Category: News

  • ဗုံးကြဲတိုက်ခိုက်မှုများ အလှည့်ရှိလာမည်ဟု ဗိုလ်ချုပ် တားဘုန်းကျော် ပြော

    ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ရာ မြို့ရွာများရှိ အရပ်သားများအား ပစ်မှတ်ထား၍ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများအတွက် အလှည့်ရှိလာမည်ဟု TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က လူမှုကွန်ရက်မှတဆင့် ယနေ့ ပြောသည်။

    ၎င်းက “မနက် နေ့ခင်း ညနေ ညသန်းခေါင် ဆက်တိုက် လေယာဉ် ဗုံးကြဲနေတာ၊ ကြဲတဲ့သူ၊ ကြဲဖို့ ဆော်ဩသူ၊ ကြဲခံရတာကို ဝမ်းမြောက် လက်ခုပ်တီးသူ အားလုံးကို ထုံး သေချာ တို့ မှတ်ထားမယ်၊ အလှည့်ဆိုတာ ရှိစမြဲပါ” ဟု ပြောထားသည်။

    စစ်တပ်အနေဖြင့် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နှင့် မိုးကုတ်မြို့နယ်တို့တွင် ယမန်နေ့ညပိုင်းကစတင်ကာ ယနေ့မွန်းလွဲပိုင်းအထိ ဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့သဖြင့် ကလေးငယ်အပါအဝင် အရပ်သား ၆ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

    ယမန်နေ့ညပိုင်းတွင်လည်း စစ်တပ်က နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ရွာ၊ ကျောက်မဲနှင့် မိုင်းငေါ့ကြားရှိ ၁၁ မိုင်ရွာ ဘုန်းကြီးကျောင်းတို့ကို ဗုံးကြဲခဲ့ပြီး ယနေ့၌ နမ့်ဆန်မြို့နမ္မဝေါရပ်ကွက်၊ မန်တုံမြို့အောင်ချမ်းသာ ရပ် ကွက်နှင့် မိုင်းငေါ့မြို့နယ် လွယ်ပိန်းရွာတို့အား ဆက်တိုက် ဗုံးကြဲခဲ့သည်။

    တရုတ်အစိုးရ ကြားဝင်မှုဖြင့် ယခုအောက်တိုဘာအတွင်း TNLA နှင့် စစ်တပ် တရုတ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးရန်ရှိသော်လည်း ဖိအားပေးသည့်အနေဖြင့် အရပ်သားများအား ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနေခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

    ၎င်းက “ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဘာမှအတည်ပြုနိုင်ခြင်း မရှိသေးသလို မှတ်ချက်ပေးစရာ မရှိသေးဘူး၊ ဗုံးကြဲ တိုက်ခိုက်မှုတွေဟာ တစုံတရာ သက်ရောက်မှုရှိတယ်လို့ ပြောလို့ရပါတယ်။ ဖိအားပေးတဲ့အနေနဲ့ သဘောလို့ ပြောလို့ရတယ်၊ အဓိကတော့ လူထုကို အကြောက်တရားသွင်းတာ၊ ကျေးရွာတွေထဲမှာ မနေရဲအောင် လုပ်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

    အောက်တိုဘာ ၁ ရက်မှ ၁၈ ရက်အထိ မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၂၈ ကြိမ် ပြုလုပ်ခဲ့ပြီး ကလေးငယ်များ၊ သံဃာများ၊ အမျိုးသမီးများ အပါအဝင် ၄၁ ဦး သေဆုံးခဲ့ရသလို ၄၄ ဦး ဒဏ်ရာရခဲ့ကာ နေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စသည့် အဆောက်အဦ ၁၅၅ လုံး ပျက်စီးခဲ့ရကြောင်း TNLA က ယနေ့ ထုတ်ပြန် သည်။

    စစ်တပ်အနေဖြင့် တရုတ်၏ဖိအားပေးမှုနှင့်အတူ TNLA နှင့် ဆွေးနွေးမှုများရှိနေစဉ် မြေပြင်စစ်ကြောင်းထိုးခြင်းနှင့် လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်မှုများပြုလုပ်ကာ TNLA ထိန်းချုပ်ဒေသများကို တန်ပြန် ထိုးစစ်ဆင်လျက်ရှိရာ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့အား ပြန်လည် သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။

