Category: News

  • ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာများတွင် စတားလင့်အင်တာနက်များကို ပိုမိုတိုးချဲ့ အသုံးပြုလာမှု အမေရိကန်ကွန်ကရက်က စတင် စုံစမ်းစစ်ဆေးနေ

    ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာများတွင် စတားလင့်အင်တာနက်များကို ပိုမိုတိုးချဲ့ အသုံးပြုလာမှု အမေရိကန်ကွန်ကရက်က စတင် စုံစမ်းစစ်ဆေးနေ

    မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာများတွင် စတားလင့်အင်တာနက်များကို ပိုမိုတိုးချဲ့ အသုံးပြုလာမှု အမေရိကန်ကွန်ကရက်က စတင် စုံစမ်းစစ်ဆေးနေ

    ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာများတွင် စတားလင့်အင်တာနက်များကို ပိုမိုတိုးချဲ့ အသုံးပြုလာမှုအပေါ် အမေရိကန်ကွန်ကရက်က စတင် စုံစမ်းစစ်ဆေးနေကြောင်း AFP သတင်းတစ်ရပ်အရ သိရှိရသည်။

    ထိုင်းနိုင်ငံက မြဝတီမြို့နယ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်စင်တာများထံသို့ လျှပ်စစ်ဓာတ်အားနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက် စတားလင့်အင်တာနက်များကို အဓိက သုံးစွဲလာကြောင်း၊ ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာအဆောက်အအုံ များပေါ်တွင် စတားလင့်အင်တာနက်ဗန်းများ အများအပြား တင်ထားသည်ကိုတွေ့ရကြောင်း၊ ကျားဖြန့် အွန်လိုင်းငွေလိမ်စင်တာဖြစ်သော KK Park ၏ အဆောက်အအုံတစ်ခုပေါ်တွင် စတားလင့် အင်တာနက်ဗန်း ၈၀ နီးပါးမြင်တွေ့ရကြောင်း သိရှိရသည်။

    အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှ အစိုးရရှေ့နေများက စတားလင့်အင်တာနက်စနစ်ကို အသုံးပြု၍ ငွေလိမ်လည်မှုများ ကျူးလွန်ကြောင်း စတားလင့်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် တရားဝင် သတိပေးခဲ့သော်လည်း စတားလင့်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပေ။

    စိုးရိမ်ပူပန်နေကြသော ထိုင်းနှင့် အမေရိကန် နိုင်ငံရေးသမားများကလည်း စတားလင့်ဂြိုလ်တုအင်တာနက်ပိုင်ရှင် အီလွန်မတ်ကို သတိပေးနှိုးဆော်မှုများ လုပ်ဆောင်နေကြပြီး အမေရိကန် အထက်လွှတ်တော်အမတ် Maggie Hassan က အီလွန်မတ်ကို စတားလင့်အင်တာနက်ကို ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများက အသုံးပြုနေမှုကို အရေးယူဆောင်ရွက်ရန် တိုက်တွန်းသည်။

    ယခုအခါ အမေရိကန်ကွန်ဂရက်လွှတ်တော်ပူးတွဲစီးပွားရေးကော်မတီက ကျားဖြန့်အွန်လိုင်းငွေလိမ်လည်စင်တာများနှင့် စတားလင့်အင်တာနက်တို့ ပတ်သက်နေမှုများကို စတင် စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သိရှိရသည်။

    အမေရိကန် ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ အစိုးရရှေ့နေဟောင်း Erin West က “အမေရိကန်ကုမ္ပဏီတစ်ခုက ဒီလိုတွေ ဖြစ်နေဖို့အတွက် ပါဝင်ဆောင်ရွက်ပေးနေတာဟာ ရွံရှာစရာပါပဲ” ဟု ပြောကြားခဲ့သည်။

    ကျားဖြန့် ငွေလိမ်လည်ဂိုဏ်းများ၏ ပစ်မှတ်ထားများတွင် အမေရိကန်ကလည်း ပါဝင်နေပြီး ၂၀၂၄ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံခန့် ဆုံးရှုံးခဲ့ပြီး ၁၂ လအတွင်း ၆၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမေရိကန်အစိုးရဘဏ္ဍာရေးဌာနက ခန့်မှန်းထားသည်။

