Category: News

  • ချစ်သူကောင်မလေးရဲ့ မြန်မာကျားဖြန့်ထံ ရောင်းစားခံခဲ့ရတဲ့ တရုတ်လူငယ် လွတ်မြောက်လာ

    ချစ်သူကောင်မလေးရဲ့ မြန်မာကျားဖြန့်ထံ ရောင်းစားခံခဲ့ရတဲ့ တရုတ်လူငယ် လွတ်မြောက်လာ

    မိသားစုက လျော်ကြေးငွေ သိန်း ၂၁၀၀ ကျော် ပေးပြီးနောက် ချစ်သူကောင်မလေးရဲ့ မြန်မာကျားဖြန့်ထံ ရောင်းစားခံခဲ့ရတဲ့ တရုတ်လူငယ် လွတ်မြောက်လာ

    အသက် ၁၉ နှစ်အရွယ် ချစ်သူကောင်လေးကို မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းတစ်ခုထံ ဒေါ်လာ ၁၄၀၀၀ နဲ့ညီမျှတဲ့ ယွမ် ၁၀၀၀၀၀ နဲ့ ရောင်းချခဲ့သူလို့ စွပ်စွဲခံနေရတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဉီး ပါဝင်သောအမှုကို တရုတ်နိုင်ငံရှိ တရားရုံးတစ်ရုံးက ကြားနာတော့မှာဖြစ်ပါတယ်။

    ‘ဟောင်’လို့ခေါ်တဲ့ အမျိုးသားဟာ သူ့ရဲ့မိသားစုက ဒေါ်လာ ၄၈၀၀၀ နဲ့ညီမျှတဲ့ ယွမ် ၃၅၀၀၀၀ ကို ကျားဖြန့်ဂိုဏ်းတစ်ခုထံ ပေးပြီးနောက် ဇွန်လကုန်မှာ လွတ်မြောက်လာခဲ့ပါတယ်။

    ‘ဟောင်’ဟာ လေးလနီးပါး ဖမ်းဆီးခံခဲ့ရပြီး အဆိုပါကာလအတွင်း မကြာခဏ ရိုက်နှက်ခံခဲ့ရလို့ နားထိုင်းလာခဲ့ပါတယ်။ ဟောင်ရဲ့အစ်မဖြစ်သူက ဖြစ်စဉ်ကို လူမှုကွန်ရက်မှာ မျှဝေခဲ့လို့ တရုတ်ပြည်မ ကြီးရဲ့ လူမှုကွန်ရက်မှာ လူသိများလာခဲ့ပါတယ်။

    ‘ဟောင်’ဟာ ‘ကျိုး’လို့ခေါ်တဲ့ ချစ်သူကောင်မလေးကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း တ ရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့ရှိ ဘိလိယက်ခန်းမတစ်မှာ တွေ့ဆုံခဲ့ပြီး ချစ်ကြိုက်ခဲ့ ပါတယ်။

    သူဟာ ဖုကျန်ပြည်နယ်မှဖြစ်ပြီး သူ့ရဲ့မိဘတွေဟာ တရုတ်နိုင်ငံတစ်ဝှမ်း ရင်းနှီးမြှုပ်နှံမှုတွေရှိ ကြောင်း ‘ကျိုး’က ‘ဟောင်’ကို ပြောခဲ့ပါတယ်။ အလုပ်မရှိတဲ့ ‘ဟောင်’ ကို သူ့မိသားစုတွေ စီးပွားရေးလုပ် ငန်းအချို့ လုပ်ကိုင်ရာ မြန်မာနိုင်ငံမှာ အလုပ်ရှာဖို့ ‘ကျိုး’က ဖျောင်းဖျခဲ့ပါတယ်။

    ဖေဖော်ဝါရီလ ၂ ရက်မှာ ‘ဟောင်’က မိသားစုကို အသိမပေးဘဲ ‘ကျိုး’ နဲ့အတူ ထိုင်းနိုင်ငံသို့ လေ ကြောင်းနဲ့ သွားရောက်ခဲ့ပါတယ်။

    အဆိုပါစုံတွဲဟာ ထိုင်းနဲ့မြန်မာကြားရှိ နယ်စပ်ကို ဆက်သွားခဲ့ပြီး လက်နက်ကိုင်လူတစ်ဉီးက ၎င်းတို့ကို လာရောက်ခေါ်ဆောင်ကာ ‘ဟောင်’ ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ မိုဘိုင်းဖုန်းကို သိမ်းဆည်းခဲ့ပါ တယ်။

