Category: News

  • ပြန်/ဆက် ဝန်ထမ်းများ ဦးဆောင်သည့် ဝါဒဖြန့်ချိရေး အကောင့်တုကွန်ရက်

    ပြန်/ဆက် ဝန်ထမ်းများ ဦးဆောင်သည့် ဝါဒဖြန့်ချိရေး အကောင့်တုကွန်ရက်

    စစ်ကောင်စီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်) က တိုက်ရိုက်ကွပ်ကဲတဲ့ “IPRD MEDIA RESPONSE GROUP” အမည်ပေးထားတဲ့ အဖွဲ့တွေဟာ တိုင်းနှင့်ပြည်နယ်အလိုက် လှုပ်ရှားနေပါတယ်။ သူတို့ရဲ့ အဓိကတာဝန်က လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ သတင်းတွေအောက်မှာ အကောင့်တု (Fake Accounts) များစွာကို အသုံးပြုပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေ မှန်ကန်ကြောင်း၊ ဝန်ထမ်းတွေရဲ့ သစ္စာရှိမှုကို ချီးကျူးကြောင်းနဲ့ နိုင်ငံရေးအရ အတိုက်အခံတွေကို ရှုတ်ချတဲ့ ကွန်မန့်တွေကို အစုလိုက်အပြုံလိုက် ဝင်ရောက်ရေးသားဖို့ပဲ ဖြစ်ပါတယ်။

    လက်ခံရရှိထားတဲ့ ပဲခူးတိုင်း IPRD Media Response Group ရဲ့ ဇွန်လ လကုန်ပိုင်း အစီရင်ခံစာတစ်ခုမှာဆိုရင် ဝါဒဖြန့်စစ်ဆင်ရေးရဲ့ လှုပ်ရှားမှုပုံစံကို ပိုမိုမြင်သာစေခဲ့ပါတယ်။ အစီရင်ခံစာအရ၊ DVB သတင်းဌာနမှာ တင်ထားတဲ့ “ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပို့စ်တင်သည့် MRTV ဝန်ထမ်းကို စစ်ကောင်စီ ဖမ်းဆီး” ဆိုတဲ့ သတင်းအောက်မှာဝင်ရောက်ရေးသားခဲ့တဲ့ အခြေအနေကိုတွေ့ရပါတယ်။ (ပုံ ၂ တွင် ကြည့်နိုင်ပါသည်။)

    အစီရင်ခံစာမှာ မှတ်ချက် ၇ ခု ရေးသားခဲ့ကြောင်းဖော်ပြထားပြီး ဆက်လက် စုံစမ်းဖော်ထုတ်မှုအရ၊ ပြန်/ဆက် ဝန်ထမ်း ၃ ဦးနဲ့ ဆက်စပ်နေတဲ့ ဝါဒဖြန့်ချိရေး အကောင့် ၇၀ ကျော်ကိုတွေ့ရပါတယ်။ (ပုံ ၃ တွင် ကြည့်နိုင်ပါသည်။ File ကို ဒီနေရာမှာနှိပ်ပြီး Download ရယူနိုင်ပါသည်။)

    အဲ့ဒီအကောင့်တုတွေဟာ “ဝန်ထမ်းတစ်ဦးသည် နိုင်ငံရေးနှင့် ကင်းရှင်းရမည်” ဆိုတဲ့ ရည်ရွယ်ချက်ကိုဦးတည်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ဆုတောင်းခြင်းသည် မှားယွင်းကြောင်းနဲ့ အရေးယူမှုသည် မှန်ကန်ကြောင်း အဓိပ္ပာယ်ရတဲ့ ကွန်မန့်တွေ ဝင်ရောက်ရေးသားခဲ့ကြပါတယ်။ (ပုံ ၄ တွင်ကြည့်နိုင်ပါသည်)

    အကောင့်တွေကို “ပန်းအမည်များ၊ မောင်မောင်၊ ပြည်မြန်မာ” ကဲ့သို့သော လူသုံးများတဲ့ အမည်တွေကို အသုံးပြုပြီး ပရိုဖိုင်ပုံများအဖြစ် ပန်းပုံ၊ ရှုခင်းပုံများကို ထားရှိကြပါတယ်။ ဒါ့အပြင် အဲ့ဒီ အကောင့်တုတွေနဲ့ ချိတ်ဆက်နေတဲ့ ပြန်/ဆက် အရာရှိသုံးဦးရဲ့ အကောင်တွေကိုလည်း တွေ့ရှိရပါတယ်။ (ပုံ ၃ တွင် ကြည့်နိုင်ပါသည်)

    ပြန်/ဆက် ရဲ့ ဝါဒဖြန့်တပ်ဖွဲ့ဟာ နိုင်ငံရေး၊ ရွေးကောက်ပွဲနဲ့ ဝန်ထမ်းရေးရာလို အကြောင်းအရာတွေကိုသာ အဓိက ကိုင်တွယ်ပါတယ်။ စစ်ရေးနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲံပတ်သက်ပြီး ဝါဒဖြန် တိုက်ခိုက်တာမှာတော့ စစ်တပ်တံဆိပ်၊ စစ်သူကြီးပုံတွေကို အသုံးပြပြီး ပရိုဖိုင်ကိုပိတ်ထား (Profile Locked)တဲ့ သီးခြားအကောင့်တုတွေအသုံးပြုပြီး ဝါဒဖြန့်ကြတာကိုတွေ့ရပါတယ်။