    အမေရိကန်က ယခင်လများအတွင်း ကျားဖြန့် ငွေလိမ်ဂိုဏ်းများ၏ အဓိက မြို့ဖြစ်သော ရွှေက္ကိုလ်မြို့နှင့် ပတ်သက်ဆက်စပ်နေသော လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီ ၉ ခုကို ပိတ်ဆို့အရေးယူခဲ့သည်။ သို့ရာတွင် ရွှေက္ကိုလ်တွင် အဆောက်အအုံ တည်ဆောက်မှုများမှာ အလျှင်အမြန်တိုးတက်နေဆဲဖြစ်သည်။

    ဓာတ်ပုံ- AFP

  • တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားနိုင်ခဲ့သော မြို့ပေါင်း ၁၀၄ မြို့အနက် ၁၁ မြို့ ပြန်လည်ဆုံးရှုံး

    စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ တရားဝင်ကြေညာလိုက်တဲ့နောက်ပိုင်း တော်လှန်ရေးအင်အားစုများဆီက ဆုံးရှုံးလိုက်ရတဲ့ နယ်မြေများကို အင်အားအလုံးအရင်းနဲ့ စစ်ဆင်ရေးအရှိန်မြှင့်ကာ ထိုးစစ်ဆင်လာတာ တွေ့ရပါတယ်။ ဒီထိုးစစ်ဆင်မှုများကြောင့် တော်လှန်ရေးအင်အားစုများ ကာလကြာရှည် ထိန်းချုပ်ထားခဲ့တဲ့ မြို့ပေါင်း ၁၀၄ မြို့အနက် တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရတဲ့ လားရှိုးမြို့အပါအဝင် ၁၁ မြို့ကို ပြန်လည်လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

    အဓိကအားဖြင့် စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေကို ပြသဖို့ ရည်ရွယ်ပြီး မဟာဗျူဟာမြောက် နယ်မြေများဖြစ်တဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကျောက်မဲ နဲ့ နောင်ချို ကဲ့သို့သော မြို့များကို လေကြောင်းအင်အား အပြင်းအထန်အသုံးပြုကာ ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံများနဲ့ ဘာသာရေးပွဲလမ်းများကိုလည်း စစ်ကောင်စီတပ်တွေဟာ လေကြောင်း၊ ဒရုန်း၊ စက်တပ်လေထီးတွေနဲ့ တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုများ မြင့်တက်လာတာကို တွေ့ရပါတယ်။

  • PDF တွေနဲ့အနီးဆုံးမှာ ရွေးကောက်ပွဲဝင်ပြိုင်ရမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးနှစ်ယောက်

    PDF တွေနဲ့အနီးဆုံးမှာ ရွေးကောက်ပွဲဝင်ပြိုင်ရမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးနှစ်ယောက်

    ခုခံတော်လှန်မှုအားကောင်းပြီး တော်လှန်ရေးတပ်ဖွဲ့ PDF တွေ အနီးဆုံးရှိနေတဲ့ စစ်ကိုင်းနဲ့ မကွေးကနေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဒုတိယဗိုလ်ချုပ်ကြီးနှစ်ယောက်ကို စစ်ခေါင်းဆောင်က ရွေးချယ်လိုက်ပါတယ်။

    မကြာသေးခင် တပ်ကအနားပေးခံရတဲ့ အဆင့်မြင့်တပ်အရာရှိကြီး အနည်းစုထဲက ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်က မကွေးမြို့နယ်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံက စစ်ကိုင်းမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ပြိုင်ရမှာပါ။

    ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိသူ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေထဲကနှစ်ယောက် ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် စစ်ကိုင်းမြို့နဲ့ မကွေးမြို့ဟာ တိုင်းအစိုးရအဖွဲ့ရုံးစိုက်တဲ့မြို့တွေဖြစ်ပြီး မြို့ပေါ်ကလွဲလို့ ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ

    ဒီလိုအခြေအနေမှာ ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်နဲ့ သက်ပုံတို့က စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