    လတ်တလောတွင် သီပေါမြို့ပေါ်အား ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည့်စစ်တပ်နှင့် TNLA တို့ သီပေါမြို့အပြင်ဘက်ရှိ ခမရ ၅၀၃ တပ်ရင်းနှင့် ခမရ ၅၀၄ တပ်ရင်း ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး သီပေါမှ နမ္မတူဘက်အထွက် မိုးတေတံတားမှာလည်း အောက်တိုဘာ ၁၇ ရက် တိုက်ပွဲအတွင်း ကျိုးကျ ပျက်စီးခဲ့ရသည်။

    ဓာတ်ပုံ- TNLA

  • တနင်္သာရီ-မောတောင်လမ်း ၁၀ လနီးပါး တိုက်ပွဲများ၌ စစ်တပ်က ၁၀၀ ကျော်သေ

    တနင်္သာရီ-မောတောင်လမ်း ၁၀ လနီးပါး တိုက်ပွဲများ၌ စစ်တပ်က ၁၀၀ ကျော်သေ

    စစ်ရေးတင်းမာနေတဲ့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ၉ လကျော်အတွင်း ထိတွေ့တိုက်ပွဲ အကြိမ်ပေါင်းများစွာဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၁၀၀ ကျော် သေဆုံး၊ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ၂၀ ကျော်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာလကနေ အောက်တိုဘာလပထမအပတ်အတွင်း တိုက်ပွဲပေါင်း ၃၀ လောက်ဖြစ်ခဲ့ပြီး စစ်ကောင်စီက နေ့တိုင်းနီးပါး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကော်သူးလေတပ်မတော် KTLA( ထီးဆဲ့မဲ့ရွာတပ်ရင်း)ရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

    “တိုက်ပွဲအငယ်တွေ၊ အကြီး‌တွေ အကုန်ပါတယ်။ အကြီးအကျယ်ဖြစ်တာက ၁၀ ကြိမ်ထက် မနည်းဘူး။ ကျနော်တို့ဘက်က သွားပစ်တာရှိသလို သူတို့ဘက်က ရှေ့တိုးလာလို့ ပစ်တာရှိမယ်။ အဲဒီပွဲတွေမှာ ဒီကောင်တွေ အထိများတယ်။ သူတို့ဘက်က မြေပြင်မှာ ရှေ့ဆက်မထိုးဖောက်နိုင်တော့ လေကြောင်းပစ်ကူနဲ့ လာတိုက်ခိုက်တာဖြစ်တယ်”

    နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းပေါ်က ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်တဲ့ သိန်ခွန်းဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတာ ၁၀ လကြာရှိလာပြီး တိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ကျဆုံးသူ ၂၅ ယောက်လောက်၊ စစ်ကောင်စီဘက်က သေဆုံးသူ ၁၀၀ ကျော်ရှိတယ်လို့ မြေပြင်ကရရှိတဲ့ အချက်အလက်တွေအရ သိရတယ်လို့ သူက ဆက်ပြောပါတယ်။

    “ကျနော်တို့ အကြမ်းဖျင်းရထားတဲ့ မြေပြင်သတင်းတွေအရ သူတို့ဘက်က ကျဆုံးတာ ၁၃၀ နဲ့ ၁၉၀ ကြားရှိပါတယ်။ အဲဒါက ထွက်ပြေးတာတွေ၊ ကျနော်တို့ဆီ လာပူးပေါင်းတာ မပါသေးပါဘူး။ သူတို့ဘက်က ကျဆုံးအရေအတွက်လောက်ပါပဲ။ အဓိကအားဖြင့် မြေပြင်မှာ နှစ်ဦးနှစ်ဖက် ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးတာ များပါတယ်။ ဒရုန်းစစ်ဆင်ရေးကြောင့် ကျတာရှိတယ်”

