Category: News

  • ဥပဒေနှင့်အညီ တင်ပြသော်လည်း ကြိုတင်အကြောင်းမကြားဘဲ ပါတီဖျက်သိမ်းခံရဟု NDF ပါတီပြော

    ဥပဒေနှင့်အညီ တင်ပြသော်လည်း ကြိုတင်အကြောင်းမကြားဘဲ ပါတီဖျက်သိမ်းခံရဟု NDF ပါတီပြော

    နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ ပါတီရုံးခန်းတွေနဲ့ ပါတီဝင်အင်အားစာရင်းကို ပြည့်မီအောင် အာဏာသိမ်းစစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဆီမှာ တင်ပြထားပေမဲ့ ကြိုတင်အကြောင်းကြားမှုမရှိဘဲ ပါတီကို ဖျက်သိမ်းလိုက်တာကြောင့် အယူခံဝင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က ပြောပါတယ်။

    ပါတီဘက်က တင်ပြထားတဲ့ စာရင်းတွေဟာ ကိုက်ညီမှုမရှိရင် ရွေးကောက်ပွဲကော်မရှင်ဘက်က ပြန်လည်မေးမြန်း ဖြေရှင်းခွင့် ပေးရမှာဖြစ်ပေမဲ့ အဲဒီလုပ်ငန်းစဉ်တွေကို မလုပ်ခဲ့ဘဲ အခုလို ဆောင်ရွက်လိုက်တာလို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် (၁) ဦးအောင်ကိုကိုက ပြောပါတယ်။

    လက်ရှိမှာလည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အနေနဲ့ တနိုင်ငံလုံးမှာ ပါတီရုံးခန်း ၁၁၇ ရုံး ဖွင့်လှစ်ထားပြီး ဖြစ်သလို ပါတီဝင်အင်အားစာရင်းကိုလည်း ၇၅,၀၀၀ တင်ပြထားတယ်လို့ ဆိုပါတယ်။

    စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် ၉ နဲ့ ၁၀ အရ သတ်မှတ်ရက်အထိ ပုဒ်မ ၅ ပုဒ်မခွဲ စ ပါ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီတာကြောင့် ပါတီကို ဖျက်သိမ်းလိုက်တာလို့ ထုတ်ပြန်ထားပါတယ်။

    အဲဒီအပြင် ပါတီရုံးခန်း ပြည့်မီအောင် ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ် ပါတီ၊ အမျိုးသမီးပါတီ (မွန်) နဲ့ ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီ တို့ကိုလည်း နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းလိုက်ပြီး ကြေညာခဲ့ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကပဲ NDF ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက NDF ပါတီမှာ ကိုယ်စားလှယ်လောင်း လျှောက်လွှာလာတင်သူတွေ များပြားလွန်းနေလို့ ကျေးဇူးတင်ကြောင်း သူ့ရဲ့လူမှုကွန်ရက်ကနေ ရေးသားထားပါသေးတယ်။

    စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၉ ခုမှာ အခု ဖျက်သိမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်) တို့ ပါဝင်ပါတယ်။

    အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ဟာ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ခွဲထွက်လာသူတွေနဲ့ တည်ထောင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

    NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်မှာ စစ်ကောင်စီမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး လက်ရှိမှာလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ဗဟို အကြံပေးအဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

  • နေပြည်တော်တွင် အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံး

    နေပြည်တော်တွင် အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံး

    နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတယောက်ဟာ ငွေရေးကြေးရေး ပြဿနာကြောင့် ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

    နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် ဦးလှိုင်ဟာ စက်တင်ဘာ ၇ ရက် ည ၁၁ နာရီက သူ့ရဲ့နေအိမ်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာ ဖြစ်ပါတယ်။

    ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်မှာ နေထိုင်သူတယောက်က “သူ့သား မင်္ဂလာဆောင်တုန်းက အကြွေးတွေယူထားတာ ရှိတယ်။ အလုပ်တွေကလည်း အဆင်မပြေတော့ အကြွေးက မဆပ်နိုင်ဘူး။ အခုခေတ်ကလည်း မတ်တိုးတွေနဲ့ ချေးကြတာ။ အတိုးပေါ် အတိုးဆင့်နေကြတာ” လို့ ပြောပါတယ်။

    အခင်းဖြစ်ပွားရာနေရာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာ သေဆုံးသူက သူ့နေအိမ်အောက်ထပ် သစ်သားတန်းမှာ ပလတ်စသစ် ၃ ပင်လိမ်ကြိုးနဲ့ လည်ပင်းစွပ်လျက် အမြင့် ၅ ပေကျော်ခန့်မှ ဒူးတုတ်ထိုင်ချပြီး လည်ပင်းဆွဲကြိုးချ သေဆုံးနေတာတယ်လို့ ဆိုပါတယ်။

