Category: News

  • ပုလောဆိပ်ကမ်းတွင် စစ်တပ် လက်နက်ခဲယမ်းသယ်လာသည့် စက်လှေ ပေါက်ကွဲ

    ပုလောဆိပ်ကမ်းတွင် စစ်တပ် လက်နက်ခဲယမ်းသယ်လာသည့် စက်လှေ ပေါက်ကွဲ

    တနင်္သာရီတိုင်း၊ ပုလောဆိပ်ကမ်းမှာ မြိတ်ကနေ လက်နက်ခဲယမ်း သယ်လာတဲ့ ငါးဖမ်းလှေ မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး လှေပိုင်ရှင် အပါအဝင် စစ်သားတချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    သြဂုတ် ၂၃ ရက် ညပိုင်းလောက်က ငါးဖမ်းလှေ (ဒေသခေါ် ကင်မွန်မီးထွန်းလှေ) ပေါ်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးကျည်ထမ်းရင်း မတော်တဆ လှေဝမ်းထဲပြုတ်ကျပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

    ဒေသခံတယောက်က “ကြားရတာ ၁၂၀ မမ လက်နက်ကြီးကျည်ထမ်းရင်း မတော်တဆ လှေဝမ်းထဲ ပြုတ်ကျပြီး ပေါက်ကွဲတာ။ လှေက နှစ်ပိုင်းပြတ်ပြီး နစ်မြုပ်သွားတယ်။ အဲဒီလှေက မြိတ်ကနေ ပုလော ၂၈၅ တပ်ရင်းကို လက်နက်ခဲယမ်းလာပို့တာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

    အဆိုပါပေါက်ကွဲမှုကြောင့် လှေပိုင်ရှင်သားအဖ ၂ ယောက် သေဆုံးခဲ့ပြီး စစ်တပ်က ဗိုလ်မှူးအဆင့်ရှိသူတွေ အပါအဝင် စစ်သားအများအပြား ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူတွေလည်း ရှိနေတယ်လို့ နာရေးကူညီမှုအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

    နာရေးကူညီမှုအသင်းဝင်တယောက်က “စိုးရိမ်ရပြီး ရာထူးရှိသူတွေကိုတော့ မြိတ် ၅/၁၀၀ စစ်ဆေးရုံကို ပို့တယ်လို့ ကြားရတယ်။ သူတို့ဘက်က သတင်းဖုံးထားတော့ အတိအကျတော့ မသိရဘူး” လို့ ပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ပွားတဲ့ ငါးဖမ်းစက်လှေဟာ စစ်ကောင်စီတပ်သားတွေ လက်နက်ခဲယမ်း သယ်ပို့ဖို့အတွက် ပလမြို့၊ ကျောက္ကာကျေးရွာအုပ်စု၊ သကျက်ကမ်းရွာကနေ အချောဆွဲလာတဲ့လှေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အခုလက်ရှိမှာတော့ ပလမြို့နဲ့ အနီးနားဝန်းကျင်မှာ စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က အင်အားဖြည့်တင်းတာတွေနဲ့ လက်နက်ခဲယမ်း သယ်ဆောင်တာတွေ ပြုလုပ်ဖို့အတွက် ငါးဖမ်းစက်လှေတွေကို ချောဆွဲပြီး အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  • မပခ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံး

    မပခ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံး

    မြစ်ကြီးနားတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံးပြီး ၂ ဦးဒဏ်ရာရ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ကျော်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်က မြစ်ကြီးနာမြို့ ရမ်ပူ အပိုင်း ၁၂ ဘက်တွင် ကျရောက်ပေါက်ကွဲပြီး စာကျက်နေသည့် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံးသွားကြောင်း၊ လူကြီး ၂ ဦး ထိခိုက်သွားကြောင်း သိရှိရသည်။