    ‘ဟောင်’ က ခဏ ဂိမ်းကစားချင်လို့ ဖုန်းပြန်ပေးဖို့ ‘ကျိုး’ ကို တောင်းပန်ခဲ့ပြီး မိသားစုထံ ဖုန်း ဆက်ကာ အကျိုးအကြောင်း ရှင်းပြခဲ့ရာ မိသားစုဝင်တွေက တရုတ်ရဲတပ်ဖွဲ့ထံ ချက်ချင်း အကြောင်း ကြားခဲ့ပါတယ်။

    သူ့ကို မြန်မာနိုင်ငံရှိ Kaixuan လို့ခေါ်တဲ့ ကျားဖြန့်လုပ်ငန်းတွေရှိရာ နေရာတစ်ခုသို့ ခေါ်ဆောင်ခဲ့ ပြီး သူ့ကို ကတုံးတုံးကာ အွန်လိုင်းမှာ ငွေလိမ်ဖို့ သင်ကြားပေးခဲ့တယ်လို့ ‘ဟောင်’က ပြောပါတယ်။

    သူဟာ တစ်ရက်မှာ ၁၆ နာရီမှ ၂၀ နာရီအထိ လုပ်ကိုင်ခဲ့ရပြီး သတ်မှတ်ချက် မပြည့်မီပါက သံ တုတ်နဲ့ ရိုက်နှက်ခြင်း၊ ပါးရိုက်ခံရခြင်းရှိကြောင်း၊ ရိုက်နှက်ခံရမှုကြောင့် ‘ဟောင်’ က နားမကြားဖြစ်လာခဲ့ပြီး ၁၀ ကီလိုဂရမ်ကျော် ဝိတ်ကျသွားခဲ့ပါတယ်။

    ‘ဟောင်’ ကို ဝယ်ယူဖို့ ‘ကျိုး’ ကို ယွမ် ၁၀၀၀၀၀ ပေးခဲ့ရလို့ မိသားစုက လျော်ကြေးငွေပေးပါက ‘ဟောင်’ ကို လွှတ်ပေးဖို့ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်က နောက်ပိုင်းမှာ ဆုံးဖြတ်ခဲ့ပါတယ်။

    လျော်ကြေးငွေကိစ္စကို မြန်မာနိုင်ငံရှိ Chaoshan ကုန်သည်အသင်းရဲ့ အကူအညီနဲ့ ညှိနှိုင်းပြီး နောက် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်က ယွမ် ၃၅၀၀၀၀ ပမာဏကို လက်ခံဖို့ သဘောတူခဲ့ပါတယ်။

    ‘ဟောင်’ ဟာ ဇွန်လအတွင်း တရုတ်နိုင်ငံသို့ ပြန်လာခဲ့ပြီး သူ့ချစ်သူကောင်မလေးမှာ ထိုင်းနိုင်ငံမှ ပြန်လာပြီး ၁၀ ရက်အကြာမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

    အဆိုပါအမှုကို ကနဉီးက ဇူလိုင်လကုန်မှာ ကြားနာဖို့ စီစဉ်ထားပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် ရက်ပြောင်းခဲ့ပါတယ်။

    ကိုးကား – South China Morning Post

    Ref; Chinese man sold by teenage lover to Myanmar fraud ring freed after family pays US$48,000

  • ကျောက်ပန်းတောင်းမှာ နေအိမ်မီးလောင်မှုဖြစ်ပြီး စိတ်ကျန်းမာရေးကြောင့် သံကြိုးခတ်ခံထားရသူအမျိုးသား သေဆုံး

    ကျောက်ပန်းတောင်းမှာ နေအိမ်မီးလောင်မှုဖြစ်ပြီး စိတ်ကျန်းမာရေးကြောင့် သံကြိုးခတ်ခံထားရသူအမျိုးသား သေဆုံး

    မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေးရပ်ကွက်၊ မဉ္ဇူသကလမ်းရှိ နေအိမ်တခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး စိတ်ကျန်းမာရေးမကောင်းသူအမျိုးသား ၁ ဦး မီးထဲပါသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

    မီးလောင်သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် ကိုအောင်ဖြိုးမင်းဆိုသူဖြစ်ပြီး ဩဂုတ် ၂၅ ရက်ယမန်နေ့ မနက် ၈ နာရီကျော်မှာ သူ့ရဲ့ နေအိမ်မှာ ရှိနေစဥ် မီးခြစ်အသုံးပြုရာကနေ နေအိမ်ထရံကို မီးကူးဆက်လောင်ခဲ့တာလို့ ဆိုပါတယ်။

