Category: News

  • စည်ပင်က အပင်ကြီးများခုတ်၊ ရေမြောင်းချဲ့ပြီးနောက် အိမ်ထဲရေဝင်ရောက်သည်အထိ ဖြစ်လာ

    စည်ပင်က အပင်ကြီးများခုတ်၊ ရေမြောင်းချဲ့ပြီးနောက် အိမ်ထဲရေဝင်ရောက်သည်အထိ ဖြစ်လာ

    ရန်ကုန်မြို့တော်စည်ပင်က ရေမြောင်းတွေချဲ့ဖို့ လမ်းမကြီးနဲ့လမ်းကြားဘေးဝဲယာရှိ သစ်ပင်ကြီးငယ်တွေကိုခုတ်ပြီး ရေမြောင်းတွေကိုချဲ့ထားပေမဲ့လည်း ဒီကနေ့ အောက်တိုဘာ ၉ ရက် ညနေပိုင်းက မိုးရွာသွန်းပြီးချိန်မှာ တအိမ်လုံး ရေဝင်နစ်မြှုပ်တဲ့အထိ ဖြစ်လာပါတယ်။

    တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးအနီးမှာ ရေမြောင်းတွေချဲ့ပြီးတဲ့နောက် နေအိမ်ထဲထိ ရေဝင်ရောက်လာတဲ့အခြေနေကို မြို့ခံတယောက်က “ရေက ပိုပြီးတော့ဝင်တာပေါ့။ အခုဒါ အရင်တုန်းက ကျနော်တို့ အဲ့လိုဝင်တာမှ မဟုတ်တာ။ ဒီလောက်ပဲခပ်ထုတ်ရတာ၊ အခုဒီလိုမျိုးဖြစ်သွားတာ။ အခုအိမ်အနောက်ထိ” လို့ ပြောပါတယ်။

    မြောင်းကျယ်ကြီးတွေတူးဖို့အတွက် အိမ်ရှေ့မျက်နှာစာတွေမှာ စိုက်ပျိုးထားတဲ့ အလှပန်းပင်နဲ့ ဗန်ဒါပင်လို အရိပ်ကောင်းပြီး နှစ်ပေါင်း ၅၀ ကျော် အပင်ကြီးတွေကိုပါ ခုတ်ပြီးမြောင်းတွေ လိုက်တူးခဲ့ပေမဲ့ မြောင်းအကျယ်ကြီးတွေတူးပြီးမှ အိမ်တွေထဲကို ရေပိုပြီး ဝင်ရောက်လာတာဖြစ်ပါတယ်။

    ဒါ့အပြင် ပြောင်းလဲလာတဲ့ မိုးရွာသွန်းမှုပုံစံကိုလိုက်ပြီး လမ်းမကြီးတွေ ပေါ်ရေမတင်အောင် ရေမြောင်းကျယ်ကြီးတွေ တူးခဲ့ပေမဲ့ ရေလမ်းကြောင်းတွေဟာ ချောင်းကျယ်ဘက်ကို တသက်လုံးစီးဆင်းနေရာကနေ ချောင်းနဲ့ဆန့်ကျင်ဘက်အရပ်ကို စီးဆင်းလာတဲ့အတွက် စည်ပင်ရဲ့မြောင်းတူးလာတဲ့ အစီအစဥ်ပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။

    အောက်တိုဘာ ၉ ရက် ညနေပိုင်းမှာ မိုးရွာသွန်းပြီးတဲ့နောက် တောင်ဥက္ကလာပမြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာပါ လမ်းရေကျော်တာ၊ ရေဝင်ရောက်တာတွေကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။

  • မဲစာရင်း မှားတယ်လို့ ဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေ ခေါ်မေးခံနေရသလား၊ အဖမ်းခံရတာလား

    မဲစာရင်း မှားတယ်လို့ ဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေ ခေါ်မေးခံနေရသလား၊ အဖမ်းခံရတာလား

    နေပြည်တော်မှာ မဲစာရင်း မှားတယ်လို့ ဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေ ခေါ်မေးခံနေရသလား၊ အဖမ်းခံရတာလား

