် ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း တွေဝေစပြုလာခဲ့ပါတယ်။ အဲဒီလို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့အတွက် လက်ရှိ ဆရာဝန်ဖြစ်နေတဲ့ သူ့ ငယ်သူငယ်ချင်း “တော့ဂ်” ဆီကနေ အကြံဥာဏ်တွေ ယူရပါတော့တယ်။

    အဲဒီလိုဖြစ်နေချိန်မှာ အိမ်တွင်းရေး ပြဿနာတွေကလည်းရှိနေပါသေးတယ်။ အဲဒါကတော့ ယောက်ျားပီသစေချင်တဲ့ ဖခင်နဲ့ မိန်းကလေးစိတ်ဝင်နေတဲ့ မောင်လေးတို့ကြားက ပြဿနာပါပဲ။

    ဒီဇာတ်ကားလေးထဲမှာ “ဟို” တစ်ယောက် မိသားစုအရေး၊ အချစ်ရေး နဲ့ သူ့အိပ်မက်တွေကြား ကြိုးစားရုန်းကန် ဆုံးဖြတ်ခဲ့ရတာတွေကို ရယ်မောစရာ၊ ရင်မောစရာလေးတွေနဲ့ ပုံဖော်ထားတာမို့ ကြည့်ရှုလိုက်ကြပါဦးလို့……

  • နှစ်(၂၀၀)ကျော် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ UG ရဲဘော်ကို PDF နဲ့ ပကဖတွေ ရုပ်ရှင်ဆန်ဆန်တိုက်ခိုက်ကယ်ထုတ်

    နှစ်(၂၀၀)ကျော် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ UG ရဲဘော်ကို PDF နဲ့ ပကဖတွေ ရုပ်ရှင်ဆန်ဆန်တိုက်ခိုက်ကယ်ထုတ်

    မကွေးတိုင်း၊ ချောက်မြို့မှာ စစ်ကောင်စီအဓိကထောက်တိုင်ချောက်မြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ(မြို့တော်ဝန်) ပစ်ခတ်ရှင်းလင်းမှုနဲ့ အဖမ်းခံရပြီး ထောင်ဒဏ် နှစ်(၂၃၀)ကျော် ချမှတ်ခံထားရတဲ့ မြို့ပြပြောက်ကျားရဲဘော်ကို ထောင်ပို့ဆောင်စဉ်မှာ PDF၊ ပကဖနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ရုပ်ရှင်ဆန်ဆန်ကြားဖြတ်တိုက်ခိုက်ပြီး ကယ်ထုတ်နိုင်ခဲ့ပါတယ်။

    ချောက်မြို့နယ်ပကဖ လက်ရုံးစစ်ကြောင်း- Chauk Guerrilla Force က ရဲဘော်နက်ရှိုင်း (ခ) မိုးညိုကို နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တာပါ။

    ” ရုပ်ရှင်ဆန်ဆန်ပဲ။ ရဲစခန်းကနေ ထောင်ကို ပို့မယ့်သတင်းရလို့ တောထဲမှာ ၄ရက်တိတိစောင့်ပြီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ”လို့ ဒီဖြစ်စဉ်ကိုသိတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

    ရဲဘော်မိုးညိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ မှာ ချောက်မြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ(မြို့တော်ဝန်) ဦးသန့်ဇင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တဲ့အမှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီက ပုဒ်မမျိုးစုံတပ်ခဲ့ပြီး ထောင်ဒဏ် နှစ်ပေါင်း၁၇၀ တစ်ကြိမ်၊ ၆၇ နှစ်တစ်ကြိမ်ချထားပြီး နောက်ထပ်အမှုတွေ ထပ်စွဲခံရသူဖြစ်ပါတယ်။

    ” ထောင်ထဲကနေထုတ်ပြီး စစ်တာ။ ရဲစခန်းကနေ ထောင်ပြန်အပို့မှာ ဖြတ်တိုက်တာ”လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

    နိုဝင်ဘာ ၁၁ရက်မနက်က ချောက်မြို့နယ်ရဲစခန်းကနေ ရေနံချောင်းနဲ့မကွေးမြို့ကြားမှာရှိတဲ့ ဒေါင်းနေအကျဉ်းထောင်ကို လုံခြုံရေးကားတစ်စီး၊ ပျူစောထီး ကားတစ်စီး၊ စုစုပေါင်းကားနှစ်စီးနဲ့ လုံခြုံရေးယူပြီး ပို့ဆောင်စဉ်မှာ ကြားဖြတ်ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။

    ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ချောက်ပကဖ ) ၊ Chauk Guerrilla Force၊ Chauk Special Attack Force (မကွေးခရိုင်ပကဖ အထူးတိုက်ခိုက်ရေး တပ်ခွဲ – ၅) နဲ့ Tiger Fighter Force ပူးပေါင်းမဟာမိတ်အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ချောက်ပကဖက ဒီနေ့ နိုဝင်ဘာ၂၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

    ” ကားပေါ်မှာ နိုင်ငံရေးအကျဉ်းသား ၅ ဦးပါတယ်။ ကျန်တဲ့သူတွေကတော့ မပြေးရဲဘူးထင်တယ်။ သူတို့အကြောင်း မသိရသေးဘူး။ ကျနော်တို့ရဲဘော်မိုးညိုကတော့ ခုန်ချပြီး လွတ်အောင်ထွက်ပြေးလာနိုင်ခဲ့တယ်။ နဖူးမှာ ဒဏ်ရာနည်းနည်းရတယ်” လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

    ရဲဘော်မိုးညိုကို ကြားဖြတ်ကယ်ထုတ်တဲ့ စစ်ဆင်ရေးမှာ စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ကြားပေမယ့် အသေးစိတ်မသိရသေးပါဘူး။

    စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့ ချောက် -ရေနံချောင်းအမှတ် (၃) ပြည်ထောင်စုလမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အရေးပေါ်အခြေအနေထုတ်ပြန်ထားပါတယ်။ ရဲဘော်မိုးညိုကတော့ လုံခြုံတဲ့နေရာကိုရောက်ရှိနေပြီဖြစ်ပြီလို့ သိရပါတယ်။

    ၂၃၅ နှစ် ထောင်ဒဏ် ချမှတ်ခံရတဲ့ တပ်ဖွဲ့ဝင် နက်ရှိုင်း (ခ) မိုးညိုကို ကယ်ထုတ်နိုင်ခဲ့တာက တကယ်အားရစရာကောင်းလှပါတယ်။

    အတွင်းသတင်းတွေ စဥ်ဆက်မပြတ်ရအောင်ယူပြီး မြေပြင်မှာ ချိန်သားကိုက် အောင်မြင်ဖို့ အကောင်ထည်ဖော်ရတာလည်း မလွယ်ကူလှပါဘူး။ သေချာစဥ်စားတိုင်ပင်ပြီး စနစ်တကျ လုပ်ဆောင်နိုင်ခဲ့ကြတာပါ။

    ကားပေါ်မှာ ၅ ယောက်ပါတယ်။ ရဲဘော်မိုးညိုနဲ့ နောက်တစ်ယောက်ကိုတွဲပြီး လက်ထိပ်ခတ်ထားတယ်။ တိုက်ခိုက်တဲ့အချိန်မတိုင်ခင် လက်ထိတ်ဖြုတ်ထားနိုင်ဖို့ဆိုတာလည်း လုံးဝကိုမလွယ်ကူဘူး။

    ပြီးတော့ အနောက်ကကားကို မိုင်းဆွဲတဲ့အချိန် ရဲရဲဝံ့ဝံ့နဲ့ ကားပေါ်က ခုန်ထွက်နိုင်တာလည်း တွေးကြည့်ရင် ကြက်သီးထစရာကြီး။ အဆုံးထိတွေးထားပုံရတယ်။ ပြီးတော့ ဒီကောင်တွေလက်မှာတော့ ဘဝအဆုံးမခံနိုင်ဘူး အခွင့်အရေးရတာနဲ့ ရအောင်လုပ်မယ်ဆိုတဲ့စိတ်ကြီးက ရှယ်ပဲ။

    လက်ရှိမှာ ရဲဘော်မိုးညိုဟာ လုံခြုံတဲ့နေရာရောက်ပြီ။ ကားပေါ်က ခုန်ချခဲ့လို့ ရခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုသမှုခံယူနေတယ်တဲ့။ မစိုးရိမ်ရပါဘူးတဲ့။ ဝမ်းသာစရာပါပဲ။

