Category: News

  • လားရှိုးနားကစခန်းတွေကို ဆုတ်ခိုင်းရာကနေ အကြမ်းဖက်စစ်တပ်နဲ့ MNDAA ဆက်ဆံရေးတင်းမာ

    လားရှိုးနားကစခန်းတွေကို ဆုတ်ခိုင်းရာကနေ အကြမ်းဖက်စစ်တပ်နဲ့ MNDAA ဆက်ဆံရေးတင်းမာ

    “ကိုကိုဦးကိုယ်တိုင် လားရှိုးမှာလာညှိတာ။ မရလို့ ပြန်သွားပါပြီ။ နောက်ဆက်တွဲကဘာတွေဆက်ဖြစ်မလဲတော့မသိ။ ကိုးကန့်(MNDAA)တွေကတော့ အင်အားပိုများလာတယ်”

    လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAA တပ်တွေဆုတ်ပေးဖို့ စစ်အုပ်စုရဲ့အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှုးကိုယ်တိုင် လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် ငြင်းပယ်ခံရပြီး ဆွေးနွေးမှုပျက်သွားသလို MNDAA ကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။

    လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAA က တပ်စွဲထားတာကို နိုဝင်ဘာလ ၁၁ရက်နေ့က လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ် ဆွေးနွေးပွဲမှာ စစ်ကောင်စီက ဆုတ်ခွာခိုင်းတာလို့ စုံစမ်းသိရပါတယ်။နောင်မွန်- နမ့်ပေါင်-ဟိုယ ရွာတွေဟာတစ်ဆက်တည်းရှိနေတာဖြစ်ပြီး MNDAAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့နယ်မြေထဲမှာပါဝင်ပါတယ် ။ အခုချိန်ချိန်အထိလည်းတပ်ဆွဲထားတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ဧပြီလမှာ တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက်မှု​ကြောင့် MNDAA က လားရှိုးမြို့ကို ကျည်တချက်မ​ဖောက်ပဲပြန်လွှဲ​ပေးခဲ့ရပါတယ်။အခုထပ်ပြီး နောင်မွန်- နမ့်ပေါင်-ဟိုယ ရွာတွေကနေ တဆင့်ချင်းဆုတ်ပေးဖို့ စစ်အုပ်စုက ထပ်မံတောင်းဆိုနေတာဖြစ်ပါတယ်။

    “ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုယ်တိုင် လားရှိုးမှာလာညှိတာ။မရလို့ ပြန်သွားပါပြီ။ နောက်ဆက်တွဲကဘာတွေဆက်ဖြစ်မလဲတော့မသိ။ ကိုးကန့်(MNDAA)တွေကတော့ အင်အားပိုများလာတယ်” လို့ နောင်မွန်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဟာ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ-၅)ဖြစ်ပါတယ်။ သူဟာလားရှိုးမြို့ကိုတရုတ်အစိုးရအကူအညီနဲ့ပြန်လည်ထိန်းချုပ်စဥ်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျွင်းနဲ့ ဆွေးနွေးမှုကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။ MNDAAနဲ့အပစ်ရပ်ဆွေးနွေးပွဲတွေကိုလည်း စစ်ကောင်စီဘက်ကနေ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

    မကြာ‌သေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခရီးစဉ်မှာလည်း တရုတ်ကိုယ်စားလှယ်အဖွဲ့ကို စစ်ခေါင်းဆောင်နဲ့အတူ တွေ့ဆုံခဲ့ပါတယ်။

    “သူနဲ့ဆို အဆင်ပြေမလားဆိုပြီး တောက်လျှောက်တာဝန်ပေးထားတာ။ ကိုးကန့်က ပြန်ဆုတ်ပေးဖို့မရှိဘူးပြောလိုက်တော့ နေပြည်တော်ပြန်တက်သွားတယ်” လို့ လားရှိုးမြို့ကသတင်းရင်းမြစ်ကပြောပါတယ်။

