Category: News

  • ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်ဟောင်း ဝေဆန်းထံမှ ဝန်ခံချက် တရုတ် ထုတ်လွှင့်ဖော်ပြ

    ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်ဟောင်း ဝေဆန်းထံမှ ဝန်ခံချက် တရုတ် ထုတ်လွှင့်ဖော်ပြ

    မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရာဇဝတ်ဂိုဏ်းအဖွဲ့များသည် ဒေသရှိ နိုင်ငံရေးနှင့် စစ်ရေး ခေါင်းဆောင်များ၏ ပံ့ပိုးမှုနှင့်အတူ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

    ရာဇဝတ် မိသားစုဂိုဏ်းဟုဆိုသည့် အဖွဲ့၏ ဦးဆောင်သူ ဝေဆန်း (ခ) ဝေဟွိုင်ရန် ထံမှ ဖြောင့်ချက်ကို အောက်တိုဘာ ၁၅ ရက်က တရုတ်နိုင်ငံပိုင် စီစီတီဗွီ ရုပ်သံဌာနက ထုတ်လွှင့်ဖော်ပြသည်။

    ဝေကို ဇန်နဝါရီလက တရုတ် ဥပဒေစိုးမိုးရေး တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

    ကိုးကန့်ဒေသရှိ အဓိက မျိုးနွယ်စု တရုတ် ရာဇဝတ်ဂိုဏ်းအဖွဲ့များအနက် တခုဖြစ်သည့် ဝေ မိသားစု၏ ပြစ်မှုကျူးလွန်သော လုပ်ဆောင်ချက်များက အစိုးရအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတဦးက စီစီတီဗွီရုပ်သံကို ပြောသည်။ ဝေ မိသားစုသည် အခြားသော ကိုးကန့် ရာဇဝတ်အဖွဲ့များနှင့် မတူကွဲပြားကြောင်း ၊ အကြောင်းမှာ ယင်း၏ ခေါင်းဆောင်သည် လက်နက်ကိုင်အဖွဲ့တခုကို တိုက်ရိုက် ကွပ်ကဲခြင်းဖြစ်ပြီး အခြားအဖွဲ့များကတော့ ပြည်သူ့စစ်အဖွဲ့များငှားရမ်းခြင်းဖြစ်ကြောင်း စီစီတီဗွီသတင်းဌာနက ဖော်ပြသည်။

    ၂၀၀၉ တွင် မြန်မာအာဏာပိုင်များသည် မျိုးနွယ်စု တရုတ် ပြည်သူ့စစ်အဖွဲ့များကို စစ်တပ်လက်အောက် နယ်ခြားစောင့်တပ်ဖွဲ့များ ဖွဲ့စည်းခွင့်ပြုသည့် သဘောတူညီချက်တခု ရရှိခဲ့သည်။ ဝေ မိသားစုသည် ကိုးကန့်ဒေသ၌ လှုပ်ရှားသည့် အဓိကအဖွဲ့များအနက် တခုဖြစ်သည်။

    “လူပုံလယ်တော့ သူတို့ဟာ အစိုးရလစာ ရပြီး နယ်စပ် လုံခြုံရေး ကာကွယ်စောင့်ရှောက်တယ်။ သိုသိုသိပ်သိပ်အားဖြင့်တော့ သူတို့ဟာ မိသားစု အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အစိုးရ ယန္တရားကို ဖြန့်ကျက်အသုံးချတယ်” ဟု စီစီတီဗွီက ဖော်ပြသည်။ “ကိုးကန့်မှာ ကျွန်တော်က နယ်ခြားစောင့်တပ်ရဲ့ အမြင့်ဆုံးကွပ်ကဲသူ ဖြစ်တယ်” ဟု ဝေဆန်းက စီစီတီဗွီကို ပြောသည်။

