Category: News

  • စစ်တပ်ထောက်ခံသော သရုပ်ဆောင် ခန့်စည်သူ ခန့်စည်သူ  ကြူကြူလှ၏ အချစ်တော် ဖြစ်လာ

    စစ်တပ်ထောက်ခံသော သရုပ်ဆောင် ခန့်စည်သူ ခန့်စည်သူ ကြူကြူလှ၏ အချစ်တော် ဖြစ်လာ

    အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ မိန်းမ ကြူကြူလှဟာ အချစ်တော် သားတွေ များစွာ ထားရှိလာပါတယ်။ မင်းအောင်လှိုင်နဲ့ ကြူကြူလှမှာ အောင်ပြည့်စုံလို့ ခေါ်တဲ့ သားအရင်း တစ်ဦးရှိပေမယ့် ကြူကြူလှက အချစ်တော်သားတွေ များစွာထားရှိလာတာပါ။

    ကြူကြူလှဟာ သူ့ကို အမေလို့ ခေါ်တဲ့ ငယ်ရွယ်တဲ့ စစ်ဘက်၊ အရပ်ဘက် လူငယ်တွေကို သားလို့ ပြန်ခေါ်ရင်း အချစ်တော် သားတွေ များစွာ ပေါ်ထွန်းလာပါတယ်။ စစ်ဘက်မှာဆိုရင် ဗိုလ်မှူးကျော်ဇောရဲ ဆိုသူက ဒေါ်ကြူကြူလှရဲ့ အချစ်ဆုံး သား တစ်ဦးလည်းဖြစ်ပါတယ်။ ကြူကြူလှက သူရဲ့ သားတွေများစွာကို သူတို့ နေထိုင်ရာ အိမ်တော်ထဲ တံခါးမရှိ၊ ဓားမရှိ အမြဲလိုလို ဝင်ထွက်ခွင့်ပြုထားပြီး ကြူကြူလှရဲ့ ဝမ်းမနာ သားတွေအားလုံးက အင်မတန် လုံခြုံရေး ထူထပ်တဲ့ မင်းအောင်လှိုင် အိမ်တော်ဆီကို “အမေက ခေါ်လို့” ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ဖြတ်ကျော် ဝင်ရောက်ကြပါတယ်။

    ကြူကြူလှနဲ့ သားအရင်းမဟုတ်တဲ့ အချစ်တော် သားတွေအကြား ဆက်ဆံရေးကလည်း နေ့စဉ် ဖုန်းပြောကြပြီး သာကြောင်း မာကြောင်းကစလို့ ဗေဒင်ယတြာအဆုံး၊ လူမှုပတ်ဝန်းကျင်က အဖြစ်အပျက်တွေကအစ ပြောဆိုကြတာပါ။ ကြူကြူလှရဲ့ သားဖြစ်ခွင့်ရတဲ့ အချစ်တော်သား တွေအနေနဲ့ ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတင်ဒါ ပါမစ်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ နိုင်ငံခြားခရီးစဉ်တွေမှာ လိုက်ပါခွင့်တွေ အပါအဝင် အထူးအခွင့်အရေးအဖြစ် ရရှိကြတဲ့အပြင် ကြူကြူလှဆီကို တိုက်ရိုက် နေ့စဉ် ဖုန်းခေါ်ခွင့်လည်း ရှိကြပါတယ်။

    ရုပ်ရှင်နယ်ပယ်အသိုင်းအ၀ိုင်းမှာ ကြူကြူလှရဲ့ အချစ်တော် သားတစ်ဦးဖြစ်လာသူကတော့ သရုပ်ဆောင် ခန့်စည်သူ ဖြစ်ပါတယ်။ ရခိုင်လူမျိုး အချင်းချင်းဖြစ်တာ၊ ခန့်စည်သူက ကြူကြူလှ အနားရောက်အောင် နည်းလမ်းမျိုးစုံနဲ့ ချည်းကပ်လာတာတွေကြောင့် ခန့်စည်သူဟာ ကြူကြူလှရဲ့ ရုပ်ရှင်နယ်ပယ်က အချစ်တော် သားတစ်ဦးဖြစ်လာပါတယ်။