    “မဲဆန္ဒနယ်က သာမန်အားဖြင့် ကိုယ်တိုင် ရွေးခွင့်မရကြဘူး။ ကိုယ်ရေးမှတ်တမ်းနဲ့ တာဝန်ထမ်းဖူးတဲ့နေရာတွေကိုကြည့်ပြီး စစ်ခေါင်းဆောင်က သတ်မှတ်တာ” လို့ နေပြည်တော်စစ်ရုံးနဲ့နီးစပ်တဲ့ တပ်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်ကြီးသက်ပုံတို့ဟာ တစ်တပ်ထဲမှာ အတူနေခဲ့ဖူးပါတယ်။ သက်ပုံရဲ့ဇနီးဟာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးရဲ့သမီးဖြစ်ပြီး အဲ့ဒီကျောင်းအုပ်ကြီးဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဆရာလည်း ဖြစ်ပါတယ်။

    ၂၀၁၄ ခုနှစ်က အလွတ်တန်းသတင်းထောက် ကိုပါကြီး သတ်ဖြတ်ခံရမှုမှာ အဲ့ဒီကာလက တပ်မ ၂၂ရဲ့ တပ်မမှူးဖြစ်သူ သက်ပုံဟာ အဓိကတာဝန်ရှိသူ ဖြစ်ပါတယ်။ ကိုပါကြီးရဲ့ အလောင်းကို တူးဖော်စစ်ဆေးရာမှာ အမှုမှန်ပေါ်ပေါက်ခဲ့ပေမယ့် သက်ပုံက တာဝန်မယူဘဲ သူ့လက်အောက်က ခေတ္တတပ်ရင်းမှူးတစ်ယောက်ကို အပြစ်ပုံချခဲ့တယ်လို့ အဲ့ဒီအခြေအနေကို သိရှိတဲ့ တပ်အရာရှိဟောင်းတစ်ဦးက ပြောပြပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ

    ၂၀၁၉ခုနှစ်ကလည်း အမျိုးသားရေးအမည်ခံတွေနဲ့ဖွဲ့ထားတဲ့ မဘသအဖွဲ့အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းညီလာခံကို ရန်ကုန်တိုင်းရဲ့ စစ်တိုင်းမှူးတာဝန်ယူစဉ်က ဗိုလ်ချုပ်သက်ပုံ ကိုယ်တိုင်တက်ရောက်ပြီး ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ပါတယ်။

    အဲ့ဒီနောက် ၂၀၂၀နှစ်လယ်မှာ ရန်ကုန်တိုင်းလုံခြုံရေးကို အဓိကတာဝန်ယူတဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့၊ ကစထ(၅)မှာ အဖွဲ့မှူးအဖြစ် ၅နှစ်နီးပါး တာဝန်ယူခဲ့ပါတယ်။

    ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်က ဆန္ဒပြပြည်သူလူထုကို ပစ်ခတ်ဖြိုခွင်းမှုမှာ ဒုဗိုလ်ချုပ်ကြီးသက်ပုံက အဓိကတာဝန်ရှိသူတစ်ယောက် ဖြစ်ပါတယ်။

    မကွေးမြို့နယ်ကနေ ဝင်ပြိုင်မယ့် ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်ကတော့ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွေမှာ စစ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အပြင် NLD အစိုးရလက်ထက် ၂၀၂၀နဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်ထဲရေးဒုဝန်ကြီး ဖြစ်ခဲ့ပါတယ်။

    ၂၀၂၃ခုနှစ်မှာတော့ တပ်မတော်စစ်ဆေးရေးနဲ့စာရင်းစစ်ချုပ်ဖြစ်လာခဲ့ပြီး ခုတော့ သူ့ဇာတိ မကွေးမြို့ကနေ ရွေးကောက်ပွဲပြိုင်မှာဖြစ်ပါတယ်။

    ဒုဗိုလ်ချုပ်ကြီးစိုးတင့်နိုင်က သူ့အနေနဲ့ ရွေးကောက်ပွဲဝင်မှာဟာ တစ်ဦးတစ်ယောက်ရဲ့ တာဝန်ပေး၊ တိုက်တွန်းမှုကြောင့် မဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက် ဝင်ပြိုင်တာဖြစ်တယ်၊ တပ်ကနေ နိုင်ငံရေးဘက်ကို ဖြတ်ဝင်လာတဲ့ မိုးကျရွှေကိုယ်မဟုတ်ဘူးလို့ သူ့ရဲ့ လူမှုကွန်ရက် TikTok မှာ ရေးသားထားပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်