    ” သူက စိတ်ကျန်းမာရေးမကောင်းဘူး။ အိမ်က ခဏခဏထွက်ပြေးတာတို့ရှိတော့ သူတို့အိမ်ထဲမှာ သံကြိုးနဲ့ချည်ပြီးထားထားရတယ်။ သူကဆေးလိပ်သောက်တယ်။ မီးခြစ်တွေခဏခဏကိုင်တယ်။ အဲ့လိုတွေဖြစ်တာ။ အဲ့ဒီအတွက်ကြောင့် သူ့အိမ်ကလူတွေက သူ့ကိုအဲ့လိုလုပ်ထားတာ။ ဖြစ်တဲ့အချိန် အမေလုပ်သူက စျေးသွားနေတဲ့အချိန် မီးခြစ်နဲ့မီးကစားရာကနေ ပါသွားတာ”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူက မြေလတ်အသံကို ပြောပါတယ်။

    မီးလောင်မှုဖြစ်ပွားနေချိန် မိခင်ဖြစ်သူနဲ့ ကျန်အိမ်သားတွေက စျေးနဲ့လုပ်ငန်းခွင်တွေသွားရောက်နေချိန်ဖြစ်ပြီး မီးလောင်တာကြောင့် သွပ်မိုး၊ ထရံကာ နေအိမ်မီးလောင်ပျက်စီးခဲ့ကာ စိတ်ကျန်းမာရေးအခြေအနေကြောင့် နေအိမ်တွင်း သံကြိုးခတ်ထားခံရသူ ကိုအောင်ဖြိုးမင်းလည်း တပါတည်း သေဆုံးသွားတာလို့ သိရပါတယ်။

    မီးလောင်ရာနေအိမ်ကို မြို့နယ်မီးသတ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ဒေသခံတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့လို့ မီးလောင်ပြီး မိနစ် ၃၀ ခန့်မှာ မီးငြိမ်းသွားခဲ့ပြီး သေဆုံးသူကို ဒေသခံလူမှုကူညီရေးအသင်းတွေက ကျောက်ပန်းတောင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ကာ ညနေပိုင်းမှာ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

    ဇူလိုင် ၁၉ ရက်ကလည်း မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၁ နဲ့ ၇၂ လမ်း ကြားရှိ နေအိမ်မှာ Bluetooth Speaker Box အားသွင်းထားရာမှ မီးလောင်မှုဖြစ်ပြီး နေအိမ် ၈ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

  • ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ  ၁၀၀ ဦးကို ဖမ်းဆီးရရှိ

    ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ ၁၀၀ ဦးကို ဖမ်းဆီးရရှိ

    ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ ၁၀၀ ဦးကို ဖမ်းဆီးရရှိပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားမှ လာရောက်သူများဖြစ်၊ ဖမ်းဆီးရမိ မြန်မာလူငယ်များအားလုံးကို မြန်မာပြည်သို့ ပြန်လည် လွှဲပြောင်းမည်

    ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ တောအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀၀ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရသည်။

    ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ ကန်ချပူရီခရိုင်၊ ဆန်ခလာဘူရီ အတွင်းရှိ တောများအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ပုန်းအောင်း ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ တရားမဝင် ဝင်ရောက်သော မြန်မာနိုင်ငံသား လူငယ် ၁၀၀ဦးအတွင် အမျိုးသား ၆၂ ဦးနှင့် အမျိုးသမီး ၃၈ ဦးတို့ ပါဝင်ကြောင်း သိရှိရသည်။

    အဆိုပါ မြန်မာနိုင်ငံသား ၁၀၀ ဦးမှာ မြန်မာနိုင်ငံ နေရာအနှံ့အပြား မြို့အသီးသီးမှဖြစ်ပြီး ဘုရားသုံးဆူမှ တစ်ဆင့် တောလမ်းနှင့်ရေလမ်းများအတိုင်း ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့ထံတွင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ မရှိကြောင်း၊ ဝင်ရောက်လာသူများမှာ ထိုင်းတွင် အလုပ်လုပ်မည့် မြန်မာလူငယ်များဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ ဦးကို ဆန်ခလာဘူရီ ရဲစခန်းတွင် ထိန်းသိမ်း ဖမ်းဆီး စုံစမ်းစစ်ဆေးလျက်ရှိပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

  • စစ်တပ်၏ ရွေးကောက်ပွဲ ဥပဒေကြောင်းအရ တရားမဝင်၍ KNU က လုံး၀ လက်မခံဟု ကြေညာ

    စစ်တပ်၏ ရွေးကောက်ပွဲ ဥပဒေကြောင်းအရ တရားမဝင်၍ KNU က လုံး၀ လက်မခံဟု ကြေညာ

    ရွေးကောက်ပွဲတွင် ပါဝင်လျှင် “အဆိပ်ပင် ရေလောင်းသည့် သမိုင်းတရားခံ” ဖြစ်နိုင်ဟု သတိပေး

