Category: News

  • တိုင်းသုံးတိုင်းတွင် AA က စစ်ကောင်စီ စစ်စခန်း ၅ ခုနှင့် ရွာသုံးရွာကို သိမ်းပိုက်ထား

    တိုင်းသုံးတိုင်းတွင် AA က စစ်ကောင်စီ စစ်စခန်း ၅ ခုနှင့် ရွာသုံးရွာကို သိမ်းပိုက်ထား

    ရခိုင်ရိုးမတောင်တန်းအလွန် မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းထဲက စစ်ကောင်စီ စစ်စခန်း ၅ ခုနှင့် ရွာသုံးရွာကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည်ဟု ISP Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

    ISP ၏ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် အစီရင်ခံစာ ဖော်ပြချက်အရ မကွေးတိုင်း အမ်း-ပဒါန်းလမ်းပေါ်က စစ်ကောင်စီ စစ်စခန်း နှစ်ခု၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က နှစ်ခုနှင့် ဧရာဝတီတိုင်း ဂွ-ငါးသိုင်းချောင်းလမ်းပေါ်က စစ်စခန်း ၁ ခုတို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားကြောင်း သိရသည်။

    AA သိမ်းပိုက်ထားသော ကျေးရွာသုံးရွာမှာ မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းကျေးရွာအုပ်စုမှ ပဇီကျေးရွာနှင့် ဂွမြို့နယ်အစပ် ဧရာဝတီတိုင်းထဲက မကျီဇင်ကျေးရွာနှင့် ဘောမိကျေးရွာတို့ ဖြစ်ကြောင်း ISP ဖော်ပြချက်အရ သိရသည်။

    မကွေးတိုင်း အမ်း-ပဒါန်းလမ်းပေါ်က သိမ်းပိုက်ထားသော စစ်ကောင်စီ စစ်စခန်းနှစ်ခုမှာ ပဇီကျေးရွာအနီး မျှော်စင် စစ်စခန်းနှင့် ဂုတ်ကြီး စစ်စခန်းတို့ဖြစ်ပြီး ယင်းစစ်စခန်းများအား အောက်တိုဘာလ ၉ ရက်နေ့တွင် AA က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

    ပဇီရွာသည် လက်ရှိတိုက်ပွဲပြင်းထန်နေသော နတ်ရေကန်ဗျူဟာကုန်းတပ်စခန်း၏ အရှေ့မြောက်ဘက် ၃ မိုင်အကွာတွင်ရှိပြီး အမှတ် (၉၀၅) အမြောက်စခန်းကွပ်ကွဲမှုဌာနချုပ်နှင့်လည်း နီးကြောင်း သိရသည်။

    ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က စစ်ကောင်စီ စစ်စခန်းနှစ်ခုမှာ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ၆၆၆ ပွိုင့်ကုန်းနှင့် ပန်းတောင်း-တောင်ကုတ်လမ်းပေါ်ရှိ မိုးထိတောင်စစ်စခန်းတို့ကို AA က သိမ်းပိုက်ထားခြင်းဖြစ်သည်။

    ပန်းကန်ကွဲ ၆၆၆ ပွိုင့်ကုန်းကို အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းတွင် သိမ်းပိုက်ခဲ့ပြီး မိုးထိတောင်စစ်စခန်းကို ဇန်နဝါရီလ ၂၆ ရက်တွင် သိမ်းပိုက်ခဲ့သည်။

    ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အနီးက စစ်ကောင်စီ၏ အမြောက်တပ်ရင်း အမှတ် ၃၄၄ အနီးက ကာကင်းစခန်း ၂ ခုထက်မနည်းကို ပြီးခဲ့သည့်လအနည်းငယ်အတွင်းမှာ AA က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

    အမှတ် ၃၄၄ အမြောက်တပ်ရင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်နိုင်ရန် ယခုနှစ်ဆန်းပိုင်းကစ၍ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

    လက်ရှိ အာရက္ခတပ်တော် AA သည် မကွေး-ရခိုင်အစပ်ရှိ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကြီး၊ ပဲခူး ပန်းတောင်းမြို့နယ်က ကပစ ၆ အနီးနှင့် ဧရာဝတီတိုင်း ရေကြည်၊ လေးမျက်နှာ၊ သာပေါင်း မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေဆဲဖြစ်သည်။

    ရခိုင်ရိုးမတောင်တန်းအလွန်က အာရက္ခတပ်တော် AA ၏ ထိုးစစ်များသည် အာဏာသိမ်း စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့် စက်ရုံ ကပစ ၆ နှင့် ကပစ ၁၄ တို့ကို ဦးလျက်ရှိကြောင်း ISP Myanmar က သုံးသပ်ထားသည်။

    မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် စစ်ကောင်စီ၏ ကပစ စက်ရုံ ၂၂ ခုရှိပြီး ၁၆ ခုသည် ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်းတွင် တည်ဆောက်ထားသည်။

