Category: News

  • ရန်ကုန်က လင်မယားနှစ်ယောက် မြစ်ကြီးနား ပြည့်တန်ဆာခန်း၌ ရောင်းစားခံရ

    ရန်ကုန်က လင်မယားနှစ်ယောက် မြစ်ကြီးနား ပြည့်တန်ဆာခန်း၌ ရောင်းစားခံရ

    ရန်ကုန်က လင်မယားနှစ်ဦးကို မြစ်ကြီးနားမြို့ရှိ အသိတစ်ဦးက လမ်းစာရိတ်ပေးခေါ်ခဲ့ပြီး ပြည့်တန်ဆာခန်း၌ ရောင်းစားမှုဖြစ်ခဲ့

    ရန်ကုန်က လူငယ်ဇနီးမောင်နှံနှစ်ဦးကို မြစ်ကြီးနားမြို့ရှိ အသိတစ်ဦးက အလုပ်ပေးမည်ဟုဆိုကာ လှမ်းခေါ်ခဲ့ပြီး ပြည့်တန်ဆာခန်းတစ်ခု၌ ရောင်းစားခဲ့ကြောင်း သိရသည်။

    ရန်ကုန်တွင် အလုပ်ရှာရခက်သည့်အကြောင်းပြောဆိုမိရာမှ မြစ်ကြီးနားမြို့သို့ တက်လာပါက ကုန်ကားပေးမောင်းမည်ဟုဆိုကာ အောက်တိုဘာလ ၄ ရက်နေ့၌ လမ်းစာရိတ်ပို့ပေးပြီး ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောသည်။

    “အလုပ်ရှာပေးမယ်ပြောပြီး ကားခပို့ပေးလိုက်တယ်။ အစက ကားမောင်းခိုင်းမယ်၊ ကောင်းရောင်း ကောင်းဝယ်လုပ်စားလို့ ရတယ်ဆိုပြီးပြောလို့ တက်လာတာ၊ ဒီရောက်တော့ သေချာတော့ မသိဘူး၊ ရွှေညောင်ပင်လို့ ပြောတယ်။ အဲ့ကပြည့်တန်ဆာခန်းတစ်ခုမှာ ရောင်းစားသွားတယ်။ ပြီးတော့ ပစ္စည်းတွေ၊ ဖုန်းတွေအကုန်သိမ်းပြီး မိန်းမကို ပြည့်တန်ဆာလုပ်ခိုင်းတယ်။ မလုပ်ချင်ရင် ပိုက်ဆံသိန်း ၂၀ ပေးရမယ်ဆိုပြီး အခန်းထဲပိတ်ထားတာ ဘယ်မှထွက်လို့ မရဘူး”ဟု သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

    ရောင်းစားခံရသည့် အဆိုပါလင်မယားသည် ရှိသမျှပေါင်နှံရောင်းချပြီး ငွေအကြေဆပ်နိုင်ရန် ကြိုးစားသော်လည်း ငွေမလုံံလောက်သဖြင့် ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ခဲ့ရကြောင်း ပြောသည်။

    “အဲ့အလုပ်မလုပ်ချင်ရင် ငွေပြန်ပေးရမယ်ဆိုလို့ ရှိသမျှထုတ်ရောင်းပြီးပေးတယ်။ ဖုန်းတွေလည်း အဆမတန်စျေးနှိမ်ပြီးဖြတ်ပေးတယ်၊ အဲ့တာလည်းငွေက မလောက်လို့ အခန်းထဲပိတ်ထားပြီး ဘာမှလည်းကျွေးဘူး။ မရရအောင်ထွက်ပြေးခဲ့ရတာ”ဟု သတင်းရင်းမြစ်က ထပ်မံပြောပြသည်။

    အဆိုပါလင်မယားနှစ်ဦးသည် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရောင်းစားခံရသည့် ပြည့်တန်ဆာခန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ခိုလှုံနေချိန် နေရပ်ပြန်နိုင်ရန် ကူညီပေးသူ အလှူရှင်များနှင့်တွေ့ခဲ့ရကြောင်း သိရသည်။

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာပြီး လူငယ်လူရွယ်များလည်း တစ်နေ့တစ်ခြား ပျက်းစီးမှု ပိုမိုများပြားလာသည့်အတွက် မိမိတို့ သားသမီး၏ရှေ့ရေးကို တွေးပူနေရကြောင်း ဒေသခံမိဘများက ပြောကြသည်။

