Category: News

  • စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

    စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

    မြိတ်-ထားဝယ်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

    မြိတ်-ထားဝယ်လမ်းပိုင်း အမှတ်(၈) ပြည်ထောင်စုလမ်းမအတိုင်း စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက ဒီနေ့ စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ ရွှေဂူတောင် စစ်ဆေးရေးဂိတ်ကနေ သရက်ချောင်းဖက်ကို ဦးတည်ဆင်းလာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော်ပါတဲ့ အန်စာတုံးကား ၄ စီး၊ မြေတင်ကားတစ်စီး၊ Vigo ကားတစ်စီးပါတဲ့ ယာဉ်တန်းကို သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာကြား တောက်ထိန်တောင်လမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    အဲဒီ စစ်ကောင်စီတပ်ဟာ ရှေ့ကနေသွားတဲ့ကားတွေမှာ ဖမ်းဆီးလာတဲ့ အရပ်သားတွေကို လူသားဒိုင်းပြုလုပ်ပြီး တင်လာတာကြောင့် နောက်ဆုံးလိုက်ပါလာတဲ့ Vigo ကားကိုပဲ ပဒေသာရှေ့ထွက်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ သရက်ချောင်းမြို့နယ် သင်းကျွန်းရွာနဲ့ ရန်တောင်ရွာထဲကို ဝင်ရောက်ပြီး အရပ်သား ၁၀ ဦးကျော်ကို ဖမ်းဆီးသွားသလို နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    “အရပ်သား ၁၀ ကျော် ဖမ်းဆီးခံရပါတယ်။ နေအိမ်က ၃၀ ကျော် မီးရှို့ခံရပါတယ်။ မြိတ်-ထားဝယ်လမ်းပေါ်က ရန်တောင်ရွာနဲ့ သင်းကျွန်းရွာပါ”

    ဒါ့အပြင် ရွာသားတွေရဲ့ ဆိုင်ကယ်၊ ရွှေ၊ ငွေ နဲ့ တန်ဖိုးရှိပစ္စည်းတွေကို အဓမ္မယူဆောင်တာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

    အဆိုပါ စစ်ကောင်စီယာဥ်တန်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ ဒေါင်းညီနောင် စစ်ကြောင်းတို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

    ရုပ်သံ – ထားဝယ်ခရိုင်တပ်ပေါင်းစု

  • မုန့်လုပ်ကြရင်း စမူဆာအရေအတွက်လုရာက ဓားထိုးမှုဖြစ်လို့ ၁ ဦးသေဆုံး

    မုန့်လုပ်ကြရင်း စမူဆာအရေအတွက်လုရာက ဓားထိုးမှုဖြစ်လို့ ၁ ဦးသေဆုံး

    လဖက်ရည်ဆိုင်မှာ မုန့်လုပ်ကြရင်း စမူဆာအရေအတွက်လုရာက ဓားထိုးမှုဖြစ်လို့ ၁ ဦးသေဆုံး

    မန္တလေးတိုင်း၊ မိတ္တီလာမြို့က လဖက်ရည်ဆိုင်တဆိုင်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်က မုန့်ဆရာနဲ့ အကူတပည့်တို့ မုန့်လုပ်နေကြရင်း စကားများ ရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ပြီး တပည့်ဖြစ်သူ သေဆုံးသွားတယ်လို့ သိရပါတယ်။

    မိတ္တီလာမြို့ ရတနာမာန်အောင်ရပ်ကွက်က လဖက်ရည်ဆိုင်မှာ မုန့်လုပ်တဲ့သူ အချင်းချင်း စကားများရန်ဖြစ်ကာ လုံးထွေးသတ်ပုတ်ပြီး ဆရာဖြစ်သူက ကြက်သွန်လှီးတဲ့ ဓားနဲ့ ထိုးလို့ တပည့်ဖြစ်သူ သေဆုံးခဲ့တာလို့ သိရပါတယ်။