    ဝေ မိသားစုသည် အစိုးရ ခွင့်ပြုချက်ဖြင့် လှုပ်ရှားခဲ့ကြောင်း ဖူကျန်းပြည်နယ် ချန်ကျိုးမှ ရဲတဦးက နိုင်ငံပိုင်ရုပ်သံကို ပြောသည်။ ဝေ မိသားစုသည် ကနဦးပိုင်းတွင် လောင်းကစားနှင့် ပြည့်တန်ဆာလုပ်ငန်းဖြင့် ဝင်ငွေရှာခဲ့ပြီး ယင်းနောက် ၂၀၁၇ တွင် တယ်လီကွန်း လိမ်လည်မှု (ကျားဖြန့်) ဘက် လှည့်ခဲ့သည်ဟု ဆိုသည်။

    ဝေ၏ တူ ဖြစ်သည့် ချန် သ ဝေ သည် ဝေ ရွေးချယ်ထားသည့် သူ့နေရာ ဆက်ခံသူဖြစ်ပြီး ချန်သည် အနည်းဆုံး လူသတ်မှုတခု ကျူးလွန်ထားကြောင်း စီစီတီဗွီဌာနက ဖော်ပြသည်။ ဝေ မိသားစုသည် အလိမ်အညာအစီအစဉ်များမှတဆင့် ငွေကြေးရင်းနှီးမြှုပ်နှံစေရန် လိမ်လည်သည့် လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်ဟုလည်း ဆိုသည်။

    ဝေ မိသားစုသည် လူသတ်မှု၊ လိမ်လည်မှု၊ ပြန်ပေးဆွဲမှု၊ လောင်းကစားရုံများ ဖွင့်လှစ်လည်ပတ်မှု၊ ပြည့်တန်ဆာလုပ်ငန်းနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတို့ လုပ်ဆောင်သည်ဟု သံသယရှိကြောင်း အောက်တိုဘာ ၁၅ ရက်က တရုတ် ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာနက ပြောသည်။

    ယင်း ဂိုဏ်းအဖွဲ့သည် တရုတ်နိုင်ငံသား ရှစ်ဦးထက်မနည်း သေဆုံးမှုအတွက် တာဝန်ရှိသလို ယင်း၏ ပြစ်မှုကျူး လွန်သော လုပ်ရပ်များက ဒေါ်လာ သန်းချီနှင့် ညီမျှသည့် ငွေပမာဏကို ဖြစ်ထွန်းစေခဲ့ကြောင်း ဝန်ကြီးဌာနက ပြောသည်။

    ပြီးခဲ့သည့် နှစ်နှစ်အတွင်း တရုတ်သည် တယ်လီကွန်း လိမ်လည်မှု (ကျားဖြန့်) နှင့် အခြားသော ဥပဒေချိုးဖောက်သော လုပ်ရပ်များကို ဖြိုခွင်းနှိမ်နင်းရန် မြန်မာအာဏာပိုင်များနှင့်အတူ လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံသား ၅၇,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

    ပြီးခဲ့သည့်လကလည်း လိမ်လည်မှုနှင့် လူသတ်မှုအပါအဝင် ပြစ်မှုများအတွက် မြီ မိသားစုဝင် ၁၁ ဦးကို ကျဲ့ကျန်း ပြည်နယ် တရားရုံးက သေဒဏ် ချမှတ်ခဲ့သည်။ အခြားငါးဦးသည်လည်း ဆိုင်းငံ့ သေဒဏ်များ ချမှတ်ခံရသည်။

    မိသားစု ခေါင်းဆောင်ဖြစ်သည့် မြီရှောက်ချန်းသည် သူ အဖမ်းခံရပြီးနောက် ၂၀၂၃ တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည်။

    ကိုးကန့်ဒေသမှ အခြားသော ရာဇဝတ်ဂိုဏ်းအဖွဲ့ခေါင်းဆောင်ဟု ဆိုသည့် ပယ်ဆောက်ချိန်သည်လည်း လက်ရှိတွင် တရုတ်တောင်ပိုင်းမြို့ ရှန်ကျန်းတွင် တရားရုံးအမှုရင်ဆိုင်နေရသည်။