    အာဏာရှင်စစ်ခေါင်းဆောင်လက်အောက်မှာ မိမိသဘောဆန္ဒအလျောက် ရွေးကောက်ပွဲဝင်ပြိုင်တယ်ဆိုတာ ဘယ်လိုမှ ယုတ္တိမရှိဘူးလို့ တပ်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေစီစဉ်တဲ့ ၂၀၁၀ရွေးကောက်ပွဲကစလို့ ရွေးကောက်ပွဲနီးရင် တပ်အရာရှိအများအပြားကို အနားပေးပြီး ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ခိုင်းတာဟာ ဓလေ့တစ်ခုလိုတောင် ဖြစ်နေပါပြီ။

    ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်စီစဉ်တဲ့ အခု ၂၀၂၅ရွေးကောက်ပွဲမှာလည်း ဗိုလ်ချုပ်ကြီးတွေ၊ ဒုဗိုလ်ချုပ်ကြီးတွေနဲ့ တပ်အရာရှိအများအပြားကို ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ခိုင်းထားပါတယ်။

    လက်ရှိ စစ်ခေါင်းဆောင်စီစဉ်တဲ့ ရွေးကောက်ပွဲဟာ သူ့ဆရာဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ၂၀၁၀ရွေးကောက်ပွဲအခင်းအကျင်းနဲ့ ဆင်တူတယ်လို့ စစ်တပ်ထဲမှာ နှစ် ၂၀တာဝန်ထမ်းခဲ့တဲ့ CDM တပ်အရာရှိတစ်ဦးက ပြောပါတယ်။

  • နတ်ရေကန်ဗျူဟာစခန်း အချိန်မရွေးသိမ်းပိုက်ခံရနိုင်သဖြင့် စစ်တပ်ခံစစ်ပြင်

    ရခိုင်နဲ့ မကွေးအစပ်၊ အမ်း-မင်းဘူးကားလမ်းပေါ်မှာရှိပြီး အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေ ပိတ်ဆို့ ဖြတ်တောက်ထားတဲ့ နတ်ရေကန်ဗျူဟာစခန်းဟာ အချိန်မရွေး သိမ်းပိုက်ခံရနိုင်တာကြောင့် စစ်တပ်က ပဒါန်းမြို့နဲ့ ၅ မိုင်အကွာထိ ဆုတ်ပြီးခံစစ်ပြင်နေပါတယ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာရှိပြီး ပဒါန်းတပ်နယ်အတွက်အရေးပါတဲ့ နတ်ရေကန်ဗျူဟာစခန်းဟာ ပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့အတွက် အချိန်မရွေးကျသွားနိုင်တဲ့အခြေအနေရှိနေတယ်လို့ စစ်ရေးရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

    ဒါကြောင့် အမ်း-မင်းဘူးလမ်းကနေ တပ်ကူမပို့နိုင်‌တော့တဲ့ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ခဲယမ်း၊ ရိက္ခာတွေချပေးနေသလို ကပစ-၁၄ ကနေတဆင့် မြေပြင်တပ်ကူပို့ဖို့ကြိုးစားနေကြောင်း အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းမှာ စစ်ရေးရင်းမြစ်က ပြောပါတယ်။