    “စမူဆာ လုပ်နေရင်း စကားများကြတာ။ ဘယ်နှခု ပြီးတယ်ဆိုပြီး။ စမူဆာတခုကို ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာဆိုတော့ ငါက ဘယ်နှခုပြီးတယ် ဘာညာနဲ့ စမူဆာအခု အရေအတွက် လုကြရင်း စိတ်မထိန်းနိုင်ဘဲ ဖြစ်တာ ” လို့ ဖြစ်စဉ်သိသူတစ်ဦးက ပြောပါတယ်။

    သေဆုံးသူမှာ မောင်ထွေး (ခ) ပျော်ဘွယ် အသက် ၁၇ နှစ် ဖြစ်ပြီး လူသတ်မှု ကျူးလွန်သူမှာ မောင်လင်း (ခ) အလီ အသက် ၃၇ နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

    သူတို့ ၂ ယောက်လုံးဟာ လဖက်ရည်ဆိုင်မှာ မုန့်လုပ်ကိုင်တဲ့ ဆရာတပည့်တွေလည်း ဖြစ်တယ်လို့ သိရပါတယ်။

    “သူတို့က ဆရာတပည့်တွေပါ အရင်က တပူးပူးတတွဲတွဲပါပဲ။ ခုက မုန့်ဗန်းလုရင်းဖြစ်ကြတာ။ မိတ္တီလာက ပရဟိတအသင်းက ကားနဲ့ ဆေးရုံပို့ကြရတာ။ ညနေမှာဆုံးသွားတယ်ကြားတယ်။ သွေးထွက်လွန်သွားတာ ဒဏ်ရာလည်း ပြင်းတယ်” လို့ ဖြစ်စဉ်သိသူတစ်ဦးက ပြောပါတယ်။

    မိတ္တီလာမြို့ ဆေးရုံကြီးကို ကျူးလွန်ခံရသူ မောင်ထွေး (ခ) ပျော်ဘွယ်ကို နေ့လယ် ၃ နာရီခန့်က အတွင်းလူနာအဖြစ် ပို့ခဲ့ကြပြီး ညနေ ၅ နာရီမှာ သေဆုံးခဲ့ကာ ကျူးလွန်သူ မောင်လင်း (ခ) အလီ ကိုတော့ စစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့က ရာဇသတ်ကြီးပုဒ်မ ၃၂၆ လူထိခိုက်စေမှုနဲ့ တရားစွဲဆိုထားရာက ပုဒ်မ ၃၀၂ လူသတ်မှုကို ပြောင်းကာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။

  • “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အား ချိတ်ပိတ်အရေးယူ

    “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အား ချိတ်ပိတ်အရေးယူ

    “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အားချိတ်ပိတ်အရေးယူထားကြောင်း သတင်းရရှိသည်။

    မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃×၃၆လမ်းထောင့်ရှိ COVER ကလပ်ဆိုင်တွင် DJ Violet မှ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အား DJ ဖွင့်ခဲ့ခြင်းဖြစ်သည်။

    “သိရသလောက်တော့ ပင်တိုင် DJ မဟုတ်ဘဲ ဧည့်သည်DJဖြစ်ပြီး သူက အဲသီချင်းဖွင့်တီးသွားတာ။ သိသိချင်း ဆိုင်အနေနဲ့လည်း သက်ဆိုင်ရာကို နောက်ရက်ချက်ချင်းတောင်းပန်တယ်လို့သိရတယ်။ ဆိုင်ကိုတော့ စစ်ဆေးဆဲကာလမို့ ချိတ်ပိတ်ထားတယ်။ သီချင်းဖွင့်တဲ့ DJ အမျိုးသမီးကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဘာပုဒ်မနဲ့အရေးယူမလည်းဆိုတာတော့ နောက်မှသိရမယ်” ဟု တာဝန်ရှိသူတစ်ဦးက အရေးယူမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