    နေပြည်တော်မှာ မဲစာရင်း မှားတယ်လို့ ဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေကို မနေ့ညပိုင်း စစ်တပ်က နေအိမ်ကနေ လာရောက် ခေါ်ဆောင်သွားပြီး ဒီနေ့မှာ အဆက်အသွယ်မရတော့ဘူးလို့ သိရပါတယ်။

    အောက်တိုဘာလ ၅ ရက်နေ့မှာ ဘူးလက်လှဆွေက နေပြည်တော်မှာ မဲစာရင်းတွေ မှားနေတဲ့အကြောင်း၊ လူဦးရေ ၅၀၀ ရှိရင် ၃၀၀ လောက်မှားနေကြောင်း၊ သေတဲ့သူတွေ စာရင်းပါနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မိသားစုတောင် မဲစာရင်း မပါကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲကာလ မဲစာရင်းအဟောင်းကို သုံးတယ်လို့ ယူဆကြောင်း၊ မဲစာရင်းများ အလွန်ကွာဟနေပြီး မဲစာရင်းများ ပြန်လည် ပြုပြင်ရန်ပင် အချိန် ၁ ပတ်သာ ကျန်တော့ကြောင်း၊ မဲစာရင်းမှားယွင်းမှု အဆင်မပြေကြောင်း ဘူးလက်လှဆွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    အဲဒီနောက် အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်းမှာ ဘူးလက်လှဆွေကို စစ်တပ်က နေအိမ်ကနေ လာရောက် ခေါ်ဆောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး ဒီနေ့အထိ ဘူးလက်လှဆွေရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း ဖုန်းခေါ်လို့ မရတော့ပါဘူး။

    ပုံမှန်အားဖြင့် နေ့စဉ် တစ်တော့မှာ ဗီဒီယိုလေးတွေ တင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ အာဏာသိမ်းမှု အခြေအနေတွေကို သုံးသပ်ချက် ဗီဒီယိုလေး ဖြန့်ဝေလေ့ရှိတဲ့ လှဆွေရဲ့ တစ်တော့ အကောင့်မှာလည်း ဘာ ဗီဒီယိုမှ မတင်နိုင်တော့တာ တွေ့ရပါတယ်။

    စစ်တပ်နဲ့ လော်ဘီအမည်ခံ သတင်းသမားတွေ စုဝေးနေကြတဲ့ Viber Group မှာလည်း သတင်းသမားအမည်ခံ စစ်တပ်လော်ဘီ အောင်မင်းက ဘူးလက်လှဆွေ အဖမ်းခံထားရသလားလို့ စစ်တပ်ကို မေးခွန်းထုတ်ထားပေမယ့်လည်း စစ်တပ်ဘက်ကတော့ ဘာမှ အကြောင်းမပြန်ပါဘူး။ မေးခွန်းမေးသူ အောင်မင်းဆိုတာက ခင်ရီရဲ့ အတွင်းလူယုံဖြစ်ပြီးတော့ ကြံ့ဖွတ်ရဲ့ အမာခံ လော်ဘီလည်းဖြစ်ပါတယ်။

    မဲစာရင်းမှားယွင်းမှု အကြောင်းပြလို့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်အတွက် ဘူးလက်လှဆွေရဲ့ ဝေဖန်ချက်က အရှိုက်ကို ထိုးသလို ဖြစ်သွားစေနိုင်တယ်လို့ ကြံ့ခိုင်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။ ဒါပေမယ့် ဘူးလက်လှဆွေကို စစ်တပ်က ဖမ်းသွားတာလား၊ ခေါ်မေးနေတာလားဆိုတာကို ကြံ့ခိုင်ရေးပါတီဘက်ကလည်း ဘာမှ မသိဘူးလို့ အဲဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