  • မြင်းခြံခရိုင် ပကဖ အချုပ်ခန်းကနေ အချုပ်သား ၃၀ နီးပါး လက်နက်တွေယူ ထွက်ပြေး

    မြင်းခြံခရိုင် ပကဖ အချုပ်ခန်းကနေ အချုပ်သား ၃၀ နီးပါး လက်နက်တွေယူ ထွက်ပြေး

    ၈ ဦးကို Zero အဖွဲ့ ဖမ်းမိ

    မန္တလေးတိုင်း၊ ​မြင်းခြံခရိုင်ပကဖရဲ့ အချုပ်ခန်းကနေ အချုပ်သား ၃၀နီးပါးက လက်နက်တချို့ယူကာ ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ၈ ဦးကို ပြန်လည်ဖမ်းဆီးရမိထားကြောင်း သတင်းရရှိပါတယ်။

    မနေ့က အောက်တိုဘာ ၁၆ရက်မှာ မြင်းခြံခရိုင်ပကဖရဲ့အချုပ်ခန်းက အချုပ်သား ၃၀ခန့်ဟာ သေနတ်တွေယူကာ ထွက်ပြေးသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးပါတယ်။

    အဲဒီထွက်ပြေးအချုပ်သားတွေထဲက အမျိုးသား ၇ဦးနဲ့ အမျိုးသမီး ၁ဦး စုစုပေါင်း ၈ဦးကို AK ၁လက်၊ အတို ၁လက်၊ ကာဘိုင် ၁လက်၊ ဓါးအရှည် ၁ချောင်းစတဲ့ လက်နက်တွေနဲ့အတူ ပြန်လည်ဖမ်းဆီးရမိထားတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

    “ဘယ်လို အချုပ်သားတွေဆိုတာ ကျနော်မသိပါဘူး။ဖမ်းပြီးတခါတည်း သက်ဆိုက်ရာအပ်လိုက်တာပါ”လို့ ကိုသက်ကြီးက ပြောပါတယ်။

    ဖြစ်စဥ်နဲ့ပတ်သက်ပြီး မြင်းခြံခရိုင်ပကဖကို ဆက်သွယ်မေး​မြန်းဖို့ ကြိုးစားနေပြီး လက်တလောဆက်သွယ်လို့ မရသေးပါဘူး။

    တော်လှန်ရေးအားကောင်းတဲ့ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်ဟာ မြေပြင်ကနေ စစ်ကြောင်းထိုး မီးရှို့တာတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့စက်တင်ဘာ ၂၉ရက်ကလည်း မြင်းခြံမြို့နယ်၊‌ညောင်ပင်ရွာကို ဒရုန်းနဲ့ဗုံးချခဲ့လို့ အသက်၆၅နှစ်အရွယ် အမျိုးသမီး ၁ဦးနဲ့ အသက်(၄၀)အရွယ်သားဖြစ်သူတို့ သေဆုံးခဲ့ပါတယ်။

    (မြင်းခြံခရိုင်ပကဖရဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – ပကဖ၊ မြင်းခြံခရိုင်)

  • စီးကရက်ကို တန်းစီဝယ်ယူကာ အမြတ်တင်ပြန်ရောင်းကြသည့်အခြေအနေမျိုး ရန်ကုန်တွင်ဖြစ်လာ

    စီးကရက်ကို တန်းစီဝယ်ယူကာ အမြတ်တင်ပြန်ရောင်းကြသည့်အခြေအနေမျိုး ရန်ကုန်တွင်ဖြစ်လာ

    လူကြိုက်များသည့် စီးကရက်များကို အကန့်အသတ်ဖြင့်ရောင်းလာသဖြင့် တန်းစီဝယ်ယူကာအမြတ်ဖြင့် ပြန်ရောင်းကြသည်အခြေအနေမျိုးအထိ ဖြစ်နေကြောင်း ရန်ကုန်အခြေစိုက်စျေးကွက်များအတွင်းမှ သိရသည်။

    မူလက စျေးကွက်ဝယ်လိုအားထက်ပိုသော အခြေအနေမျိုးဖြင့် ဖြန့်ချိခဲ့သော်လည်း နောက်ပိုင်းတွင် မီနီမတ်များနှင့် Convenience Store များတွင် စျေးနှုန်းတစ်မျိုး၊ အရက်ဘီယာ အေးဂျင့်ဆိုင်များတွင် စျေးနှုန်းတစ်မျိုးစသည်ဖြင့် ဖြန့်ချိလာခဲ့ကြောင်း၊ စျေးကွက်အတွင်းတွင် မီနီမတ်နှင့် Convenience Store များတွင် ရောင်းချသော စျေးနှုန်းက ပြင်ပစျေးကွက်တွင် ရောင်းချသောစျေးနှုန်းတို့မှာ ထက်ဝက်နီးပါးကွာခြားခြင်းများရှိလာခဲ့သည်။

