Category: News

  • လမ်းအောင်ပွဲလုပ်နေချိန်ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးအပါ ၈ ဦးသေဆုံး

    လမ်းအောင်ပွဲလုပ်နေချိန်ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးအပါ ၈ ဦးသေဆုံး

    ⁨ပျော်ဘွယ်မှာ လမ်းအောင်ပွဲလုပ်နေချိန်ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးအပါ ၈ ဦးသေဆုံး

    မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ပဲ့ကန်ကျေးရွာမှာ လမ်းအောင်ပွဲလုပ်နေချိန် သေနတ်သမားတွေက ဝင်ပစ်လို့ အုပ်ချုပ်ရေးမှူးအပါ ၈ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    အောက်တိုဘာ ၁၆ ရက်ည ၈ နာရီကျော်မှာ ပဲ့ကန်ရွာအနီး ကွင်းအမှတ် ၇၆၉ လယ်ကွက်အတွင်းမှာ ပဲ့ကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲမြင့်ဦးစီးပြီး ကျေးရွာကွန်ကရစ်လမ်းခင်းပြီးစီးမှု အောင်ပွဲအနေနဲ့ဇာတ်ပွဲ၊ လောင်းကစားဝိုင်းတွေထည့်သွင်းပြုလုပ်နေချိန် လက်နက်ကိုင်အဖွဲ့တွေက လာရောက်ပစ်ခတ်တာလို့ဆိုပါတယ်။

    “သူတို့က လမ်းဖောက်တာ လမ်းဖွင့်ပွဲပြီးသွားလို့ ပျော်ပွဲရွှင်ပွဲလုပ်ကြတာ။ သေတဲ့အထဲတော့ အုပ်ချုပ်ရေးမှူးပါတယ်။ အုပ်ချုပ်ပိုင်းမဟုတ်တဲ့သူတွေလည်းသေတာ။ ပွဲလုပ်နေချိန်က လူကများတာပေါ့။ လာပစ်တာက တယောက်တည်း လာပစ်တယ်လို့တော့ သိရတယ်။ မဆိုင်တဲ့သူတွေပါထိကုန်တာ။”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးကပြောပါတယ်။

    ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှူး ဦးရဲမြင့်အပါအဝင် ပွဲခင်းအတွင်းရှိနေသူ အသက် ၂၅ နှစ်ကနေ ၅၀ ကြားအမျိုးသား ၈ ဦးသေဆုံးသွားပြီး အမျိုးသမီး ၁ ဦးလည်းထိခိုက်သွားတယ်လို့ ဆိုပါတယ်။

    “အဲဒါက ဂေါက်ဂဲ့ဝိုင်း(လောင်းကစားဝိုင်း)က ပဲ့ကန်ရွာသူကြီးကိုစပစ်တာ။ လာပစ်တာက နှစ်ယောက် အရှည်နဲ့ပစ်တာ။ အဓိကရည်ရွယ်ချက်က အုပ်ကြီးကိုပစ်တာနဲ့တူတယ်။ သေတာက ၈ ယောက်။ မြေပြင်မှာ စုံစမ်းရသလောက်က လာပစ်တဲ့သူတွေက mask တပ်ထားတယ်တဲ့”လို့ နောက်ထပ်ဒေသခံတဦးကပြောပါတယ်။

    ပစ်ခတ်မှုကို ဘယ်အဖွဲ့တွေကလာရောက်ပစ်ခတ်တယ်ဆိုတာထုတ်ပြန်ကြေညာထားတာမရှိသေးဘဲ အုပ်ချုပ်ရေးမှူး ဦးရဲမြင့်ဟာ ကျေးရွာအတွင်း စစ်မှုထမ်းကြေးကောက်တာ၊ သစ်တွေဖမ်းဆီးပြီး ငွေတောင်းတာတွေရှိတာကြောင့် ခုလို ပစ်ခတ်ခံရတာလို့ ဒေသခံတဦးကပြောပါတယ်။

    “ပဲ့ကန်အုပ်ကြီးက လွန်ခဲ့တဲ့ ၆ လလောက်က စစ်မှုထမ်းကိစ္စရယ်၊ သစ်ဖမ်းတဲ့ကိစ္စရယ်။ ရောင်းဝယ်တယ်ဆိုတဲ့ သူဆီကဖမ်းတာမဟုတ်ဘူး။ အိမ်သုံးကအစဖမ်းလို့ နာမည်ထွက်နေတာ။ ခုလောင်းကစားဝိုင်းကလည်း လမ်းအောင်ပွဲအနေနဲ့လုပ်တာ”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

    သေဆုံးသူတွေနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကိုမသိရှိရသေးဘဲ လက်ရှိမှာ ရန်တောင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားရပြီး စစ်ကော်မရှင်ဘက်ကစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

    အောက်တိုဘာ ၁၆ ရက်ကလည်း မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာမှာဘီယာဆိုင်ထိုင်နေတဲ့ အုပ်ကြီး ပစ်ခတ်ခံရလို့သေဆုံးသွားတယ်လို့ သိရပါတယ်။

    #မန္တလေး #ပျော်ဘွယ် #လမ်းအောင်ပွဲလုပ်နေချိန် #ပစ်ခတ်ခံရ #သေဆုံး

  • လူနာမသေဆုံးပါ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် စကားပြောနိုင်ပါပြီ

    လူနာမသေဆုံးပါ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် စကားပြောနိုင်ပါပြီ

    လူနာမသေဆုံးပါ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် စကားပြောနိုင်ပါပြီ

    မန္တလေးမှာ အိမ်စီးကားက တိုက်ပြေးလို့ ဆိုင်ကယ်စီး အမျိုးသမီး တစ်ဦးကားအောက်ညှပ်ပါလာသည်ကို လူရှင်းတဲ့နေရာမှာ ဖြုတ်ကာ ကားနောက်ဖုံးထဲ ထည့်ပြီးနောက် ထပ်မံ လမ်းဘေး စွန့်ပစ်ခဲ့

    မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အဝင်ဆိုင်းဘုတ်အနီး ၁၉ လမ်းပေါ်မှာ ဒီကနေ့ ညဦးပိုင်း မတ်တူးအမျိုးအစား အဖြူရောင် အိမ်စီးကားတစ်စီးက ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ပြီးနောက် ရပ်မပေးဘဲ မောင်းပြေးလို့ ဆိုင်ကယ်စီး အမျိုးသမီး ကားအောက်ညှပ်ပါသွားတယ်လို့သိရပါတယ်။

    ဆိုင်ကယ်ကို တိုက်ပြေးတဲ့ အိမ်စီးကားဟာ ကားအောက် လူညှပ်ပါလာတာကို ရပ်မပေးဘဲ ဆက်လက် မောင်းပြေးပြီး လူသူကင်းရှင်းတဲ့ နေရာမှာ ကားအောက်ညှပ်ပါလာတဲ့ လူကို ဖြုတ်ယူကာ ကားနောက်ဖုံးထဲ ထည့်သယ်သွားပြီးနောက် လမ်းဘေးမှာ စွန့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

    အောက်တိုဘာ ၁၆ ရက် ဒီကနေ့ ညဦးပိုင်း ၇ နာရီဝန်းကျင်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားနဲ့ တိုက်ခံရတဲ့ ဆိုင်ကယ်မှာ ဆိုင်ကယ်သာ ကျန်ခဲ့ပြီး လူမတွေ့လို့ နီးစပ်သူတွေက ဝိုင်းဝန်း ကူညီရှာဖွေပေးဖို့ နီးစပ်သူတွေက အကူအညီ တောင်းထားပါတယ်။

    “ဒီဆိုင်ကယ်နံပါတ်သိတဲ့သူများ ရှိလားဗျာ။ ၇ နာရီဝန်းကျင် ပုသိမ်ကြီးမြို့ဝင် ဆိုင်းဘုတ်နား ကားက နောက်ကတိုက်ပြီး ပြေးသွားလို့ပါ။ ဆိုင်ကယ်ပဲတွေ့ပြီး လူမတွေ့ဘူး.. မြင်လိုက်တဲ့သူတစ်ချို့ ပြောကြတာ ကားအောက်ပါသွားတယ်လို့ ပြောကြတယ်… မိုးကရွာ၊ လမ်းမီးမရှိတော့ ဘာကားလဲ သေချာ မ‌မြင်လိုက်ကြဘူးတဲ့၊ အိမ်စီးကားပါ..မိန်းကလေးအသုံးဆောင်တွေပဲ တွေ့ရတယ် ။ လူက အခုထိမ‌တွေ့ဘူး၊ ခြေနေကတော့ မကောင်းလောက်ဘူး။ ကားက မန်းလေးဘက်မောင်းပြေးသွားတာပါ” လို့ ဒေသခံတစ်ဦးက လူမူကွန်ယက်ကတဆင့် အကူအညီ တောင်းထားပါတယ်။