    ခန့်စည်သူ နဲ့ ကြူကြူလှ အကြားမှာ အမေ၊ သား အခေါ်အပြောတွေနဲ့ လူပုဂ္ဂိုလ်ချင်း ခိုင်မာတဲ့ ရင်းနှီးမှူရှိလာတဲ့အပြင် ရခိုင်အချင်းချင်း ဖြစ်တာရော၊ ခန့်စည်သူရဲ့ မြှောက်ပင့်ပြောဆိုတတ်တဲ့ ဘောမကောင်းလွန်တာကြောင့်ရောကြောင့် ကြူကြူလှ အသည်းစွဲ အချစ်တော်သား ဖြစ်လာတာပါ။

    ကြူကြလှက တန်ဖိုးကြီး အမှတ်တံဆိပ် လက်ကိုင်အိတ်လှလှတွေကို အလွန်နှစ်သက်ပြီး ခန့်စည်သူကလည်း အဲဒီ အချက်ကို သိရှိထားတာကြောင့် ဒေါ်လာထောင်သောင်းချီတန်တဲ့ တန်ဖိုးကြီး လက်ကိုင်အိတ်တွေကို ကြူကြူလှဆီကိုအမေ့အတွက်ဆိုပြီး ပေးပို့ပါတယ်။

    ဒီလို ပေးပို့လို့လည်း ခန့်စည်သူအတွက် အရင်းမရှုံးဘဲ ဝန်ကြီးဌာနရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့် တင်ဒါနဲ့ သံချောင်း တင်သွင်းခွင့် သွင်းကုန်ပါမစ်လို အထူးအခွင့်အရေး ရရှိတာမို့ သူရင်းလိုက်တဲ့ အိတ်ဖိုးထက်တောင် အဆများစွာ အမြတ်ရနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကြူကြူလှရဲ့ အချစ်တော် ဖြစ်လာမှုကြောင့် စစ်တပ်ရဲ့ ဝါဒဖြန့် ဇတ်လမ်းတွေမှာ ခန့်စည်သူက ပင်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာဖြစ်လာတဲ့အပြင် ခန့်စည်သူ ရိုက်ကူးချင်တဲ့ ဇတ်လမ်းနဲ့ ရုပ်ရှင်တွေအတွက်လည်း ကြူကြူလှနဲ့ သမီး ခင်သီရိသက်မွန်က နောက်ကွယ်ကနေ ငွေကျပ် သိန်းထောင်ချီထုတ်ပေးပါတယ်။

    ကြူကြူလှကလည်း ပြည်ပခရီးစဉ်က ပြန်လာတဲ့အခါ သားခန့်စည်သူအတွက် ဆိုပြီး လက်ဆောင်တွေဝယ်လာတတ်ပါတယ်။ ၂၀၂၂ ခုနှစ် မတ်လအတွင်းမှာ ကြူကြူလှရဲ့ တိုက်တွန်းမှုနဲ့ မင်းအောင်လှိုင်က ခန့်စည်သူကို လူမှုထူးချွန်ဆု ပေးအပ်ခဲ့ပါသေးတယ်။ ခန့်စည်သူကလည်း သူရဲ့ အလှူတွေမှာ အမေ ဒေါ်ကြူကြူလှကို ဦးထိပ်ထား၍ ဆိုတာမျိုးတွေနဲ့ အလှူတွေ လုပ်ပြပြီး ဓာတ်ပုံတွေ အပြန်အလှန် ပို့ကြ၊ ဓာတ်ပုံတွေမှာ အသည်းတွေ ပေးကြတာတွေလည်းရှိနေပါတယ်။