    “ပုံမှန်ဆိုရင်တော့ ဝယ်လိုအားလည်းကောင်းတဲ့အခြေအနေကို ပေါပေါများများထုတ်မှာပဲ၊ ဒါပေမယ့် အခုက ပစ္စည်းရှားသလိုလို ပြတ်လပ်နေသလိုလိုလုပ်ပြီး အကန့်အသတ်နဲ့ ထုတ်ရောင်းတာက စျေးကွက်ကို ကစားနေတဲ့ အခြေအနေမျိုးလို့ မြင်မိတယ်”ဟုလည်း ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

    ထိုမီနီမတ်များနှင့် Convenience Store များတွင်လည်း ရောင်းချသည့် စျေးနှုန်းများမှာ ယခင်ထက် တရိပ်ရိပ်မြင့်တက်ကာ ရောင်းချမှုများရှိလာခဲ့သည်။ သို့ရာတွင် အဆိုပါ မီနီမတ်များနှင့် Convenience Store များတွင် ရောင်းချသော စျေးနှုန်းမှာ လူသုံးများသည့် စီးကရက်အမျိုးအစား ဘူးလိုက်စျေးအရ တစ်လိပ်လျှင် ၂၄၀ ကျပ်သာကျသင့်သော်လည်း ပြင်ပဆိုင်များတွင် ၇၀၀ ကျပ်၊ အချို့သောဆိုင်များတွင် ၈၀၀ ကျပ်အထိ ဖြစ်လာကာ စျေးနှုန်းကွာခြားမှုမြင့်တက်လာလျက်ရှိသည်။

    ထို့ကြောင့် မီနီမတ်များနှင့် Convenience Store များတွင် သွားဝယ်ပြီး ပြင်ပစျေးကွက်တွင် ပြန်သွင်းခြင်းမျိုးအထိ ကြုံလာကာ အကန့်အသတ်များဖြင့် ရောင်းချခြင်းများရှိလာခဲ့သည်။

    “ကုမ္ပဏီကလည်း ဘူးနည်းနည်းပဲ လာပို့ပါတယ်၊ ဒါကို ဒီမှာဝယ်သွားပြီး အပြင်ဆိုင်ပြန်သွင်းတဲ့သူတွေရှိလာလို့ တကယ် သုံးစွဲမယ့် စားသုံးသူတွေကိုဦးစားပေးရောင်းချနေတာပါ၊ ဒါကြောင့်မို့ တစ်ယောက်ကို တစ်ဘူးပဲရောင်းပေးတာပါ”ဟုလည်း မီနီမတ်ဆိုင် အရောင်းပိုင်းတာဝန်ရှိသူတစ်ဦးက ပြောပြသည်။

    ပြင်ပစျေးကွက်နှင့် မီနီမတ်၊ Convenience Store များတွင်ရောင်းချသောစျေးများ ထက်ဝက်ကျော်လောက် ကွာခြားခြင်းကြောင့် ခွဲတန်းကျဝယ်ယူခွင့်ရသော စီးကရက်ဘူးကို တန်းစီ၍တိုးဝှေ့ဝယ်ယူရသောအဖြစ်မျိုးကိုလည်း အောက်တိုဘာ ၁၄ ရက်ညပိုင်းက ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်အတွင်း၌ မြင်တွေ့ခဲ့ရသည်။

    ဆေးလိပ်နှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးမှုများလုပ်ဆောင်နေသော်လည်း ပြည်တွင်းစျေးကွက်တွင် လက်ရှိအချိန်အထိ စီးကရက်စျေးကွက်မှာ ဝယ်လိုအားအကောင်းဆုံးသောအခြေအနေမျိုးဖြစ်နေကြောင်း ဆက်လက်သိရသည်။

    ထွတ်ခေါင်(ရန်ကုန်)

  • ပခုက္ကူမြို့နယ်၌ စစ်သား ၃ ဦးနှင့် ရဲ ၂ ဦး ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံး

    ပခုက္ကူမြို့နယ်၌ စစ်သား ၃ ဦးနှင့် ရဲ ၂ ဦး ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံး

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်သား ၃ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်တို့ သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