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တနင်္သာရီ-မောတောင်လမ်းပိုင်းက သိန်ခွန်းကျေးရွာဘက်မှာ စစ်ကောင်စီက အင်အား ၃၀၀ ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲစတင်ဖြစ်လာခဲ့တာပါ။

    ရွေးကောက်ပွဲလုပ်ဖို့ နီးကပ်လာတာနဲ့အမျှ စစ်ကောင်စီဘက်က ကုန်သွယ်ရေးလမ်းပိုင်းကို အပြည့်အဝထိန်းချုပ်ဖို့ အခုအချိန်ထိ ရှေ့ဆက်တိုးဖို့ ပြင်ဆင်နေသလို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေဘက်ကလည်း ခုခံစစ်တွေနဲ့ ပြန်လည်တိုက်ခိုက်နေတာပါ။

    တိုက်ပွဲတွေကြောင့် စစ်ရေးမတည်ငြိမ်တဲ့အတွက် တနင်္သာရီ-မောတောင် လမ်းပိုင်းကို ပိတ်ထားတာ ၁၀ လကြာခဲ့ပြီဖြစ်လို့ ခရီးသွားတွေနဲ့ လမ်းပိုင်းကိုအသုံးပြုပြီး ကုန်သွယ်ရေး လုပ်ကိုင်နေကြသူတွေအတွက် အခက်အခဲတွေ အများကြီးကြုံရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    Photo: သိန်ခွန်းတိုက်ပွဲ ပုံဟောင်း

  • တောင်ကြီးတွင် လူသေအလောင်း စွန့်ပစ်မှုဖြင့် အမျိုးသား ၁ ဦးဖမ်းဆီးခံရ

    တောင်ကြီးတွင် လူသေအလောင်း စွန့်ပစ်မှုဖြင့် အမျိုးသား ၁ ဦးဖမ်းဆီးခံရ

    ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လူသေအလောင်း စွန့်ပစ်သွားသူလို့ သံသယရှိတဲ့ အမျိုးသားတယောက်ကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ရဲက ဖမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အသက်အရွယ် ၃၀ ကျော်အရွယ် အမျိုးသားအလောင်းကို အောက်တိုဘာ ၁၆ ရက် ည ၁၁ နာရီကျော်လောက်မှာ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းထဲမှာ ကားတစီးက စွန့်ပစ်ခဲ့တာဖြစ်ပြီး အလောင်းမှာ ထိုးသွင်းဒဏ်ရာတွေ၊ မီးလောင်ဒဏ်ရာတွေ၊ ပြတ်ရှဒဏ်ရာတွေ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    Honda Fit အဖြူရောင်ကားကိုမောင်းနှင်သူ အမျိုးသားဟာ ဗိုလ်ချုပ်လမ်းပေါ်မှာ လူတယောက်ကိုတိုက်မိခဲ့ပြီး ကားနဲ့ တရွတ်တိုက်ပါလာခဲ့တာကြောင့် မြို့မရပ်ကွက်ထဲမှာ ပစ်ခဲ့တယ်လို့ ရဲစခန်းမှာ ထွက်ဆိုထားတယ်လို့ ဒေသခံတွေဆီက တဆင့်သိရပါတယ်။

    ဒေသခံတယောက်က “ည ၁၁ နာရီပြန်လာချိန် Slow down လို့ ထင်ရတာကို မောင်းပြီး ဂလုန်း ဆိုကြားတယ်။ မြည်ပြီး သူဆက်မောင်းလာတဲ့အချိန် လူချိတ်ပါလာတယ်ဆိုပြီး ဖြုတ်ပြီး လွှင့်ခဲ့တယ်ဆိုပြီး ပြောတယ်။ ရဲတွေကတော့ မသင်္ကာဘူး။ သေသူမှာက ဓားခုတ်ဒဏ်ရာရော မီးလောင်ဒဏ်ရာရော ပါတာဆိုတော့။ ခုတော့ ဆက်မေးနေတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

    ကားမောင်းလာသူဟာ ကားကို ကံကြီးရပ်ကွက်က အသိမိတ်ဆွေအိမ်မှာထားခဲ့တာကို CCTV မှတ်တမ်းတွေကနေ ကားနံပတ်နဲ့ လမ်းကြောင်းတွေစစ်ဆေးရင်း ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