    ဆိုင်ကယ်ကို တိုက်ပြီး ကားအောက် လူညှပ်ပါတာကို မရပ်ပေးဘဲ မောင်းပြေးတဲ့ ကားဟာ အဖြူရောင် တိုယိုတာ မတ်တူးအမျိုးအစား 3J —- ကားဖြစ်တယ်လို့ မြင်တွေ့သူတွေက ဆိုပါတယ်။

    ဆိုင်ကယ်ကို တိုက်ပြေးတဲ့ကားဟာ ကားအောက် လူညှပ်ပါလာတာကို သိပြီးနောက် လူရှင်းတဲ့နေရာမှာ လူကို ဖြုတ်ဖယ်ပြီး ကားနောက်ဖုံးထဲ ထည့်သယ်ကာ နောက်ထပ် လူရှင်းတဲ့နေရာ လမ်းဘေးစွန့်ပစ်ခဲ့တယ်လို့ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းက ဆိုပါတယ်။

    “အောက်တိုဘာ ၁၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ် အချိန်က မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၉လမ်း၊ ပုသိမ်ကြီးဆိုင်းဘုတ်နားတွင် အရှေ့ဘက်မှ လာသော မော်တော်ကားနှင့် ဆိုင်ကယ်အား တိုက်ပြေးရာ ဆိုင်ကယ်စီးသူ အမျိုးသမီမှာ ဆိုင်ကယ်ကျန်ခဲပြီး ကားအောက်တွင် ညှပ်ပါသွားကြောင်း ဘေးမှ မျက်မြင်သူများက ပြောကြားသဖြင့် ၄င်းအမျိုးသမီး လူနာအား မီးဆလိုက်များနှင့် လိုက်လံရှာဖွေခဲ့ကြသော်လည်း အနီးအနားတွင် မတွေ့၊ သွေးစများသာ တွေ့ရ၊ ၄င်းတိုက်ပြေးကားသည် အဆုတ်ဆေးရုံနားတွင် ခတ္တရပ်ကြည့်ကာ ကားအောက်ပိုင်းတွင် လူပါလာမှန်း သိသဖြင့် အတိုက်ခံရသော အမျိုးသမီအား ကားပေါ်တင်ပြေး၍ ကံကောက်အထည်ချုပ်စက်ရုံနားတွင် ပစ်သွားကြောင်းသိရ” လို့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ ကိုသိန်းထွန်းအောင်က လူမှုကွန်ယက်မှာ ရေးပါတယ်။

    ကားတိုက်ခံရလို့ သေဆုံးသူ အမျိုးသမီးရဲ့ အမည်ဟာ မခိုင်စန္ဒာဖြိုး ဖြစ်တယ်လို့ သူရဲ့ ဦးလေးတော်စပ်သူက ဆိုပါတယ်။

    မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အဝင် ၁၉ လမ်းမှာ ဆိုင်ကယ်ကို ကားက တိုက်ပြေးလို့ ကားအောက် ညှပ်ပါသွားသူကို လိုက်လံ ရှာဖွေနေစဉ်/Photo – သိန်းထွန်းအောင်၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေး အဖွဲ့

  • ရခိုင်-ပဲခူးအစပ် တိုက်ပွဲများကို AA အနေဖြင့် အရှိန်မြှင့် ထိုးစစ်ဆင်

    ရခိုင်-ပဲခူးအစပ် တိုက်ပွဲများကို AA အနေဖြင့် အရှိန်မြှင့် ထိုးစစ်ဆင်ပြီးနောက် နာရီပိုင်းအတွင်း စစ်ကော်မရှင်၏ ၆၆၆ ကာကင်းစခန်းကို သိမ်းပိုက်ခဲ့

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းကန်ကွဲကျေးရွာတောင်ဘက် ၉ ကီလိုမီတာအကွာရှိ စစ်ကော်မရှင်၏ ကာကင်းစခန်း ၆၆၆ ပွိုင့်ကုန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    AA သည် တန်ပြန်ထိုးစစ်အနေဖြင့် ပဲခူးတိုင်း၊ ပန်းတောင်းမြိုနယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက် ၉ ကီလိုမီတာအကွာအဝေး၌ရှိသည့် စစ်ကော်မရှင်၏ ၆၆၆ ပွိုင့်ကုန်းကို အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၉ နာရီ ၅ မိနစ်တွင် စတင်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။

