Category: News

  • စစ်ကိုင်းမြို့ပေါ်ထိ တိုက်ပွဲဖြစ်လာ

    စစ်ကိုင်းမြို့ပေါ်ထိ တိုက်ပွဲဖြစ်လာ

    ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ စစ်ကိုင်းမြို့ အနောက်ပိုင်း ငါးထပ်ကြီး၊ ဘုရားဖြူအနီးဝန်ကျင်း၌ တပ်စွဲထားသော စစ်တပ်ကို ဩဂုတ် ၁၇ ရက် ညပိုင်းတွင် တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲများ ပြင်းထန်ခဲ့ ကြောင်း ဒေသခံများထံက သိရသည်။

    တိုက်ပွဲမှာ ည ၈ နာရီခန့်မှ ၉ နာရီခန့်ထိ ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်အပြန်အလှန် ပစ်ခတ်သည့်အသံများကို မြို့ပေါ်နေ ပြည်သူများ အတိုင်းသားကြားခဲ့ရကြောင်း၊ ယင်းပြင် တိုက်ပွဲဖြစ်ပွားသောနေရာအနီး သံဃာ အပါး ၂၀၀ ကျော် သီတင်းသုံးသည့် စစ်ကိုင်းမြို့ မဟာခိုနန်းပရိယတ္တိစာသင်တိုက် ကျည်ဆန်များထိမှန်ခဲ့ပြီး ကိုရင်ငယ် တပါးလည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။

    စစ်ကိုင်းမြို့ခံတဦးက “ည ၈ နာရီလောက် စဖြစ်တာ၊ လက်နက်ကြီးသံတွေကြောင့် အိမ်တောင် တုန်တယ်၊ တခါမှ မကြုံဖူးတော့ ပြေးရတော့မှာလားဆိုပြီး အရေးကြီးတာတွေ သိမ်းပြီး အထုပ်အပိုးတောင် ပြင်ထားရတယ်၊ တကယ်တမ်း ပြေး ဆိုရင်လည်း ဘယ်ကို ပြေးလို့ပြေးရမှန်းလည်း မသိဘူး လန့်နေကြတာနဲ့၊ မြို့ပေါ်ထိ တိုက်ပွဲတွေ ရောက်လာပြီလို့ ပြောလို့ရတာပေါ့” ဟု ပြောသည်။

    တိုက်ပွဲဖြစ်ပွားသည့် ငါးထပ်ကြီး၊ ဘုရားဖြူသည် စစ်ကိုင်းမြို့ဧရိယာ၌ ပါဝင်သော်လည်း စစ်ကိုင်းအနောက်ခြမ်း ကျေးရွာများနှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ပေးထားသော အဓိက ဝင်/ထွက်ပေါက်ဖြစ်ကာ ကျောင်းတော်ကြီး ရပ်ကွက် အတွင်းရှိ ဘုရားဖြူတွင် စစ်ကော်မရှင်လက်အောက်ခံ တပ်သားများ တပ်စွဲထားခြင်းဟု သိရသည်။

    ထိုသို့တပ်စွဲပြီးနောက် အနောက်တာ (ဒေသအခေါ်) တလျောက်ရှိ ကျေးရွာများအား မေလအတွင်းမှ စတင်ကာ စစ်ကြောင်း ထိုးနေခြင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

    စစ်ကိုင်းမြို့ခံနောက်တဦးက “ည ၈ နာရီကျော်လောက်က စပြီး လက်နက်ကြီးသံ လက်နက်ငယ်သံတွေရော စုံနေတာပဲ၊ အဲဒီနေရာက စစ်ကိုင်းမြို့ထဲမှာပါပေမယ့် အနောက်တာရဲ့ ဝင်ပေါက် ထွက်ပေါက်နေရာလို့ ပြောရင် ပိုမှန်တယ်၊ ငါးထပ်ကြီး ဘုရားဘေးက ဘုရားဖြူမှာ သူတို့ စခန်းချ ထိုင်ထားတာ တော်တော် ကြာပြီ၊ အဲဒီကနေမှ အနောက်တာကနေ မြို့ပေါ်ကို လာသမျှ ပိတ်စစ်ဆေးနေတာပဲ၊ ရပ်ကွက်လိုဆိုရင်တော့ ကျောင်းတော်ကြီးပေါ့” ဟု ပြောသည်။

