Category: News

  • ကြံ့ဖွံ့ဦးခင်ရီ မဲဆွယ်ပွဲလာသူကျပ် ၂၀၀၀၀ ပေးမယ်​ပြောပြီး ၇၀၀၀ ပဲ​ပေးဟုသွားခဲ့သူ​တွေ​ပြော

    ကြံ့ဖွံ့ဦးခင်ရီ မဲဆွယ်ပွဲလာသူကျပ် ၂၀၀၀၀ ပေးမယ်​ပြောပြီး ၇၀၀၀ ပဲ​ပေးဟုသွားခဲ့သူ​တွေ​ပြော

    စစ်တပ်​ပါတီဖြစ်တဲ့ ပြည်​ထောင်စုကြံ့ခိုင်​ရေးနဲ့ဖွံ့ဖြိုး​​ရေးပါတီကနိုဝင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့ ၊ သုဝဏ္ဏမှာလုပ်ခဲ့တဲ့ မဲဆွယ်​ဟော​ပြောပွဲ လာတဲ့သူတွေကို ကျပ်၂၀၀၀၀ ပေးမယ်ဆိုပြီး ၇၀၀၀ ကျပ်ပဲ​ပေးတယ်လို့ ပွဲကိုသွားရောက်သူတွေကပြောပါတယ်။

    အဆိုပါမဲဆွယ်ဟောပြောပွဲကို ကြံဲ့ဖွံ့က စည်ကားစေဖို့အတွက် ခရိုင်အလိုက် လူတွေကိုစုခိုင်းပြီး YBS ယာဉ်နဲ့အကြို/အပို့ လုပ်ပေးခဲ့တာဖြစ်ပါတယ်။

    ခရိုင်အလိုက်ပွဲလာတဲ့သူတွေကို ကြံ့ခိုင်ရေးပါတီက တစ်ယောက်ကို ၂၀၀၀၀ ပေးမယ်လို့ ရပ်ကွက်ထဲမှာ​ပြောပြီးလူစုခေါ်ခဲ့တာလို့ ပွဲသွားခဲ့သူအချို့က​ပြောပါတယ်။

    “ပိုက်ဆံလည်းမရဘူး။ သူတို့က ၂၀,၀၀၀ ပေးမယ်ဆိုပြီးပြောတယ်။ထမင်းလည်းကျွေးမယ်ပေါ့။ တစ်ကယ်တမ်းကြမပေးဘူး။ ကျွေးတာတောင်မဖြစ်စလောက်လေး။ ၇,၀၀၀ ပဲပေးတယ်။ အဲဒါတောင် လိုက်တောင်းနေရတာ။ တော်တော်နဲ့မပေးဘူး” လို့ ကြံ့ဖွံ့ပါတီ​ ဥက္ကဌ ဦးခင်ရီ​ဟော​ပြောမဲဆွယ်တဲ့ပွဲကိုတတ်ရောက်သူတဦးကပြောပါတယ်။

    ကြံ့ဖွံ့ပါတီမဲဆွယ်ပွဲမှာ ပိုက်ဆံ​​ပေးမယ်ဆိုပြီးလူစုခဲ့တာ​ကြောင့် လူဦးရေတစ်သောင်းခန့်တက်​ရောက်ခဲ့တယ်လို့ဆိုပါတယ် ။ပွဲကိုစစ်တပ်နဲ့ရဲက လုံခြုံရေးအပြည့်ယူထားပေးတယ်လို့လည်းစုံစမ်း သိရပါတယ်။

    အလားတူ ကြံ့ဖွံ့ ပါတီ အမတ်​လောင်းဆိုသူ​တွေကလည်း စစ်တပ်​ရွေး​ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဟောပြောပွဲလာတဲ့သူတွေကို ပိုက်ဆံနဲ့အခြေခံစားသောက်ကုန်တွေပေးမယ်ဆိုပြီး မပေးခဲ့တာတွေရှိ​နေတယ်လို့ ပြည်သူအချို့က​ပြောပါတယ်။