    အဆိုပါ ပွိုင့်ကုန်းနှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ် ပွားနေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သော်လည်း အောက်တို ဘာ ၁၄ ရက်နေ့မှစ၍ AA ၏ ထိုး စစ်အရှိန်ကို မြှင့်၍တိုက်ခိုက်ခဲ့ပြီးနောက် ၃ နာရီခန့် သုံးဖက်သုံးတန်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အဆိုပါစခန်းကို သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း AA ကထုတ်ပြန်သည်။

    စစ်ကော်မရှင်၏ ပွိုင့် ၆၆၆ စခန်းတစ်ခုလုံးကို သိမ်းပိုက်စဉ်တွင် အလောင်းတချို့အပြင် လက်နက်ခဲယမ်းနှင့် စစ်အသုံး အဆောင်ပစ္စည်းအချို့ကို သိမ်း ဆည်းရရှိခဲ့‌ကြောင်း သိရသည်။

    ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်၊ ရခိုင် -ဧရာဝတီတိုင်း အစပ်တို့တွင် စစ်ကော်မရှင်၏ ထိုးစစ်များကို AA တပ်၏ အကောင်းဆုံးခံစစ်များနှင့်အတူ တန်ပြန်ထိုးစစ်များဖြင့် ဟန်ချက်ညီဆင်နွှဲလျက်ရှိပြီး စစ်ကော်မရှင်တပ်နှင့် AA တို့ နှစ်ဖက်ရင်ဆိုင်ထားသည့် နေရာများတွင် တိုက်ပွဲများ နေ့စဥ်နီးပါး ဆက်လက်ပြင်းထန်လျက်ရှိသည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    လက်ရှိတွင် AA နှင့်ပူးပေါင်းတပ်ဖွဲ့တို့မှာ ပန်းတောင်း မြို့နယ်အတွင်း၌ ပြန်လည်၍အရှိန်မြှင့်ကာ ထိုးစစ်ဆင်လာသည့်အတွက် စစ်ကော်မရှင်တပ်သည် အမှတ်(၁၆)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အတွင်းနှင့် ခံစစ်များတွင် အင်အားများတိုးချဲ့ကာ ဖြည့်တင်းထားပြီး အနီး‌ရှိ ကျေးရွာများကိုလည်း သွား လာခွင့်ပိတ်ထားမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

    ဓာတ်ပုံ-AA

    ပုံစာ- စစ်ကော်မရှင်၏ ကာကင်းစခန်း ၆၆၆ ပွိုင့်ကုန်းကို AA သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။

  • တောင်ကြီးတွင် ဒဏ်ရာများနှင့် အလောင်းတစ်လောင်း စွန့်ပစ်

    တောင်ကြီးတွင် ဒဏ်ရာများနှင့် အလောင်းတစ်လောင်း စွန့်ပစ်

    ဒဏ်ရာအများအပြားနှင့် အမျိုးသားအလောင်းတစ်လောင်းကို ကားတစ်စီးဖြင့် တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းရှ်ိ မေမြို့လက်ဖက်ရည်ဆိုင် အနီးတွင် ယမန်နေ့ညက လာရောက်စွန့်ပစ်ခဲ့ကြောင်း ရပ်ကွက်နေသူများထံက သိရသည်။

    ယမန်နေ့ အောက်တိုဘာ ၁၆ ရက် ည ၁၁ နာရီခွဲဝန်းကျင်က ယင်းအလောင်းအား ရပ်ကွက်နေသူများက စတင်တွေ့ရှိခဲ့ပြီး အလောင်းမှာ အဝတ်မပါ၊ ရင်ဘတ်တွင် ကျားရုပ်ပုံတက်တူးရှိပြီး တကိုယ်လုံးတွင် ထိုးသွင်းဒဏ်ရာများ၊ မီးလောင်ဒဏ်ရာနှင့် ကြိုးချည်ဒဏ်ရာများနှင့် နားရွက်တစ်ဖက်အား တဝက်ခန့်လှီးဖြတ်ထားသည့် ဒဏ်ရာနှင့် အမျိုးသားလိင်အင်္ဂါ ကပ္ပာယ်အိတ်ဖြတ်ထားသည့် ဒဏ်ရာများရှိကြောင်း အလောင်းအား မြင်တွေ့ခဲ့ကြသည့် ကယ်ဆယ်ရေးများထံမှ သိရသည်။