    တိုက်ပွဲဖြစ်ပွားချိန်သည် မဟာခိုနန်း ပရိယတ္တိစာသင်တိုက်တွင် ပဋ္ဌာန်းစာဝါချနေချိန်ဖြစ်ရာ ကိုရင်ငယ်များနှင့် စာသင် သားများ ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ခဲ့ကြသလို ကျောင်းဆောင်တချို့သို့ ကျည်ထိမှန်ခဲ့ပြီး ကိုရင်ငယ်တပါးလည်း နားထင်ဒဏ်ရာရရှိသွားခဲ့ကြောင်း မဟာခိုနန်း ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော်နှင့်စာချ တာဝန်ခံ ဦးမာနိတာလင်္ကာရာဘိဝံသက လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

    စစ်ကိုင်းမြို့၌ အခြေစိုက်ထားသော အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တမခ ၃၃) မှ စစ်ကူပေးခြင်းမရှိသော်လည်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်ရာ မန္တလေးမြို့မှ စစ်ကားများဖြင့် စစ်ကူများ စစ်ကိုင်းဘက်သို့ ညတွင်းချင်း ပေးပို့ခဲ့ကြောင်း သိရသည်။

    စစ်ကိုင်းမြို့ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “စစ်ကိုင်းမှာ တိုက်ပွဲဖြစ်တာကို မန္တလေးက စစ်ကူလာရတယ်ဆိုတော့ စစ်ကိုင်းတပ်မ ၃၃ မှာ စစ်သားတွေ မလုံလောက်တဲ့သဘောလားပေါ့၊ လက်ရှိအချိန်ထိ ရပ်ကွက်တွေနဲ့ တောင်ရိုးပေါ်မှာ တော့ ပျူတွေ တော်တော်များများ တွေ့နေရသေးတယ်” ဟု ပြောသည်။

    အဆိုပါ တိုက်ပွဲဖော်ဆောင်မှုကို မည်သည့်အဖွဲ့ လုပ်ဆောင်ခဲ့သည်ကို မသိရသေးဘဲ စစ်ကိုင်းမြို့ အနောက်ပိုင်း စစ်တပ်စခန်း တိုက်ခိုက်ခံရမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

    တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ယနေ့နံနက်ပိုင်းမှ စတင်ကာ စစ်ကိုင်းမြို့ပေါ်၌ လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

  • နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြော

    နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြော

    နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြော

    ဇွန် ၁၂

    နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ်သည်ဟု မင်းအောင်လှိုင်က ပြောသည်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်က ပြင်ဦးလွင်မြို့မှာ ကျောင်းဆရာ/ဆရာမများဖြင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ် မည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ရန်လိုကြောင်း၊ မိမိတို့ တာဝန်ယူထားရသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံ့အရေးကို ကျေပွန်ရမည်ဖြဖစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ကောင်းမွန် ရေးအတွက် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြစေ လိုသည်”ဟု ပြောသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ (က) နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟု ပြဋ္ဌာန်း ထားသည်။

    နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဆိုသော စကားရပ်သည် ပြင်ဆင်သင့်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ သည် ပါတီတစ်ခုခုတွင် ပါတီဝင်မဖြစ်ရဆိုသော ပြဋ္ဌာန်းချက်သာဖြစ်သင့်ကြောင်း၊ သို့မဟုတ်ပါက နိုင်ငံ့ဝန်ထမ်း များသည် ပါတီတစ်ခုခုမှ ပါတီဝင် အမျိုးသား/အမျိုးသမီးများဖြင့် အိမ်ထောင်ပြုရန်ပင် မရသည့် အခြေအနေ ဖြစ် သွားနိုင်ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြသည်။

    ထို့နောက် မြန်မာ့တပ်မတော်မှ စစ်သည်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး မည်သည့်အတွက်ကြောင့် လွှတ်တော် အတွင်းမှာ ၂၅ ရာခိုင်နှုန်း နေရာယူထားရသနည်း မေးခွန်းထုတ်စရာဖြစ်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။