    ရှေ့တန်းနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က “မနေ့က မနက်ကိုပဲ Y12 နဲ့ ရိက္ခာလာချတယ်။ အင်အားတွေရှိတယ်၊ ဒါပေမဲ့ ခဲယမ်းရိက္ခာမရှိတော့ဘူး။ နောင်ဆိုတဲ့ နောင်ရွာဆိုတာ သူတို့ အဲရွာမှာလည်း သူတို့စခန်းတည်ထားတာရှိတယ်။ အင်ပိုးနဲ့ ကပစ ၁၄ နဲ့က ဆက်စပ်လမ်းတွေ အဲလမ်းတွေက။ အဲလမ်းကနေပြီး ခြေလျင်တက်လာတယ်စစ်ကြောင်းတွေက၊ အဲမှာ ၃ ရင်းတဗျူဟာရှိတယ်။ အဲဒီနားပါပဲ ဒီအောက်ကြောဆိုရင် ပဇီလည်းသိမ်းပြီးပြီဆိုတော့ ‌အောက်မှာဘာရှိတုန်း ပျင်းဝရယ်၊ ဂုတ်ဝရယ် ဒါပဲရှိတော့မှာ။ ရတာတော့သေချာပြီ၊ ဒါပေမဲ့ အကောင်းတိုင်း လိုချင်တာပေါ့”လို့ ပြောပါတယ်။

    အာရက္ခတပ်တော် (AA) ဦးဆောင်တဲ့ပူးပေါင်းတပ်တွေဟာ အမ်း-မင်းဘူး လမ်းဟောင်းဘက်မှာဆို ပဇီရွာဝန်းကျင်၊ လမ်းသစ်ဘက်မှာဆို ဂုတ်ကြီးရွာဝန်းကျင်အထိ ထိန်းချုပ်ထားတာကြောင့် မြေပြင်စစ်ကူပို့မရဘဲ ပိတ်မိနေကြတာလို့ သူက ဆက်ပြောပါတယ်။

    ဒါကြောင့်ပဲ စစ်တပ်ဟာ ကပစ-၁၄ ကနေတဆင့် တောလမ်းအတိုင်း လိုင်ရွာနဲ့ နောင်ရွာဘက်တွေကနေ ခြေလျင်တပ်တွေပို့ဖို့ကြိုးစားနေလို့ အောက်တိုဘာ ၁၂ ရက်ညပိုင်းအထိ တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။

    ဒါ့အပြင် ပဒါန်းမြို့နဲ့ ၅ မိုင်လောက်အကွာမှာရှိတဲ့ သာယာကုန်းရွာနဲ့ ရိုးမအဆင်းက ဇင်ပြွန်းရွာအကြား ခံစစ်ပြင်နေကြောင်းသိရပါတယ်။

    ငဖဲဒေသခံ အမျိုးသားတယောက်က “အခုက ခံစစ်က ဟိုမှာရောက်နေပြီ။ ပျဉ်းဝက မစ်ဆိုင်းဒုန်းတွေ ပစ်တဲ့နားမှာ အဲမှာထိုင်တယ်လေ။ ဘုရားကုန်းကျော်ပြီးတော့ အနောက်လမ်းဟောင်းရော၊ လမ်းသစ်ကောက သွားဖို့မလွယ်ဘူးလေ။ ဟိုဘက်ကစီးထားတာကိုး PDF တွေက။ ကျနော်တို့ ပဒါန်းကတော့ ပုံမှန်အတိုင်းနေတယ်နော်။ ကျနော်တို့က အရပ်စကားနဲ့ ဘယ်လိုပြောရမလဲ အရေထူပြီဆိုတဲ့သဘောမျိုး ရောက်နေပြီထင်တယ်။ ဘာလို့လဲဆို‌တော့ သိပ်လှုပ်တာ ပြုတာမကြားသေးဘူး။ ဒါပေမဲ့ ဒီနားပဲ ကိုယ့်အနားကပ်လာပြီ ရွာနားရောက်ပြီဆိုရင်တော့ မပြောတတ်သေးဘူးလေ အဲဒီအခါဆိုရင်တော့ တမျိုးပေါ့”လို့ ပြောပါတယ်။

    အောက်တိုဘာ ၁၃ ရက်၊ မနက်ပိုင်းမှာတော့ လက်နက်သံခဏငြိမ်နေပြီး နတ်ရေကန်ဗျူဟာကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်တဲ့သတင်း မကြားရသေးကြောင်း သူကဆက်ပြောပါတယ်။

    AA ဦးဆောင်တဲ့တပ်တွေဟာ နတ်ရေကန်ဗျူဟာစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ထိုးစစ်ဆင်ခဲ့တယ်လို့ခန့်မှန်းရတာကြောင့် အခုချိန်ထိဆိုရင် ၈ လ ဝန်းကျင်ကြာမြင့်လာပါပြီ။