    စစ်အုပ်စုဟာ တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့ကိုပြီးခဲ့တဲ့ အောက်တိုဘာလမှာပြန်သိမ်းယူပြီးနောက်ပိုင်းမန္တလေး-မူဆယ်ပြည်ထောင်စုလမ်း၊ လားရှိုးနဲ့ သီပေါလမ်းပိုင်း ပတ်ဝန်းကျင်က MNDAA စခန်းတွေကိုဆုတ်ခွာဖို့ဖိအားပိုပေးနေတာဖြစ်ပါတယ်။

    MNDAAကလားရှိုးမြို့နားက၎င်းတို့တပ်စွဲထားတဲ့နေရာတွေအကြောင်းနဲ့ စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေအကြောင်း သတင်းမထုတ်ပြန်​သေးပါဘူး။ ဒါပေမယ့်စစ်ကောင်စီနဲ့ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အမြဲသတိရှိနေဖို့နဲ့ ဗျူဟာကျကျနားလည်နေဖို့အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ဖူးပါတယ်။ MNDAAရဲ့ အပတ်စဉ်(၁) ကေဒါများအလှည့်ကျသင်တန်းဆင်းပွဲမှာ MNDAA စစ်ဦးစီးမှူးချုပ်က သင်တန်းဆင်းကိုးကန့်တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

    MNDAAဟာ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာတွင် ညီနောင်မဟာမိတ်ဖြစ်တဲ့AAနဲ့ TNLA တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇စစ်ဆင်ရေးစတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ပန်ဆိုင်းမြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။သိမ်းယူထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်နေစဉ်တရုတ်အစိုးရရရဲ့ ဖိအားကြောင့် စစ်ကောင်စီနဲ့အပစ်ရပ်ထားသလို လားရှိုးမြို့ကိုလည်း ၂၀၂၅ ခုနှစ် ဧပြီလမှာ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရတာပါ။သိန္နီမြို့ကို ပြန်ပေးဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

  • ဟစ်တလာသည် လိင်တံသေးသည့် “နတ်ကွပ်” ဖြစ်နိုင်ဟု DNA ဆန်းစစ်ချက် ထွက်ပေါ်

    ဟစ်တလာသည် လိင်တံသေးသည့် “နတ်ကွပ်” ဖြစ်နိုင်ဟု DNA ဆန်းစစ်ချက် ထွက်ပေါ်

    နာဇီအာဏာရှင် ဟစ်တလာဟာ ဝှေးစေ့တလုံးတည်းရှိတဲ့ “နတ်ကွပ်” ဖြစ်နိုင်တဲ့အပြင် Micropenis လို့ခေါ်တဲ့ လိင်တံသေးငယ်တဲ့ ရောဂါလက္ခဏာပါ ရှိနိုင်တယ်လို့ DNA လေ့လာမှုတခုက ဖော်ပြပါတယ်။

    ဆေးပညာအရ သူ့မှာ လိင်အင်္ဂါဖွံ့ဖြိုးမှုကို ဟန့်တားတဲ့ ကဲလ်မန်းဆင်ဒရုန်း (Kallmann syndrome) ဆိုတဲ့ ရှားပါးမျိုးဗီဇရောဂါ ရှိနေနိုင်ပြီး ဒီရောဂါရှိသူ ၁၀ ရာခိုင်နှုန်းဟာ လိင်တံသေးငယ်လေ့ ရှိတယ်လို့ ဆိုပါတယ်။

    ၁၉၄၅ ခုနှစ်တုန်းက ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ မြေအောက်ဗုံးခိုကျင်းထဲက ဆိုဖာကနေ အမေရိကန်ဗိုလ်မှူးကြီးတယောက် ဖြတ်တောက်ယူထားတဲ့ သွေးပေနေတဲ့ အဝတ်စကနေ DNA ရယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ်ကမှ ရှာဖွေတွေ့ရှိခဲ့တဲ့ ၁၉၂၃ ခုနှစ် ဆေးစစ်ချက်မှာလည်း ဟစ်တလာဟာ နတ်ကွပ် ဖြစ်တယ်ဆိုတာ ဖော်ပြထားပါတယ်။

