Category: News

  • မြင်းခြံမြို့တွင် ကုန်ပစ္စည်းရော ခရီးသည်တင်ယာဉ်များကိုပါ စစ်ကော်မရှင် လော့ဒေါင်းလုပ်

    မြင်းခြံမြို့တွင် ကုန်ပစ္စည်းရော ခရီးသည်တင်ယာဉ်များကိုပါ စစ်ကော်မရှင် လော့ဒေါင်းလုပ်

    မန္တလေးတိုင်း၊ မြင်းခြံမြို့၌ ကုန်အဝင်အထွက်သာမက ခရီးသည်တင်ယာဉ်များကိုပါ စစ်ကော်မရှင်က ပိတ်ပင်လိုက်ကြောင်း သိရသည်။

    ဩဂုတ် ၁၉ရက်မှစ၍ ခရီးသည်တင်ယာဉ်များကို မြင်းခြံမြို့ အဝင်ရော အထွက်ပါပိတ်လိုက်ခြင်း ဖြစ်ကြောင်း တောင်သာအလင်းတန်းထံက သိရသည်။

    ” ၁၈ရက်နေ့က မြင်းခြံ၊မလှိုင်ဘက် အဝင်အထွက်တွေကို စစ်ဆေးရေးတင်းကျပ်လိုက်တာပါ။ စစ်တပ်စစ်ဆေးရေးဂိတ်တွေကနေ ကုန်ကားတွေကို ဖြတ်ခွင့်မပြုဘူး။ ၁၉ရက်နေ့ကျခရီးသွား ကားတွေ ပါပိတ်လိုက်တာ” ဟု တောင်သာအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ထို့ပြင် ဩဂုတ်၁၉ရက်၊မွန်းလွဲပိုင်းမှစ၍ မြင်းခြံမြို့တွင် လျှပ်စစ်မီးဖြတ်တောက်ထားပြီး ယနေ့ ( ဩဂုတ် ၂၀ရက် ) နံနက်ပိုင်းအထိ လျှပ်စစ်မီးပြန်မရသေးကြောင်း၊ မြို့တွင်း လုံခြုံရေးကိုလည်း စစ်ကော်မရှင်က တိုးမြှင့်ထားကြောင်း သိရသည်။

    ” လုံခြုံရေး တင်းကျပ်ထားပါတယ်။ မြို့ပေါ်မှာရော၊ မြို့အဝင်အထွက် ဂိတ်တွေရော။ ဘာလို့ ခုလို တွေ လုပ်နေလဲဆိုတော့ မြင်းခြံခရိုင်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ နေရာတွေ အကုန်အရပြန်ယူမယ်လို့ ပြောထားတာလည်း ရှိတယ်။ ခုလက်ရှိလည်း နွားထိုးကြီးဘက် စစ် ကြောင်းထိုးနေတဲ့တပ်က တောင်သာအရှေ့ခြမ်းကို စစ်ကြောင်းထိုးဖို့ပြင်နေတယ်ပေါ့နော်။ တော် လှန်ရေးတပ်ဖွဲ့တွေ ဝိုင်းကာထားလို့ ရှေ့ဆက်မရဖြစ်နေတဲ့ပုံစံမျိုးဖြစ်နေတယ် ” ဟု ၎င်းကဆက် လက်ပြောသည်။

    မြင်းခြံမြို့၌ ကုန်အဝင်အထွက်များကို ပိတ်ဆို့ထားခြင်းကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ကာ ကုန်ပစ္စည်းများ အလုအယက်ဝယ်ယူနေမှုကြောင့် ကုန်ဈေးနှုန်းလည်း မြင့်တက်နေကြောင်း သိရသည်။

    ဩဂုတ် ၁၉ရက်စ၍ မြင်းခြံမြို့နယ်နှင့် ကပ်လျက်ရှိ တောင်သာ မြို့ပေါ်၊ ကျေးရွာများနှင့် မလှိုင်မြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကိုလည်း လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း သိရသည်။