    သေဆုံးသူ ဦးလှိုင်ရဲ့ ရုပ်အလောင်းကို လူမှုကရုဏာရှင်ကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ နေပြည်တော် ခုတင်-၃၀၀ ဆေးရုံကို ပို့ဆောင်ထားပါတယ်။

  • ကျောက်တော်တွင် ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံး

    ကျောက်တော်တွင် ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံး

    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာမှာ စက်တင်ဘာ ၇ ရက်က ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ်ပွားပြီး ၇ တန်းကျောင်းသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အထက ရွာမပြင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ Grade-7 ကျောင်းသား ၂ ယောက်ဟာ စာသင်ခန်းအတွင်း စနောက် အနိုင်ကျင့်ရာကနေ ရန်ဖြစ်ကြပြီး ကျောင်းဆင်းချိန်မှာ ဓားထိုးမှု ဖြစ်ပွားကာ ကျောင်းသားတယောက် သေဆုံးခဲ့တာလို့ အခြေအနေကို သိရှိသူ ကျောက်တော်ဒေသခံ အမျိုးသား‌တယောက်က ပြောပါတယ်။

    “စာသင်ခန်းမှာ စနောက်ပြီး အနိုင်ကျင့်မှု ဖြစ်ကြတာကနေ ရန်ဖြစ်ကြတာလို့ သိရတယ်။ ကလေးတွေကလည်း ငယ်ငယ်လေးပဲ ရှိကြသေးတယ်။ ၇ တန်းကျောင်းသားနှစ်ဦး ရန်ဖြစ်ကြတာကနေ ဓားထိုးမှုဖြစ်ကြတာ။ အသက်သေဆုံးသွားတဲ့ ကျောင်းသားက ခန္ဓာကိုယ်ထွားတော့ အတန်းဖော် သူငယ်ချင်းတွေကို မကြာခဏ စနောက်ပြီးတော့ အနိုင်ကျင့်မှုလုပ်တယ်လို့ ပြောကြတယ်။ အဲဒီမှာ နောက်ကျောင်းသားတဦးက မခံနိုင်တော့တာကြောင့် ကျောင်းဆင်းချိန်မှာ ကြက်သွန်လှီးတဲ့ဓားနဲ့ နှစ်ချက်ထိုးလိုက်တာလို့ သိရတယ်။ ထိုးသွင်းခံရတဲ့ ကျောင်းသားကတော့ ဆေးရုံရောက်ပြီး နာရီပိုင်းအကြာမှာ ဆုံးသွားတာ။”

    ဓားထိုးမှုကြောင့် သေဆုံးသွားသူမှာ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်အောင်ကျော်မြင့် ဖြစ်ပြီး ဓားထိုးမှုကျူးလွန်ခဲ့တဲ့ အတန်းဖော်ကျောင်းသားကိုလည်း အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲ့ဖြစ်တဲ့ DLEPS တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် ညကလည်း မင်းပြားမြို့ရှိ ဘော်ဒါဆောင်တခုမှာ Grade-12 ကျောင်းသားတယောက် ညအချိန် အိပ်နေစဉ် မီးရှို့ခံရပြီး အသက်သေဆုံးခဲ့တယ်လို့ ပညာရေး အသိုင်းအဝန်းတွေက ပြောကြပါတယ်။

    ရခိုင်ပြည်နယ်မှာ ကျောင်းသားတွေ လူသတ်မှု ဖြစ်လာကြတာဟာ စာရိတ္တမဏ္ဍိုင် ပျက်စီးလာကြတာဖြစ်ပြီး ကျောင်းရပ်နားလိုက်ရတာတွေနဲ့ သက်ဆိုင်မှုရှိတယ်လို့ ရခိုင်ပညာရေး အသိုင်းအဝန်းက ကျောင်းဆရာတယောက်က ပြောပါတယ်။

    “ကျောင်းသားတွေအချင်းချင်း လူသတ်မှုဖြစ်လာကြတယ်ဆိုတာ စိုးရိမ်စရာကောင်းတယ်။ အထူးသဖြင့် ကျောင်းသားတွေရဲ့ စာရိတ္တမဏ္ဍိုင်တွေဟာ ပျက်စီးမှုတွေ ရှိလာကြတယ်လို့ ပြောရမယ်။ ကလေးတွေက တိုက်ပွဲတွေကြောင့် ကျောင်းတွေ ပိတ်ထားကြရတဲ့အခါ ပြင်ပလူနေမှုစရိတ်တွေ ဝင်လာကြပြီး စာရိတ္တမဏ္ဍိုင်တွေ ယိုယွင်းလာကြတာကြောင့် အခုလို ရာဇဝတ်မှု ဖြစ်ပွားလာကြတာ။”

    ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ်ကတည်းက မြို့နယ် ၁၇ ခုလုံးမှာ စာသင်ကျောင်းတွေ ပိတ်ထားခဲ့ကြပြီး ၂၀၂၅ ခုနှစ်မှ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စာသင်ကျောင်းတွေကို ပြန်လည် စတင်လည်ပတ်နေကြတာ ဖြစ်ပါတယ်။

  • ပဲခူးမြို့တွင် ကုန်စုံဆိုင်တဆိုင်ကို ဓားပြတိုက်ခဲ့သည့် လူငယ် ၃ ဦးအား ဖမ်းမိ

    ပဲခူးမြို့တွင် ကုန်စုံဆိုင်တဆိုင်ကို ဓားပြတိုက်ခဲ့သည့် လူငယ် ၃ ဦးအား ဖမ်းမိ

    ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ၇ ရပ်ကွက်က ပွင့် ကွမ်းယာနဲ့ ကုန်မျိုးစုံ စတိုးဆိုင်ကို စက်တင်ဘာ ၈ ရက် ည ၇ နာရီဝန်းကျင်မှာ လူငယ် ၃ ယောက်က ဓားပြဝင်တိုက်ခဲ့ပြီး ငွေကျပ် သိန်း ၃၀၀ နီးပါး၊ ရွှေထည်ပစ္စည်းတွေနဲ့ ဖုန်းတွေပါသွားတယ်လို့ သိရပါတယ်။

    ဓားပြတိုက်သူတွေက ပဲခူးမြို့၊ ဥဿာမြို့သစ် ၈ ရပ်ကွက်မှာနေထိုင်တဲ့ နိုင်မင်းထွန်း အပါအဝင် ဘုရားကြီးမြို့နယ်မှာ နေထိုင်တဲ့ ဇင်ကိုနဲ့ လမင်း ဆိုသူတို့ဖြစ်ပြီး နိုင်မင်းထွန်းက ပွင့် ကုန်စုံဆိုင်ရဲ့ အလုပ်သမားဟောင်း ဖြစ်တယ်လို့ ဖြစ်စဥ်ကို သိရှိထားသူတယောက်က ပြောပါတယ်။

    “အနုကြမ်းစီးတဲ့သဘောပေါ့လေ။ သူတို့မှာလည်း ဓားတွေပါတယ်။ မိသားစုအကုန်လုံးကို သေချာ ကြိုးတွေနဲ့တုပ် ပါးစပ်တွေပိတ်ပြီး ပစ္စည်းတွေယူသွားတာ။ ဓားပြတိုက်တဲ့သူတွေထဲမှာ လူရင်း ပါတယ်။ အရင် သူတို့ဆိုင်မှာ အလုပ်လုပ်ဖူးတယ်။ လူရင်းက ဆိုင်ထဲ တော်တော်ကြာကြာ ဝင်စကားပြောပြီးတော့မှ အပြင်က နောက် ၂ ယောက်ကို အချက်ပေးခေါ်လိုက်တာ။”

    ဓားပြတိုက်သူတွေကို စက်တင်ဘာ ၈ ရက် ည ၁၀ နာရီဝန်းကျင်မှာပဲ ပဲခူးမြို့မှာရှိတဲ့ FIVE STAR KTV မှာ ဖမ်းမိပြီး ပဲခူးမြို့ အမှတ် ၃ ရဲစခန်းမှာ လိုအပ်တဲ့စစ်‌ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

    ပဲခူးမြို့၊ မဟာစေတီရပ်ကွက်မှာ မေ ၂၀ ရက်ကလည်း တရပ်ကွက်တည်းနေထိုင်တဲ့ အမျိုးသား ၃ ယောက်က အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားကို ပြန်ပေးဆွဲသတ်ဖြတ်မှု ဖြစ်ခဲ့ပါသေးတယ်။

  • သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီကို စစ်တပ်က ဖျက်သိမ်း

    သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီကို စစ်တပ်က ဖျက်သိမ်း

    ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူများပြားလွန်းသည်ဟု စန္ဒာမင်းက ကြွားလုံးထုတ်ပြီး ၁ ရက်အကြာ သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီကို စစ်တပ်က ဖျက်သိမ်း

    ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့လည်း ဖျက်သိမ်းခံရ

    ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူများပြားလွန်းသည်ဟု စန္ဒာမင်းက ကြွားလုံးထုတ်ပြီးနောက် သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို ဖျက်သိမ်းလိုက်ကြောင်း အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