    သုတေသနကို ဦးဆောင်တဲ့ ပါမောက္ခ တူရီကင်းက “သူ့ရဲ့ မျိုးဗီဇရလဒ်ကို ကြည့်မယ်ဆိုရင် သူကိုယ်တိုင်ဟာ ဓာတ်ငွေ့ခန်းထဲလွှတ်ပြီး ရှင်းခံရဖို့ ကျိန်းသေတဲ့ အခြေအနေမှာ ရှိနေပါတယ်” လို့ ပြောပါတယ်။

    ဒုတိယကမ္ဘာစစ်တုန်းက ထင်ရှားခဲ့တဲ့ သူ့ကို လှောင်ပြောင်သီဆိုခဲ့ကြတဲ့ “Hitler Has Only Got One Ball” သီချင်းနဲ့လည်း တိုက်ဆိုင်နေတာ တွေ့ရပါတယ်။

    ဒီလေ့လာတွေ့ရှိမှုကို ဗြိတိန်နိုင်ငံက Channel 4 ရုပ်သံလိုင်းမှာ နိုဝင်ဘာ ၁၅ ရက်ကျရင် “Hitler’s DNA: Blueprint of a Dictator” လို့ အမည်ပေးထားတဲ့ ရုပ်သံမှတ်တမ်းအဖြစ် ပြသမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ သိပ္ပံဂျာနယ်တခုမှာ ပုံနှိပ်ဖော်ပြဖို့လည်း စီစဉ်ထားပါတယ်။

    ဒါပေမဲ့ ဒီမှတ်တမ်းရုပ်ရှင်ရဲ့ လေ့လာဆန်းစစ်မှုတွေအပေါ် သံသယရှိတဲ့ မေးခွန်းထုတ်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

    အထူးသဖြင့် ဟစ်တလာမှာ ADHD၊ Autism နဲ့ Schizophrenia လို စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ရှိနိုင်ခြေများတယ်လို့ သုံးသပ်ဖို့ အငြင်းပွားဖွယ်ရာ Polygenic Risk Score (PRS) စမ်းသပ်မှုတွေကို အသုံးပြုခဲ့တာကို ဝေဖန်နေကြပါတယ်။

    ကျွမ်းကျင်သူတွေက ဒီ PRS စမ်းသပ်မှုတွေဟာ လူများစုအတွက် ယေဘုယျဆန်တဲ့ အဖြေသာဖြစ်ပြီး လူတယောက်ချင်းစီအတွက် အတိအကျ အဖြေထုတ်ပေးနိုင်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    ဒီမှတ်တမ်းရုပ်ရှင်ဟာ မျိုးဗီဇက လူတယောက်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်တယ်ဆိုတဲ့ “မျိုးရိုးဗီဇဆိုင်ရာ အဆုံးအဖြတ်ပေးခြင်း” (genetic determinism) ဘက်ကို ရောက်သွားတယ်လို့ ဝေဖန်ကြပါတယ်။

    ဒီအယူအဆဟာ နာဇီတွေ လက်ခံကျင့်သုံးခဲ့တဲ့ “မျိုးနွယ်စုသိပ္ပံ” အယူအဆရဲ့ အဓိကအချက် ဖြစ်နေတာကြောင့် အခုလို ချဉ်းကပ်မှုမျိုးကို အင်မတန် သတိထားသင့်တယ်လို့ သုံးသပ်သူတွေက ဝေဖန်နေကြပါတယ်။

  • ရှမ်းမြောက်မှာ စစ်တပ်နဲ့ MNDAA ဆက်ဆံရေး ပိုတင်းမာလာ

    MNDAA ထိန်းချုပ်ဒေသဖြတ်လာတဲ့ကုန်ကားတွေကို စစ်တပ်တားဆီး၊ သီပေါတံတားကို ဖြတ်သန်းခွင့် နှစ်ဘက်စလုံးကပိတ်

    လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAA တပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုမှုအဆင်မပြေတဲ့နောက် နှစ်ဘက်ဆက်ဆံ​ရေး ပိုတင်းမာလာပြီး တရုတ်ဘက်က ဝင်လာတဲ့ကုန်ကားတွေကို စစ်တပ်က ပြန်လှည့်ခိုင်းသလိုလားရှိုး-သီပေါကြားက ဒုဋ္ဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးကပိတ်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။

    “တရုတ်နယ်စပ်ကနေ ကိုးကန့်ကိုဖြတ်ဝင်လာတဲ့ကားတွေကို လားရှိုးကနေ စကစက ပိတ်တယ်။ MNDAAကလည်းသီပေါတံတားကိုပိတ်ပစ်တယ်။ MNDAAက ပိတ်တော့စကစကလည်း သီပေါမြို့ဘက်ခြမ်းကနေ ပိတ်တယ်။ အခြေအနေက ပိတ်ကားပေါ် စောင့်ကြည့်ရတော့မယ်” လို့ သီပေါမြို့ခံတဦးကပြောပါတယ်။

    သီပေါမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်နေ့မှာ ထိန်းချုပ်ခဲ့တယ်လို့ ကြေညာပေမယ့် မြို့‌ပေါ်မှာရှိတဲ့ တံတားကိုတောင် အပြည့်အဝ မထိန်းချုပ်နိုင်​သေးဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ်။

    တံတားရဲ့ သီပေါမြို့ထဲဘက်ကို စစ်တပ်က တပ်စွဲထားပြီး လားရှိုးမြို့ဘက်ကိုထွက်တဲ့ဘက်ခြမ်းကို MNDAA က တပ်စွဲထားတာပါ။

    ဒီ‌နေ့မှာတော့ တံတားကို နှစ်ဘက်စလုံးက ပိတ်ထားလို့ ကုန်ကားတွေ ရပ်ထားရပါတယ်။

    MNDAA အနေနဲ့ လူသိမခံချင်တဲ့တပ်အပြောင်းအရွှေတွေလုပ်မှာမို့ တံတားကိုပိတ်တာဖြစ်နိုင်တယ်လို့ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်​တွေက​ရေးသားနေကြပါတယ်။

    အဲ့လိုမဟုတ်ဘဲ စစ်ကောင်စီက ကုန်ကားတွေကို ပိတ်လို့ MNDAA က တုန့်ပြန်တာလို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ လားရှိူးမြို့ပေါ်ကိုသာကွက်ပြီးထိန်းချုပ်နိုင်တာဖြစ်ပြီး ပြည်ထောင်စုလမ်းမအတိုင်းတစ်ဖက်စီမှာရှိ သိန္နီနဲ့ သီပေါမြို့အထွက်တွေကိုပါ MNDAA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAA တပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့ မှုးကိုယ်တိုင် နိုဝင်ဘာလ ၁၁ရက် နေ့က လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် MNDAA ကငြင်းပယ်လို့ ဆွေးနွေးမှုပျက်ခဲ့ပါတယ်။ အဲ့‌ဒီနောက်ပိုင်း စစ်တပ်က ကင်းထောက် လေယာဉ်တချို့ပျံသလို MNDAA ကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။

    လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAA က တပ်စွဲထားပါတယ်။
    MNDAA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့နယ်မြေထဲမှာပါဝင်ပါတယ်။

    ပြီးခဲ့တဲ့ဧပြီလမှာ စစ်အုပ်စုက တရုတ်အစိုးရရဲ့အကူအညီနဲ့လားရှိုးမြို့ကို ပြန်ယူပြီးတဲ့နောက် အဲ့ဒီနေရာတွေကနေ တဆင့်ချင်းဆုတ်ပေးဖို့ စစ်ကောင်စီက ဆက်တိုက်တောင်းဆိုနေတာဖြစ်ပြီး MNDAAက လက်မခံဘူးလို့ သိရပါတယ်။

    လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ MNDAA က သီးခြားသတင်းထုတ်ပြန်မထားပါဘူး။

    ဒါပေမယ့် စစ်ကောင်စီနဲ့ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အမြဲသတိရှိနေဖို့နဲ့ဗျူဟာကျကျနားလည်နေဖို့ လိုတယ်လို့ အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ဖူးပါတယ်။

    “တိုက်ပွဲအနံ့တွေပြန်ရနေပြီ”လို့လားရှိုးမြို့ခံတစ်ဦးပြောပါတယ် ။

    (MNDAA နဲ့ မဟာမိတ်​တွေက ၂၀၂၅ ဇူလိုင်လမှာ လားရှိုးမြို့က စစ်တပ်တပ်စွဲ စခန်းတစ်ခုကိုသိမ်းပိုက်ပြီး ​အောင်ပွဲခံစဥ်။ဓါတ်ပုံ-The Kokang)

  • နေပြည်တော်က စစ်အုပ်စု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းတိုက်ခိုက်

    နေပြည်တော်က စစ်အုပ်စု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းတိုက်ခိုက်

    စစ်အုပ်စုတွေ စခန်းစွန့်ထွက်ပြေးသွားလို့ ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိ

    နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ စစ်အုပ်စု လုံခြုံရေးကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က နိုဝင်ဘာ ၁၂ ရက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုတွေ စခန်းစွန့်ထွက်ပြေးသွားခဲ့တာကြောင့် ခဲယမ်းနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နိုဝင်ဘာလ ၁၄ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    အဲဒီကင်းစခန်းမှာ စစ်အုပ်စုတပ်တွေက နှစ်နှစ်ခန့် တပ်စွဲနေထိုင်နေပြီး နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ရတနာမြေအခြေပြုလုံခြုံရေး ကင်းစခန်းတစ်ခုဖြစ်ပါတယ်။

    ကင်းစခန်းမှာရှိနေတဲ့ စစ်အုပ်စုတွေဟာ စစ်ကြောင်းသုံးကြောင်းနဲ့ နယ်မြေစိုးမိုးရေး စစ်ကြောင်းထိုးထွက်ခွာသွားချိန်မှာ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PLA က ဆိုပါတယ်။

    “ရမည်းသင်းမြို့နယ်မှ စစ်ကြောင်း တကြောင်း၊ နေပြည်တော်နယ် အမြန်လမ်းမှ စစ်ကြောင်းတကြောင်း၊ အခြေပြုစခန်း နှစ်ခုမှ စစ်ကြောင်းတကြောင်း၊ စုစုပေါင်း စစ်ကြောင်း သုံးကြောင်းဖြင့် ရန်သူက နယ်မြေစိုးမိုးရေးစစ် ကြောင်းထိုးနေစဉ် ၎င်းတို့၏ အခြေပြုစခန်းတခုကို PLA မှ ၀င်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။ ရန်သူ့စခန်းကို ၀င်ရောက်စီးနင်းချိန်တွင် ရန်သူများစခန်းစွန့်ခွာ ထွက်ပြေးသွားပြီး ရန်သူ၏ ကင်းကြည့်‌မျှော်စင်များ၊ ဘန်ကာများကို စီးနင်းနိုင်ခဲ့ပြီး စခန်းတွင်း ၀င်ရောက်နိုင်ခဲ့သည်။ ထို့နောက် ရန်သူ့စခန်းကို ရှင်းလင်းရေးများ ဆောင်ရွက်ခဲ့သည်”လို့ PLA က ထုတ်ပြန်ထားပါတယ်။