    နတ်ရေကန်ဗျူးဟာရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး ဒီဒေသမှာ တာဝန်ကျဖူးသူ CDM ဗိုလ်ကြီး ကိုဇင်ယော်က “နတ်ရေကန်စခန်းကို ရမယ်ဆိုရင်တော့၊ အနှစ်ချုပ်ဆိုရင်တော့ အမ်း ချီစစ်အိမ်မက် လုံးဝပျက်သွားပြီ။ ပြီးရင် ပဒါန်းတပ်နယ် လုံးဝနောက်ဆုတ်ရွှေ့ပြေးရမယ်။ နောက်ဆုတ်ရွှေ့ပြေးရမယ် ပေါ့နော်ပြီးရင် ပုသိမ်-မုံရွာလမ်းကိုလည်း ၅၀ ရာခိုင်နှုန်းကျော် ဖြတ်တောက်လိုက်နိုင်ပြီလို့ ပြောရမှာဖြစ်ပါတယ်ဗျ”လို့ ပြောပါတယ်။

    ဒါကြောင့် နတ်ရေကန်ဗျူဟာသာကျခဲ့မယ်ဆိုရင် ကပစ-၁၄ ကိုပေးလိုက်ရမှာဖြစ်သလို ပဒါန်းတပ်နယ် အတွက်လည်း ခြိမ်းခြောက်မှုဖြစ်လာမှာကြောင့် စစ်တပ်က မဖြစ်မနေ တန်ပြန်တိုက်စစ်ဆင်လိမ့်မယ်လို့ ကိုဇင်ယော်က ခန့်မှန်းပါတယ်။

    ဒါအပြင် နတ်ရေကန်ဗျူဟာဖွဲ့စည်းပုံဟာ လေကြောင်းတိုက်ခိုက်ဖို့လွယ်ကူတာကြောင့် AA အနေနဲ့ သိမ်းပိုက်နိုင်ခဲ့ရင်တောင် အထိုင်ချမှာ မဟုတ်ဘဲ ဖြတ်တောက်ထားလိမ့်မယ်လို့ သူက ဆိုပါတယ်။

    ဒီလိုအခြေအနေတွေကြောင့်ပဲ အမ်း-မင်းဘူး၊ ရိုးမလမ်းပိုင်းဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်ခြေ ရှိနေပြီး စစ်ဧရိယာကျယ်ပြန့်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

    ပဒါန်းတပ်နယ်မှာ စစ်တပ်က ကပစ-၁၄ အပါအဝင် အမတ-၃၇၅၊ အမတ-၄၀၉နဲ့ အမြောက်ကွပ်ကဲမှု စစ်ဌာနချုပ် မစခ-၉၀၅ တို့ကို အခြေစိုက်ထားတာ ဖြစ်ပါတယ်။

    စိုးသူအောင်

  • ရေးမြို့နယ် အာယုတောင်ဘက်ခြမ်းရှိ စစ်တပ်၏ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

    ရေးမြို့နယ် အာယုတောင်ဘက်ခြမ်းရှိ စစ်တပ်၏ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

    မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ဘက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်၏ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့၏ ခေါင်းဆောင် ရေးဘီလူးက ပြောကြားသည်။

    ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ အနီးနားအထိ သွားရောက်၍ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    “ကျွန်တော်တို့ မနေ့တုန်းက ၁၃ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ ၃၄၃ အာယုတောင်ဘက်ခြမ်းမှာ ရှိတဲ့ ၃၄၃ တပ်ကို လက်နက်ကြီး သွားပစ်တာပေါ့။ တပ်ထဲကိုတော့ ၆၀ အသီးတော့ ကျတယ်။ ၃ လုံးပစ်တယ် ၃ လုံး လုံးကွဲတယ်။ ကျွန်တော်တို့ တပ်အနီးနားအထိကို ဝင်ရောက်ပစ်ခတ်နိုက်ခဲ့တယ်”ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ပြောကြားသည်။

    ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်သားများ၏ ထိခိုက်မှု စာရင်း မသိရှိရသေးကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရှိရသည်။