    “ပိန်ပိန်ပါးပါး အသက်က ၃၀-၄၀ ကြား၊ မီးလောင်ဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာတွေကောပါတယ်။ အဝတ်မပါဘူး။ နှိပ်စက်ခံထားရတဲ့ ပုံစံတွေကောတွေ့တယ်။ ဒဏ်ရာတွေတော့ အများကြီးပြောတယ်။ မီးလောင်ဒဏ်ရာ၊ ကြိုးချည်ဒဏ်ရာတွေကောပါတယ် လို့သိရတယ် ၊ ကပ္ပယ်အိတ်(ဂွေးဥ)လည်း ဖြတ်ခံထိထားတယ်ပြောတယ်” ဟု ရပ်ကွက် လူမှုကူညီသူတစ်ဦးကပြောသည်။

    မြို့ခံတယောက်က “အသက် ၄၀ နဲ့ ၄၀ ကြား၊ ပိန်ပိန်ပါးပါးပဲ၊ ရဲတွေပြောပုံအရ ဆေးသမားလည်း ဖြစ်နိုင်တယ်တဲ့၊ လွယ်အိတ်ပါတယ်။ အိတ်ထဲမှာ ကော်ချောင်းတွေ မီးခြစ်တွေပါတယ်တဲ့၊ Honda fit ကားနဲ့ လာချသွားတာတဲ့ “လို့ ပြောပါတယ်။

    ယင်းအမျိုးသားအလောင်းကို တောင်ကြီးမြို့၊ စဝ်စံထွန်း ရပ်ကွက်၊ ရင်ခွဲရုံ သို့ ကြက်ခြေနီ၊ သူနာပြု တပ်ဖွဲ့ဝင် များနှင့် မြို့ခံများမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ရဲဘက်ကမူ ယင်းကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း တောင်ကြီးမြို့တွင် ယင်းကဲ့သို့လူသတ်ပြီး စွန့်ပစ်ထားခဲ့သည့်ဖြစ်စဉ်မှာ ပထမဆုံးအကြိမ် ဖြစ်ကာ ယခင်က ထိုဖြစ်ရပ်မျိုး မကြုံဖူး မကြားဖူးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

    သေဆုံးသူက မည်သူဖြစ်တယ်ဆိုတာ မသိရသေးဘဲ ဆေးသုံးစွဲသူ ဟုတ် မဟုတ်ဆိုတာကိုလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

    ခုလက်ရှိမှာ သက်သေဖြစ်တဲ့ အလောင်းကို အမှတ် ၁ နဲ့ ၂ ရဲစခန်းတွေက မှတ်တမ်းယူထားပြီး စဝ်စံထွန်း ရင်ခွဲရုံမှာ ပို့ထားကာ Honda Fit ကားကို လိုက်လံရှာဖွေနေပြီး တရားခံ မမိသေးဘူးလို့ သိရပါတယ်။

    တောင်ကြီးမြို့မှာ လူသတ်ပြီး အလောင်းစွန့်ပစ်တဲ့ ဖြစ်စဥ်ဖြစ်ပွားတာမရှိပေမဲ့ အခုတခေါက်မှာ ကြုံလိုက်ရတာကြောင့် ဒေသခံတွေ စိုးရိမ်စိတ် မြင့်တက်နေတယ်လို့ သိရပါတယ်။

    အောင်ပန်းမှာလည်း ၃ ရက်ကြာ ပျောက်ဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ယောက်ကို အောင်ပန်းမြို့ မင်္ဂလာကန်ထဲမှာ အောက်တိုဘာ ၁၇ ရက်က ပုတ်ပွအလောင်းအနေနဲ့ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

  • ပြည်တွင်းမှ နာမည်ကြီးစလော့ဂိမ်းဒိုင်အချို့ အဖမ်းခံရ၊ အေးဂျင့်အများစု အကောင့်ဖျက်ပြေး

    ပြည်တွင်းမှ နာမည်ကြီးစလော့ဂိမ်းဒိုင်အချို့ အဖမ်းခံရ၊ အေးဂျင့်အများစု အကောင့်ဖျက်ပြေး