    ဒီနှစ် မေလ ၁၉ ရက်နေ့ မှာလည်း ခန့်စည်သူက ငလျင်ဒဏ်သင့် ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းတွေကို ငွေကျပ် သိန်း ၂၀၀ လှူဒါန်းပြခဲ့ပြီး လှူဒါန်းမှုတွေကို အမေ သာဓုခေါ်ပါဆိုပြီး ကြူကြူလှဆီကို အမျှဝေ သာဓု ခေါ်ခိုင်းခဲ့ပါသေးတယ်။

    ကြူကြူလှဟာ ခန့်စည်သူရဲ့ တကယ်အမေအရင်းမဟုတ်သလို ခန့်စည်သူကလည်း ကြူကြူလှရဲ့ တကယ့်သားအရင်းမဟုတ်ပေမယ့် သူတို့နှစ်ဦးအကြားက အမေနဲ့သား အခေါ်ပြပြီး အပြန်အလှန် နေ့စဉ် အဆက်အသွယ်မပြတ် ချိတ်ဆက်နေကြတဲ့ ဆက်ဆံရေးဟာ သာမန်ထက်တော့ ပိုကဲနေတာကို ငြင်းမရဘူးလို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုပါတယ်။

  • မိုးကုတ်မြို့ထဲ စစ်အုပ်စု လျောလျောလျူလျူ ဝင်ရောက်လာ

    မိုးကုတ်မြို့ထဲ စစ်အုပ်စု လျောလျောလျူလျူ ဝင်ရောက်လာ

    TNLA က ဒီဇင်ဘာ ၁၅ ရက်အထိ လုံခြုံရေးယူပေးမယ်လို့ သတင်းထွက်နေပြီး တော်လှန်ရေးတပ်တွေ မြို့ကနေ ဆုတ်ခွာပေးထားရ

    မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲကို နိုဝင်ဘာ ၂၉ ရက်မှာ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စု လက်နက်ကိုင်တွေ အတားအဆီး တစ်ခုမျှ မရှိဘဲ ကားကြီးကားငယ် အသွယ်သွယ်နဲ့ လျောလျောလျူလျူ အလွယ်တကူ ဝင်ရောက်လာတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    အဲ့ဒီ စစ်အုပ်စုကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က ဒီဇင်ဘာ ၁၅ ရက်အထိ လုံခြုံရေးယူ အကာအကွယ်ပေးမယ်လို့ သတင်းထွက်နေတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

    “စစ်အုပ်စုတွေက ကားတွေနဲ့ အခုညနေပိုင်းမှာ အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာပါတယ်။ TNLA က သူတို့ ပထွေး စစ်အုပ်စုကို ဒီဇင်ဘာ ၁၅ရက်အထိ လုံခြုံရေး ယူပေးမယ်လို့ ကြားပါတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    မိုးကုတ်မြို့ကို TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ၂၀၂၄ ဇွန်လမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

    တရုတ်က အကြပ်ကိုင်ခိုင်းစေတာကြောင့်လို့ ဆိုကာ မိုးကုတ်မြို့ကို စစ်အုပ်စုလက်ထဲ ပြန်လွှဲ ပေးမယ်လို့ TNLA က အောက်တိုဘာ လကုန်ပိုင်းမှာ ကြေညာခဲ့ပြီးနောက် စစ်အုပ်စုကို အခုလို လုံခြုံရေးယူကာ ပြန်လည် ခေါ်သွင်းလာတာ ဖြစ်ပါတယ်။

    TNLA က မိုးကုတ်ဒေသရှိ တော်လှန်ရေးတပ်တွေကို မြို့ပြင်ဆုတ်ခိုင်းထားတယ်လို့လည်း ဒေသခံ တော်လှန်ရေးတပ် တာဝန်ရှိသူတွေက ပြောပါတယ်။