    စက်တင်ဘာလ ၉ ရက်နေ့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပါတီဝင် ပြည့်မီခြင်းမရှိသော NDF ပါတီ၊ သတ်မှတ် ပါတီရုံးခန်းအရေအတွက် မပြည့်မီသည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

    NLD မှ NDF ပါတီသို့ ကူးပြောင်းပြီး NDF ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသော စန္ဒာမင်းက စက်တင်ဘာလ ၈ ရက်နေ့တွင် NDF ပါတီသို့ ဝင်ရောက်သူ များပြားလွန်းကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ များပြား လွန်းကြောင်း လူမှုကွန်ရက်ပေါ်တွင် ကြွားလုံးထုတ်ခဲ့ပြီးနောက် သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီ ဖျက်သိမ်းခံလိုက်ရခြင်းဖြစ်သည်။

    “NDF ပါတီကို တခဲတနက် လာရောက် ပါတီဝင်ကြသူများ လွှတ်တော်ကိုယ်စားလှယ်လောင်းလျောက်လွှာ လာရောက်တင်ကြသူများ များပြားလွန်းပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကိုကိုးကျွန်း မှလွဲ၍ ကိုယ်စားလှယ်များ အပြည့်ဖြစ်နေပါပြီ/ ဝိုင်းဝန်းကြိုးပမ်း ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု NDF ပါတီ ဒုတိယဥက္ကဋ္ဌ စန္ဒာမင်းက လူမှုကွန်ရက်တွင် စက်တင်ဘာလ ၈ ရက်နေ့ညပိုင်း တင်ထားခဲ့သည်။

    NDF ပါတီနှင့်အတူ ဖျက်သိမ်းခံရသော အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)တို့မှာ တစ်နိုင်ငံလုံး ယှဉ်ပြိုင်မည့်ပါတီများဖြစ်ကြပြီး ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီမှာ တိုင်းဒေသကြီး/ပြည်နယ် တွင် ယှဉ်ပြိုင်မည့်ပါတီဖြစ်သည်။

    ဖျက်သိမ်းခံရသော အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP) မှာ သမ္မတရုံးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးမောင် ဦးဆောင်ပြီး စိုးမောင်မှာ အာဏာရှင်ဟောင်း သန်းရွှေ၏ လက်ရုံးဖြစ်ခဲ့သူလည်းဖြစ်သည်။

    မကြာမီ စစ်တပ်က ပြုလုပ်ရန်ရှိနေသော ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ပါဝင်ယှဉ်ပြိုင်မည့် ပါတီ ၉ ခုအနက် မှ ပါတီ ၃ ခု ဖျက်သိမ်းခံလိုက်ရသဖြင့် ပါတီ ၆ ခုသာ ကျန်ရှိတော့ပြီး ကြံ့ဖွတ်ပါတီ၊ သက်သက်ခိုင်၏ PPP ပါတီ၊ ကိုကိုကြီး ၏ PP ပါတီ၊ တစည ပါတီ ၊ စိုင်းအိုက်ပေါင်း၏ SNDP ပါတီနှင့် ကျော်စွာစိုး၏ MFDP ပါတီတို့သာ ကျန်တော့သည်။

    အရမ်းထောက်ခံပါတယ်ဆိုတဲ့ စစ်တပ် ရွေးကောက်ပွဲမှာ မဲတောင်မဆွယ်ရသေးဘူး စန္ဒာမင်းရယ် …

    ဒုဥက္ကဋ္ဌ နေရာကြီး ယူထားပြီးမှ ပါတီဖျက်သိမ်းခံရသတဲ့လား။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ အပေါ် သွားပုပ်လေလွင့် မဟုတ်တမ်းတရားတွေ နင် သိပ်ပြောခဲ့လို့ ဒါဟာနိုင်ငံရေး သေတယ်လို့ ခေါ်တယ်။

    NLD ပါတီဝင်အချို့လည်း အဲ့ပါတီကို ကူးပြောင်းသွားပြီး ရွေးကောက်ပွဲ ဝင်ခွင့်တောင်မရလိုက်ဘူး။ စော-က်ရှက်က ကွဲပြီ။

    မိစန္ဒာရယ် နင် ပြောတော့ ပါတီမှာ ကိုယ်စားလှယ်အပြည့်ဖြစ်နေပါပြီဆို … အခုကျ NDF ကိုတော့ သတ်မှတ်ပါတီဝင် ဦးရေ မပြည့်မီတာကြောင့် ဖျက်သိမ်းခံရသတဲ့ …

    နင် လိမ်တယ် နင် ညာတယ်