    “မပခက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ပါ။ ရမ်ပူနယ်မြေ ၁၂ ဦးပိန်တံတားက ကိုနိုင်စိုး နေအိမ်ရှေ့မှာ လက် နက်ကြီးကျရောက်ပေါက်ကွဲပါတယ်။ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင်(ခ) ချစ်စုမက လက်နက်ကြီးအစမှန်ပြီးတော့ ဘယ်ဘက်ရင်အုံပွင့်သွားတယ်။ ပွဲချင်းပြီး ဆုံးတယ်။ နောက်ပြီး အသက် ၂၀ နှစ်အရွယ် မဇင်မင်းက လက်နက်ကြီးအစမှန်တယ်။ အသက် ၆၅ နှစ်အရွယ် ဒေါ်ငွေက လက်မောင်းမှာ မိုင်းစဝင်သွားပါတယ်။ လက်နက်ကြီးက လမ်းကြောင်းလွဲပြီး ကျတာလို့ ယူဆလို့ရတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များလည်း ပျက်စီးပြီး ဆိုင်ကယ်နှင့် အခြားအဖိုးတန်ပစ္စည်းများလည်း ပျက်စီးသွားခဲ့ကြောင်း၊ မြစ်ကြီးနားမြို့ပေါ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ၀ိုင်းမော်ဘက်သို့ မကြာခဏဆိုသလို ပစ်ခတ်လေ့ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

  • မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိ

    မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိ

    စစ်ကိုင်းမြို့နယ် မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိပြီး ၎င်း၏ ဖုန်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များကို စိန်ခေါ်ထားသော မက်ဆေ့များတွေ့ရှိရ

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိပြီး ၎င်း၏ ဖုန်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များကို စိန်ခေါ်ထားသော မက်ဆေ့များတွေ့ရှိရကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ခံက ပြောဆိုသည်။

    ဩဂုတ်လ ၂၁ ရက်နေ့ စစ်ကိုင်းမြိုနယ် မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်မ ၃၃ လက်အောက်ခံ ဆက်သွယ်ရေး နှင့် အင်ဂျင်နီယာတပ်မှ တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ အရှင် ဖမ်းဆီးရမိသော တပ်ကြပ် ရဲလင်းနိုင်ထံမှ ဖုန်း ၂လုံး သိမ်းဆည်းရမိခဲ့ပြီး ဖုန်းအတွင်းမှ ယူနီကွန်းတော်လှန်ရေးတပ်ကိုစိန်ခေါ်ထားသော မက်ဆေ့များတွေ့ရှိရကြောင်း၊ တပ်ကြပ် ရဲလင်းနိုင်က သေမင်းတမန် နာမည်ဖြင့် တော်လှန်ရေးရဲဘော်များကို တယ်လီဂရမ် မက်ဆေ့ချ်မှတစ်ဆင့် စိန်ခေါ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ဖမ်းမိတာက တစ်ယောက်တည်းပါ။ ဖမ်းမိတဲ့နေ့ကတော့ ဩဂုတ် ၂၁ရက်နေ့က ဖမ်းမိတာ။ ဘယ်နေရာမှာ ဖမ်းမိခဲ့တာလဲဆိုတော့ မင်းကွန်းနယ်မြေရဲစခန်း အနီးမှာ ဖမ်းမိခဲ့တာပါ။ စစ်ခွေး ဖမ်းမိတုန်း သေနတ်ပါသေးလားဆိုတော့ မပါဘူး။ ဖုန်း၂ လုံးပဲပါပါတယ်။ လက်ရှိ ဖမ်းဆီးထားတဲ့သူကို ဘယ်လို အရေးယူဆောင်ရွက်ထားလဲဆိုတော့ အခုလက်ရှိတော့စစ်ဆေးမေးမြန်းမှုတွေလုပ်နေပါတယ်။”ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ခံကပြောဆိုသည်။

    လက်ရှိအချိန်တွင် စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေပြီး လိုအပ်သည့်အရေးယူမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

  • ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ရွာမှ  ပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်

    ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်

    စာသင်ကျောင်း အပါအဝင် နေအိမ် ၂၄၀ ကျော်လည်း မီးလောင်ပြာကျ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ရွာမှ ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ် ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဩဂုတ်လ ၁၉ ရက်နေ့ ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ရွာကို ခမရ ၃၆၁ တပ်ရင်းမှ စစ်သားများနှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာ စာသင်ကျောင်း အပါအဝင် ပြည်သူပိုင် နေ အိမ် ၂၄၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်က သတ်ဖြတ်သွားသော ပြည်သူ ၄ ဦးသည် ကျေးပင်အက်ရွာမှ အသက် ၅၀ ကျော်အရွယ် ဦးမိုးညို နှင့် သရက်တာရွာမှ အမည်မသိ ပြည်သူ ၃ ဦးဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသြာည်။

    “ဩဂုတ် ၁၉ ရက်နေ့က ၃၆၁ တပ်ရင်း နဲ့ ပျူစောထီးတွေ ပူပေါင်းထားတဲ့ စစ်ကြောင်းက အင်အား ၂၀၀ ကျော်နဲ့ ရွာစာသင် ကျောင်း ပြည်သူနေအိမ်၂၄၀ နဲ့ ရွာပိုင်ပစ္စည်းတွေကိုပါ မီးရှို့ ဖျက်စီးခဲ့တယ်။ ပြည်သူတွေကို ဓားနဲ့ခုတ်သတ်ပြီးတောက မီးရှို့အလောင်းဖျောက်သွားတာ အလောင်းတွေက ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားဖို့ ခက်နေတယ်။ စစ်ခွေးတွေက စာသင်ကျောင်းက ထိုင်ခုံတွေနဲ့ သင်ထောက် ပစ္စည်းတွေကိုပါ ဖျက်ဆီးသွားတယ်။ ကျေးရွာထဲက ပြည်သူပိုင် ပစ္စည်းတွေ အကုန်လုံးကိုလည်း ယူဆောင်သွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အဆိုပါ စစ်ကြောင်းက ဩဂုတ်လ ၁၆ ရက်နေ့ တန့်ဆည်မြို့ပေါ်မှ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး ထိန်တောရွာမှ အသက် ၇၀ ကျော်အရွယ် အဖွားအို ၁ ဦးကိုလည်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး လည်ပင်းညစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် ရွာသစ်ရွာ၊ ကိုင်းရိုးရွာ၊ ကျေးပင်အပ်ရွာ၊ သရက်တော့ရွာ၊ အင်္ဂါဒေါင့်ရွာနှင့် မြစိန်ဘုရားတောတိုက်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

  • ခိုက်ရန် ဖြစ်ပွားသည့် မဲဆောက်ဈေးက မြန်မာဈေးသည်များအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီး

    ခိုက်ရန် ဖြစ်ပွားသည့် မဲဆောက်ဈေးက မြန်မာဈေးသည်များအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီး

    ခိုက်ရန် ဖြစ်ပွားသည့် မဲဆောက်ဈေးက မြန်မာဈေးသည်များအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီး

    မြန်မာနိုင်ငံ၊ မြဝတီမြို့ နယ်စပ်ရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့မဈေးတွင် မြန်မာဈေးသည်များ ယခုရက်ပိုင်းအတွင်း အချင်းချင်း ခိုက်ရန်ပွဲဖြစ်ပွားနောက် ထိုင်းအာဏာပိုင်များက မဲဆောက်ဈေးက မြန်မာဈေးသည်များအား ဝင်ရောက်ဖမ်းဆီးနေသည်။

    မဲဆောက်ဈေးတွင် မြန်မာဈေးသည်များအချင်းချင်း ခိုက်ရန်ပွဲ အနည်းဆုံး ၄ ပွဲထက်မနည်း ဖြစ်ပွားခဲ့ပြီးနောက်မှာ ရဲ၊ လဝက၊ စည်ပင် စသည့် အဖွဲ့ပေါင်းစုံပါဝင်သော ထိုင်းအာဏာပိုင်များက ယနေ့ ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် ဝင်ရောက်ဖမ်းဆီးနေခြင်းဖြစ်သည်။

    မြန်မာဈေးသည်များမှာ တုတ်၊ ဓါးများ ကိုင်ဆောင်၍ ခိုက်ရန်ပွဲဖြစ်ပွားခဲ့သလို ကိုယ်ထိလက်ရောက် ထိုးနှက်မှုများကိုလည်း ကျူးလွန်ခဲ့ကြကြောင်း မျက်မြင်များက ပြောဆိုသည်။