    နိုဝင်ဘာ ၁၃ ရက်မှာ သိမ်းဆည်းရရှိထားတဲ့ စစ်အုပ်စုစခန်းကို ထပ်မံရှင်းလင်းခဲ့ရာ ကျည်တချို့၊ ငွေသားတချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PLA ထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းနှစ်ကြောင်းက PLA သိမ်းပိုက်ထားတဲ့ စခန်းအနီးက ကျေးရွာတွေကို စစ်ကြောင်းထိုး အထိုင်ချထားတယ်လို့ ဆိုပါတယ်။

  • မောတောင်မြို့ကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

    မောတောင်မြို့ကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

    ထိုင်း- မြန််မာနယ်စပ်ကုန်သွယ်ရေးမြို့တမြို့ဖြစ်သည့် မောတောင်မြို့အား လေးရက်ခန့် တိုက်ခိုက်ပြီးနောက် မြို့ဧရိယာအားလုံးအား တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်များက ပြောသည်။

    မောတောင်မြို့အား ယနေ့ (နိုဝင်ဘာ ၁၄ ရက်) နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခြင်းဟု သိရသည်။ စစ်ကော်မရှင်နှင့် ပျူစောထီး ပူးပေါင်းတပ်အချို့ အလံဖြူထောင် လက်နက်ချအညံ့ခံခဲ့ခြင်းရှိပြီး ၂၀ ဦးထက်မနည်းမှာလည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးသွားကြောင်း သိရသည်။

    “သိမ်းနိုင်ပါပြီ။ အသေးစိတ်ကိုတော့ တော်လှန်ရေးပူးပေါင်းတပ်ကပဲ သတင်းထုတ်ပြန်ပါလိမ့်မယ်ဗျ” ဟု NUG တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားက အတည်ပြုသည်။

    “အခု အောက်ဘက် မြေပြင်မှာ တိုက်ခိုက်တာတော့ သိပ်မကြားရတော့ဘူး။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ရှိနေတုန်းပဲ။ နယ်မြေရှင်းလင်းရေးလုပ်နေပြီလို့တော့ ကြားတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ရှိနေတုန်းပဲ” ဟု မောတောင် သတင်းရင်းမြစ်ကလည်း အတည်ပြုပြောကြားသည်။

    တိုက်ပွဲအတွင်း စစ်လက်နက်၊ ခဲယမ်းအများအပြား သိမ်းဆည်းရမိထားပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။

    မောတောင်မြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ကစ၍ စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား တိုက်ပွဲများ စတင်ပြင်းထန်လာခဲ့ခြင်းဖြစ်ပြီး ယနေ့သည် တိုက်ပွဲလေးရက်မြောက်နေ့ဖြစ်သည်။

    စစ်ကော်မရှင်တပ်က တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်မြို့သို့ သိန်ခွန်း- မောတောင်လမ်းအတိုင်း စစ်ကော်မရှင်က စစ်ကြောင်းထိုးရာမှ တိုက်ပွဲများစတင်ဖြစ်ပွားလာခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း မောတောင်မြို့အဝင် ဘုရားကုန်းရှိ စစ်ကော်မရှင်တပ်စခန်းမှ လက်နက်ကြီးပစ်ကူခြင်း၊ လေကြောင်းမှ Y-12၊ ဂျက်ဖိုက်တာတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများဖြင့် ခုခံခဲ့သည်။

    ယနေ့ နံနက်အစောပိုင်းအထိ မေးမြန်းချက်အရ စစ်ကော်မရှင်တပ်သား ၂၀ ဦးထက်မနည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးတိမ်းရှောင်ခြင်းရှိကြောင်းနှင့် မြို့ဧရိယာ ၈၀ ရာခိုင်နှုန်းအား KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ကြောင်း၊ နယ်မြေရှင်းလင်းရေးပြုလုပ်နေပြီဖြစ်ကြောင်း KNU တပ်မဟာ (၄) ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက အတည်ပြုပြောကြားခဲ့သည်။