    DJ Violet က “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို ကလပ်တွင် DJ ဖြင့် တီးခတ်ဖျော်ဖြေမှုများ လူမှုကွန်ရက်စာမျက်နှာများ၌ ထွက်ပေါ်လာအပြီးတွင် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ၎င်းက လူမှုကွန်ရက်တွင် ပြန်လည်တောင်းပန်ခဲ့သည်။

    ဗုဒ္ဓဓမ္မတေး DJ remix လုပ်ထားသည့် သီချင်းကို စင်မြင့်ပေါ်တွင်ဖွင့်မိခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင်များအနေဖြင့် စိတ်နှလုံးမချမ်းမြေ့ ဖြစ်ခဲ့ရပါတယ်ရှင့်။ ညီမသည် ယနေ့အချိန်ထိ ဘာသာ သာသနာပေါ်ချစ်မြတနိုးပြီး နေ့စဉ် ယုံကြည်ကိုးကွယ်နေသူဖြစ်ပါရက်နဲ့ ယုခုလို အဖြစ်မျိုးကိုကြုံခဲ့ရအတွကိ လွန်စွာ စိတ်ထိခိုက်ရပါတယ်ရှင့်။ ထို့ကြောင့် မိမိအပြစ်ထင်ရှားသည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာများ နှင့် ဗုဒ္ဓဘာသာဝင်ပြည်သူများ အားလုံးကို အနူးညွှန့် ဝန်ချတောင်းပန်အပ်ပါတယ်ရှင့်။ သက်ဆိုင်ရာ သံဃာတော်အဖွဲ့အစည်းများနဲ့ တောင်းပန်အပ်သူများအားလုံးထံသို့လဲ ဆက်လက်တောင်းပန် သွားမှာဖြစ်ပါတယ်ရှင့်။ ဘဝမှာပြင်လို့မရတဲ့ အမှားတစ်ခုကို ကျူးလွန်မိခဲ့သည့်အတွက် လဲ နောင်တများစွာ ရခဲ့ရပါတယ်ရှင့်။ တောင်းပန်အပ်သူများအားလုံးကို တောင်းပန်ပါတယ်ရှင့် ” ဟု DJ Violet က လူမှုကွန်ရက်တွင် ရေးသားထားသည်။

    ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ် သံဃမဟာနာယကဆရာတော်ထံ သွားရောက်တောင်းပန်ထားသည့် ဓာတ်ပုံများနှင့် လျှောက်ထားတောင်းပန်မှုများကိုလည်း DJ Violet က ပြုလုပ်ခဲ့ပြီး ယခုသက်ဆိုင်ရာက အမှုဖွင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

  • ဖျက်သိမ်းခံရတဲ့ ပါတီ ၄ ခု အယူခံဝင်ခွင့်မရှိ

    ဖျက်သိမ်းခံရတဲ့ ပါတီ ၄ ခု အယူခံဝင်ခွင့်မရှိ

    သတ်မှတ်ပါတီဝင်ဦးရေနဲ့ ရုံးခန်းအရေအတွက် မပြည့်မီလို့ ဖျက်သိမ်းလိုက်တဲ့ပါတီ ၄ ခုက အယူခံဝင်လို့ရမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်‌တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

    ဖျက်သိမ်းလိုက်တဲ့ပါတီတွေအပေါ် ဖြေလျှော့ဆောင်ရွက်ပေးလိုက်ရင် သတ်မှတ်ချက်ပြည့်မီအောင် ဆောင်ရွက်တဲ့ တခြားပါတီတွေအပေါ် တရားမျှတမှာ မဟုတ်ဘူးလို့ နေပြည်တော်မှာလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင် ‌အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုလိုက်တာပါ။

    ဒါကြောင့် သတ်မှတ်ထားတဲ့ စည်းမျဥ်းအတိုင်းပဲ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပါတီတည်ထောင်ခွင့်ပြုထားပြီး နှစ်နှစ်အတွင်းမှာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်ပေမယ့် အချိန်နီးမှ ဆောင်ရွက်တာတွေရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။