    စစ်သားတွေ၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ကွင်းဆင်း လှုံ့ ဆော်၊ တပ်နယ်အားလုံး ဆန္ဒမဲ မဖြစ်မနေ ပေးရမယ့်အပြင် မဲပေးရေး လှုံ့ဆော်မှုတွေမှာလည်း စစ်သားတွေ ပါဝင်ရမယ်

    ဩဂုတ် ၁၉

    အကြမ်းဖက် စစ်သားတွေ၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးကြဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ကွင်းဆင်း လှုံ့ ဆော်နေရပါတယ်။

    မနေ့က မကွေးမြို့မှာ ရောက်ရှိနေတဲ့ မင်းအောင်လှိုင်က မကွေးတပ်နယ်က စစ်သည်၊ အရာရှိတွေနဲ့ တွေ့ဆုံရာမှာ လည်းကောင်း၊ ဝန်ထမ်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ မြို့မိမြို့ဖ ဆိုသူတွေနဲ့ တွေ့ဆုံပွဲမှာ လည်းကောင်း လာမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးကြဖို့ မင်းအောင်လှိုင်က တိုက်တွန်းနေတာလည်းဖြစ်ပါတယ်။

    စစ်သားတွေအနေနဲ့ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းများရွေးချယ်ချိန် နိုင်ငံအတွက် စေတနာထားပြီး အရည်အချင်းရှိသူများဖြစ်ရန်လိုကြောင်း၊ ရွေးကောက်ပွဲမှာ ဆန္ဒမဲများအား မပျက်မကွက်ပေးပြီး နိုင်ငံသားကောင်းတွေဖြစ်အောင် ဆောင်ရွက်သွားကြစေလိုတယ်လို့ မင်းအောင်လှိုင်က မကွေးတပ်နယ်မှ စစ်သားတွေကို ပြောဆိုပါတယ်။

    ဒါ့အပြင် ဝန်ထမ်းတွေနဲ့ ပြည်သူတွေတချို့ကို တွေ့ဆုံရာမှာလည်း မင်းအောင်လှိုင်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေအားလုံး ဆန္ဒမဲများပေးနိုင်ဖို့ စစ်တပ်အနေနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်လို့ မပေးကြဖို့ လိုကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလိုပါက ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးကြဖို့ လိုတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

    “တပ်နယ်တွေအားလုံးကတော့ မဖြစ်မနေ ဆန္ဒမဲပေးဖို့နဲ့ ရှေ့တန်းတာဝန်ထမ်းဆောင်နေတဲ့ သူတွေအားလုံး ကြိုတင်မဲပေးကြဖို့ အဓိကမှာတယ်။ တပ်နယ်အားလုံးမှာ မဲပေးသူ မရှိ မဖြစ်ရလေအောင် စီမံကြဖို့ မှာကြားတယ်။ ပြီးရင် ရွေးကောက်ပွဲမှာ မဲပေးကြရေး လှုံ့ဆော်မှုတွေမှာလည်း တပ်နယ်တွေအားလုံးက တက်တက်ကြွကြွ ပါဝင်ကြဖို့ ပြောပါတယ်”လို့ မကွေးတပ်နယ်နဲ့ တိုက်ရိုက် ဆက်သွယ်မှုရှိနေတဲ့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။

    အကြမ်းဖက်စစ်တပ်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၁ ပြုလုပ်ပြီး ကျန်ရွေး ကောက်တွေကို အခန်းဆက် အပိုင်းလိုက် ဇန်နဝါရီလထဲမှာ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

  • ဗိုလ်ကြီး အေးမျိုးထွန်း KIA၏ စနိုက်ပါထိသေဆုံးခဲ့ပြီး အလောင်းကို မြစ်ကြီးနားသို့ ပြန် သယ် သဂြိုလ်

    ဗိုလ်ကြီး အေးမျိုးထွန်း KIA၏ စနိုက်ပါထိသေဆုံးခဲ့ပြီး အလောင်းကို မြစ်ကြီးနားသို့ ပြန် သယ် သဂြိုလ်