    ဒေါင်းညီနောင် PKU ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပခုက္ကူလေယာဥ်ကွင်းကနေ ရိက္ခာထုတ်ပြီး ပြန်လာကြတဲ့ ရန်သူ့အင်အား ၁၅ ယောက်ကို ကြိုတင်သတင်းရတဲ့အတွက် မြောက်လူးကန်ရွာနဲ့ ပခုက္ကူလေယာဥ်ကွင်းကြားကနေ စောင့်ပြီးတိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းထဲက အတိုင်း စစ်သား ၃ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်တို့ နေရာမှာတင် သေတယ်။ ကျန်တဲ့ကောင်တွေကတော့ ထွက်ပြေးသွားကြတယ်” လို့ ပြောပါတယ်။

    အဆိုပါတိုက်ခိုက်မှုအတွင်းကနေ စစ်ကောင်စီလက်အောက်ခံတပ်တွေထံက UZI သေနတ် တလက်၊ MA1 သေနတ် တလက်၊ ကျည်ဘောက် ၅ ခု၊ ကျည် ၁၀၀ နီးပါး၊ စစ်အသုံးအဆောင် ၂ ထည်၊ ကျည်ကာဦးထုပ် ၂ လုံးနဲ့ ဖုန်း ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဒေါင်းညီနောင် PKU ရဲ့ ဒုတာဝန်ခံ ကိုအေကြီးက “အခုကောင်တွေက ပခုက္ကူ အနောက်မြောက်ဘက်မှာရှိတဲ့ မြောက်လူးကန်ရွာမှာ အထိုင်ချနေကြတာ ၂ နှစ်ကျော်နေပြီ။ သူတို့ ရိက္ခာပြတ်တိုင်း ပခုက္ကူလေယာဥ်ကွင်းဆီသွားသယ်ကြတာ။ အဲ့ဒိနေ့က နေ့ခင်း ၁ နာရီခွဲလောက်မှာ သူတို့ရိက္ခာသယ်ပြီးပြန်လာတော့ လေယာဥ်ကွင်းနဲ့ မီတာ ၄၅၀ အကွာလောက်ကနေ စောင့်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲထဲမှာနှစ်ဘက်ပစ်ခတ်မှုကတော့ ၁၅ မိနစ်လောက်ပဲ ကြာခဲ့ပြီး သူတို့ရဲ့ လက်နက်ခဲယမ်းတွေသိမ်းပြီး ပြန်ဆုတ်လာခဲ့ကြတာပါ။ လေယာဥ်ကွင်းမှာရှိတဲ့ သူတို့စစ်ကူတွေကတော့ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတာ ၄၅ မိနစ်လောက်ရှိခဲ့တယ်” လို့ ပြောပါတယ်။

    တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် တယောက်ကတော့ လက်ပြင်နံရိုးကြား ကိုကျည်ဆန်ဖောက်ဝင်တဲ့ ဒဏ်ရာရရှိခဲ့ပေမဲ့ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့လည်း သူကဆက်ပြောပါတယ်။

    တိုက်ပွဲအတွင်းသေဆုံးကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေရဲ့ ရုပ်အလောင်းတွေကိုတော့ မြောက်လူးကန်ကျေးရွာမှာ အထိုင်ချနေကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေထဲက အင်အား ၁၀၀ လောက်က လာရောက်ရှင်းလင်းသွားကြတယ်လို့လည်း ဆိုပါတယ်။

    အဆိုပါ တိုက်ခိုက်မှုကိုတော့ ဒေါင်းညီနောင် PKU၊ Southern YSO တပ်ပေါင်းစု၊ Southern YSO PDF၊ ပြည်သူ့အားမာန် YSO၊ Yesagyo Revolution GROUP (YRG)၊ King cobra PKU နဲ့ ဒေါင်းစစ်သည်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတလို့ သိရပါတယ်။

  • သီပေါမြို့ထဲ စစ်ကောင်စီတပ်များ ဝင်ရောက်လာ၊ ဌာနဆိုင်ရာရုံးများ မီးလောင်

    သီပေါမြို့ထဲ စစ်ကောင်စီတပ်များ ဝင်ရောက်လာ၊ ဌာနဆိုင်ရာရုံးများ မီးလောင်

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့ကို အောက်တိုဘာ ၁၆ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    အောက်တိုဘာလဆန်းကစပြီး စစ်ကောင်စီတပ်တွေက ကျောက်မဲကနေ သီပေါဘက်ကို ထိုးစစ်ဆင်တာဖြစ်ပြီး အခုရက်ပိုင်းမှာ သီပေါမြို့အနီးထိ စစ်ကြောင်းထိုး ဝင်ရောက်လာကာ သီပေါမြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အခုလို မနေ့ညက မြို့ထဲ ဝင်ရောက်လာတာပါ။