    AA ထိုးစစ်များမှာ ကစပ စက်ရုံများသို့ ဦးတည်လာသော်လည်း ရခိုင်ကမ်းရိုးတန်းဘက်တွင် စစ်ဆိုင်ထားရမှု၊ သိမ်းပိုက်ပြီးပါကလည်း ထိန်းချုပ်ထားရန် ခက်ခဲမှုများကြောင့် ကပစ စက်ရုံများအား သိမ်းနိုင်ရန် မလွယ်ကူသေးကြောင်း ISP Myanmar က သုံးသပ်ထားသည်။

    အာရက္ခတပ်တော် AA သည် ရခိုင်ပြည်အတွင်း မြို့နယ် ၁၄ ခုနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ရခိုင်တွင် သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် စစ်ကောင်စီ ထိန်းချုပ်မြို့ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေသည်။

    AA ၏ စစ်ရေးလှုပ်ရှားမှုများသည် ရခိုင်ပြည်အပြင် ချင်းပြည်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်နှင့် ရှမ်းမြောက်တို့တွင် ရှိနေပြီး စစ်ကောင်စီ၏ တပ်စခန်း၊ တပ်ရင်းများအား သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

  • ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ မြန်မာ့အရေး ဆွေးနွေး

    ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ မြန်မာ့အရေး ဆွေးနွေး

    မြန်မာ့အရေး တိုးတက်လာဖို့ ကုလသမဂ္ဂရဲ့ တက်ကြွတဲ့အခန်းကဏ္ဍကို ဂျပန်က မျှော်လင့်နေပြီး နှစ်ဖက်စလုံးက အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။

    ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂီတိုရှီမစ်ဆုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့တို့ မနေ့ ဒီဇင်ဘာ ၁ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တွေ့ဆုံရာ သဘောတူညီမှုရရှိခဲ့တာပါ။

    ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်နဲ့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ဂျူလီဘစ်ရှော့နဲ့ ဝန်ကြီး မိုတဲဂီတို့ မိနစ် ၃၀ ကြာတွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးရွားလာနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

    ဒီတွေ့ဆုံမှုအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂီက မြန်မာနိုင်ငံရဲ့ အခြေအနေ ပိုမိုဆိုးရွားလာနေတဲ့အပေါ် အလေးအနက် စိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မြန်မာစစ်တပ်ကို အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် တိုက်တွန်းနေတာတွေနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နေတာ အပါအဝင် မြန်မာ့အရေး ကြိုးပမ်းဆောင်ရွက်နေတာတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

    အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကလည်း အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ကုလသမဂ္ဂရဲ့ မြန်မာ့ရေး ဆောင်ရွက်ချက်တွေနဲ့ အနာဂတ်အလားအလာတွေကို ရှင်းပြခဲ့ပြီး ဂျပန်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍနဲ့ ကြိုးပမ်းအားမှုတွေကို တန်ဖိုးထား အသိအမှတ်ပြုကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

    ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေး တိုးတက်ကောင်းမွန်လာဖို့အတွက် ကုလသမဂ္ဂက တက်ကြွစွာ ပါဝင်ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    နှစ်ဖက်ခေါင်းဆောင်တွေဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆက်လက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဂျူလီဘစ်ရှော့ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အဖြစ် ၂၀၂၄ ခုနှစ်၊ ဧပြီ ၅ ရက်မှာ ခန့်အပ်ခဲ့တာဖြစ်ပြီး မြန်မာ့အရေး သိုသိပ်လျှို့ဝှက်စွာ လုပ်ဆောင်နေပေမဲ့ ခုချိန်ထိ သိသာထင်ရှားတဲ့ရလဒ် တခုမှ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

    ဂျူလီဘစ်ရှော့ဟာ မြန်မာနိုင်ငံထဲ စီးပွားရေးလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ စီးပွားရေးဆက်နွှယ်မှုတွေ ရှိတာကြောင့် အကျိုးစီးပွားပဋိပက္ခတွေအပေါ်စုံစမ်းစစ်ဆေးပေးဖို့ ဆိုပြီး JFM အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၃၀၀ နီးပါးက မတ် ၁၇ ရက်မှာ ကုလသမဂ္ဂကို တောင်းဆိုထားပါတယ်။

  • ရန်ကုန်မြို့လယ်မှာ NO VOTE လှုပ်ရှားမှုပြုလုပ်

    ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းတခုဖြစ်တဲံ ယောမင်းကြီးလမ်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ “NO VOTE” စာတန်းကိုင်ဆောင်ပြီး အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ရုပ်သံ – ရေဘဝဲ

  • Non-CDM ဝန်ထမ်းများအနေဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ဆန္ဒမဲပေး ရွေးချယ်ရန် မင်းအောင်လှိုင်က ပေါ်ပေါ်တင်တင် ဖိအားပေးလာ