    CCTV မှတ်တမ်းအရ ကားကလူကိုကြိတ်မိပြီး ခြေထောက်တဖက်ထွက် တရွတ်တိုက်ပါသွားတာကို တွေ့ရပါတယ်။

    ဒေသခံတယောက်က “ဒါက ကြိုတင်ကြံစည်ပြီး သတ်ဖြတ်ထားတဲ့ပုံစံပဲ။ ကြိုးတုပ်ထားတယ်။ မီးလောင်ဒဏ်ရာလည်းရှိတယ်။ ခုတ်ထစ်ထားသလို ဒဏ်ရာလည်းရှိတယ်။ ဒါပေမဲ့ သွေးလည်းထွက်မနေဘူးလို့ ကြားတာပဲ။ ပြီးတော့ဘောပါမရှိတော့ဘူးဆိုတော့ သေပြီးမှ သေချာစီစဉ်ပြီး လာပစ်ထားသလား မှတ်ရတယ်။ ပြီးတော့ ငါသာလူသတ်သမားဆိုရင် အဝေးကိုသွားပစ်မှာပေါ့။ ဘာလို့ကိုယ်နေတဲ့ရပ်ကွက်က လမ်းပေါ်ပစ်မလဲနော်” လို့ ပြောပါတယ်။

    ယာဉ်မတော်ဆမှုလား ဒါမှမဟုတ် အလောင်းစွန့်ပစ်ထားတာလားဆိုတာတော့ မသိရသေးဘဲ ဖမ်းဆီးရမိသူကို ရဲစခန်းက ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

  • ကျောက်မဲ နှင့် နမ့်ဆန်တွင် စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ဘုန်းကြီး အပါအဝင် ၇ ဦးသေဆုံး

    ကျောက်မဲ နှင့် နမ့်ဆန်တွင် စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ဘုန်းကြီး အပါအဝင် ၇ ဦးသေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နဲ့ နမ့်ဆန်မြို့နယ်တို့မှာ စစ်တပ်က လေကြောင်းကနေ ထပ်ပြီးဗုံးကြဲတာကြောင့် ဘုန်းကြီးတပါးအပါအဝင် ပြည်သူ ၇ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကျောက်မဲ-မိုင်းငေါ့ လမ်းမပေါ်က ၁၁ မိုင်ရွာ ဘုန်းကြီးကျောင်းကို အောက်တိုဘာ ၁၈ ရက်နေ့ည ၈ နာရီ ၄၀ မိနစ်ဝန်းကျင်လောက်မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

    “ညက ကျောက်မဲ-မိုင်းငေါ့ကြားက ၁၁ မိုင်ဘက် သိမ်ကျောင်းကို ဗုံးကြဲလို့ ဒဏ်ရာအပြင်းအထန်ရတဲ့ ဘုန်းကြီးတပါး ပျံလွန်တော်မူပြီ။”

    နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ရွာမှာလည်း အောက်တိုဘာ ၁၈ ရက် ည ၈ နာရီ ၃၅ မိနစ်ဝန်းကျင်လောက်မှာ လေကြောင်းနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်သွား‌တာကြောင့် အမျိုးသမီး ၅ ယောက်၊ အမျိုးသားတယောက် စုစုပေါင်း ၆ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရကာ နေအိမ် ၁၂ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

    “ကွမ်ဟယ် ရွာလယ်တည့်တည့် မန်ကင်ရပ်ကွက်မှာ ကြဲသွားတာ။”

    ဒါ့အပြင် အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာပဲ ကျောက်မဲမြို့နယ်၊ လွယ်စုရွာအနီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

    “ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ နမ့်ခုံးအုပ်စု၊ လွယ်စုရွာမှာလည်း အမျိုးသမီးတဦးထိတယ်။”

    Ta’ang Women’s Organization ကလည်း နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ရွာမှာ အောက်တိုဘာ ၁၈ ရက်နေ့ည ၈ နာရီ ၃၆ မိနစ်အချိန်ခန့်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် ရွာခံ ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၇ ဦးထက်မနည်း ဒဏ်ရာရကာ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