    စစ်ရှုံးပြီး တရုတ်အားကိုးနဲ့ ပြန်ရတဲ့ မြို၊ရွာတွေမှာ စစ်အုပ်စုက ဒေသခံပြည်သူကို ရန်ပြု သတ်ဖြတ်၊ ဖမ်းဆီးတာတွေ ကျူးလွန်နေပြီး မိုးကုတ်မြို့ခံအများစုဟာလည်း စစ်အုပ်စု ရန်က လွတ်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မြို့ကို စွန့်ခွာ ထွက်ပြေးသွားကြပြီ ဖြစ်ပါတယ်။

  • နေပြည်တော်၌ ဘီလာရုစ်မူ ပြုကာ လမ်းအမည်ပေးခဲ့သည့် စစ်ခေါင်းဆောင် လှောင်ပြောင်ခံနေရ

    နေပြည်တော်၌ ဘီလာရုစ်မူ ပြုကာ လမ်းအမည်ပေးခဲ့သည့် စစ်ခေါင်းဆောင် လှောင်ပြောင်ခံနေရ

    COVID 19 ကပ်ရောဂါကိုပင် ဗမာမှုပြုကာ ကိုဗစ် ၁၉ ဟု ခေါ်ခိုင်းခဲ့သည့် စစ်ခေါင်းဆောင်သည် ၎င်း၏ ဌာနချုပ် နေပြည်တော်၌ ဘီလာရုစ်ဘာသာ စကားဖြင့် မင့်စ် လမ်းဟူ၍ လမ်းတစ်ခုကို နာမည် ပေးခဲ့သဖြင့် လှောင်ပြောင်ခံနေရသည်။

    အဆိုပါလမ်းသည် ဇမ္ဗူသီရိ မြို့နယ်၊ သီရိ ရတနာစျေးရှေ့တွင် ရှိပြီး ရာဇသင်္ဂဟ လမ်းမကြီးနှင့် ဇမ္ဗူကျက်သရေ လမ်းမကြီး နှစ်ခုကို ဆက်သွယ်ထားသည့် လမ်း ဖြစ်သည်ဟု သိရသည်။

    ယင်း လမ်းအား ဘီလာရုစ် သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံ လာလည်သည့်အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မင့်စ်လမ်းဟု အမည်ပေးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လုပ်ရပ်အား မျက်နှာလို မျက်နှာရ လုပ်ရပ်အဖြစ် အများက လှောင်ပြောင်နေခြင်းဖြစ်သည်။

    ” နေပြည်တော်မှာ လမ်းတွေ မြို့နာမည်တွေအကုန် ပါဠိလိုတွေနဲ့နော် အခု လူကာရှန်ကို ဖားယားချင်တော့ မင့်စ်လမ်း ဆိုပဲ နာမည်ပေးချလိုက်တာ၊ ဒီ အာဏာရူးဟာ အရှက် သိက္ခာဆိုတာ နည်းနည်းမှ ရှိပုံမရဘူး” ဟု အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးက ဝေဖန်​သည်။

    ဗိုလ်ချုပ်နေဝင်းမှ အစပြု၍ စစ်အာဏာရှင် အဆက်ဆက်သည် ဇာတိသွေး ဇာတိမာန် အကြောင်းပြ၍ မြို့ပြ လမ်းအမည်များအား ဗမာမှုပြုတတ်သော်လည်း ယခုနောက်ဆုံး စစ်အာဏာရှင် မင်းအောင်လှိုင်မှာမူ ၎င်းထံ ရှားရှားပါးပါး လာသည့် အာဏာရှင် သမ္မတ အတွက် ဘီလာရုစ်မူ ပြုခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

    ပြည်တွင်း၌ အထင်ကရ လွတ်လပ်ရေး ကြိုးပမ်းမှုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုများ ဖြိုချနေချိန်တွင် ဘီလာရုစ်မူပြုခဲ့သည့် လုပ်ရပ်သည် ရှက်စရာကောင်းသည့် လုပ်ရပ်ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း ဝေဖန်ထားသည်။