    စစ်တပ်ကလုပ်မယ်ဆိုတဲ့​ရွေး​ကောက်ပွဲကို စစ်တပ်နဲ့ နီးစပ်တဲ့ ၊စစ်တပ်ကို​ထောက်ခံတဲ့ ပါတီ​အများစုယှဥ်ပြိုင်ကြတဲ့အထဲမှာ အာဏာသိမ်းစစ်တပ်က ဗိုလ်ချုပ်​တွေ အရပ်ဖက်​ပြောင်း ပြီးကြံ့ဖွံ့ပါတီက​နေယှဥ်ပြိုင်ကြတာဖြစ်ပါတယ် ။ အာဏာသိမ်းစစ်အုပ်စုက ​ရွေး​ကောက်ပွဲကို သူတို့စိတ်တိုင်းကျပြင်ဆင်ပြီးမှ လုပ်ဖို့စီစဥ်​နေတာဖြစ်ပါတယ်။

    ဒါ​ကြောင့်​တော်လှန်​ရေးအင်အားစု​တွေ နဲ့ မြန်မာ့ဒီမိုက​ရေစီအ​ရေးအား​ပေးတဲ့နိုင်ငံအများစုက စစ်တပ်​ရွေး​ကောက်ပွဲကိုအသိအမှတ်မပြုပဲ ကန့်ကွက်ထားကြပါတယ် ။

  • ဝမ်းတွင်းမြို့နယ် ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ၁ ဦး ဓားထိုးခံရပြီး သေဆုံး

    ဝမ်းတွင်းမြို့နယ် ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ၁ ဦး ဓားထိုးခံရပြီး သေဆုံး

    မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွာကို လာမှာဖြစ်တဲ့အတွက် ချက်ပြုတ်ကျွေးမွေးဖို့ ဈေးသွားဝယ်တဲ့ ရပ်ကျေးပါတီဥက္ကဋ္ဌတယောက် နိုဝင်ဘာ ၂၂ ရက် မနက်က ဓားနဲ့ထိုးခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မနေ့ မနက်အစောပိုင်းက နေအိမ်ကနေ ဈေးဝယ်ထွက်လာတဲ ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ တယောက်ဟာ ကျွတ်ကန်ကျေးရွာအဝင်မှာ စကားများ ရန်ဖြစ်ပြီး ဓားနဲ့အထိုးခံရကာ သေဆုံးသွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

    “ကြံ့ခိုင်ရေးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မျိုးမြင့်သိန်း လာမယ်ဆိုလို့ ချက်ပြုတ်ကျွေးမွေးဖို့ ရွှေတောင်ရွာမှာ ဈေးသွားဝယ်တာ၊ ကျွတ်ကန်ရွာအဝင်မှာ လူငယ်တွေနဲ့ စကားများပြီး ဓားနဲ့ထိုးခံရတာ။ ဈေးတောင် မရောက်ဘူး၊ ပွဲချင်းပြီး သေသွားတယ်။”

    သေဆုံးသူမှာ ဝမ်းတွင်းမြို့နယ် သနပ်ခါးတောကျေးရွာအုပ်စုက ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးညွန့်ဦး ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီဝင်တယောက်က ပြောပါတယ်။

    “ရန်ဖြစ် စကားများပြီး ဓာနဲ့ထိုးခံရပြီး သေတာကို သူ့မိသားစုဘက်ကတော့ ဆိုင်ကယ်တွေ၊ ဖုန်းတွေ အလုခံရတယ်ဆိုပြီး လုယက်မှုနဲ့ စခန်းမှာ တိုင်ချက်ဖွင့်ထားတယ်။ အလုခံရတာ ဟုတ်။ မဟုတ်တော့ မသိဘူး။”

    စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝမ်းတွင်းမြို့နယ်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်သိန်း၊ တိုင်းဒသကြီးလွှတ်တော်ကိုယ်စားလှယ် နေရာမှာ ဦးထွန်းထွန်းဦး (FPTP) နဲ့ ဦးမြဆန်း (PR) တို့ ဝင်ပြိုင်မှာဖြစ်ပါတယ်။

    လတ်တလောမှာ စစ်ကောင်စီတပ်က ဝမ်းတွင်းမြို့ပေါ်မှာ လုံခြုံရေးချထားပြီး ကြံ့ခိုင်ရေးအမတ်လောင်း စည်းရုံးဆင်းမယ့် ရပ်ကွက်နဲ့ကျေးရွာတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတွေကို ထည့်ပေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

  • စစ်တပ်ပတ်လည်ရှိနေသည့် မင်္ဂလာဒုံမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်း ဟန်မပျက်ဆက်ရှိနေ

    စစ်တပ်ပတ်လည်ရှိနေသည့် မင်္ဂလာဒုံမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်း ဟန်မပျက်ဆက်ရှိနေ

    စစ်တပ်တွေ ဝိုင်းရံထားတဲ့ မင်္ဂလာဒုံမြို့နယ်ထဲမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်း အထိုင်ချလုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာတွေရှိပေမဲ့ ဟန်မပျက်ဆက်ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    အဲဒီကျားဖြန့် ငွေလိမ်လုပ်ငန်းမှာ စစ်တပ်ပတ်လည်ရှိနေတဲ့ ခရေပင်လမ်းခွဲနဲ့ တညင်းကုန်းလမ်းဆုံကြားမှာ အထိုင်ချပြီး လုပ်ငန်းလုပ်ကိုင်နေတာလို့ ကိုယ်တိုင်ငွေလိမ်ခံရပြီး အဲဒီနေရာရောက်ခဲ့ဖူးသူတွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။

    မြို့ခံတွေ ငွေလိမ်လည်ခံလာရတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးနောက်မှာ ကျားဖြန့်ရုံးရှိတဲ့ နေရာဆီ လူအဝင်၊ အထွက် တင်းကျပ်ထားပြီး လုပ်ငန်းဆက်ရှိနေသေးတဲ့ လှုပ်ရှားမှုတွေ ဆက်တွေ့ရတယ်လို့ ကိုယ်တိုင်ငွေလိမ်ခံရသူရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။

    “ငွေလိမ်ဖို့ အရင်ဆုံး ချိတ်ဆက်ပေးတဲ့ တယောက်လည်း ရပ်ကွက်ထဲမှာ ရှိနေတုန်းပဲ။ သူတို့ သွား လာလှုပ်ရှားတာတွေလည်း မြင်နေရတာဆိုတော့ လုပ်ငန်းဆက်ရှိနေသေးတယ်လို့ ပြောလို့ရတယ်။”

    အဲဒီကျားဖြန့်လုပ်ငန်းအနီးဝန်းကျင်မှာ ၆၄၆ တပ်၊ တညင်းကုန်း စစ်သားစုဆောင်းရေးတပ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်တပ်လိုင်းခန်း၊ မင်္ဂလာဒုံမြို့မရဲစခန်းတို့ ရှိနေတဲ့အတွက် စစ်တပ်ရဲ့ အကာအကွယ်ယူပြီး လုပ်ငန်းလည်ပတ်နေတဲ့ သဘော ဖြစ်နိုင်တယ်လို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။

    ငွေလိမ်ခြိမ်းခြောက်တောင်းခံရသူအတွက် သွားရောက်ညှိနိူင်းပေးခဲ့တဲ့ မင်္ဂလာဒုံမြို့ခံတယောက်က “လုံးဝကို အညှိမခံတာ။ ကြိုက်တဲ့နေရာတိုင်၊ သူတို့က ထောက်ကြံ့အထိ အကုန်ပြီးတယ်။ သတ်လိုက်လို့လည်း ပြဿနာမရှိဘူးဆိုပြီး ပြောတာ” လို့ ပြောပါတယ်။