    ပုံစာ- မြင်းခြံမြို့လယ်က နာရီစင်(ပုံဟောင်း)

  • တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့ကို စစ်ကော်မရှင် ပြန်လည်သိမ်းပိုက်

    တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့ကို စစ်ကော်မရှင် ပြန်လည်သိမ်းပိုက်

    ကရင်နီပြည်နယ်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်တွေ ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

    ဩဂုတ်လ ပထမပတ်ကစလို့ အင်အားရာနဲ့ချီတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ဒီးမော့ဆိုမြို့ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။

    မင်းအောင်လှိုင်ရဲ့ ကာလုံ ထုတ်ပြန်ချက်အရ စစ်ဆင်ရေးကာလ (၁၆) ရက်အတွင်း တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲကြီးတိုက်ပွဲငယ် (၂၃) ကြိမ် ဖြစ်ပွားပြီး တော်လှန်ရေးရဲဘော်တွေရဲ့ အလောင်း (၆) လောင်း နဲ့ လက်နက်မျိုးစုံ (၅) လက် သိမ်းဆည်းရမိသလို အကြမ်းဖက်စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးမှု ရှိပေမယ့် အတိအကျတော့ မဖော်ပြထားပါဘူး။

    အကြမ်းဖက်စစ်တပ်က ဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူတွေ ပစ်ခတ်ပြီး မြေပြင်ထိုးစစ်ဆင်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

    စစ်ကော်မရှင်တပ်တွေက မြေပြင်ထိုးစစ်ဆင်ချိန်မှာ အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ရက်ရက်စက်စက် ကျူးလွန်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က မှတ်တမ်းဗီဒီယိုဖိုင်နဲ့တကွ ထုတ်ပြန်ထားပါတယ်။

    “၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၈ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများသည် အရပ်သားပြည်သူများကို မတရား ဖမ်းဆီးခြင်း၊ အကြောင်းရင်းမရှိ တမင် ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် လူသားဒိုင်းကာအဖြစ် အသုံးချခြင်းတို့ကို ရက်စက်စွာ ကျူးလွန်နေသည်” လို့ KNDF က ဆိုထားပါတယ်။

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ ဒီးမော့ဆိုမြို့နယ် နေရာအများစုကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၀၂ နဲ့ ခမရ ၄၂၇ တပ်ရင်းတို့ကို မသိမ်းပိုက်နိုင်ခဲ့ဘဲ အဆိုပါတပ်ရင်းနှစ်ရင်းကို အခြေပြုကာ စစ်ကော်မရှင်က ပြန်လည်ထိုးစစ်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

    စစ်ကော်မရှင်ဟာ ၂၀၂၄ ခုနှစ် မေလကစလို့ ရန်နိုင်မင်း စစ်ဆင်ရေးဆိုပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တို့ကို ထိုးစစ်တွေ ပြုလုပ်ခဲ့ရာ ၂၀၂၄ ခုနှစ် မေလက ဆီဆိုင်မြို့၊ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက မိုးဗြဲမြို့တို့ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး အခုအခါမှ ဒီးမော့ဆိုမြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဒီးမော့ဆိုမြို့ထဲဝင်ရောက်လာတဲ့ စစ်အုပ်စုက ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ဆောင်နေ

    ကရင်နီပြည် ဒီးမော့ဆိုမြို့ကို စစ်အုပ်စုက မနေ့ ဩဂုတ် ၁၉ ရက်မှာ ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ စစ်ကော်မရှင်က ဒီနေ့ ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်လာပါတယ်။ စစ်အုပ်စုရဲ့ထုတ်ပြန်ချက်မှာတော့ ဒီးမော့ဆိုစစ်ဆင်ရေးကို ၁၆ ရက်ကြာ ဆောင်ရွက်ခဲ့ရပြီး ပြန်လည်သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    အခု ဩဂုတ်လဆန်းပိုင်းကတည်းက ဒီးမော့ဆိုမြို့ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စု ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာ၊ ပစ်ခတ်သတ်ဖြတ်တာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က မနေ့ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