    Non-CDM ဝန်ထမ်းများအနေဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ဆန္ဒမဲပေး ရွေးချယ်ရန် မင်းအောင်လှိုင်က ပေါ်ပေါ်တင်တင် ဖိအားပေးလာ

    ဝန်ကြီးဌာနများတွင် ကြံ့ဖွတ်ပါတီကိုသာ မဲပေးရမည်ဟု နှုတ်မိန့်ညွှန်ကြားမှုများ ရှိလာ

    စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် Non-CDM ဝန်ထမ်းများအနေဖြင့် စစ်တပ်နှင့် သဟဇာ တဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ဆန္ဒမဲပေး ရွေးချယ်ရန်လိုအပ်ကြောင်း မင်းအောင်လှိုင်က ပေါ်ပေါ်တင်တင် ဖိအားပေး ပြောဆိုသည်။

    ယမန်နေ့ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) နှင့် ဗဟိုမီးသတ်သင်တန်း ကျောင်း(ပြင်ဦးလွင်)တို့မှ နည်းပြအရာရှိများနှင့် သင်တန်းသား၊သင်တန်းသူများကို တွေ့ဆုံစဉ် မင်းအောင်လှိုင်က ထိုသို့ တရားဝင် ပေါ်ပေါ်တင်တင် ဖိအားပေး ပြောဆိုလာခြင်းဖြစ်သည်။

    “သင်တန်းသား သင်တန်းသူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့်ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ စစ်တပ်က နိုင်ငံတော်တည်ရှိသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသော အဖွဲ့အစည်း (Institution)ဖြစ်သဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကိုရွေးချယ်၍ ဆန္ဒမဲပေးရန်လိုကြောင်း” မင်းအောင်လှိုင်က ဆိုသည်။

    ယင်းအပြင် မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ မိမိတို့တာဝန်များ အလိုက် ဆက်လက်ထမ်းဆောင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးတွင်အာဏာရပါတီအလိုက်၊ အစိုးရအဖွဲ့အလိုက် မူဝါဒများကွဲပြားသွားမည်ဖြစ်သော်လည်း ရုံး/ဌာနများအနေဖြင့် ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခက်အခဲ၊ အကျပ်အတည်းများကို စစ်တပ်ကပင် ဦးဆောင်၍ ဖြေရှင်းခဲ့ရကြောင်း၊နိုင်ငံတော်တွင် ကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို မှန်မှန်ကန်ကန် လေ့လာသိရှိနားလည်ကြရန်လိုကြောင်း ဆက်လက်ပြောဆိုသည်။

    မြန်မာနိုင်ငံအနေဖြင့် ပထဝီအနေအထားအရ အင်အားကြီး နိုင်ငံကြီးနှစ်ခုအကြားတွင်တည်ရှိနေပြီး ရှုပ်ထွေးသည့် နိုင်ငံရေးသမိုင်းကြောင်းနောက်ခံများလည်းရှိကြောင်း၊ အရှေ့နှင့်အနောက်၏ မတူညီသည့် သဘောသဘာဝများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးအရတည်ငြိမ်မှုရရှိရန် လိုအပ်နေမှုများကို တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံပြိုကွဲမည့်အခြေအနေများနှင့် ကြုံတွေ့နိုင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ချိန်၌ ဥပဒေနှင့်အညီဖြေရှင်းမှုများ ဆောင်ရွက်ပေးခဲ့ခြင်းမရှိခြင်းကြောင့် စစ်တပ်အနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုပြန်သည်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရက်ပေါင်း ၂၆ ရက်သာ လိုတော့သည့်အချိန်တွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ စစ်တပ်နှင့် လက်တွဲနိုင်သူများကို မဲပေးရွေးချယ်ရမည်ကြောင်း ဖိအားပေးနေသည့်အပြင် နေပြည်တော်နှင့်နိုင်ငံတစ်ဝန်းလုံးရှိ ဝန်ထမ်းများနှင့်မိသားစုများကို စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီကိုသာ ဆန္ဒမဲပေးရန် နှုတ်မိန့်ဖြင့် ညွှန်ကြားမှုများ လုပ်ဆောင်လာကြောင်း နေပြည်တော်ရှိ ဝန်ထမ်းသတင်းရင်းမြစ်များက ပြောဆိုသည်။

  • ကျောက်ဖြူ သိုင်းချောင်းဆည်နှင့် မင်းပြင်ကာကင်းကုန်းများကို AA က ထိုးစစ်ဆင်သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်နေ

    အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ ရေဒါစခန်းကိုကာထားသည့် ကာကင်းကုန်းများကို ယမန်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    အကြမ်းဖက်စစ်တပ်အခြေချတပ်စွဲနေရာယူထားသည့် ‌သိုင်းချောင်းဆည်‌ ဘေးပတ်ဝန်းကျင်က အဓိကကျသည့် ကာကင်းစခန်းကုန်းကို AA က ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ကာကင်းစခန်းတချို့ကို သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

    “သိုင်းချောင်းဆည်ရဲ့ အဓိကကျတဲ့နေရာ ကာကင်းကုန်းတွေပေါ့။ AA က ထိုးစစ်ဆင်ပြီးသိမ်းတာ။ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိတယ်။ စစ်တပ်က အထိနာပြီး ဆည်ဖက်ကို ဝရုန်းသုန်းကားနဲ့ နောက်ဆုတ်သွားကြတယ်။ စစ်တပ်ကတော့ လက်နက်ကြီး၊ ဒရုန်းကတော့ တရစပ်ပစ်တယ်” ဟု ပြောသည်။

    အလားတူ မင်းပြင်ရှိ မိုးလေဝသရေဒါစခန်းအနီးအနားဝန်းကျင်တွင် တပ်စွဲထားသည့် ကာကင်း စခန်းကုန်းများကိုလည်း ယမန်နေ့ ‌ဒီဇင်ဘာ ၁ ရက်နေ့က သိမ်းလိုက်နိုင်ပြီဟု စစ်ရေးသတင်းရင်း မြစ်တစ်ဦးကပြောသည်။

    “မင်းပြင်ဆိုင်ကလုန်း စင်တာအနီးပတ်ဝန်းကျင် ကာထားတဲ့ ကာကင်းကုန်းတွေကိုလည်း သိမ်းလိုက်နိုင်တယ်။ တိုက်ပွဲတွေကတော့ အနီးအနားဝန်းကျင်မှာ ဖြစ်တုန်း။ အထိလည်းနာနေတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းနှင့် မင်းပြင်တွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်ဖွဲ့များသို့ ရိက္ခာလာပို့သော စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အကျအဆုံးများပြီး ဖရိုဖရဲထွက်ပြေးသွားခဲ့သည်ဟု စစ်မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    သိုင်းချောင်းနှင့်မင်းပြင်တွင် နိုဝင်ဘာလမှစပြီး အကြမ်းဖက်စစ်တပ်နှင့် AA တို့ သူတစ်ပြန်၊ ကိုယ်တစ်ပြန် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

    အကြမ်းဖက်စစ်တပ်ဖက်မှ လက်နက်ဒရုန်း၊ လေကြောင်း‌၊ ရေကြောင်းပစ်ကူဖြင့် AA ကို အပြင်းအထန် ထိုးစစ်ဆင်သည့်အတွက် AA က နောက်ဆုတ်‌လက်လွှတ်ပေးခဲ့ရသည့်နေရာများကို ပြန်လည် တိုက်ခိုက်နေကြောင်း သိရသည်။

    ယင်းနောက် AA ဖက်က ပြောက်ကျားစနစ်၊ လက်နက်ကြီး၊ စနိုက်ဘာများဖြင့် ပြန်လည်ပစ်ခတ်ပြီး ပြန်လည်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲမှာ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

    လက်နက်ကြီးကျည်များပစ်ခတ်သံများကို ကျောက်ဖြူမြို့ပေါ်ကအထိပါ နေ့စဉ်လိုလိုကြားနေရသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “တခါတလေ ဒိုးတန်းတောင်ဖက်ကလိုလို၊ သစ်ပုတ်တောင်ဖက်ကလိုလို အသံတွေတော့ကြားရတယ်။ တခါတလေ အရမ်းကျယ်ကျယ်ကြားရတယ်။ နေရာတော့ အတိကျမခန်းမှန်းတတ်ဘူး” ဟု ပြောသည်။

    ကျောက်ဖြူတိုက်ပွဲတွင် အထိနာကျဆုံးများနေသည့်အတွက် အကြမ်းဖက် စစ်အုပ်စု၏ တပ်မ (၁၁)မှ အင်အား ၅၀၀ ခန့်ကို ရေကြောင်းမှတဆင့် ကျောက်ဖြူသို့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်နေ့ ဗိုလ်ကြီးဇင်ယော်၏ စစ်ရေးသတင်း သုံးသပ်တင်ပြချက်တွင် ဖော်ပြထားသည်။

    တပ်မ (၁၁)၏ နည်းဗျူဟာ (နဗဟ) ၁၁၁ မျိုးမင်းသန့် ဦးစီးသည့် ခမရ ၂၁၂၊ ၂၁၃ နှင့် ၂၁၉ ခန့်မှန်း အင်အား ၅၀၀ ဝန်းကျင်ဖြစ်ပြီး ကျောက်ဖြူတပ်နယ်သို့ ဦးတည်ပို့ဆောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

    ဓာတ်ပုံ – AA Info Desk (ပုံဟောင်း)