    ထို့ကြောင့် ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးရာတွင် ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းနေသော မြန်မာဈေးသည်များအား ဖမ်းဆီးခြင်းနှင့် ၎င်းတို့၏ ပိုင်ဆိုင်သော အသီးအနှံများ၊ ကုန်ပစ္စည်းများအား သိမ်းဆည်းသွားသည်။

    မဲဆောက်မြို့ရှိ မြန်မာဈေးသည်တစ်ဦးက “ကျနော်တို့ မြန်မာတွေက နေဖို့ထိုင်ဖို့ မတတ်ကြဘူး။ ဒါက ကိုယ့်နိုင်ငံမဟုတ်ဘူးဆိုတာကို သတိထားရပါမယ်။ အခုတော့ တစ်ယောက်မကောင်းတာနဲ့ အားလုံးခံနေရတယ်။ နဂိုကတည်းကမှ ထိုင်းရဲတွေက မြန်မာတွေဆို လိုက်ဖမ်းဖို့ လုပ်နေကြတာ။ အခုလို ရန်ပွဲတွေကို သိသွားတော့ စစ်ဆေးရေးတွေ ပိုတင်းကျပ်လာမှာဖြစ်တယ်။ နေဖို့ထိုင်ဖို့ တတ်ဖို့ လိုပါတယ်” ဟု ပြောသည်။

    မဲဆောက်မြို့တွင် အထောက်အထား အပြည့်အစုံဖြင့် နေထိုင်ကြသော မြန်မာများရှိသလို အထောက်အထား တစ်စုံတစ်ရာမရှိဘဲ ခိုလှုံနေကြသော မြန်မာများလည်းရှိသည့်အတွက် အထူးသတိထား နေထိုင်ကြရန်လည်း ၎င်းက အကြံပြုထားသည်။

    “ကျနော်တို့က ထိုင်းဥပဒေတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ စည်းမဲ့ကမ်းမဲ့ နေလို့မရဘူး။ အုပ်စုလိုက် ရန်ပွဲတွေဖြစ်တာက တော်တော် တရားလွန်ပါတယ်။ ထိုင်းမှာ နိုင်ငံခြားသားတွေက ဈေးရောင်းခွင့်မရှိဘူး။ အခြေအနေကြည့်ပြီးတော့ နားလည်မှုတွေနဲ့ လုပ်နေကြရတာ။ ပြဿနာမဖြစ်အောင် ဆင်ခြင်နေထိုင်ရပါမယ်” ဟု မဲဆောက်မြို့ရှိ နောက်ထပ် မြန်မာတစ်ဦးက ပြောသည်။

    မဲဆောက်မြို့မဈေးအတွင်း မြန်မာအချင်းချင်း ရန်ပွဲများမှာ မကြာခဏ ဖြစ်လေ့ရှိသော်လည်း ယခုရက်ပိုင်းအတွင်း ဖြစ်ပွားကြသည့် ရန်ပွဲများမှာ အုပ်စုလိုက်ဖြစ်ပွားကြသည့်အတွက် ထိုင်းနိုင်ငံသားများကြားတွင် ဝေဖန်မှုများ မြင့်တက်နေခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ၆ လကျော်ကစ၍ မဲဆောက်မြို့တွင် အဖွဲ့ပေါင်းစုံပါသော ထိုင်းအာဏာပိုင်များက စစ်ဆေးရေးတင်းကျပ်လျှက်ရှိနေကာ ယခုရန်ပွဲပြဿနာများကြောင့် ပိုမိုတင်းကျပ်လာကာ မြန်မာနိုင်ငံများအတွက် အခက်အခဲဖြစ်လာနိုင်သည်ဟု သိရသည်။

    ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မဈေးကြီးထဲမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်း ဈေးသည်တွေ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့လို့ မြန်မာ အမျိုးသမီး ၆ ယောက် ဖမ်းဆီး အရေးယူခံခဲ့ရပါတယ်။