    ကြံ့ဖွတ်ပါတီအတွင်းမှာ မင်းအောင်လှိုင်နဲ့ စစ်တပ်ထိပ်ပိုင်းက တိုက်ရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီး ပါတီအနေနဲ့ အတွင်းရေးတွေကို ဗဟိုကော်မတီဝင်အဆင့်ကိုတောင် သိခွင့်မရှိတော့ဘူးလို့ ကြံ့ခိုင်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

    နေပြည်တော်၊ ပုဗ္ဗသိရိမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဘူးလက်လှဆွေ အဖမ်းခံရတာလား၊ ခဏ ခေါ်မေးခံရတာလား၊ တစ်တော့မှာ သူ့ထုံးစံအတိုင်း ဗီဒိယိုအတိုတွေ တင်ပြီး ထင်မြင်သုံးသပ်ချက်တွေ ရမ်းသမ်းထပ်ပြောနိုင်ဦးမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

    ရုပ်သံ- ဘူးလက်လှဆွေ

  • ပေါင်းတလည်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဆိုသူကို အမည်မသိအဖွဲ့ကဖမ်းဆီးသွား

    ပေါင်းတလည်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဆိုသူကို အမည်မသိအဖွဲ့ကဖမ်းဆီးသွား

    ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ ချင်ရုပ်ကုန်းကျေးရွာနယ်တဝိုက်မှာ စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဆိုသူကို အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ဝန်တင်ဆိပ်ကျေးရွာဘက်ကို စစ်မှုထမ်းစာရင်းကောက်ဖို့ထွက်လာချိန် အမည်မသိအဖွဲ့အစည်းတစ်ခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    အဆိုပါ လှမြင့်ဆိုသူဟာ ပေါင်းတလည်မှာ နာမည်ကြီး ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဧည့်စာရင်းစစ်တာ၊ ပေါ်တာဆွဲငွေညှစ်တာနဲ့ ရွာတွေက စစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေကို စာရင်းကောက်ပြီး ရဲစခန်းကိုပေးပို့ကာ ရဲနဲ့ပေါင်းပြီး ဖမ်းဆီးငွေညှစ်တာတွေကို အဓိကလုပ်ဆောင်နေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

    “လှမြင့်အဖမ်းခံရပြီး သူ့တပည့်ပျူတွေလည်း ပြာယာခတ်နေတယ်၊ တချို့ဆို ထွက်စာတင်ထားတယ်လို့ကြားတယ်၊ ပျူတွေကျေနပ်အောင် စစ်တပ်နဲ့ရဲက ဝန်တင်ဆိပ်ရွာအနီးက တွေ့တဲ့အမျိုးသား၂ ဦးကို အမှုဆင်ပြီးဖမ်းသွားတာ၊ ယနေ့အချိန်ထိပြန်မလွှတ်သေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    အဆိုပါပျူခေါင်းဆောင် လှမြင့် ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးတယ်ဆိုတာ အခုချိန်ထိ ထုတ်ပြန်လာတာမျိုးတော့ မရှိသေးပါဘူး။

  • သဇင်ဦးကို ကြိုက်လို့ စစ်တပ်ထဲ၀င်မယ်ဆိုပြီး ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ ကောင်လေး

    သဇင်ဦးကို ကြိုက်လို့ စစ်တပ်ထဲ၀င်မယ်ဆိုပြီး ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ ကောင်လေး

    စစ်ကောင်စီလော်ဘီ သဇင်ဦးကို ကြိုက်လို့ စစ်တပ်ထဲ၀င်မယ်ဆိုပြီး ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ ကောင်လေးကို ‌ရွှေဘို-မန္တလေး ဗျူဟာလမ်းမှာ တော်လှန်‌တပ်ဖွဲ့တွေ ဖမ်းဆီးရမိ

