Category: News

  • ပွဲငှားသူမရှိသဖြင့် တပ်ထောက်ခံသူ လူရွှင်တော် ဒိန်းဒေါင်နှင့်အဖွဲ့ ညည်းတွား

    ပွဲငှားသူမရှိသဖြင့် တပ်ထောက်ခံသူ လူရွှင်တော် ဒိန်းဒေါင်နှင့်အဖွဲ့ ညည်းတွား

    အာဏာသိမ်းစစ်တပ်ကို အားပေး ထောက်ခံခဲ့တဲ့ လူရွှင်တော် ဒိန်းဒေါင်နဲ့အဖွဲ့ကို စစ်အာဏာရှင်ဆန့်ကျင်သပိတ်မှောက်နေသူတွေရော တပ်ထောက်ခံသူတွေကပါ ပွဲမငှားတော့လို့ စားဝတ်နေရေးအတွက် ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ လူရွှင်တော်အသိုက်အဝန်း ဆီက သိရပါတယ်။

    စစ်တပ်ကို ထောက်ခံပေမဲ့ စစ်တပ်ကပါ ပွဲမငှားလို့ ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ အောက်တိုဘာ ၁၁ ရက်က မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်မှာ ပြုလုပ်တဲ့ လူရွှင်တော်ရွာစီမံကိန်း ပန္နက်ရိုက်ပွဲမှာ ဟာသပညာရှင်အစည်းအရုံးဥက္ကဋ္ဌ ဒိန်းဒေါင် ကိုယ်တိုင်က ပြည်တွင်းမီဒီယာတွေမှာ ပြောဆိုခဲ့ပါတယ်။

    “ဒိန်းဒေါင်ပါတဲ့ ရုပ်ရှင်ကားတွေ ရုံတင်တဲ့အခါ လူလာမကြည့်ရင် မင်းတာဝန်ယူမလားဆိုတဲ့ ပရိုဂျူဆာတွေ ဒါရိုက်တာတွေလည်း ရှိတယ်။ အခုက ဘယ်သူကားရိုက်ခေါ်မလဲ ဘယ်သူပွဲငှားမလဲ စောင့်ရတဲ့အနေအထား ဖြစ်နေပြီ။ ဥပမာ ကျနော် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပြောမယ်၊ တဖက်က မငှားရင် တဖက်ကတော့ ငှားသင့်တယ်။”

    စစ်ကောင်စီရဲ့ တိုင်းရုံးတွေ၊ ဌာနဆိုင်ရာတွေမှာ ၂၀၂၃ ခုနှစ်လောက်အထိ ဖျော်ဖြေခဲ့ရ​ပေမဲ့ ၂၀၂၄ ခုနှစ်ကစပြီး ဒီနေ့အထိ ငှားရမ်းတာတွေ မရှိတော့ဘူးလို့ ဒိန်းဒေါင်က ဆိုပါတယ်။

    မြဝတီရုပ်မြင်သံကြားမှာ တနှစ်တကြိမ်လောက်သာ ရိုက်ရပြီး မြန်မာ့ရုပ်မြင်သံကြားမှာတော့ တကြိမ်ပဲ ရိုက်ရသေးတယ်လို့ ဆက်ပြောပါတယ်။

    လူရွှင်တော်ဒိန်းဒေါင်ကို ရုပ်ရှင်ဇာတ်ကား ၂ ကားမှာ ဇာတ်ပို့နေရာကနေ သရုပ်ဆောင်ဖို့ ထုတ်လုပ်ရေးကုမ္ပဏီတခုက စီစဥ်ခဲ့ပေမဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေက ဝိုင်းဝန်းကန့်ကွက်ခဲ့တာကြောင့် အခုထိမခေါ်တာလို့ ရုပ်ရှင်လောကသားတယောက်က DVB ကို ပြောပါတယ်။