    တချိန်တည်းတွင် အခြားသော မျိုးနွယ်စုတရုတ် ရာဇဝတ်အဖွဲ့တခုဖြစ်သည့် လျို မိသားစုသည်လည်း လိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်မှုအတွက် စွပ်စွဲခံထားရသည်။

    ပြည်ပရှိ လိမ်လည်မှုကျူးလွန်သူများကို ကိုင်တွယ်အရေးယူရန်နှင့် ပြည်တွင်းရှိ ဥပဒေချိုးဖောက်သူများကို အပြစ်ပေးရန် ထပ်တိုး ကြိုးပမ်းမှုများ လုပ်ဆောင်ရေး ဗဟို နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင် အတွင်းရေးမှူး ချန် ဝမ် ချင်က တောင်းဆိုထားကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

    (SCMP မှ China airs confession from northern Myanmar crime boss Wei Huairen အား ကိုလူအေး ဘာသာပြန်သည်)

  • ပခုက္ကူတွင် ရိက္ခာယူ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်သံ)

    ပခုက္ကူတွင် ရိက္ခာယူ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်သံ)

    ပခုက္ကူတွင် ရိက္ခာယူ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ရိက္ခာယူပြီး ပြန်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Southern Yesagyo PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောကြားသည်။

    ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၃ မိနစ်အချိန် ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာ စစ်တပ် အထိုင်စခန်းမှ စစ်သား ၂၀ ခန့်က ပခုက္ကူလေယာဉ်ကွင်းမှ ရိက္ခာယူပြန်လာစဉ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ် ခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး MA1 အမျိုး အစား သေနတ် ၁ လက်၊ MA ကျည်ဘောက် ၃ ဘောက်၊ ကျည်အတောင့် ၅၀ ၊ BA94 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက်၂ ဘောက် ၊ ကျည် ၄၅ တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    ယင်းတိုက်ပွဲအတွင်း လေယာဉ်ကွင်း အတွင်းမှ စစ်သားများက ပွိုင့်ဖိုက်၊ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ကူပေးခဲ့သည့်အပြင်မြောက်လူးကန်ကျေးရွာမှ စစ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “မြောက်လူးကန်နဲ့ လေယာဉ်ကွင်းနဲ့ အရှေ့ဘက် အနောက်ဘက်၊ ကြားထဲမှာ မီတာ ၆၀၀ လောက်ပဲ ဝေးတာ၊ ရိက္ခာယူပြီး ပြန်လာတဲ့အချိန် တိုက်ခဲ့တာ။ ကျန်တဲ့စခတွေက လေယာဉ်ကွင်းထဲကို ပြန်ဝင် ပြေးသွားတာ၊ လေယာဉ်ကွင်းကနေ မီတာ ၃၀၀ ၊ မြောက်လူးကန်က မီတာ ၃၀၀ ဒီကြားထဲမှာ အ လုပ် လုပ်ခဲ့ရတာ၊ ကိုနဲ့ပစ်တဲ့ စခတွေက သေတဲ့ကောင်သေတယ်၊ ပြေးတဲ့ကောင်ပြေးတယ်။ လေ ယာဉ်ကွင်းကလှော်လိုက်၊ မြောက်လူးကန်က ထုလိုက်နဲ့။ လေယာဉ်ကွင်းကဆိုရင် ပွိင့်ဖိုက်တွေနဲ့ပါ ထုတာ၊ ကျန်တဲ့ အလောင်းတွေနဲ့ အလက်တွေကမြင်သာမြင်နေရတာ၊ တက်ကောက်လို့မရခဲ့ဘူး။” ဟု Southern Yesagyo PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို Southern Yesagyo တပ်ပေါင်းစုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေး ရဲဘော်တစ်ဦး လက်ပြင် ကျည်ဖောက်ဝင် ဒဏ်ရာ (အသက်မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

  • ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် မြန်မာတွင် ဘီလာရုစ်အဆိုတော် ရောင်းစားသတ်ဖြတ်ခံရဟု သတင်း ထွက်ပေါ်

    ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် မြန်မာတွင် ဘီလာရုစ်အဆိုတော် ရောင်းစားသတ်ဖြတ်ခံရဟု သတင်း ထွက်ပေါ်

    ဘီလာရုစ်အဆိုတော်အမျိုးသမီးတဦးသည် ထိုင်းနိုင်ငံသို့ သွားခဲ့ရာမှ အလိမ်ခံရပြီးနောက် မြန်မာနိုင်ငံသို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။

    ထိုအမျိုးသမီးကို ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် ရောင်းချခဲ့ပြီး၊ သူမ၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ် လိုက်ပြီဖြစ်ကြောင်း မိသားစုအား လူစိမ်းများက အကြောင်းကြားလာခဲ့သည်။

    ဘီလာရုစ် “The Voice” သီချင်းဆိုပြိုင်ပွဲ၏ ပြိုင်ပွဲဝင်ဟောင်း အသက် ၂၆ နှစ်အရွယ် အမျိုးသမီးသည် မော်ဒယ်လ်လုပ်ငန်း လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံသို့ သွားခဲ့သော်လည်း လိမ်လည်မှုစင်တာ သို့ ရောက်ရှိသွားခဲ့သည်။

    ထို့နောက် သူမကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်သွားခဲ့သည်။အောက်တိုဘာလ အစောပိုင်းတွင် သူမနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် “သူမကို ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် ရောင်းချပြီး၊ သူမ၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်လိုက်ပြီ” ဟု မိသားစုအား အကြောင်းကြားခဲ့ကြောင်း ရုရှားမီဒီယာ များကို ကိုးကား၍ UNN မှ သတင်းဖော်ပြခဲ့သည်။

    ဘီလာရုစ်အဆိုတော် ဗီရာ ကေသည် မော်ဒယ်လ်အလုပ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံသို့ သွား ရောက်ခဲ့သည်။ သို့သော် သူမသည် လိမ်လည်မှုစင်တာနှင့် ကျွန်ပြုခံခဲ့ရသည်။

    ဗီရာကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်သွားပြီး၊ ထိုနေရာတွင် ချိန်းတွေ့သည့် ဝက်ဘ်ဆိုက်များ၌ အမျိုးသား များထံမှ ငွေညှစ်ယူရန် အတင်းအဓမ္မ ခိုင်းစေခြင်း ခံခဲ့ရသည်။

    အောက်တိုဘာလ အစောပိုင်းတွင် သူမနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း၊ မကြာမီတွင် လူစိမ်းများက သူမ၏ ဆွေမျိုးများကို ဆက်သွယ်လာပြီး “သူမအား ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် ရောင်းချပြီး၊ သူမ၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်လိုက်ပြီ” ဟု အကြောင်းကြားလာခဲ့သည်။

    ယင်းမတိုင်မီကလည်း မိသားစုနှင့် မိတ်ဆွေများက သီတင်းတပတ်ကြာ လိုက်လံရှာဖွေနေခဲ့သော အသက် ၂၀ အရွယ် ယူကရိန်း မော်ဒယ် မာရီယာ ကိုဗယ်ချပ်ကို ဒူဘိုင်းတွင် ပြန်လည်တွေ့ရှိခဲ့သည်။

    သူမသည် ဒဏ်ရာများကြောင့်၊ ဆေးရုံတင်ထားရပြီး၊ အခြေအနေမှာ စိုးရိမ်ရသည်။

    ယူကရိန်းကောင်စစ်ဝန်ရုံးက နစ်နာသူ၏ ဆွေမျိုးများ၊ ရှေ့နေနှင့် ယူအေအီးအာဏာပိုင်များနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ကာ အမှုကိစ္စကို စောင့်ကြည့်ခဲ့သည်။