    ဗန်းမော်တိုက်ပွဲတွင် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်မှ သူနာပြု စစ်ဗိုလ် ဗိုလ်ကြီး အေးမျိုးထွန်း KIA၏ စနိုက်ပါထိသေဆုံးခဲ့ပြီး အလောင်းကို မြစ်ကြီးနားသို့ ပြန် သယ် သဂြိုလ်

    ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲတွင် အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်မှ သူနာ ပြု စစ်ဗိုလ် ဗိုလ်ကြီး အေးမျိုးထွန်းမှာ KIA က ပစ်ခတ်သော စနိုက်ပါကျည်ထိမှန် သေဆုံးပြီး အလောင်းကို မြစ်ကြီးနားသို့ ပြန်လည် သယ်ယူ သဂြိုလ်ကြောင်း သိရှိရသည်။

    ဩဂုတ်လ ၁၃ ရက်နေ့ ဗန်းမော်တွင် စနိုက်ပါ ထိ၍ ဗိုလ်ကြီး အေးမျိုးထွန်းသေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အလောင်း ကို မြစ်ကြီးနားမြို့သို့ ပြန်လည် သယ် ယူကာ စစ်အခမ်းအနားဖြင့် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

    ဗိုလ်ကြီး အေးမျိုးထွန်းသည် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာသည်တက္က သိုလ် အပတ်စဉ် ၂ ကျောင်းဆင်းဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၄၄ နှစ်ရှိနေပြီဖြစ်ကြောင်း၊ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်တွင် တာဝန်ထမ်း ဆောင်ရင်း ဗန်းမော်စစ်မြေပြင်သို့ စေလွှတ်ခံရပြီး စနိုက်ပါ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက စတင် တိုက်ခိုက်ခဲ့ပြီး လက်ရှိ မြို့သိမ်းတိုက်ပွဲကာလ ၉ လကြာမြင့်လာသည်အထိ နှစ်ဖက် စစ်ရေးတင်းမာကာ တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

  • တရုတ်ကြေးနီစီမံကိန်းအနီး ကျေးရွာများကို စစ်တပ်က ဗုံးကြဲ၊ အမျိုးသမီး ၁ ဦးသေဆုံး

    တရုတ်ကြေးနီစီမံကိန်းအနီး ကျေးရွာများကို စစ်တပ်က ဗုံးကြဲ၊ အမျိုးသမီး ၁ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးက ကျေးရွာတွေကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲနေတာကြောင့် ကျေးရွာတချို့က ဒေသခံတွေ ဘေးလွတ်ရာတွေကို ထွက်ပြေးနေကြရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကြိုးပြင်တောင်ရွာက နေအိမ်အတွင်းရှိ အသက် (၆၀) ဝန်းကျင် အမျိုးသမီး တယောက် သေဆုံးပြီး အမျိုးသား တယောက် စိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့ကာ အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်းက ကိုအောင်ခန့်ဇော်က “သြဂုတ် ၁၈ ရက်နေ့ နေ့လယ် ၂ နာရီကျော်က စက်တပ်လေထီးနဲ့ ဗုံးကြဲတာ မိုးကြိုးပြင်ကျေးရွာက အသက် ၆၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီး ဗုံးထိမှန်သေဆုံးတယ်။ အမျိုးသားတဦးနဲ့ နောက် အမျိုးသမီးတဦး ဒဏ်ရာတွေရရှိပြီး ဒေသခံတချို့ ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်” လို့ ပြောပါတယ်။

    သြဂုတ် ၁၆ ရက်​ကလည်း ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးအစောင့် တပ်သားက ပစ်ခတ်လိုက်တဲ့ ကျည်ထိမှန်ပြီး ကျောက်ဖြူတိုင်ရွာနေ တောင်ယာလုပ်ကိုင်တဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့ ပါတယ်။

    သြဂုတ် ၁၆ ရက်မှာပဲ တော်လှန်းရေးတပ်ဖွဲ့တွေနဲ့ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ စောင့်နေတဲ့ စစ်တပ်နဲ့ အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာတွေကို ထွက်ပြေးခဲ့ကြရပါတယ်။