    အဲဒီငွေလိမ်အဖွဲ့က လိမ်လည်ခံရသူနဲ့ မိသားစုဝင်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး သူတို့အနားမှာ ရှိနေတယ်ဆိုတာသိအောင် ရိုက်ထားတဲ့ ဓာတ်ပုံပို့တာ၊ ဖုန်းဆက်ပြောတာမျိုးတွေနဲ့ ခြိမ်းခြောက်တဲ့အတွက် တိုင်ကြားတာတွေ မလုပ်ရဲသလို စိတ်မလုံခြုံတော့လို့ အိမ်ကိုပစ်ထားပြီး ထွက်ပြေးတိမ်းရှောင်သွားရတဲ့သူတွေလည်း ရှိနေတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

    ကျားဖြန့်ငွေလိမ်လုပ်ငန်းမှာ နိုင်ငံတကာက အမြစ်ပြတ်နှိမ်နင်းဖို့လိုအပ်တဲ့ ပြဿနာတခုအဖြစ် သတ်မှတ်ထားကြပြီး အဲဒီလုပ်ငန်းတွေ ကြီးထွားလာအောင် အကာအကွယ်ပေးသူတွေပါ အရေးယူဖို့ လုပ်လာပါတယ်။

    အဲဒီကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ စစ်တပ်နဲ့ နယ်ခြားစောင့်တပ် ခေါင်းဆောင်ပိုင်းတွေက အသည်းအသန် ငြင်းဆိုထားကြပြီး ဟန်ပြနှိမ်နင်းတဲ့ လုပ်ရပ်တွေ သုံးကာ ဝါဒဖြန့်နေတာတွေ ရှိနေပါတယ်။

  • မင်္ဂလာဒုံတွင် Food Vlogger အငှားယာဉ်မောင်း ၁ ဦး ပစ်သတ်ခံရ

    မင်္ဂလာဒုံတွင် Food Vlogger အငှားယာဉ်မောင်း ၁ ဦး ပစ်သတ်ခံရ

    မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် ခရေပင်လမ်းခွဲ အမှတ် ၃ လမ်းဆုံ မီးပွိုင့်အနီးမှာ နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီခွဲက Food Vlogger အငှားယာဥ်မောင်းတယောက် ပစ်သတ်ခံခဲ့ရတယ်လို့ အငှားယာဥ်မောင်းတွေဆီက သိရပါတယ်။

    Food Vlogger လုပ်ရင်း Taxi အငှားယာဥ်မောင်းသူ ကိုကျော်ဝဏ္ဏကို မနေ့ည ၉ နာရီခွဲလောက်မှာ ကားငှားစီးသူတွေက သေနတ်နဲ့ပစ်သတ်သွားတာလို့ အငှားယာဥ်မောင်းတယောက်က ပြောပါတယ်။

    “နာမည်အရင်းက ဝဏ္ဏဖေပါ။ အားလုံးက သူ့ကို ကျော်ဝဏ္ဏပဲ ခေါ်ကြတာ။ Food Vlogger လည်းလုပ်တယ်။ အင်းစိန် စော်ဘွားကြီးကုန်းမှာနေတာ။ သတင်းကြားကာစက ကားမှောက်တယ်ပဲ ထင်တာ။ ပရဟိတအဖွဲ့တွေရောက်မှ သေနတ်နဲ့ပစ်သတ်ခံရတယ်ဆိုတာ သိတာ။ စိတ်မကောင်းဘူး အငှားယာဥ်မောင်းတောင် ဒီနိုင်ငံမှာ မလုံခြုံဘူး။”

    ကိုကျော်ဝဏ္ဏမောင်းလာတဲ့ အငှားယာဥ် ပရိုဘောက်မှာ မနေ့က ၉ နာရီခွဲက ခရေပင်ခွဲလမ်းဆုံ မီးပွိုင့်ဘက်မှာ ယာဥ်မတော်တဆမှုဖြစ်နေတယ်ဆိုပြီး လမ်းသွားလမ်းလာတွေက ရဲစခန်းနဲ့ ပရဟိတေဖွဲ့တွေကို အကူအညီတောင်းခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