    ကျန်တဲ့ ၄ ယောက်ကိုလည်း လွတ်မြောက်စေချင်တာပါ။ အဲ့အတွက်တော့ စိတ်မကောင်းဘူး။

    ချက်ချင်းလက်ငင်းကြုံလာတဲ့အပေါ် ကြောက်ရွံ့တာရယ် ခုန်ချဖို့ မဖြစ်နိုင်တာရယ်ကြောင့် မလွတ်မြောက်ခဲ့ဘူးလို့ပဲ ဆိုရမှာပါ။ ဒါပေမယ့် ကိုယ့်လူကိုယ်ရအောင်ပြန်ကယ်ထုတ်နိုင်တဲ့ ဖြစ်စဥ်တွေကတော့ စလာပါပြီ။

    ဒီစစ်ဆင်ရေးကို တာဝန်ယူဦးဆောင်ခဲ့တဲ့ စစ်ကြောင်းမှူး ကိုဖြိုးထက်နိုင်နဲ့ ချောက်မြို့နယ်ပကဖအဖွဲ့တွေ၊ မကွေးခရိုင် တိုက်ခိုက်ရေးတပ်ခွဲတွေအတွက် ဂုဏ်ယူရပါတယ်။

    အကြောင်းစုံဖြေကြားပေးတဲ့ တာဝန်ခံ ကိုဘကွန်းကိုလည်း ကျေးဇူးတင်ရပါတယ်။

    ဒီယာဥ်တန်းကို တာဝန်ယူလာတဲ့ ရဲအုပ်ကျော်ဝင်းနဲ့အဖွဲ့တွေတော့ ရာထူးပြုတ်ပြီး အချုပ်ထဲရောက်နေပါပြီတဲ့။ ဒန် တန့် တန်။

    ဒီဖြစ်စဥ်ဟာ တလရတပ်ဖွဲ့ဝင်တွေကြားထဲက ရဲဘော်ရဲဘက် သံယောဇဥ်တွေကိုလည်း အတိုင်းသားမြင်ရတယ်။ ဖရဲသီးသတင်းဟာ ဘယ်လောက်တန်ဖိုးရှိလဲ သိခွင့်ရတယ်။

    ရရှိတဲ့ သတင်းအချက်အလက်ကို အကောင်းဆုံးအသုံးချနိုင်ခဲ့တာလည်း တွေ့ရတယ်။ ရဲဝံ့စွန့်စားတဲ့ သတ္တိတွေကိုလည်း ခံစားမိတယ်။

    ပြောရရင် စကစဘယ်နှစ်ကောင်ဂိန်တယ်ဆိုတာထက် ကိုယ့်ဘက်က ရဲဘော်တစ်ယောက်ကို ခက်ခက်ခဲခဲကြီး လွတ်မြောက်အောင် ဝိုင်းဝန်းကြိုးစားနိုင်ခဲ့ကြတာကိုပဲ အားရမိပါတယ်ဗျာ။

    Htet Myat

    (Chauk Guerrilla Force မှ ကယ်ထုတ်နိုင်ခဲ့တဲ့ ရဲဘော်နက်ရှိုင်း။ဓာတ်ပုံ-​ပေးပို့)

  • မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆို

    မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆို

    မြန်မာစစ်တပ်၏ အယောင်ပြ ရွေးကောက်ပွဲကို ရှုတ်ချရန်၊ မြန်မာ့အရေး အထူးကိုယ်စားလှယ်ခန့်အပ်ရန်နှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆို

    မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို ရှုတ်ချရန်၊ မြန်မာ့အရေးအတွက် အမေရိကန် အထူးကိုယ်စားလှယ်ခန့်အပ်ရန်နှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆိုလိုက်သည်။