    ဩဂုတ် ၂၃ ရက်နေ့က မဲဆောက်ဈေးမှာ ငရုတ်သီးပြန်ရောင်းဖို့ အကြွေးနဲ့ယူသွားတာ ပြန်မဆပ်လို့ အကြွေးတောင်းရင်း စကားများကြရာက တုတ်တွေ၊ ဓားတွေ ပါလာကာ ရိုက်နှက်ကြတယ်၊ သူ့ဘက် ကိုယ့်ဘက်က လူတွေပါ ပါလာပြီး နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

    ငရုတ်သီးရောင်းတဲ့ ဈေးသည်တွေ ဩဂုတ် ၂၃ ရက်က စကားများပြီး ရန်ဖြစ်ကြချိန် ထိုင်းစစ်တပ်က တွေ့ရှိလို့ ခဏငြိမ်သွားခဲ့ပေမဲ့ ဩဂုတ် ၂၄ ရက် မနက်ပိုင်းမှာ ဒုတိယကြိမ် ရန်ထပ်ဖြစ်ကြလို့ အနီးအနားက ထိုင်းဈေးသည်တွေက စိုးရိမ်စိတ်နဲ့ ထိုင်းရဲကို တိုင်ကြားခဲ့ပြီးနောက် ဖမ်းဆီးခဲ့ရတာပါ။

    ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ မခင်စန်းဦး (၄၄ နှစ်)၊ ခင်ဆွေမိုး (၃၃ နှစ်)၊ မေတ္တာခိုင် (၃၅ နှစ်)၊ စန်းစန်းထွေး (၃၅ နှစ်)၊ ထိုက်ထိုက်အောင် (၃၁ နှစ်) ၊ မိုးမိုးကြည် (၃၅ နှစ်) စတဲ့ မြန်မာအမျိုးသမီး ၆ ယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

    မြန်မာဈေးသည်တွေ ရန်ဖြစ်ချိန်မှာ ရိုင်းစိုင်းစွာ ဆဲဆိုနေကြပုံ၊ အုပ်စုဖွဲ့ တုတ်တွေနဲ့ လိုက်ရိုက်နေကြတဲ့ ဗွီဒီယိုဖိုင်တွေ အွန်လိုင်းပေါ် ပြန့်လာပြီးနောက် လူမှုကွန်ရက်မှာ ထိုင်းနိုင်ငံသားတွေရဲ့ ဝေဖန်ရှုတ်ချမှုတွေလည်း မြင့်တက်ခဲ့ပါတယ်။

    ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး မဲဆောက်မြို့နယ်ရဲစခန်းက ရဲမှူးကြီး ညွှန်ကြားချက်နဲ့ တာဝန်ရှိသူတွေဟာ မနေ့က အခင်းဖြစ်ပွားရာ မဲဆောက်ဈေးထဲ သွားရောက်စစ်ဆေးခဲ့ကြတယ်လို့ Siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

    ဖမ်းဆီးခံရဲ့ မြန်မာအမျိုးသမီးတွေကို အများနဲ့ သက်ဆိုင်တဲ့နေရာမှာ ဆူပူရန်ဖြစ်တာ၊ ဒါမှမဟုတ် အများပြည်သူပိုင်နေရာရဲ့ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူလုပ်ဆောင်တာ စတဲ့ ပုဒ်မတွေနဲ့ မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့က စွဲချက်တင်ထားပါတယ်။

    အဲဒီထဲက ၂ ယောက်ကတော့ တရားမဝင် နေထိုင်လုပ်ကိုင်မှု၊ ခွင့်ပြုချက်မရတဲ့ အလုပ်မှာ ဝင်ရောက်လုပ်ကိုင်မှုတွေနဲ့ပါ အရေးယူခံရဖို့ရှိပါတယ်။

    အလားတူ ဆူပူသောင်းကျန်းမှုတွေ မဖြစ်စေရေးအတွက် လုံခြုံရေး ပိုမိုတင်းကျပ် စစ်ဆေးသွားမယ်လို့ မဲဆောက်ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

    Source : Siamrath News

    ဓါတ်ပုံ – เจมส์ จันทรา