    ပိုက်ဆံပန်းစည်းတွေနဲ့ လက်စွပ်အထိပါ ပိုးကြေးပန်းကြေးပေးထား

    ရွှေဘို-မန္တလေးဗျူဟာလမ်းပိုင်းမှာ ညနေ၆နာရီနောက်ပိုင်း ဆိုင်ကယ်နဲ့ ဖြတ်ပြီး လာတဲ့ ‌အသက် ၂၀၀န်းကျင်အရွယ် နေထက်ခိုင်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မသင်္ကာလို့ ဖမ်းဆီး စစ်ဆေးခဲ့ရာ စစ်တပ်‌လော်ဘီ သဇင်ဦးကို သွားတွေ့ပြီး စစ်တပ်ထဲ၀င်ဖို့ ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတယ်ဖြစ်တယ်လို့ သိရတာကြောင့် ခြောက်ပေါက်ထိပ်တုံးနဲ့ ထိန်းသိမ်းထားတယ်လို့ ရဲဘော်ကိုကြီးက ပြောပါတယ်။

    အောက်တိုဘာလ ၇ရက်နေ့ည ၇နာရီက ရွှေဘို-မန္တလေးဗျူဟာလမ်းပိုင်းမှာ ညနေ ၆နာရီနောက်ပိုင်းမှာ ဆိုင်ကယ်နဲ့ဖြတ်လာတာကြောင့် ‌တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးရာမှ သဇင်ဦးရဲ့ အမာခံပရိသတ်ဖြစ်ပြီး ပိုးကြေးပန်းကြေးလည်း များစွာပေးထားတဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတာသိခဲ့ရပါတယ်။

    “ဆရာသမားက ရွှေဘိုမုဒ်ပေါက်ခွေးဂိတ်ကိုဖြတ်ပြီး ၆ခွဲလောက် ထွက်လာတာ။ စစ်ဆေးပြီးတော့ သူ့ကို ခြောက်ပေါက်ထဲ ထည့်ထားတာပေါ့။ ညလည်းမအိပ်ဘူးတဲ့ ။ သဇင်ဦး အကြောင်းချည်း ထိုင်ပြော‌နေတာတဲ့။ အဲ့ဒါ ကင်းစောင့်တဲ့ ရဲဘော်တွေက ပါးစပ်စည်းထားရတယ်တဲ့” လို့ အဆိုပါရဲဘော်က ပြောပါတယ်။

    မောင်နေထက်ခိုင်ဟာ တနိုင်းမြို့မှာ ရွှေလုပ်သားအဖြစ်လုပ်ကိုင်ခဲ့ပြီး ရသမျှလုပ်အားခတွေကို စုကာ ၆သိန်းခွဲတန် ပန်းစည်း ၂ခု နဲ့ ၁၃သိန်းတန် ရွှေလက်စွပ်တွေအထိပါ ၀ယ်ပေးခဲ့တယ်လို့ သူကပြောပါတယ်။

    “သူက အဲ့ဒီ လော်ဘီမ သဇင်ဦးကို ‌တအားကြိုက်တာ။ ဟိုကလဲ တပ်ထဲ၀င်မှ ပြန်ကြိုက်မယ်ဆိုပြီးပြောလို့ တနိုင်းကနေ နေပြည်တော်ထိ 125 ဆိုင်ကယ်နဲ့ ဆင်းချလာတာ”လို့ ရဲဘော်ကိုကြီးက ဆက်ပြောပါတယ်။

    မောင်နေထက်ခိုင်နဲ့ သဇင်ဦးတို့ ဖုန်းပြောထားတဲ့ အသံဖိုင်တွေအရ သဇင်ဦးရဲ့ မွေးနေ့လက်ဆောင်အဖြစ် အဆိုပါ ပန်းစည်းတွေနဲ့ လက်စွပ်တွေကို ပေးခဲ့တာဖြစ်ပြီး သဇင်ဦးကလည်း ကျေကျေနပ်နပ် လက်ခံခဲ့တယ်လို့ သိရပါတယ်။

    ကြံ့ဖွံ့စည်းရုံးရေးမှူး လုပ်ခဲ့တဲ့ သဇင်ဦးဟာ လက်ရှိမှာ စစ်ကောင်စီအတွက် လော်ဘီလုပ်ပေးနေပြီး ကျော်စိုးဦး၊ လက်ရှိ စကစက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဇော်ဘုန်းဟိန်းတို့နဲ့ လူမှုကွန်ရက်တွေမှာ လော်ဘီလုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။