    ၂၀၂၂ ခုနှစ် နောက်ပိုင်းကစပြီး လူရွှင်တော်ဒိန်းဒေါင်က စစ်ခေါင်းဆောင်ကြိုဆိုပွဲနဲ့ တိုင်းရင်းသားလက်ကိုင်တွေကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပေမဲ့ စစ်တပ်ကရိုက်ကူးတဲ့ ဇာတ်ကားတွေမှာ ခေါ်ယူတာမရှိသလို ဝန်ကြီးဌာနတွေက ပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေမှာလည်း သူ့ကို ခေါ်မသုံးတော့ကြောင်း ပြန်ကြားရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “စစ်တပ်က ဂုဏ်ပြုဇာတ်ကားတွေ ရိုက်မယ်ဆိုရင်တောင် မကြီးစိုးတို့ ခန့်စည်သူတို့ မေသဥ္ဇာဦး၊ ဟာသဆိုလည်း တခြားလူတွေပဲခေါ်တော့တယ်။ ၆၁ နှစ်မြောက် ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဇာတ်လမ်းမှာတောင် စစ်တပ်ကို ထောက်ခံသူချင်း အတူတူ ဒိန်းဒေါင်ကို မခေါ်ဘူး။ ခင်လှိုင်နဲ့ သွက်လက်ပဲ ခေါ်သုံးတာ၊ သူပါတဲ့ဇာတ်ကားဆို လူတွေမကြည့်မှာစိုးလို့။”

    စစ်တပ်ကို အစဥ်တစိုက် ထောက်ခံခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ စစ်ခေါင်းဆောင်က လူရွှင်တော်တွေ အားလုံးအတွက် ဆိုပြီး မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်က မြေ ၅ ဧကကို ပေးခဲ့ပါတယ်။

    ၂၀၂၄ ခုနှစ် သြဂုတ်လမှာ MNDAA အဖွဲ့က ရမခတိုင်းစစ်ဌာနချုပ်ကို သိမ်းဆည်းရမိချိန်မှာ လူရွှင်တော် ဒိန်းဒေါင်နဲ့အဖွဲ့က နေပြည်တော်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။

    စစ်တပ်အာဏာသိမ်းတာကို လူထုက လက်မခံဘဲ စုပေါင်းအားနဲ့ တွန်းလှန်နေစဥ် ပြည်သူလူထုက ယုံကြည်ရတဲ့ အနုပညာရှင်တယောက်က စစ်တပ်နဲ့ ပူးပေါင်းတဲ့အတွက် ပြည်သူတွေက လူမှုရေးပြစ်ဒဏ် အဖြစ် အခုလိုဒဏ်ခတ်တာလို့ အနုပညာအသိုက်အဝန်းက သုံးသပ်ကြပါတယ်။

    စစ်တပ် အာဏာသိမ်းပြီးချိန်ကစပြီး ရှေ့တန်းစစ်သည်တွေကို ဖျော်ဖြေရေးနဲ့ ရန်ပုံငွေကပွဲတွေမှာ ပါဝင်ခဲ့တဲ့ ဒိန်းဒေါင်ကို စစ်ခေါင်းဆောင်က ၂၀၂၂ ခုနှစ် လူမှုထူးချွန်ဆု ဒုတိယအဆင့်ကို ပေးခဲ့ပါတယ်။

    ဒိန်းဒေါင်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ Plenary Hall မှာ ဝန်ကြီး ဦးမောင်မောင်အုန်း၊ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့နဲ့ ပူးပေါင်းကာ သက်ကြီးပညာရှင် ကန်တော့ပွဲနဲ့ ဟာသပညာရှင်ဆုပေးပွဲ လုပ်ခဲ့တာလည်း ရှိပါတယ်။

  • ထရမ့် ရဲ့စကားတစ်ခွန်းကြောင့် နည်းပညာကမ္ဘာ ငလျင်လှုပ်

    ထရမ့် ရဲ့စကားတစ်ခွန်းကြောင့် နည်းပညာကမ္ဘာ ငလျင်လှုပ်

    တစ်ရက်တည်းနဲ့ ဒေါ်လာ ဘီလီယံ ၇၇၀ ကျော် ဆုံးရှုံး

    ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမယ့် ကြေညာချက်တစ်ခုတည်းနဲ့ အမေရိကန် နည်းပညာလောကတစ်ခုလုံး သွေးပျက်သွားခဲ့ရပါတယ်။ Amazon, Nvidia နဲ့ Tesla အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေရဲ့ ဈေးကွက်တန်ဖိုး စုစုပေါင်း ဒေါ်လာ ဘီလီယံ ၇၇၀ ဟာ နာရီပိုင်းအတွင်းမှာပဲ လေထဲတင် ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဧပြီလနောက်ပိုင်း အဆိုးရွားဆုံး ဈေးကွက်ပြိုလဲမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

    ဘယ်သူတွေ အထိနာဆုံးလဲ?