    UNN မှ Killed and sold for organs? Former participant of Belarusian “The Voice” disappeared in Myanmar – Russian media အား သောမတ် ဘာသာပြန်သည်။

  • စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အားပေးထောက်ခံသွားမည်ဟု UWSA ပြော

    စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အားပေးထောက်ခံသွားမည်ဟု UWSA ပြော

    စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အားပေးထောက်ခံသွားမည်ဟု UWSA ပြော

    စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို အားပေးထောက်ခံသွားမည်ဟု “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ လားရှိုး မြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောသည်။

    ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်) က နေပြည်တော်တွင် ပြုလုပ်သည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၁၀)နှစ်ပြည့်အခမ်းအနား၌ မီဒီယာများ၏ မေးမြန်းမှုတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

    “ရွေးကောက်ပွဲကို ကျွန်တော်တို့ “ဝ” အဖွဲ့ အနေနဲ့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ မက်ဆေ့ ပေးလိုပါတယ်။ တခြားမီဒီယာတွေ၊ တချို့ရေးတာတွေက မမှန်ပါဘူး။ ဒီကိစ္စနဲ့ ကျွန်တော်တို့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ မက်ဆေ့လဲ ကျွန်တော်တို့ ဗဟိုဌာနချုပ်အနေနဲ့လည်း ထုတ်ပြန်ခဲ့ပြီးသားပါ”ဟု “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောသည်။

    ထို့အပြင် တနိုင်ငံလုံး အတိုင်းအတာအနေဖြင့်လည်း ကွက်ကြား ငြိမ်းချမ်းခြင်း မဟုတ်ဘဲ တနိုင်ငံလုံးငြိမ်းချမ်းရေး အမြန်ဆုံးရရန်လည်း မျှော်လင့်နေသည်ဟု ဆိုသည်။

    “တခြား ရှမ်းမြောက်နဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေကတော့ ဒါက တကဏ္ဍပါ။ ခုဏကျွန်တော်ပြောလိုတာက ရိုးရိုးရှင်းရှင်းလေးပါ။ ကျွန်တော်တို့ “ဝ” အဖွဲ့ UWSA အဖွဲ့သဘောထားအနေနဲ့လည်း ဒီရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီးတော့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ သဘောထားပဲ ကျွန်တော်ပေးလိုပါတယ်”ဟု ဦးညီရမ်းကဆိုသည်။

    ထိုသို့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အားပေးထောက်ခံသည့်အတွက် ၎င်းထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲကျင်းပရန် ခွင့်ပြု၊မပြုကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

    ပြီးခဲ့သည့် စက်တင်ဘာလက “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ထိန်းချုပ်ဒေသဖြစ်သည့် ဟိုပန်နှင့် ပန်လုံမြို့တို့တွင် စစ်ကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းခြင်း၊ မဲဆွယ်စည်းရုံးခြင်းမျိုး တွေ့ရှိပါက တရားစီရင်ရေးဌာနကို တိုင်ကြားနိုင်သည်ဟု “ဝ” လူငယ့်အသံက ဖော်ပြခဲ့သေးသည်။

    “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်/ ပါတီ – UWSA/ UWSP ထိန်းချုပ်နယ်မြေများတွင် ယခင် ဦးသိန်းစိန် အစိုးရနှင့် NLD အစိုးရ လက်ထက် ကတည်းက ရွေးကောက်ပွဲကျင်းပရန် ခွင့်ပြုတောင်းဆိုချက်များကို “ဝ” တပ် UWSA က အကြိမ်ကြိမ်ငြင်းဆန်ခဲ့သည်။

    UWSA/ UWSP ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပြု၊ မပြုသိရှိနိုင်ရန် လားရှိုး မြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းထားပေမယ့် ယခုသတင်းဖော်ပြချိန်အထိ အကြောင်းမပြန်သေးပေ။

    စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း (၁)ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ – စစ်ရေးပြ အခမ်းအနားကို တက်ရောက်လာတဲ့ ဝတပ်ဖွဲ့ခေါင်းဆောင် ဦးပေါက်ယူချမ်းကို ၂၀၁၉ ခုနစ်ကတွေ့ရစဉ်။ (AFP)

  • ပုဗ္ဗသီရိမြို့နယ်၌ ၈ တန်းကျောင်းသား ၁ ဦး ဆွဲကြိုးချ သေဆုံး

    ပုဗ္ဗသီရိမြို့နယ်၌ ၈ တန်းကျောင်းသား ၁ ဦး ဆွဲကြိုးချ သေဆုံး

    နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာမှာ အောက်တိုဘာ ၁၆ ရက် မနက်အစောပိုင်းက အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားတယောက် မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    တရွာတည်းနေ ကုန်စုံဆိုင်တဆိုင်ကနေ ပိုက်ဆံခိုးယူတဲ့ကိစ္စနဲ့ လူအများရှေ့မှာ မိဘဖြစ်သူက ပြောဆိုဆုံးမခဲ့တာကြောင့် အရှက်ရပြီး မိဘတွေ တောင်ယာထဲမှာ ငရုတ်သီးသွားခူးနေတဲ့အချိန် မိမိကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “ပြီးခဲ့တဲ့တပတ်လောက်က ရွာထဲက ကုန်စုံဆိုင်ကနေ ပိုက်ဆံနှိုက်တယ်။ ပိုင်ရှင်က မိဘတွေ တိုင်တော့ လူအများရှေ့မှာ ဆုံးမတာပေါ့။ သားသမီးကို စိုးရိမ်ပြီး ဆုံးမတာ မှန်ပေမဲ့ လူပုံအလယ်မှာဆိုတော့ ရှက်တာပေါ့။ အိမ်ထဲက မထွက်ဘူး။ ဒီနေ့မနက် မိဘတွေ ငရုတ်သီး သွားခူးတဲ့အချိန် ဆွဲကြိုးချ သတ်သေသွားတာ။ မိဘတွေအနေနဲ့ သားသမီးတွေ ဆုံးမတဲ့အခါ သတိထားသင့်တယ်။”

    နေအိမ်မှာ ဆွဲကြိုးချသေဆုံးနေတာကို တောင်ယာထဲက ပြန်လာတဲ့ မိခင်ဖြစ်သူက အရင်တွေ့ခဲ့ပြီးနောက် ရပ်မိရပ်ဖတွေက သဗ္ဗသုခ လူမှုကူညီရေးအသင်းကို အကြောင်းကြားကာ ရုပ်အလောင်းကို နေပြည်တော် ခုတင် ၃၀၀ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ပုဗ္ဗသီရိမှာလည်း ဆွဲကြိုးချသတ်သေတာ ၂ ကြိမ်ရှိပြီ။ ၁၃ ရက်နေ့က ရွာတော်မှာ ကောင်မလေးတယောက် ဂိမ်းရှုံးပြီး အကြွေးတွေများနေလို့ သတ်သေသွားတယ်။ အခု ၈ တန်းကျောင်းသားလေး အဆင်မပြေမှုတွေပေါ့။ မိဘကလည်း တနေ့လုပ်မှ တနေ့စားဆိုတော့ သားသမီးကို မကြည့်နိုင်ဘူး။ စေတနာဇောနဲ့ ပြောလိုက်တာ ကိုယ့်သားသမီး အသက်ဆုံးရှုံးသွားတယ်။”

    အောက်တိုဘာ ၁၃ ရက်ကလည်း ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှာ အွန်လိုင်းဂိမ်းတွေ ရှုံးကာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက် မိမိကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကလည်း ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်မှာ အကြွေးတွေ ပြန်မဆပ်နိုင်လို့ အသက် ၅၇ နှစ်အရွယ် အမျိုးသားတယောက် မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေသွားတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။