    နိုဝင်ဘာလ ၂၀ ရက်နေ့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ အရှေ့အာရှနှင့် ပစိဖိတ် ဆပ်ကော်မတီ၏ အဆင့်မြင့်အဖွဲ့ဝင် (Ranking Member) နှင့် ဥက္ကဋ္ဌများဖြစ်ကြသော လွှတ်တော်အမတ် ဒေါက်တာ Ami Bera (ဒီမိုကရက်-ကယ်လီဖိုးနီးယား) ၊ လွှတ်တော်အမတ်Young Kim (ရီပတ်ဘလစ်ကန်-ကယ်လီဖိုးနီးယား)၊ တောင်အာရှနှင့် အလယ်အာရှ ဆပ်ကော်မတီ၏ အဆင့်မြင့်အဖွဲ့ဝင်နှင့် ဥက္ကဋ္ဌများဖြစ်ကြသော လွှတ်တော်ကိုယ်စားလှယ် Sydney Kamlager-Dove (ဒီမိုကရက်-ကယ်လီဖိုးနီးယား) နှင့် လွှတ်တော်အမတ် Bill Huizenga (ရီပတ်ဘလစ်ကန်-မစ်ရှီဂန်) တို့က နိုဝင်ဘာလ ၁၉ ရက်နေ့ မြန်မာ့အရေး အကျပ်အတည်းနှင့် ပတ်သက်သည့် ပူးတွဲဆပ်ကော်မတီ ကြားနာပွဲအပြီး ထိုသို့ အမေရိကန်အစိုးရထံသို့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ကြခြင်းဖြစ်သည်။

    “မနေ့က ပြုလုပ်ခဲ့တဲ့ နှစ်ပါတီပူးတွဲ ကြားနာပွဲဟာ လွှတ်တော်အမတ်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအတွက် ရုန်းကန်ကြိုးပမ်းမှုကို ထောက်ခံအားပေးရာမှာ စည်းလုံးညီညွတ်ကြကြောင်း ပြသလိုက်ပါတယ်” ဟု အမေရိကန်လွှတ်တော်အမတ်များက ပြောဆိုသည်။

    မြန်မာနိုင်ငံတွင် စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို အမေရိကန်အစိုးရက ရှုတ်ချရန်နှင့် အမေရိကန်အစိုးရ၏ မြန်မာ့အရေး အထူးကိုယ်စားလှယ်ခန့်အပ်ရေးကိုလည်း လွှတ်တော်အမတ်များက တောင်းဆိုလိုက်ကြသည်။

    “မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ဒီမိုကရေစီကျတဲ့ အနာဂတ်ကို ပံ့ပိုးကူညီနိုင်ဖို့၊ အာဏာသိမ်းအဖွဲ့ရဲ့ လာမယ့် အယောင်ပြ ရွေးကောက်ပွဲတွေကို အများပြည်သူရှေ့မှောက်မှာ ရှုတ်ချဖို့နဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ အမေရိကန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဦးဆောင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူးတစ်ဦးကို ခန့်အပ်ဖို့အတွက် ကျွန်တော်တို့ဟာ အစိုးရအဖွဲ့ကို တိုက်တွန်းလိုပါတယ်”ဟု လွှတ်တော်အမတ်က ပူးတွဲ ကြေညာချက်တွင် တောင်းဆိုထားသည်။

    ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ အခြားနိုင်ငံများ ပူးပေါင်းဆောင်ရွက်ကြရန်၊ ဒီမိုကရေစီအရေးအတွက် ရုန်းကန်နေရသော မြန်မာပြည်သူအားလုံးနှင့်အတူ အမေရိကန်က ရပ်တည်ကြောင်း လွှတ်တော်အမတ်များ၏ ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

    “နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း မြန်မာနိုင်ငံရှိ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပြည်တွင်းစစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်အရေးအခင်းအပေါ် တုံ့ပြန်မှုများကို ရေရှည်တည်တံ့စေဖို့နဲ့ ပိုမိုတိုးတက်ကောင်းမွန်စေဖို့၊ ရိုဟင်ဂျာတွေကို ကြည်ဖြူစွာ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ရပါမယ်။ လွတ်လပ်မှု၊ ဂုဏ်သိက္ခာနှင့် ဒီမိုကရေစီ အနာဂတ်ကို ရှာဖွေနေတဲ့ မြန်မာပြည်သူအားလုံးနဲ့ အမေရိကန်ဟာ ဆက်လက်ရပ်တည်သွားရပါမယ်” ဟု လွှတ်တော်အမတ် ၄ ဦး၏ ကြေညာချက်တွင် ရေးသားထားသည်။