  • လပွတ္တာတွင် အမျိုးသမီး ၁ ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို ဖမ်းမိ

    လပွတ္တာတွင် အမျိုးသမီး ၁ ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို ဖမ်းမိ

    ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာမှာ သြဂုတ် ၁၁ ရက်က အမျိုးသမီးတယောက်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို သြဂုတ် ၁၇ ရက်မှာ ဖမ်းမိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဇီးဖြူကုန်းကျေးရွာမှာ သြဂုတ် ၁၁ ရက် နေ့လယ် ၂ နာရီကျော်လောက်က အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတယောက် အဘိုးဖြစ်သူရဲ့အိမ်မှာ ဟင်းစားသွားယူပြီး အပြန်လမ်းမှာ ဖိုးဇော် အသက် (၃၅)နှစ်က အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

    အဓမ္မပြုကျင့်သတ်ဖြတ်ပြီးနောက် ဇီးဖြူကုန်းရွာ အလယ်ကြားက ပျဥ်းမပင်မှာ အားကစားဘောင်းဘီရှည်နဲ့ လည်ပင်းကိုချည်ပြီး အပင်မှာ တွဲလောင်းချထားခဲ့ကာ ဆွဲကြိုးချ အဆုံးစီရင်တဲ့ပုံစံ ဖန်တီးခဲ့တာလို့ ဆိုပါတယ်။

    တူးမြောင်းနယ်မြေ ရဲစခန်းနဲ့ နီးစပ်သူတယောက်က “လူသတ်တရားခံ ဖိုးဇော် အသက် ၃၅ နှစ်ကို သြဂုတ်လ ၁၇ ရက်နေ့က ဖမ်းဆီးရမိတယ်။ သူက မြောင်းမြမှာ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်က ဆိုင်ကယ်ခိုးမှုဖြစ်ပြီး အုပ်ချုပ်ရေးရုံးမှာ ဖမ်းဆီးထားတဲ့အချိန်က ထွက်ပြေးလာပြီး လပွတ္တာမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာ လာရောက်ပုန်းအောင်းနေသူ ဖြစ်တယ်” လို့ ပြောပါတယ်။

    အခုအသတ်ခံရတဲ့ မမြတ်စု နေတဲ့အိမ်နဲ့ ဟင်းစားသွားယူတဲ့ အဘိုးဖြစ်သူအိမ်က လမ်းလျှောက်သွားရင် မိနစ် ၃၀ လောက်သာ သွားရတဲ့နေရာဖြစ်ပြီး နေ့လယ် ၂ နာရီကျော်က ဟင်းစားသွားယူတာ ညနေ ၄ နာရီကျော်အထိ အိမ်ပြန်မလာတာကြောင့် မိသားဟုဝင်တွေ လိုက်ရှာတဲ့အခါ ရွာအလယ်တောင်ကုန်းပေါ်က ပျဥ်းမပင်မှာ လည်ပင်း ဆွဲကြိုးချအနေအထားနဲ့ ပြန်တွေ့ရှိခဲ့ပါတယ်။

    အလောင်းကိုစစ်ဆေးရာ မသင်္ကာဖွယ်ရာ တွေ့ရှိပြီး ရဲစခန်းတိုင်တန်းခဲ့ရာက ဖိုးဇော် ဆိုသူကို မသင်္ကာလို့ဆိုပြီး သြဂုတ် ၁၆ ရက်မှာ ဖမ်းဆီးစစ်ဆေးရာ အဓမ္မပြုကျင့်စဥ် ပြန်လည်ခုခံခဲ့လို့ လက်လွန်သွားခဲ့ပြီး အားကစားဘောင်းဘီကို ချွတ်ခါ လည်ပင်းမှာချည်ပြီး ဆွဲကြိုးချတဲ့ပုံ လုပ်ဆောင်ခဲ့တာလို့ ဝန်ခံခဲ့ကြောင်း ဆိုပါတယ်။

    ဖိုးဇော် ကိုတော့ လပွတ္တာမြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး လူသတ်မှု၊ အတင်းအဓမ္မပြုကျင့်မှုတွေနဲ့ ဆက်လက်စစ်ဆေးနေကာ တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်နေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။