    ဒီးမော့ဆိုမြို့ထဲက အရပ်သားပြည်သူတွေကို လူသားဒိုင်းသဖွယ်အသုံးပြုပြီး စစ်ကြောင်းအရှေ့ကနေ သွားလာစေခိုင်းတာ၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို သယ်ခိုင်းတာ၊ လမ်းမကြီးပေါ် ဖြတ်သန်းသွားတဲ့ ပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်တာတွေကို လုပ်ဆောင်နေတယ်လို့လည်း KNDF က ဖော်ပြထားပါတယ်။

    လွိုင်ကော် – ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးပေါ်မှာရှိတဲ့ ဒီးမော့ဆိုမြို့ကို KNDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့ မြို့တစ်ခုလုံးကို အပြည့်အဝထိန်းချုပ်ထားနိုင်ခဲ့တာမျိုးမဟုတ်ဘဲ စစ်အုပ်စုနဲ့ ကရင်နီတပ်ဖွဲ့တွေကြား ကာလရှည်စစ်ရေးတင်းမာနေခဲ့တာလည်း ဖြစ်ပါတယ်။ အခုဩဂုတ်လဆန်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ လွိုင်ကော် – ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးကို အသုံးမပြုဖို့ကိုလည်း KNDF က ထုတ်ပြန်ခဲ့ပါသေးတယ်။

    စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်တယ်လို့ထုတ်ပြန်ထားတဲ့ လက်ရှိဒီမော့ဆိုစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး KNDF သတင်းပြန်ကြားရေးတာဝန်ခံ သာအယ်စိုးကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီအစပ်က မိုးဗြဲမြို့ကို စစ်အုပ်စုက ခြောက်လကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ပြန်လည်သိမ်းယူထားနိုင်ခဲ့သလို မိုးဗြဲ-လွိုင်ကော်ကားလမ်းမတစ်လျှောက်ကိုလည်း စစ်ကြောင်းထိုး ထိန်းချုပ်ထားပါတယ်။

  • စဥ့်ကူးမြို့နယ်၌ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးသေဆုံး

    စဥ့်ကူးမြို့နယ်၌ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးသေဆုံး

    မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးရွာအနီးကို ဩဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီ ၁၁ မိနစ်ချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    လေကြောင်းကနေ တိုက်ခိုက်လို့ ရှောက်ပင်ရိုးရွာအနီး ထမင်းဆိုင်ပေါ်ကျပြီး အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်းရှိတဲ့အပြင် အဆောက်အအုံနဲ့ ကားပျက်စီးမှုရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

    ဒေသခံရွာသားတယောက်က “ကျနော်တို့ ရှောက်ပင်ရိုးရွာတောင်ဘက်၊ ကတ္တရာလမ်းမကြီးရဲ့ အနောက်ဘက်ခြမ်း၊ ထမင်းဆိုင်ကို ကြဲချသွားတာဗျ။ ပျက်စီးတာကတော့ ရစရာကို မရှိဘူး။ PDF လည်း မရှိ၊ ပကဖလည်း မရှိဘူး။ ပလဖ လည်း မရှိဘူး။ စကစ ကောင်တွေ ထင်ရာစိုင်းပြီး လုပ်နေတယ် ထင်တယ်”လို့ ပြောပါတယ်။

    အခု ဗုံးကြဲချတဲ့ ရှောက်ပင်ရိုးကျေးရွာဟာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စိုးမိုးနယ်မြေ ဖြစ်တယ်လို့လည်း သိရပါတယ်။

    ဗုံးကြဲတဲ့တိုက် လေယာဉ်က တံတားဦးလေဆိပ်ဘက်က တက်လာတဲ့ လေယာဉ်ဖြစ်တယ်လို့ သတင်း ကြိုတင်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တယောက်က ပြောပါတယ်။