    အထိအနာဆုံးကတော့ AI ချစ်ပ်ဘုရင် Nvidia ပါပဲ။ ကုမ္ပဏီရဲ့တန်ဖိုးဟာ တစ်ရက်တည်းနဲ့ ဒေါ်လာ ၂၂၉ ဘီလီယံနီးပါး ထိုးကျသွားခဲ့ပြီး ဒါဟာ ကုမ္ပဏီကြီးတွေထဲမှာ အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ လွန်ခဲ့တဲ့ စက်တင်ဘာလကမှ ဈေးကွက်တန်ဖိုး ဒေါ်လာ ၄.၅ ထရီလီယံနဲ့ သမိုင်းမှတ်တိုင်စိုက်ထူခဲ့တဲ့ Nvidia အတွက်တော့ ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုပါပဲ။

    ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဈေးဝယ်ကုမ္ပဏီကြီး Amazon လည်း အထိနာခဲ့ပြီး တန်ဖိုး ဒေါ်လာ ဘီလီယံ ၁၂၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။ ဒီဆုံးရှုံးမှုကြောင့် ဒီနှစ်အတွင်းမှာ သူတို့ရှာထားတဲ့ အမြတ်တွေအားလုံးကို ပြန်ဆုံးရှုံးသွားခဲ့ရပါတယ်။

    အလားတူပဲ Microsoft က ဒေါ်လာ ၈၅ ဘီလီယံ ၊ လျှပ်စစ်ကားကုမ္ပဏီ Tesla က ဒေါ်လာ ၇၁ ဘီလီယံ ဆုံးရှုံးခဲ့ကြပါတယ်။ Google ရဲ့မိခင်ကုမ္ပဏီ Alphabet နဲ့ Facebook ပိုင်ရှင် Meta တို့ရဲ့ စတော့တွေလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။

    ကုမ္ပဏီတွေတင်မကဘူး… သူဌေးကြီးတွေရဲ့ ပိုက်ဆံတွေလည်း အငွေ့ပျံသွား

    ဒီဈေးကွက်တုန်ခါမှုရဲ့ဒဏ်ကို ကမ္ဘာ့အချမ်းသာဆုံး နည်းပညာသူဌေးကြီးတွေလည်း အလူးအလဲ ခံခဲ့ရပါတယ်။

    ✅ Elon Musk (Tesla CEO): သူ့ရဲ့ ပိုင်ဆိုင်မှု ဟာ တစ်နေ့တည်းနဲ့ ဒေါ်လာ ၁၆ ဘီလီယံ လျော့ကျသွားခဲ့ပါတယ်။

    ✅ Jeff Bezos (Amazon တည်ထောင်သူ) နဲ့ Mark Zuckerberg (Meta CEO): သူတို့နှစ်ယောက်ကတော့ တစ်ယောက်ကို ဒေါ်လာ ၁၀ ဘီလီယံစီ ဆုံးရှုံးခဲ့ကြပါတယ်။

    ✅ Jensen Huang (Nvidia CEO): သူ့ရဲ့ ပိုင်ဆိုင်မှုထဲကနေ ဒေါ်လာ ၈ ဘီလီယံ ဆုံးရှုံးခဲ့ပါတယ်။

    ထရမ့်ရဲ့ ကြေညာချက်တစ်ခုဟာ ကမ္ဘာ့အချမ်းသာဆုံး လူတွေနဲ့ အအောင်မြင်ဆုံး ကုမ္ပဏီတွေကို ဘယ်လောက်တောင် လှုပ်ခတ်သွားစေနိုင်လဲဆိုတာကို ဒီဖြစ်ရပ်က သက်သေပြနေပါတယ်ခင်ဗျာ။

    Ref : Times of India

  • မြန်မာစစ်တပ် ကျင်းပမည့်  ရွေးကောက်ပွဲသို့ အာဆီယံက စောင့်ကြည့်လေ့လာရေးအဖွဲ့များ  စေလွှတ်ဖွယ်မရှိဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော

    မြန်မာစစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲသို့ အာဆီယံက စောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်ဖွယ်မရှိဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော

    မြန်မာနိုင်ငံတွင် စစ်တပ်က ကမကထပြုလုပ်မည့် ရွေးကောက်ပွဲသို့ အာဆီယံက စောင့်ကြည့်လေ့လာရေး စေလွှတ်ဖွယ်မရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ထုတ်ဖော်ပြောဆိုသည်။

    အောက်တိုဘာလ ၁၃ ရက်နေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က ပြောဆိုခြင်းဖြစ်ကြောင်း Free Malaysia Today (FMT) က သတင်းဖော်ပြသည်။