    “တိုက်ပွဲဖြစ်တော့ ကြောက်ပြီး မခံနိုင်တော့ ထွက်ပြေးတာပေါ့။ အခုကတော့များသောအားဖြင့် ၈၀ ရာခိုင်နှုန်းရှင်းသွားပြီ။ အကြွင်းအကျန်တွေပဲရှိတယ်။ အခု နယ်မြေရှင်းလင်းရေးလုပ်နေတယ်” ဟု ပြောသည်။

    သတင်းရင်းမြစ်ကမူ စစ်ကော်မရှင်တပ်အထိုင်ချထားရာ တပ်စခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးနေရာများအား တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ပြောသည်။

    မောတောင်မှ တနင်္သာရီမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းတလျှောက်ကိုလည်း KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ရာ ယခု မောတောင််မြို့ကိုပါ ထပ်မံသိမ်းပိုက်ရရှိသွားခြင်းကြောင့် တနင်္သာရီတိုင်း၏ အရှေ့ဘက်အကျဆုံး နယ်စပ်ဧရိယာတခုလုံးအား သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဟု ဆိုနိုင်မည်ဖြစ်သည်။

    တိုက်ပွဲဖြစ်ပွားမှုများကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ မောတောင်မြို့မှ ဒေသခံများမှာ ထိုင်း- မြန်မာနယ်စပ်၊ မောတောင်- ဆင်ခွန်း နယ်စပ်မျဉ်းအနီးတွင် တိမ်းရှောင်နေကြသည်။

    အဆိုပါ စစ်ဘေးရှောင်များအတွက် အစားအသောက် လိုအပ်မှုများရှိနေသကဲ့သို့ ဆေးဝါး၊ အမိုးအကာ၊ စောင်၊ ခြင်ထောင်၊ ခြင်ဆေးခွေ စသဖြင့် အခြေခံ ရပ်တည်ရေးပစ္စည်းများ လိုအပ်နေကြောင်း သိရသည်။ ထို့ပြင် စစ်ဘေးရှောင်ပြည်သူအချို့ ဝမ်းပျက်ဝမ်းလျော ရောဂါများလည်း ဖြစ်ပွားခြင်းရှိသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

    မောတောင်မြို့သည် ထိုင်း- မြန်မာနယ်စပ် ထိုင်းနိုင်ငံ- ပရာကျွတ်ကရီခမ်ခရိုင်၊ ဆင်ခွန်းမြို့နှင့် ထိစပ်နေသည့် ကုန်သွယ်ရေးမြို့ဖြစ်သည်။ မောတောင်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ ခုနှစ်၊ မေလတွင် စတင်ဖွင့်လှစ်ခဲ့ကာ လက်ရှိအချိန်အထိ ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေဆဲဖြစ်ပြီး မောတောင်နယ်စပ်လမ်းကြောင်းတလျှောက် တိုက်ပွဲများ ပြင်းထန်လာချိန်မှစ၍ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအသုံးပြုမှု ရပ်တန့်သွားခဲ့သည်။

    မောတောင်မြို့သည် KNU ၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၄) ဘိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်အတွင်း ပါရှိသည်။

    တပ်မဟာ (၄) နယ်မြေအတွင်းလှုပ်ရှားနေသည့် KNLA ပူးပေါင်းတပ်များသည် ထားဝယ်- ထီးခီးနယ်စပ်လမ်းကြောင်းပေါ်ရှိ ထီးခီး၊ ထီးထ စသည့်ဗျူဟာစခန်းများနှင့် ဗောဓိတပ်စခန်း၊ ငါးရံ့နီစခန်း၊ သုခစခန်း စသည့် စစ်ကော်မရှင်၏ နယ်စပ်စခန်းများအား ၂၀၂၅ ခုနှစ်အစောပိုင်းကစပြီး တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်ထားခြင်းရှိပြီး နယ်စပ်လမ်းကြောင်းများ၏ ဒေသအချို့ကိုလည်း သိမ်းပိုက် စိုးမိုးထားခြင်းရှိသည်။