    “လမ်းသွားလမ်းလာကားတွေ အကြောင်းကြားမှသိရတာ။ ကားငှားစီးလာတဲ့သူက ယာဥ်အနောက်ခန်းကနေ သေနတ်နဲ့ပစ်သွားတာ၊ ကားထဲမှာ ကျည်တထောင့်တွေ့တယ်။ လုယက်မှုလား၊ ဘာကြောင့်ပစ်လဲဆိုတော့ စခန်းက စစ်ဆေးနေဆဲပဲ။”

    သေဆုံးသူ ကိုကျော်ဝဏ္ဏမှာ အငှားယာဥ်မောင်းရင်း တဖက်မှာ သူဝါသနာပါရာ Food Vlogger လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

  • ဖယ်ခုံ-ပင်လောင်းနယ်စပ်တိုက်ပွဲများတွင် PNO ဗိုလ်မှူး ၂ ဦး အပါအဝင် ၃၀ ကျော် သေဆုံး

    ဖယ်ခုံ-ပင်လောင်းနယ်စပ်တိုက်ပွဲများတွင် PNO ဗိုလ်မှူး ၂ ဦး အပါအဝင် ၃၀ ကျော် သေဆုံး

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအတွင်း PNO ပြည်သူ့စစ်ဘက်က ဗိုလ်မှူး ၂ ယောက်အပါအဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    နိုဝင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၂၃ ရက်နေ့အတွင်း ဖြစ်ခဲ့တဲ့တဲ့တိုက်ပွဲတွေမှာ သေဆုံးခဲ့ကြတာဖြစ်ပြီး PNO ရဲ့ ဗိုလ်မှူးခွန်စိုးအောင်နဲ့ ဗိုလ်မှူးခွန်ဖေတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    သတင်းရင်းမြစ်တယောက်က “ဗိုလ်မှူး ခွန်စိုးအောင်က ၁ ရက်နေ့မှာ ဘောရန်ရွာကို ရွာမီးရှို့နေတုန်း စနိုက်ပါနဲ့အပစ်ခံရတယ်။ ဗိုလ်မှူး ခွန်ဖေကတော့ ၁၅ ရက်နေ့ ဖြစ်ပွားတဲ့တိုက်ပွဲမှာ‌ သေသွားတာ။ ဗိုလ်မှူးနှစ်ဦးဟာ ပအိုဝ်းဒေသမှာ ငွေညှစ်တာတွေ၊ နာမည်ဆိုးနဲ့ ကျော်ကြားနေသူတွေဖြစ်တယ်” လို့ပြောပါတယ်။

    သေဆုံးသွားတဲ့ PNO ဗိုလ်မှူးတွေဟာ လူငယ်တွေကို စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းတာ၊ ကိုယ်တိုင်ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တာ၊ ပြည်သူလူထုကျေးရွာတွေကို မီးရှို့တာတွေမှာ ဦးဆောင်ပါဝင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

    တိုက်ပွဲတွေအတွင်း PNO ပြည်သူ့စစ်ဘက်က ဗိုလ်မှူး ၂ ယောက်အပြင် တပ်သား ၃၀ ကျော်လည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

    စစ်တပ်နဲ့ PNO ပြည်သူ့စစ်တို့ဟာ ဖယ်ခုံအနောက်ဘက်ခြမ်းကို ဝင်ရောက်နိုင်ဖို့အတွက် ပင်လောင်းကနေ စစ်အင်အား ၅၀၀ ‌ကျော် ဖြည့်တင်းထားပြီး စစ်ကြောင်းတွေခွဲ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

    အခုလည်း တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး ဒေသတွင်း ကျေးရွာ ၈ ရွာမှ လူဦးရေ ၅,၀၀၀ ကျော်ဟာ ဘေးကင်းရာကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။