    စလော့ဂိမ်းများကြောင့် လူမှုဘဝထိခိုက်ရသည့် ကိစ္စများအပေါ် ဝေဖန်မှုများ များပြားလာပြီးနောက် ပြည်တွင်းရှိ နာမည်ကြီး စလော့ဂိမ်းဒိုင်ကြီးအချို့ အဖမ်းခံရပြီး လက်လီရောင်းသည့် အေးဂျင့်အများစု လူမှုကွန်ယက်အကောင့်များ ဖျက်ခြင်း၊ Deactivate လုပ်ခြင်းများ ပြုလုပ်ထားကြကြောင်း အွန်လိုင်းလောင်းကစားအေးဂျင့် အသိုင်းအဝိုင်းမှ သိရသည်။

    ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ The Secret Villa Private Resort တွင် တည်းခိုနေသည့် စလော့ဂိမ်းဒိုင်တစ်ဦးမှ လူမှုကွန်ယက်တွင် တည်းခိုရာနေရာတင်ပြီး တိုက်ရိုက် (Live) လွှင့်ရာမှတစ်ဆင့် ၎င်းတည်းခိုသည့် Resort ကို အောက်တိုဘာလ ၁၅ ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

    “သူတို့က နေရာအတိအကျနဲ့ Live လွှင့်တာမှာ အဖမ်းခံလိုက်ရတာ။ သူနဲ့ဆက်စပ်ပြီး ကျန်တဲ့သူတွေ အဖမ်းခံရတာပေါ့။ သူတို့အုပ်စုကလူတွေ။ အခုတော့ အေးဂျင့်တော်တော်များများလည်း အကောင့် D ထားကြတယ်” ဟု ၎င်းက ပြောသည်။

    တိုက်ရိုက် (Live) လွှင့်ပြီးနောက် ဖမ်းဆီးခံရသူမှာ Yin Min Hlaing အကောင့်အမည်ဖြင့် တရုတ်မကြီးဟု လူသိများသူဖြစ်ကြောင်း၊ ၎င်းဖမ်းဆီးခံရပြီးနောက် နာမည်ကြီး ဘောလုံးနှင့် စလော့ဂိမ်းဒိုင်ကြီးအချို့လည်း ဖမ်းဆီးခံရသည့်အတွက် လက်ခွဲအေးဂျင့်ဒိုင်များ တိမ်းရှောင်နေကြောင်း ရန်ကုန်မြို့မှ အွန်လိုင်းဘောလုံးဒိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။

    “အဓိကကတော့ စလော့တွေကြောင့်ပဲ။ အေးဂျင့်တွေကတော့ အကောင့် De တဲ့သူက De၊ ပြေးတဲ့သူက ပြေးပဲ။ ဒီဘက်မှာ စလော့တွေကို အိမ်တိုင်း မိန်းမ၊ ကလေး အကုန်ဆော့နေတာ တော်တော်ဆိုးနေတာ” ၎င်းကပြောသည်။

    ဖမ်းဆီးခံရသည့် ဒိုင်အများစုမှာ YM Group အတွင်းမှ ဖြစ်ပြီး ယင်း YM Group မှာ နာမည်ကြီး မျိုးသိန်းဌေး – MTH Group ထံမှ တဆင့် ဝက်ဘ်ဆိုဒ် ရယူထားခြင်းဖြစ်ကြောင်း အွန်လိုင်းလောင်းကစားအေးဂျင့် အသိုင်းအဝိုင်းမှ သိရသည်။

    ယခုကဲ့သို့ဖမ်းဆီးခြင်းမှာ စီမံချက်ဖြင့် ဖမ်းဆီးခြင်းလား၊ ကြုံကြိုက်၍ ဖမ်းဆီးခြင်းလား မသိရသော်လည်း စလော့ လောင်းကစားဂိမ်းများကိုမူ ထိထိရောက်ရောက်နှိမ်နင်းစေလိုကြောင်း ရန်ကုန်ဒေသခံတစ်ဦးက ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ကင်ဆာမြစ်ပွားနာကဲ့သို့ ပြည်သူလူထုကို ဒုက္ခပေးနေသည့် စလော့ဂိမ်းများ လွန်စွာကျယ်ပြန့်လာပြီး လူငယ်များ၊ အမျိုးသမီးများ၊ ကလေးငယ်များပါ သားကောင်ဖြစ်နေရသည့်အတွက် ဝေဖန်မှုများစွာရှိနေသည်။

    ပြီးခဲ့သည့် ရက်ပိုင်းက စလော့ဂိမ်းများနှင့် ပတ်သက်ပြီး ဝေဖန်ထောက်ပြထားသည့် သတင်းတစ်ပုဒ် BBC မြန်မာပိုင်းက ထုတ်လွှင့်ခဲ့သေးသည်။