    အခြေခံဥပဒေသစ်ရေးဆွဲပြီး ရွေးကောက်ပွဲကျင်းပမှသာ မြန်မာ့နိုင်ငံရေး ပဋိပက္ခအဆုံးသတ်မည့် အချက်အပါအဝင် စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်ရေး အချက် ၇ ချက်ကို KNU ထုတ်ပြန်

    အကြမ်းဖက် အာဏာသိမ်း စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲမှာ ဥပဒေကြောင်းအရ တရားမဝင်၍ ကရင်အမျိုးသား အစည်း အရုံး- KNU က လုံး၀ လက်မခံကြောင်း ယနေ့ တရားဝင် ထုတ်ပြန်ကြေညာသည်။

    ယနေ့တွင် KNU က အချက် ၇ ချက် ပါဝင်သော စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်သော ကြေညာ ချက်ကို ထုတ်ပြန်လိုက်ပြီး ယင်းကြေညာချက်တွင် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲသည် ဥပဒေအရ တရားမဝင်ကြောင်း၊ ပြည်သူအားလုံး ပါဝင်နိုင်သည့် အခြေအနေတွင် မရှိဘဲ လိုသလို အဖြေထုတ်နိုင်သည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တို့ကြောင့် KNU က လုံး၀ လက်မခံဟု ကြေညာသည်။

    စစ်တပ်က ပြုလုပ်သော ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုး ရှည်စေရေးအတွက်သာ ဖြစ်ပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်း၏ အဖြေမဟုတ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်း ပဋိပက္ခများကို ပိုမို ပြင်းထန်လာစေရုံသာမက ဒေသ တွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ် လာစေမည်ဖြစ်ကြောင်း ဆက်လက် ကြေညာထားသည်။

    စစ်တပ်က ထုတ်ပြန်ကြေညာလိုက်သော ရွေးကောက်ပွဲအား ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများကို ကိုင်တွယ်ရန် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေကို ပြဋ္ဌာန်းမှုနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်လိုက်မှုတို့ကြောင့် ပြည်သူများကို အကြောက်တရားအောက်တွင် ဆန္ဒသဘောထားမပါဘဲ ပါဝင်ပေးရမည့် အခြေအနေ သို့ ရောက်ရှိလျက်ရှိကြောင်း သိရှိရသည်။

    စစ်တပ်က ရွေးကောက်ပွဲ ကျင်းပရန် ကြိုးစားခြင်းသည် အာဆီယံဘုံသဘော တူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ရန် မျက် ကွယ်ပြုခြင်းဖြစ်ပြီး စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ ဖြစ်သည့် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ် ကြောင်း၊ နိုင်ငံရေးပါတီများက အဆိုပါ အတု အယောင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် တည်ဆောက်မှုအတွက် အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်း သိရှိရသည်။

    မြန်မာ့နိုင်ငံရေးပဋိပက္ခ အဆုံးသတ်နိုင်ရန်မှာ ရေရှည်တည်တံ့ခိုင်မြဲသော နိုင်ငံ ရေးအဖြေကို ဦးတည်သော အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံမှုမှ ရရှိသည့် သဘောတူညီမှုဖြင့် ရေးဆွဲ ​ပြဋ္ဌာန်းအတည်ပြု မည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ ကျင်းပသော ရွေးကောက်ပွဲသည်သာလျှင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော မြန်မာ နိုင်ငံ၏ နိုင်ငံရေးပဋိပက္ခများ အဆုံးသတ်နိုင်မည်ဟု KNU က အပြည့်အ၀ ယုံကြည်ကြောင်း ထုတ်ပြန် ကြေညာသည်။

    ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများက စစ်အာဏာရှင် သက်ဆိုးရှည်ရေး၊ စစ် တပ်အာဏာသိမ်းယူမှု တရားဝင်မှု ရရှိစေရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် အသက်သွင်းသည့် အတု အယောင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းဖြင့် “အဆိပ်ပင် ရေလောင်းသည့် သမိုင်းတရားခံ ” ဖြစ်သွား နိုင်သည့်အတွက် နည်းလမ်းပေါင်းစုံဖြင့် ရှောင်ရှားကြရန် KNU က တိုက်တွန်းသည်။