    “မြန်မာစစ်တပ်ကကောင်တွေမှာတော့ ကိုယ့်နိုင်ငံသား အဓိပတိတွေကြ ဂုဏ်ပြုရကောင်းမှန်းမသိ အမေကျော်ဒွေးတော်လွမ်း ဘယ်လာရုက လူမသိ သူမသိ ရုရှားခိုင်းဘက်ကောင်ကိုကြ ဖားယားပြီး တင်စားဂုဏ်ပြုနေလိုက်တာ သောက်ဖားကြောက်ဖားကြီး” ဟု အဆိုပါ နိုင်ငံရေး တက်ကြွလှုပ်ရှားသူက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာ၌ ဝေဖန်ထားသည်။

    ထိုသို့ စစ်ခေါင်းဆောင်၏ ပြည်ပအားကိုးသည့် လုပ်ရပ်အား မဘသများနှင့် မျိုးချစ်ဆိုသူများက မည်သို့မျှ ကန့်ကွက်ခြင်းမရှိဘဲ အသံတိတ်နေကြသည်ကိုလည်း တွေ့ရသည်။

    ” ဒီ မျိုးညစ်တွေ ဒါမျိုးကျ အသံပိတ်နေတယ်။ အလကား ကောင်တွေ၊ သခင်အားရ ကျွန်းပါးဝ ခွေးလိုကောင်တွေ” ဟု စစ်ကိုင်းတိုင်းအတွင်း နေထိုင်သည့် တော်လှန်ရေး ထောက်ပို့လုပ်နေသူ တစ်ဦးက ပြောသည်။

    စစ်ခေါင်းဆောင်သည် အဆိုပါ မင့်စ်လမ်းအား နိုဝင်ဘာ ၂၈ ရက်က ဥရောပ၏ နောက်ဆုံး အာဏာရှင် ဟု ခေါ်ကြသည့် ဘီလာရုစ် သမ္မတ လူကာရှန်ကို၏ နေ့ချင်းပြန်ခရီးစဥ်ကို ဂုဏ်ပြုသည်ဟုဆိုကာ အမည်ပေး ဖွင့်ခဲ့ခြင်း ဖြစ်သည်။

  • ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူးကို ခံဝန်ဖြင့် ပြန်လွှတ်

    ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူးကို ခံဝန်ဖြင့် ပြန်လွှတ်

    ထိုင်း- မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို လက်လွှတ်လိုက်ရတဲ့ကိစ္စနဲ့ စစ်ဆေးခံရတဲ့ ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို နိုဝင်ဘာ ၂၆ ရက်မှာ ခံဝန်နဲ့ ပြန်လွှတ်လိုက်တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

    ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို ကစထမှူး ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနဲ့အဖွဲ့တွေက ၅ ရက်အကြာ စစ်ဆေးပြီးနောက် စစ်ဆင်ရေးကိစွတွေမှာ နောက်နောင် ဒီလိုဖြစ်စဥ်မျိုးကို မဖြစ်အောင် ဝန်ခံကတိ လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးလိုက်တာလို့ နေပြည်တော်သတင်းအရင်းအမြစ်က ပြောပါတယ်။

    “တိုင်းမှူး စုံခုံစစ်ခံနေရတော့ သူ့မိန်းမက ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ မိန်းမအကူအညီနဲ့ ဒေါ်ကြူကြူလှကို သနားခံပြီး လိုင်းဝင်လိုက်တာ အဆင်ပြေသွားတယ်။ ဝန်ခံကတိနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ တပ်ရဲ့ သဘောတရားအရ ပြောရင် မင်နီထိသွားတယ်။ ဗိုလ်ချုပ်အဆင့်ကနေ ရာထူးမတိုးတော့ဘူး။ ပြန်ရောက်တာ ၅ ရက်လောက်ရှိပြီ။”