    “အဲဒီလေယာဉ်က ကနဦး တံတာဦးကနေ အရှေ့မြောက် နောင်ချိုသို့ တက်သွားခဲ့ပြီး၊ အရှေ့က အနောက်ကို ပြန်ဝိုက်လာကာ၊ စဥ့်ကူးမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက်၊ အနောက်တောင်ဘက် ပျံသန်းသွားခဲ့တယ်။ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်၊ ကျေးရွာတွေအပေါ် ၁၆ မိနစ်လောက် လှည့်လည်ပျံဝဲပြီး နေ့ခင်း ၂ နာရီ ၂၈ မိနစ်အချိန်မှာ တံတားဦး စကစ အထိုင်သို့ ပြန်ဆင်းသွားခဲ့တာဗျ။”

    စဉ့်ကူးမြို့နယ်ဟာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်များထဲမှာ ပါဝင်တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

  • စစ်အုပ်စုရေယာဉ်များကို ၁၀၇ မမ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

    စစ်အုပ်စုရေယာဉ်များကို ၁၀၇ မမ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်ကြားမှာ စစ်အုပ်စုရေယာဉ်တွေကို ၁၀၇ မမ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ က သတင်းထုတ်ပြန်ထားပါတယ်။

    သြဂုတ် ၁၉ ရက် မနေ့က မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်ကြားမှာ စစ်အုပ်စုရေယာဉ်တွေကို ၁၀၇ မမ ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။’

    စစ်အုပ်စုရေယာဉ်တွေ ထိခိုက်မှုရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဦးဆောင်ပြီး တပ်ခွဲ ၂ mahauurarDragon၊ ကနီမြို့နယ် မဟူရာကျားပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ မုံရွာခရိုင် အမှတ်(၁၈)တပ်ရင်း Justice Brothers Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

    Video-မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃

  • ရန်ကုန်ဆေးရုံကြီးအပါအဝင် ပြည်သူ့ဆေးရုံများတွင် ဝန်ထမ်းများ၏ ရိုင်းပြစွာဆက်ဆံမှုကြောင့် လူနာများအနေဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိနေ

    ရန်ကုန်ဆေးရုံကြီးအပါအဝင် ပြည်သူ့ဆေးရုံများတွင် ဝန်ထမ်းများ၏ ရိုင်းပြစွာဆက်ဆံမှုကြောင့် လူနာများအနေဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိနေ

    စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများ ကျဆင်းလာခဲ့ရာ ရန်ကုန် ဆေးရုံကြီးအပါအဝင် အချို့ပြည်သူ့ဆေးရုံများရှိ လုံခြုံရေးနှင့် ဝန်ထမ်းများက လူနာများကို ရိုင်းပြစွာ ပြောဆိုဆက်ဆံမှုများရှိနေကြောင်း လူနာများနှင့် လူနာရှင်များထံမှ သိရသည်။

    ဆေးဝါးပစ္စည်းနှင့် အထွေထွေကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် နယ်မြို့များမှ ပြည်သူများသည် ပြည်သူ့ဆေးရုံများကို အားကိုး၍ ဆေးကုသရန်ရောက်ရှိလာချိန်တွင် ဆေးရုံဝန်ထမ်းများ၏ ရိုင်းစိုင်းသောပြောဆိုမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း မကွေးမှ ရန်ကုန်ဆေးရုံကြီးတွင် သားအိမ်ခေါင်းကင်ဆာကုသမှုခံယူနေသူ အမျိုးသမီးတစ်ဦးထံမှ သိရသည်။

    “ကျွန်မတို့က ကင်ဆာအတွက် နယ်ကနေ ဆေးလာကုရတာဆိုတော့ အစားအသောက်ဝယ်စားရတာ အခက်အခဲရှိပါတယ်။ ဆေးကုသတဲ့ကုန်ကျစရိတ်လည်းရှိသေးတယ်။ အဲ့ဒါ ဆေးရုံကြီးမှာ အလှူရှင် လာလှူတဲ့ထမင်းနဲ့ဟင်းဝေလို့ သွားတန်းစီပြီး ယူတာကို မောင်းထုတ်ခံရတယ်။ ဆေးစာအုပ်ပြရဲ့သားနဲ့ကို မောင်းထုတ်ခံရပြီး ရဲလက်အပ်မယ်လို့ လုံခြုံရေးဝန်ထမ်းက ပြောတယ်” ဟု ဆေးကုသမှု ခံယူနေသူ အမျိုးသမီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