    အာဏာသိမ်းစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်သည့် စစ်တပ်ကို အကျိုး ပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲကို ကရင် ပြည်သူ လူထု၊ ကရင်လက် နက်ကိုင်အဖွဲကအစည်းများ၊ ကရင်နိုင်ငံရေးအင်အား စုများ အပါအဝင် နိုင်ငံ ရေးပါတီများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်ခြင်းမပြုကြဘဲ အကြမ်း မဖက် သော နည်းလမ်းများဖြင့် ဆန့်ကျင်သွားကြရန် KNU က တိုက်တွန်းထား သည်။

    ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ ကျရောက်ခဲ့သော သော ၇၅ နှစ်မြောက် ကေအဲန်ယူ – ကရင်အမျိုးသားအစည်း အရုံးနေ့ -Karen National Union Day အခမ်းအနား။ (ပုံအဟောင်းဖြစ်ပါသည်။)

  • လွိုင်ကော်၌ စစ်တပ် ထောက်ခံသည့် ရန်အောင်နှင့် စိုးမြတ်သူဇာ အပါအဝင် အနုပညာရှင်များ သီချင်းလာဆို

    လွိုင်ကော်၌ စစ်တပ် ထောက်ခံသည့် ရန်အောင်နှင့် စိုးမြတ်သူဇာ အပါအဝင် အနုပညာရှင်များ သီချင်းလာဆို

    ကရင်နီပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့မှာ စစ်တပ် ထောက်ခံတဲ့ အနုပညာရှင်တွေက သြဂုတ် ၂၄ ရက်က ရောက်လာပြီး သီချင်းဆိုတာနဲ့ ကျောင်းစာဖတ်ခန်း (စာကြည့်ခန်းအဆောင်သစ်) ဖွင့်ပွဲ လာတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လွိုင်ကော်မြို့မှာ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနဲ့ စစ်တပ်ကို အားပေးထောက်ခံကြသူတွေဖြစ်တဲ့ ရန်အောင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ ဒိန်းဒေါင်၊ ငြိမ်းချမ်း၊ ယဥ်လတ်၊ သင်ဇာမြင့်မိုရ်၊ နေခြည်ငြိမ်းချမ်း၊ အုန်းသီးတို့က ၂၄ ရက် ညမှာ သီချင်းဆိုပြီး ၂၅ ရက်မှာ အ.ထ.က ၁ ကျောင်းမှာ စာဖတ်ခန်းကျောင်းဆောင်သစ်ဖွင့်ပွဲ တက်တယ်လို့ သိရပါတယ်။

    ဒေသခံ အမျိုးသားတယောက်က “ရွေးကောက်ပွဲ နီးလာပြီလေ၊ စည်ကားတယ်ဆိုတာမျိုး ပြချင်တာ၊ ကလေးတွေ စာဖတ်ခန်း စာကြည့်တိုက်သဘောပါပဲ၊ တကယ်က အယောင်ပြရယ်၊ ရွေးကောက်ပွဲအတွက် သူတို့ ပြည်သူကို မြှူဆွယ်နေတာ အေးချမ်းတယ် ဆိုတာမျိုးပေါ့၊ လက်နက်ကြီးက ဒေါငံခါးဘက် ပစ်နေတယ်” လို့ ပြောပါတယ်။

    စစ်တပ်က ရွေးကောက်ပွဲအတွက် ပြည်သူတွေကို စည်းရုံးတဲ့အနေနဲ့ တပ်ထောက်ခံတဲ့ အနုပညာရှင်တချို့ကိုခေါ်ပြီး နယ်မြေအေးချမ်းသယောင် ပြနေပေမဲ့ လွိုင်ကော်နဲ့ မဝေးတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရွာအနီးတဝိုက်မှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

    ဩဂုတ် ၂၅ ရက် ညပိုင်းမှာလည်း ဒီးမော့ဆို အနောက်ဘက်ခြမ်းကို လက်နက်ကြီးတွေ အတွဲလိုက် ပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရွေးကောက်ပွဲလုပ်နိုင်ဖို့ ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲကို ​ဇူလိုင်လထဲ စစ်တပ်က စစ်ကြောင်းထိုး သိမ်းပိုက်ပြီးတဲ့နောက် ဒီးမော့ဆိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ သြဂုတ်လထဲ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

    စစ်တပ်က ရွေးကောက်ပွဲအပိုင်း ၁ အနေနဲ့ ဒီဇင်ဘာလထဲမှာ လုပ်သွားဖို့ရှိပြီး ကရင်နီပြည်နယ်ထဲက မြို့နယ်အားလုံးကို မဲဆန္ဒနယ်အဖြစ် သတ်မှတ်ထားကာ လွိုင်ကော်နဲ့ ဘောလခဲမြို့နယ်ကို ပထမအပိုင်းထဲမှာ ထည့်သွင်းထားပါတယ်။