    မြန်မာစစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် အာဆီယံက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ စေလွှတ်ရန် သဘောတူသည်ဟု သတင်းထုတ်ပြန်ခဲ့မှုအပေါ် သတင်းထောက်များက မေးမြန်းစဉ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား စစ်တပ်၏ ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်၊ မစေလွှတ်ကို ဆွေးနွေးရဦးမည်ဖြစ်ကြောင်း၊ သို့ရာတွင် စေလွှတ်ဖွယ်မရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

    “အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးဆုံးဖြတ်မှာဖြစ်ပေမယ့် အာဆီယံက သဘောတူမယ်လို့တော့ ကျနော် မမျှော်လင့်ပါဘူး” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ရှင်းပြသည်။

    စစ်ကောင်စီက အောက်တိုဘာလ ၉ ရက်နေ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်တွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုကို ဝမ်းသာပြီး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်မည်ဖြစ်သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး က ပြောဆိုကြောင်း လိမ်လည်သတင်းထုတ်ပြန်ခဲ့သည်။

    မလေးရှားလွှတ်တော်အမတ်တချို့နှင့် မလေးရှား နိုင်ငံခြားရေး ၀ န်ကြီးဟောင်း Saifuddin Abdullah ကလည်း စစ်တပ်၏ ရွေးကောက်ပွဲကို မလေးရှားက ထောက်ခံသည်ဟု မြန်မာစစ်တပ်က သတင်းထုတ်ပြန်ခဲ့မှုအတွက် ရှင်းလင်းပေးရန် မလေးရှားအစိုးရကို ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။

    ဇူလိုင်လအတွင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေး ဖြေရှင်းရေးအတွက် ရွေးကောက် ပွဲမှာ ဦးစားပေးမဟုတ်ကြောင်း အာဆီယံက တရားဝင် ကြေညာချက်ထုတ်ပြန် အသိပေးခဲ့သည်။

    အကြမ်းဖက်စစ်တပ်က အာဆီယံက ချမှတ်ထားသော ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာခြင်းမရှိသဖြင့် စစ်ခေါင်းဆောင်နှင့် ဝန်ကြီးများကို အာဆီယံ ထိပ်သီးအစည်းအဝေးများ တက်ခွင့်မပြုဘဲ အာဆီယံက အရေးယူထားသည်။

  • ဧရာဝတီတိုင်း တိုက်ပွဲများ၌ ဒဏ်ရာရစစ်သား များပြားသဖြင့် ယာယီဆေးရုံပြုလုပ် ကုသနေရ

    ဧရာဝတီတိုင်းထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က စစ်သားတွေ ဒဏ်ရာရရှိမှု များပြားတာကြောင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်ထဲက စစ်ဆေးရုံမှာ ဆေးကုသနေရတဲ့ လူနာပြည့်တဲ့အထိ ဖြစ်နေလို့ အားကစားကွင်းထဲမှာ ယာယီဆေးရုံဆောက်ပြီး ကုသနေရတယ်လို့ သိရပါတယ်။

    ဧရာဝတီတိုင်းထဲက ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူ၊ သာပေါင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အောက်တိုဘာလ ပထမအပတ်က စတင်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်သားတွေကို အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ရှိ ပုသိမ် စစ်မြေပြင်ဆေးတပ်ရင်း မဆရ-၄ အတွင်းကို ပို့ဆောင်ကာ ဆေးကုသနေရတဲ့ ဒဏ်ရာရရှိသူတွေ များပြားလွန်းတာကြောင့် ဆေးကုသဖို့နေရာ မလုံလောက်တဲ့အထိ ဖြစ်နေတာလို့ သိရပါတယ်။

    ပုသိမ်ဆေးတပ်ရင်းနဲ့ နီးစပ်သူတယောက်က “ဒဏ်ရာရစစ်သား များလို့ပါ။ တိုင်းအတွင်း စစ်ဆင်ရေးကနေ ရလာတဲ့ ဒဏ်ရာရစစ်သည်တွေချည်းပါပဲ။ လူနာတွေကို ဆေးရုံအတွင်းမှာရှိတဲ့ ခုတင်တွေ မလောက်တော့လို့ အရေးပေါ်ပြင်ဆင်ရတာ။ ဆေးတပ်ရင်းအရှေ့မှာရှိတဲ့ ကစားကွင်းမှာ ယာယီဆေးရုံပုံစံနဲ့ ကုသနေရတာ” လို့ ပြောပါတယ်။