    မိုင်းငေါ့လမ်းမပေါ်ရှိ ၁၁ မိုင်ရွာမှာလည်း အောက်တိုဘာ ၁၈ ရက်နေ့ည ၉ နာရီဝန်းကျင်ခန့်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးတပါး ပျံလွန်တော်မူသွားတယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်(ခွဲ)၊ နမ့်ခုံးကျေးရွာအုပ်စု၊ လွယ်စုရွာနဲ့ ပန်သပြေရွာကြား အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ အသက် ၃၂ နှစ်အရွယ် ဒေါ်အေးပွင့် ထိခိုက်ဒဏ်ရာရရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

    အောက်တိုဘာ ၁၈ ရပ်နေ့ တရက်တည်းမှာပဲ TNLA ထိန်းချုပ်ရာ နေရာ ၃ နေရာကို လေကြောင်း တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။

  • မန္တလေးမှာ အရပ်ဝတ်လူတစုက ဖုန်းစစ်မယ်ဆိုပြီး ဖုန်းလုပြေး

    မန္တလေးမှာ အရပ်ဝတ်လူတစုက ဖုန်းစစ်မယ်ဆိုပြီး ဖုန်းလုပြေး

    မန္တ​လေးမြို့မှာဆိုင်ကယ်စီးလာသူတဦးကို အရပ်ဝတ်တွေနဲ့ လူတစ်စုကတားပြီး ဖုန်းစစ်မယ်ဆိုကာ ဖုန်းလုပြေးသွားပါတယ်။

    အောက်တိုဘာ ၁၈ ရက်မနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်းမကြီးပေါ်၊ ၁၁၅ လမ်းနဲ့ ၁၁၇ လမ်းကြား၊ ကျွဲဆည်ကန်မီးပွိုင့်အကျော်မှာ အရပ်ဝတ်လူတစုက ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတဦးကို တားဆီးခဲ့ကြောင်း သိမြင်လိုက်သူတွေက ပြောပါတယ်။

    အဲဒီအချိန် ဖုန်းစစ်မယ်ဆိုလို့ ဆိုင်ကယ်စီးလာသူ အမျိုးသားက သူ့ရဲ့ iPhone 16 ဖုန်းကို ပေးလိုက်တဲ့အချိန် စစ်ဆေးသူတွေဟာ ဖုန်းကိုယူပြီးထွက်ပြေးသွားကြောင်း ဖြစ်စဥ်မြင်လိုက်ရသူတွေက ပြောပါတယ်။

    “ဖုန်းစစ်မယ်ဆိုလို့ ဖုန်း Password တွေ ပြောပြီးမှ ဖုန်းကိုယူပြီး ထွက်ပြေးသွားတာ”လို့ ဖြစ်စဥ်ကိုသိသူတဦးက ပြောပါတယ်။

    ဖုန်းယူထွက်ပြေးသွားသူတွေဟာ စစ်အုပ်စုဝင်တွေ ဟုတ်၊မဟုတ် အတည်ပြုလို့ မရသေးပါဘူး။

    အခင်းဖြစ်ရာနေရာဟာ စစ်ကောင်စီကင်းချထားတဲ့ ကမ္ဘာ့ရတနာဘဏ်နဲ့ မြဝတီဘဏ်တွေရဲ့ မနီးမဝေးမှာ တည်ရှိနေကြောင်း မြို့ခံအချို့က ပြောပါတယ်။

    ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်းအခုလိုပဲမန္တလေးမြို့ပေါ်မှာ ဖုန်းစစ်မယ်ဆိုပြီး လုယူထွက်ပြေးသွားတဲ့ဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ဖူးကြောင်း မြို့ခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်ကလည်းနေ့စဥ့်လှည့်ကင်းကားနဲ့ပတ်ပြီး ဆိုင်ကယ်တွေကိုတားကာ ဖုန်းတွေကို လှည့်လည်စစ်ဆေးနေကြောင်း သတင်းရရှိပါတယ်။

    (မန္တလေးမြို့ပေါ်တွင် စစ်ဆေးနေသော စစ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)