    သီပေါဒေသခံ အမျိုးသားတယောက်က “သေချာပြီဗျ။ စစ်ကောင်စီတွေ မြို့ထဲဝင်ပြီ။ အောက်တိုဘာလ ၁၆ ရက်နေ့ ည ၈ နာရီလောက်က” လို့ ပြောပါတယ်။

    စစ်တပ်က သီပေါမြို့ထဲ ဝင်ရောက်ခါနီး အောက်တိုဘာ ၁၆ ရက် ညနေ ၃ နာရီခွဲလောက်ကစပြီး သီ‌ပေါမြို့ရှိ ဌာနဆိုင်ရာရုံးတချို့နဲ့ ဟိုတယ်တခု မီးလောင်ကျွမ်းကြောင်း ဒေသခံတွေက ပြောပါတယ်။

    သီပေါမြို့ခံ နောက်တယောက်က “ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ စိုက်ပျိုးရေးရုံး၊ ထောင်ကြီးတွေ မီးလောင်တာ။ ရှို့မီးပါ။ ဘယ်ဘက်က ရှို့တာလဲတော့ မသိဘူး။ ဟိုတယ်သီပေါမှာတော့ အမိုး slab ပေါ် လောင်နေတာကြောင့် လက်နက်ကြီးကျလို့ လောင်တာထင်တယ်။ ည ၈ နာရီထိ လောင်နေတယ်” လို့ ပြောပါတယ်။

    အရပ်ဝတ်နဲ့ မျက်နှာဖုံးအုပ်ထားတဲ့ လူ ၄ ယောက်က မီးလိုက်ရှို့နေတာတွေ့ရပြီး နေအိမ်တွေနဲ့ နီးကပ်တဲ့ စိုက်ပျိုးရေးရုံးနဲ့ မြေစာရင်းရုံးကို ဒေသခံတချို့ မီးလိုက်ငြှိမ်းသတ်နေချိန် မိုးရွာလာတာကြောင့် ဟိုတယ်သီပေါကလွဲပြီး နာရီဝက်လောက် အကြာမှာ မီးလောင်နေတာတွေ အကုန်လုံး ငြိမ်းသွားတယ်လို့ ဒေသခံက ပြောပါတယ်။

    မြို့ထဲ ဌာနဆိုင်ရာရုံးတွေ မီးလောင်နေချိန် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေလည်း ကြားရပြီးနောက် သီပေါ ဒုဌဝတီတံတားလည်း အဝင်၊ အထွက် ပိတ်သွားတယ်လို့ ဆိုပါတယ်။

    အောက်တိုဘာ ၁၆ ရက် ဒီမနက်မှာတော့ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုထက် ဒရုန်းတွေ အဓိက အသုံးပြု ပစ်ခတ်တိုက်ခိုက်သံ ကြားရကြောင်း ဒေသခံတွေက ပြောပါတယ်။

    သီပေါမြို့ရဲ့ မြောက်ဘက် မြို့နဲ့ တဖာလုံကျော်လောက် အကွာက ဖာဖိတ်ရွာ၊ နားလွယ်ရွာ အနီးတွေမှာ မနေ့မနက် ၁၁ နာရီကျော်က တိုက်ပွဲပြင်းထန်နေချိန် သီပေါမြို့တွင်းရှိ အရင် စစ်ကောင်စီ ဌာနဆိုင်ရာရုံးတချို့ မီးလောင်နေကြောင်း၊ ဌာနဆိုင်ရာရုံးတွေ မီးလောင်ပျက်စီး ဆုံးရှုံးမှု အသေးစိတ် အချက်အလက်တွေကို လက်ရှိ အတည်မပြုနိုင်သေးကြောင်း SSPP ဘက်က သတင်းထုတ်ထားပါတယ်။

    သီပေါမြို့ အစပ်တွေဘက် အောက်တိုဘာ ၁၆ ရက် ညနေပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ မကြာခဏ ကြားနေရတယ်လို့ ဆိုပါတယ်။

    အောက်တိုဘာ ၁၅ ရက် မနက် ၈ နာရီခွဲခန့်ကစ ညသန်းခေါင်အထိ သီပေါမြို့ အနီး ကောင်းခါးရွာနဲ့ နားခိုင်ရွာတွေဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကောင်းခါးရွာက အသက် ၆၀ အရွယ် လုံးထွန်းလ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကာ နေအိမ်တချို့၊ ဘုန်းကြီးကျောင်း၊ စေတီတွေ ထိခိုက် ပျက်စီးခဲ့ပါတယ်။

    သီပေါမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာ ၁၃ ရက်မှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။