    လက်ရှိ ပုသိမ် စစ်မြေပြင်တပ်ရင်း (ဆမရ-၄) မှာ ဆေးကုသမှု ခံယူနေရတဲ့ ဒဏ်ရာရရှိတဲ့ စစ်သားလူနာ အယောက် ၂၀၀ ထက်မနည်း ရှိနေပြီး သာမန်ဒဏ်ရာရရှိသူတွေကို ရေကြည် အမြောက်တပ် ၃၄၄ နဲ့ ကျုံကျော် ခလရ ၃၆ တပ်ရင်းတွေမှာ ထားရှိ ကုသပေးနေတာလို့ သိရပါတယ်။

    ပုသိမ်က တပ်မိသားစုဝင်တယောက်က “ဒီဘက်ကို ရောက်လာတဲ့ လူနာတွေက အတော်ဆိုးတဲ့ စစ်သားလူနာတွေလို့ သိရတယ်။ တပ်သားသစ်တွေလား၊ အဟောင်းတွေလားဆိုတော့ သီးသန့် မသိရသေးပါဘူး။ လူနာကတော့ အရမ်းများတယ်။ ဆေးဝါးတွေကို ဗဟိုကနေ တိုက်ရိုက်ပို့ပေးနေတယ်” လို့ ပြောပါတယ်။

    အဲဒီစစ်ဆေးရုံနဲ့ ယာယီဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေရတဲ့သူတွေထဲမှာ တပ်ရင်းမှူး၊ ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်တွေပါ ပါဝင်ပြီး သေဆုံးသူတွေလည်း ရှိတာကြောင့် ပုသိမ်က ရွှေမြင်တင် သုသာန်မှာ ညဘက်တွေပါမကျန် တိတ်တဆိတ် သင်္ဂြိုဟ်နေရတယ်လို့ သိရပါတယ်။

    အခုလို အခြေအနေ ဖြစ်ပေါ်နေပေမဲ့ စစ်ကောင်စီက ဧရာဝတီတိုင်းထဲက လက်လွှတ်ထားရတဲ့ ဆုံးရှုံးနယ်မြေတွေ ပြန်လည်ရယူဖို့ စစ်မှုထမ်းလူငယ်တွေကို ရက်တို စစ်သင်တန်းတွေပေးပြီး ရှေ့တန်းကို ပို့နေတယ်လို့ သိရပါတယ်။

  • သီပေါနှင့် ၃ မိုင်ခန့်အကွာအထိ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာ

    သီပေါနှင့် ၃ မိုင်ခန့်အကွာအထိ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာ

    ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲခရိုင်၊ သီပေါမြို့နဲ့ ၃ ခန့်မိုင်အကွာအထိ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

    ဒေသခံ အမျိုးသမီးတယောက်က “ကျောက်မဲဘက်က စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာလ ၁၃ ရက်ည နားခဲမှာ အနားယူတယ်။ ဘော်ကြို ကျော်ပြီ” လို့ ပြောပါတယ်။

    အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်းတွေ ဘော်ကြိုရွာကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။

    ဒေသခံ အမျိုးသားတယောက်က “စစ်တပ်က ဘော်ကြိုရောက်ပြီ။ ကျောက်မဲကို မဝင်ခင် ၃ ရက်လောက်ကတည်းက TNLA ဘက်က အခွံပဲ ချန်ထားတဲ့သဘော။ လူတချို့ပဲချန်ခဲ့ပြီး ပြောင်းသွားတာ” လို့ ပြောပါတယ်။

    ပြီးခဲ့တဲ့ သုံး‌လေးရက်ကတည်းက စစ်တပ်က အရာရှိတွေ ဘော်ကြိုရွာရောက်ပြီလို့ ပြောတာ ကြားခဲ့တယ်လို့ သူက ပြောပါတယ်။

    ဒီနေ့ အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က သီပေါမြို့ကို အပြီးသတ် ဝင်ရောက်ထိန်းချုပ်သွားမယ်လို့ ယူဆကြောင်း ဒေသခံတွေက ပြောပါတယ်။

    လားရှိုး-သီပေါ-မန္တလေး လမ်းမကြီးကိုတော့ လာမယ့် အောက်တိုဘာ ၁၉ ရက်၊ ၂၀ ရက်နေ့တွေက စပြီး သွားလာနိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူက ပြောပါတယ်။

    စစ်ကောင်စီက လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် မြို့တွေစာရင်းထဲမှာ သီပေါမြို့ကိုလည်း ထည့်သွင်းထားပြီး အောက်တိုဘာ ၁ ရက်က ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် သီပေါမြို့ဘက် ဦးတည်ကာ ဆက်တိုက် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

    သီပေါမြို့ကိုတော့ မြောက်ပိုင်း မဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအတွင်း ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလက TNLA နဲ့ ပူးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။