    ကော်မရှင်က ဒီနှစ် မေကနေ စက်တင်ဘာလအထိ ပါတီတွေနဲ့ ၁၅ ကြိမ်ခန့်တွေ့ဆုံပြီး အသိပေးဆွေးနွေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

    ပါတီတွေက ပေးပို့လာတဲ့ ပါတီဝင်ဦးရေအချက်အလက်တွေကို လဝကနဲ့ ကော်မရှင်က စစ်ဆေးပြီး မှားယွင်းနေတဲ့ အချက်အလက်တွေကို ပြီးခဲ့တဲ့လ ၂၆ ရက်နေ့မှာ ပါတီတွေထံ ပြန်ပေးခဲ့တယ်လို့ ကော်မရှင်က ပြောဆိုပါတယ်။

    စိစစ်ဆောင်ရွက်တာနဲ့ ပတ်သက်ပြီး အချက်အလက် အသေးစိတ်ရှိတာကြောင့် ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လာရောက် ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။

    ပါတီအယူခံဝင်လို့ မရဘူးဆိုတဲ့အပေါ် “၂၀၁၅ နဲ့ ၂၀၂၀ ကနေ ၂၀၂၅ အထိ ဒီအခင်းအကျင်းတွေကို ကိုယ့်ရဲ့ နိုင်ငံရေးယုံကြည်ချက်ပေါ့ ဗျာ။ ပွတ်ကာသီကာ ကျန်ခဲ့ရတယ်ဆိုတော့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအားလုံးထိခိုက်ကြရတယ်” လို့ ဖျက်သိမ်းခံလိုက်ရတဲ့NDF ပါတီအတွင်းရေးမှူး ဦးကျော်ထက်က ပြောပါတယ်။

    NDF ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနဲ့ မွန်အမျိုးသမီးပါတီတို့ ပယ်ဖျက်ခံရတာကြောင့် ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူရှေ့ဆောင်ပါတီ၊ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်သူပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ပဲ တစ်နိုင်ငံလုံးဝင်ပြိုင်မဲ့အထဲ ကျန်တော့မှာပါ။

    ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာကနေ ဇန်နဝါရီအတွင်း အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပနိုင်ဖို့ စီစဥ်ထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ဖို့အတွက် အသင်းအဖွဲ့ မှတ်ပုံတင်ရှိတဲ့ ပြည်တွင်းကအဖွဲ့အစည်းတွေကို ခွင့်ပြုသွားမှာဖြစ်ပြီး နိုင်ငံတကာသံရုံးတွေနဲ့ မိတ်ဖက်အဖွဲ့အစည်း ၂၀ ဝန်းကျင်ကို ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။

    လာမယ့် စက်တင်ဘာလကုန်ပိုင်းမှာ မဲစာရင်းကြေငြာမှာဖြစ်ပြီး အမှားအယွင်းရှိရင် ပြည်သူတွေအနေနဲ့ ရပ်ကျေးကော်မရှင်တွေထံ တင်ပြကြဖို့ကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်က ပြောဆိုသွားပါတယ်။

  • စစ်အုပ်စုကို စစ်ကြောင်းအလိုက် ပြုတ်သည်အထိ သုတ်သင်နိုင်ခဲ့တဲ့ ULF စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ကျဆုံး

    စစ်အုပ်စုကို စစ်ကြောင်းအလိုက် ပြုတ်သည်အထိ သုတ်သင်နိုင်ခဲ့တဲ့ ULF စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ကျဆုံး

    စစ်အုပ်စုကို စစ်ကြောင်းအလိုက် ပြုတ်သည်အထိ သုတ်သင်နိုင်ခဲ့တဲ့ ULF စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံး

    မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စု လက်နက်ကိုင်တွေကို စစ်ကြောင်းလိုက် ပြုတ်သည်အထိ သုတ်သင်နိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က Union Liberation Front – ULF စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ကိုနိုင်မင်း ဟာ စက်တင်ဘာ ၁၁ရက် မနေ့က မွန်းလွဲပိုင်း စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဗုံးစထိမှန်ကာ ကျဆုံးတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲ စစ်ကြောင်းထိုးကာ ရွာမီးရှို့၊ လူသတ်၊ လုယက်နေတဲ့ စစ်အုပ်စုကို ULF အပါအဝင် ဒေသခံတော်လှန်ရေးတပ်တွေက တိုက်ခိုက်နေချိန် စစ်အုပ်စုက လေကြောင်းဗုံးကြဲပစ်ကူရာက ULF စစ်ကြောင်းမှူး စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက ဗုံးစထိမှန် ကျဆုံးတာလို့ ဆိုပါတယ်။

    “Y-12နဲ့ လာကြဲတာ၊ နေရာအတိအကျ သတင်းရတယ် တူပါရဲ့၊ အစ (ဗုံးစ)မှန်တာက အဆုတ် နေရာတည့်တည့်လောက်မှာ ထုတ်ချင်းပေါက်ပဲ” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ULF စစ်ကြောင်းမှူး ကိုနိုင်မင်းဟာ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲ့ ဒု-တာဝန်ခံဖြစ်ပြိီး တိုက်ခိုက်ရေးမှာ အလွန်တော်ကာ အားကိုးအားထားရသူဖြစ်သလို ရဲဘော်တွေနှင့် လုပ်ဖော်ကိုင်ဖက်တွေက လေးစားချစ်ခင်ရတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်လည်း ဖြစ်တယ်လို့ ရဲဘော်ရဲဘက်တွေက ပြောပါတယ်။

    ULF စစ်ကြောင်းမှူး ကိုနိုင်မင်း ကျဆုံးတဲ့အပေါ် ဝမ်းနည်းကြောင်း ရဲဘော်ရဲဘက်၊ အညာဒေသ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

    စစ်ကြောင်းမှူး ကိုနိုင်မင်း ဦးဆောင်တဲ့ ULF စစ်ကြောင်းဟာ မုံရွာနဲ့ ယင်းမာပင်ခရိုင်အတွင်း စုဖွဲ့မှုရော တိုက်ရည်ခိုက်ရည်ပါ ကောင်းတဲ့ တပ်ပေါင်းစု စစ်ကြောင်းဖြစ်ပြီး ဘုတလင်၊ မုံရွာ၊ ချောင်းဦး၊ ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ကနီ စတဲ့ မြို့နယ်တွေအတွင်း လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သစ္စာခံတဲ့ စစ်အုပ်စု လက်နက်ကိုင်တွေကို အကြိမ်ကြိမ် ခုခံတိုက်ခိုက်ခဲ့ကာ စစ်အုပ်စု စစ်ကြောင်းလိုက်ပြုတ်သည်အထိ သုတ်သင်နိုင်တဲ့ တိုက်ပွဲတွေလည်း ရှိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

    လက်ရှိမှာ စစ်အုပ်စုက ကနီမြို့နယ်ထဲ အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးကာ ရွာမီးရှိ့၊ လူသတ်၊ လုယက်နေပြီး ဒေသခံ တော်လှန်ရေးတပ်တွေက အဲ့ဒီ စစ်အုပ်စုကို တိုက်ခိုက်ချိန် တိုက်လေယာဉ်၊ ပါရာမော်တာ၊ Y-12၊ ဟောင်ဝစ်ဇာ လက်နက်ကြီး စတာတွေနဲ့ ပစ်ကူပေးတာ၊ ဒေသခံပြည်သူတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲနေတာလို့ ဆိုပါတယ်။

    ULF(စစ်ကြောင်း) ကို ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီနဲ့ ဘုတလင်မြို့နယ်က တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့ ၂၀ နဲ့ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

    Photo: ကျဆုံးသူ ULF စစ်ကြောင်းမှူး ကိုနိုင်မင်း/Photo – ULF