    ကင်ဆာရောဂါသည် မြန်မာနိုင်ငံတွင် အဖြစ်များနေပြီး သားအိမ်ခေါင်းကင်ဆာကို ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံ၊ စပ်စံထွန်းဆေးရုံနှင့် ကင်ဆာအထူးကုဆေးရုံများတွင် ဆေးကုသမှုခံယူနိုင်ကြောင်း သိရသည်။

    အဆိုပါသားအိမ်ခေါင်းကင်ဆာရောဂါရှင် အမျိုးသမီးသည် အသက် ၁နှစ်၄လ အရွယ်သမီး ၊ ညီမဖြစ်သူ တို့နှင့်အတူ မကွေးမြို့မှ ရန်ကုန်မြို့ရှိ ရန်ကုန်ဆေးရုံကြီးတွင် ကီမိုဆေးသွင်းရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

    “ ကီမိုဆေးသွင်းဖို့အခက်အခဲဖြစ်နေပြီး ကင်ဆာဆေးသွင်းဖို့ အာဟာရလိုအပ်တဲ့အတွက် ဆေးရုံကြီး ရှေ့မှာ ပရဟိတပေးဝေနေတဲ့ ထမင်းထုပ်ကိုတန်းစီယူတာပါ။ အပြင်လူမပေးဘူးဆိုပြီးနှင်လွတ် ခံရတယ်။ တကယ့်လူနာဖြစ်တဲ့ ကျွန်မကို အများသူငါကြားမှာ သူတောင်းစားတစ်ယောက်လို မောင်းထုတ်ခံရတဲ့အတွက် အရမ်းအရှက်ရခဲ့ရပါတယ်” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။

    လက်ရှိပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးနှင့် ဆေးရုံဝန်ထမ်းများ (ခရမ်းရောင်ဝတ်စုံဝတ်သူ) သည် လူနာနှင့် လူနာရှင်များကို ရိုင်းပြစွာ ပြောဆိုဆက်ဆံမှု၊ ဆူပူ ကြိမ်းမောင်းမှုများကြောင့် ဆေးရုံတက်ရောက်သူများမှာ စိတ်ပျက်နေကြရကြောင်းလည်း သိရသည်။

    “သူတို့တွေက တစ်ခါမှကောင်းကောင်းမွန်မွန်မပြောဘူး။ အမြဲစိတ်မရှည်နေတာပဲတွေ့ရတယ်။ အခုက ပိုဆိုးတယ်။ ပုဂ္ဂိကဆေးရုံတွေမှာမတက်နိုင်ကြတော့ ပြည်သူ့ဆေးရုံတွေပဲလာရတယ်။ ခုတင်မရှိတာ ကြုံရတယ်။ အိမ်သာတွေလည်းသန့် ရှင်းမှုမရှိဘူး။ ဝန်ထမ်းတွေက ဆရာကြီးတွေပဲ။ သူတို့ပဲ ကြောက်နေရတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ အမျိုးသမီးတစ်ဦး ကလည်း ပြောသည်။

    စစ်ကော်မရှင်လက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြည်သူ့ဆေးရုံများတွင် လူနာများကို နွေးထွေးပျူငှာစွာ ကြိုဆိုဆက်ဆံရေး၊ ပြည်သူလူထု ယုံကြည်မှု ပိုမိုရရှိရန်နှင့် လူနာမိသားစုများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေးတို့နှင့်ပတ်သက်၍ မကြာခဏ ပြောကြားလေ့ရှိသော်လည်း လက်တွေ့တွင် အခြေအနေများ ဆိုးရွားနေဆဲဖြစ်ကြောင်း သိရသည်။