    Video-တော်လှန်ရေးရဲဘော်တစ်ဦး

  • အယုဒ္ဓယတွင် မိမိသန္ဓေသားအား အမှိုက်ပုံးထဲစွန့်ပစ်သည့် မြန်မာမိန်းကလေး အဖမ်းခံရ

    အယုဒ္ဓယတွင် မိမိသန္ဓေသားအား အမှိုက်ပုံးထဲစွန့်ပစ်သည့် မြန်မာမိန်းကလေး အဖမ်းခံရ

    ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့နယ်ထဲမှာ မိမိရင်သွေး သန္ဓေသားကို အမှိုက်ပုံးထဲ စွန့်ပစ်ထားတဲ့ မြန်မာမိန်းကလေးတယောက် ဖမ်းဆီးခံရတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းအရ သိရပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်က ဘန်ပအင်မြို့နယ်၊ ခလောင်းကျစ်ရပ်ကွက်ရှိ အမှိုက်ပုံးထဲမှာ ကိုယ်ဝန် ၄-၅ လအရွယ်ရှိ သန္ဓေသားကလေးငယ်အလောင်း တွေ့ရှိကြောင်း အမှိုက်သိမ်းသမားက လာရောက်အကြောင်းကြားခဲ့တယ်လို့ ဘန်ပအင်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

    ရဲတပ်ဖွဲ့က အနီးနားတဝိုက် ရပ်ကွက်ထဲက နေအိမ်တွေ လိုက်လံမေးမြန်းစုံစမ်းသလို စီစီတီဗီ ကင်မရာတွေ စစ်ဆေးချက်အရ အောက်တိုဘာ ၈ ရက် မနက်စောစောမှာ မိန်းကလေးတယောက် အိပ်ရာခင်းနဲ့ ပတ်ထားတဲ့ တစုံတရာကို ယူဆောင်လာပြီး အမှိုက်ပုံနား ရောက်တော့ အမှိုက်ပုံးထဲ ပစ်ချပြီး လာလမ်းအတိုင်း ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။

    တာဝန်ရှိသူတွေက အဆိုပါမိန်းကလေးရဲ့ ပုံပန်းသဏ္ဌာန်ကိုပြပြီး အနီးနားက နေအိမ်တွေ လိုက်လံမေးမြန်းတယ်၊ အဲဒီနောက် အဆောင်တခုမှာ ငှားနေတဲ့ မိန်းကလေးကို ဖမ်းမိတာလို့ ဆိုပါတယ်။

    မိန်းကလေးကို တွေ့မြင်ချိန်မှာ ပင်ပန်းနွမ်းနယ်နေတယ်၊ သူမဟာ အသက် ၂၅ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတယောက်ဖြစ်တယ်၊ ကလေးစွန့်ပစ်ရတဲ့ အကြောင်းက သူမမှာ ရည်းစားနဲ့ကွဲပြီးကာမှ ကိုယ်ဝန် ၃ လရှိနေပြီဆိုတာ သိရတယ်၊ သူမအနေနဲ့ ကလေးကို စောင့်ရှောက်နိုင်မှာ မဟုတ်တာကြောင့် ကလေးထွက်လာတော့ အထုပ်နဲ့ထုပ်ပြီး အမှိုက်ပုံးမှာ သွားစွန့်ပစ်ခဲ့တာလို့ ထွက်ဆို ဝန်ခံသွားပါတယ်။

    ရဲစခန်းက သူမကို “ရင်သွေးစွန့်ပစ်မှု၊ ၁၂ ပတ်သက်တမ်းအထက် သန္ဓေသား ဖျက်ချမှုတွေနဲ့ စွဲချက်တင်ထားတယ်၊ မည်သူမဆို မိမိကလေးအား အကြောင်းမဲ့ဖျက်ချပါက တရားဥပဒေအရ ထောင်ဒဏ်လ ၆ လ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၀,၀၀၀ ပေးဆောင်ရမယ်” လို့ ဖော်ပြထားပါတယ်။

    Source: Khaosod News