    ပြန်လွတ်လာပြီးနောက် ဗိုလ်ချုပ် ကျော်ကျော်ဟန်မှာ မောတောင်ကိစွနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတာတွေရှိသလို ကရခ တိုင်းစစ်ဌာနချုပ်အတွင်းရှိ ဒဏ်ရာဆေးကုနေသော အရာရှိ၊ စစ်သည်တွေကိုလည်း လိုက်လံကြည့်ရှုနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    “ကရခတိုင်းမှူးက ပြန်ရောက်နေပြီ ၂၆ ရက်က။ မြိတ်က တပ်ရင်းတွေနဲ့တွေ့တယ်။ မနေ့က ထားဝယ်မှာ ဆေးရုံတက်နေတဲ့ အရာရှိ၊ စစ်သည်တွေကို လာတွေ့တယ်။”

    နိုဝင်ဘာ ၁၄ ရက်က ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောမြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်း ၄၃ ယောက်ကို ဖမ်းမိပြီး လက်နက်ခဲယမ်း အများအပြားသိမ်းယူခဲ့ပြီးနောက် နိုဝင်ဘာ ၁၅ ရက်မှာ ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို စစ်ဆေးခဲ့တာပါ။

    စစ်ဦးစီးတက္ကသိုလ်ကနေ ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာတဲ့ ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ တိုင်းမှူးအဖြစ် ခန့်ခဲ့တာဖြစ်ပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးကတည်းက ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူးနေရာကို စစ်ခေါင်းဆောင်က ဗိုလ်ချုပ် စောသန်းလှိုင်၊ ဗိုလ်မှူးချုပ် ကျော်စွာဦး၊ ဗိုလ်ချုပ်စိုးမင်း၊ ဗိုလ်မှူးချုပ် ပြည့်စုံလင်းနဲ့ ဗိုလ်ချုပ်ကျော်ကျော်ဟန် ၅ ယောက်အထိ ပြောင်းလဲခဲ့ပါတယ်။

  • ယုန်လေးရုပ်ရှင် ကြည့်သူ လူမမယ်က​လေးပါမှ ၃ ဦးပဲရှိတဲ့ ဗီဒီယိုမှတ်တမ်း

    ယုန်လေးရုပ်ရှင် ကြည့်သူ လူမမယ်က​လေးပါမှ ၃ ဦးပဲရှိတဲ့ ဗီဒီယိုမှတ်တမ်း

    စစ်တပ်​ထောက်ခံသူယုန်​လေးရဲ့ရုပ်ရှင်ကား ကြည့်သူ ဘယ်​လောက်နည်းလဲဆိုတဲ့ အ​ခြေအ​နေကို သက်​သေပြတဲ့ ဗီဒီယိုမှတ်တမ်းတခုပျံ့နှံ့လာပါတယ်။

    ရုပ်ရှင်ရုံ တစ်ရုံလုံးမှာ လာကြည်သူ့ လင်မယား နှစ်ဦးနဲ့ သူတို့ရဲ့ရင်​သွေးက​လေးငယ်​လေး တဦးပဲရှိတဲ့အ​ခြေအ​နေကို ယုန်​လေးရုပ်ရှင်ကြည့်သူတဦးက လူမှုကွန်ယက်မှာ တင်ထားတာဖြစ်ပါတယ်။

    “သားမိ သားအဖသုံးဦး ရုပ်ရှင်ရုံအပြတ်ငှားပြီးလာကြည့်တာပါ ၊တရုံလုံးကိုအပြတ်ငှားလိုက်တာပါ”လို့ ရုပ်ရှင် တစ်ရုံလုံး လူမမယ်က​လေးငယ်​လေူအပါအဝင်း သားအမိ၊သားအဖ သုံးဦးပဲရှိတာကိုရယ်သွမ်း​သွေးပြီး ဗီဒီယိုရိုက်ကူးတင်ထားတာဖြစ်ပါတယ်။ ဒီဗီဒီယို မှတ်တမ်းဟာ နိုဝင်ဘာ ၂၈ ရက်ကလား ၊ နိုဝင်ဘာ ၂၉ ရက်ကလားဆိုတာကို​တော့မသိရ​သေးပါဘူး ။ ဗီဒီယိုမှတ်တမ်းတင်သူက ယုန်​လေးကိုအား​ပေးတဲ့ မိသားစုကိုယ်တိုင်ကတင်ထားတာဖြစ်ပါတယ်။

    စစ်တပ်ထောက်ခံသူဖြစ်တာကြောင့် ပြည်သူတွေရဲ့ Boycott ပြစ်ဒဏ်ခံနေရတဲ့ ယုန်လေးရဲ့ ရုပ်ရှင် ပထမဆုံးရုံတင်တဲ့ နိုဝင်ဘာ ၂၈ ရက်​နေ့ကြည့်ရှုသူမရှိတာကြောင့် ပိတ်လိုက်ရတယ်လို့ ယုန်လေးကိုယ်တိုင်ကသူ့ရဲ့​ဖေစ်ဘွခ်မှာရေးသားခဲ့ပါတယ်။

    “မုန်းတဲ့ သူတွေ တိုက်ခိုက်တဲ့ သူတွေ နိုင်ပါတယ်။အနုပညာလောက က အနားယူဖို့များသွားပါပြီ။အခုတင်တဲ့ မြို့ပြထဲကလမ်းမ ဆိုတဲ့ဇာတ်ကား အများကြီး ကြိုးစားထားပါတယ် ။ သိန်း 6000 ကျော်ကုန်ပါတယ်။ ပြင်ဆင်လိုက်ရိုက်ကူးအချိန်1နှစ်ခွဲကြာပါတယ်။ဒီနေ့ စတင်တယ် ။ ကြည့်ပြီးတဲ့ သူတွေတော့Quality သိပါတယ် ။ ဒီနှစ်တစ်နှစ်လုံး မှာ ဝင်ငွေ အနည်းဆုံးဇာတ်ကား အဖြစ်စံချိန်ဝင်သွားပါပြီ။ ရုံမှာ လူတစ်ယောက်မှ မရှိလို့ ပိတ်ရပါတယ်။”လို့ ယုန်လေးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

    ယုန်လေးက အဲဒီ့ပို့စ်မှာ သူနဲ့ပတ်သက်ရင် အ‌‌ဆဲခံရမှာစိုးတာကြောင့် မဝန်းရံပေးတဲ့ အနုပညာလောကသားတွေကိုလည်း အပြစ်တင်ထားပါတယ်။

    ဒါ့အပြင်ပို့စ်ကိုလည်း တစ်နာရီကျော်အကြာမှာ ပြန်ဖျက်သွားပါတယ်။

    ယုန်လေးက အာဏာမသိမ်းခင်အချိန် ၂၀၂၀ ရွေး‌ကောက်ပွဲကာလ ကတည်းက ​လူထု​ခေါင်း​ဆောင်​​ဒေါ်​အောင်ဆန်းစုကြည်ကို ပုတ်ခက်ပြီး စစ်တပ်ကအာဏာသိမ်းတဲ့ ပုံစံ Music Video ရိုက်ကူးခဲ့တာကြောင့် ဝေဖန်မှူတွေခံခဲ့ရတာပါ။

    အာဏာသိမ်းကာလမှာလည်း စစ်တပ်ဘက်က ရပ်တည်ခဲ့တာကြောင့် ‌ပြည်သူတွေအားလုံးက Boycott ပြုလုပ်ဖို့ ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့တာပါ။

    ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေလည်းခံခဲ့ရပြီး ပြည်သူတွေရဲ့ မြင်ကွင်းကနေ နှစ်နဲ့ချီပျောက်ကွယ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်ကလည်း သူရိုက်ကူးထားတဲ့ အော်ရယ်ဂျင်နယ်ဂန်းစတား ၃ ရုပ်ရှင်ရုံတင်ခဲ့ပြီး အဲဒီ့ဇာတ်ကားရုံတင်ချိန်မှာလည်း ပရိသတ် အားပေးမှုမရခဲ့ပါဘူး။

    အခုလိုအဖြစ်ကြုံတာ​ကြောင့် ရုပ်ရှင်ရိုက်ကူးတာက​နေအနားယူ​တော့မယ့်သ​ဘောလည်းသူက​ရေးသားထားပါတယ် ။

    ယုန်​လေးကအခုဇာတ်ကားကိုသူ​ငွေကုန်ခံရိုက်ကူးသလို​​ပြော​နေ​ပေမယ့် တကယ်က အခုရုပ်ရှင်အတွက် စစ်တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်​တွေကသာအကုန်အကျခံတာဖြစ်တယ်လို့ ရုပ်ရှင်​လောကသားအချို့က​ပြောပါတယ်။

    ဒီရုပ်ရှင်ကို Hunk Film Production ကထုတ်လုပ်​ပေးတယ်လို့ဆိုပါတယ် ဒီထုတ်လုပ်​ရေးကရုပ်ရှင် ၂ ကားပဲရိုက်ရ​သေးပါတယ်။

    ဒီထုတ်လုပ်​ရေးကို ဘယ်သူ​တွေလုပ်​နေတယ်ဆိုတာအ​သေးစိပ်မသိ​ရ​သေးပေမယ့် ပြည်သူ​တွေက လူမှု​ရေးပြစ်ဒဏ်ခတ်ထားသူ ၊သပိတ်​မှောက်ထားသူ​တွေကို သာမာန်ရုပ်ရှင်ထုတ်လုပ်​ရေး​တွေက အရှုံး​ပေါ်မှာ​ကြောက်လို့ မရိုက်ကူး​ပေးရဲတာမို့ စစ်တပ်နဲ့ နီးစပ်သူ​တွေကပဲ ယုန်​လေးအတွက် ​ငွေထုတ်​ပေးရိုက်ခိုင်းတာဖြစ်တယ်လို့ရုပ်ရှင်​လောကသားတဦးက​ပြောပါတယ်။

    ယုန်​လေး​ရေးသလို အခြားအနုပညာရှင်​တွေအား​ပေးဝန်းရံတာရှိ ၊မရှိဆိုတာနဲ့မဆိုင်ပဲအာဏာသိမ်းပြီး ပြည်သူကို​နေစဥ်သတ်ဖြတ်​နေတဲ့စစ်တပ်ကို​ထောက်ခံတဲ့သူမို့ ပြည်သူ​တွေက သပိတ်​မှောက်တာ​ကြောင့် ကြည့်သူမရှိတာလို့ ပြည်သူအချို့က သုံးသပ်ပါတယ် ။

    စစ်တပ်က နာမည်ကြီးသရုပ်​ဆောင်​တွေဖြစ်တဲ့ ​နေတိုး ၊မြင့်မြတ် စတဲ့သရုပ်​​ဆောင်​တွေကိုသုံးပြီး ​ရွေး​ကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းတို ကို ပြီးခဲ့တဲ့​အောက်တိုဘာမှ ထုတ်လွှင့်ပြီး​နောက်ပိုင်း ပြည်သူ​တွေက စစ်တပ်​​ထောက်ခံတဲ့ အနုပညာရှင်​တွေအ​ပေါ် သပိတ်​မှောက်တာနဲ့ လူမှု​ရေးပြစ်ဒဏ်ခတ်တာအရှိန်ပြန်​ကောင်းလာတာဖြစ်ပါတယ် ။

    ရုပ်သံ social media viral