    မကြာသေးမီ ရက်ပိုင်းကလည်း Myanmar Now သတင်းဌာနရဲ့ သတင်းဆောင်းပါးမှာ “မီဒီယာဖွံဖြိုးတိုးတက်ရေးဦးစီးဌာန” ရဲ့ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဒေါ်သီတာတင် က ဦးဆောင်ပြီး နေ့စားခ ၆၈၀၀ကျပ်နဲ့ ဝန်ထမ်းတွေခန့်ကာ ဝါဒဖြန့် Comment စစ်ဆင်ရေးလုပ်နေတယ်လို့ ဖော်ထုတ်ရေးသားထားပါတယ်။

    ဒါဟာ လွတ်လပ်သော သတင်းမီဒီယာတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများပေါ်မှာ မြင်တွေ့နေရတဲ့ စစ်ကော်မရှင်နဲ့ စစ်အုပ်စုကို ထောက်ခံအားပေးနေတယ့် ကွန်မန့် (Comment) တွေဟာ ပြည်သူ့အသံ အစစ်အမှန်မဟုတ်ဘူးဆိုတာကို ပြသနေတာပါ။

    ဒီလိုစနစ်တကျ ဝါဒဖြန့် ယန္တရားအနေနဲ့ Facebook မှာလုပ်ရှားနေတာဟာ Facebook က သူ့ရဲ့ မူဝါဒါအရ ကန့်သတ်ထားတဲ့ Coordinated Inauthentic Behavior (CIB – စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီး အစစ်အမှန်မဟုတ်သော အပြုအမူ) ပဲဖြစ်ပါတယ်။ ယခင်က မြန်စစ်တပ်က အခုလိုဝါဒဖြန့်ချိခဲ့တဲ့ အကောင်တွေကို Facebook က ဖော်ထုတ်ပြီး ဖြုတ်ချခဲ့ဖူးပါတယ်။ ဒါပေမယ့် အာဏာ သိမ်းပြီးနောက်မပိုင်းပေါ့ Facebook အခုလို စုံစမ်းဖော်ထုတ်ပြီး ဖြုတ်ချခဲ့တဲ့ အခြေအနေတွေ နည်းပါးသွားပါတယ်

  • ထိုင်း-မြန်မာဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်စခန်းကိုလာသော တပ်ကူများ တိုက်ခိုက်ခံရ

    ထိုင်း-မြန်မာဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်စခန်းကိုလာသော တပ်ကူများ တိုက်ခိုက်ခံရ

    တနင်္သာရီတိုင်းမြောက်ပိုင်း ရေဖြူမြို့နယ်တွင် ထိုင်း-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းအနီး တစ်ခုတည်း ကျန်နေသည့် စစ်ကော်မရှင်၏ နတ်အိမ်တောင်စခန်းထံ စစ်ကူလာသော စစ်တပ်စစ်ကြောင်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်က ဩဂုတ်လ ၁၃ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်လိုက်ကြောင်း တိုက်ပွဲတွင် ပါဝင်သည့် တော်လှန်ရေးတပ်များထံက သိရသည်။

    ကလိန်အောင်မြို့အခြေစိုက်စစ်ကော်မရှင်၏ ခလရ ၂၈၂ ၊ ခမရ ၄၀၉ နှင့် ခမရ ၄၁၀ တပ်မှ စစ်ကြောင်း နှစ်ကြောင်းကို ကလိန်အောင်မြို့မြောက်ဘက် ၅ မိုင်အကွာ ကော့လှိုင်ရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း တော်လှန်ရေးတပ်များဘက်က ဩဂုတ်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

    ကော့လှိုင်ရွာသည် ရေဖြူမြို့မြောက်ဘက် မိုင် ၃၀ အကွာတွင်ရှိပြီး ထိုင်း-မြန်မာနယ်စပ် နတ်အိမ်တောင် စခန်း၏ အနောက်ဘက် ၁၅ မိုင်အကွာတွင် တည်ရှိသည်။စစ်တပ်စစ်ကြောင်း ၂ ကြောင်းသည် စုစုပေါင်း အင်အား ၁၅၀ ခန့်ရှိနိုင်ကြောင်း တော်လှန်ရေးတပ်က ခန့်မှန်းသည်။

    စစ်ကြောင်းကို မွန်းတည့် ၁၂ နာရီနှင့် မွန်းလွဲ ၃ နာရီတွင် တစ်ကြိမ်စီတိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF နည်းဗျူဟာ (၃၃) ဘက်က ဆိုသည်။

    တိုက်ပွဲတွင် ရာမညမွန်တပ်တော် (RMA) ၊ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ (MSRF)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၂၇)၊ ကော်သူးလေတပ် (KTLA) လက်အောက်ခံ (ဆာကပေါ) ကြယ်လင်းရောင်တပ်ရင်း၊ နည်းဗျူဟာ (၃၃) စစ်ဆင်ရေးတပ်ဖွဲ့၊ ဒေါန တပ်ရင်း (၂) (YGF) နှင့် ဒေါနတပ်ရင်း (KBDF) တို့ပါဝင်ကြောင်း တော်လှန်ရေးတပ်များ၏ ထုတ်ပြန်ချက်အရသိရသည်။

    KTLA လက်အောက်ခံ ဗိုလ်အယ်ကွီးဦးဆောင်သည့် ဆာကဆောတပ် နှင့် KNU တပ်မဟာ ၄ ကြား အပြန်အလှန်ပစ်ခတ်မှု ပဋိပက္ခရှိသော်လည်း KTLA လောက်အောက်ခံ ကြယ်လင်းရောင် (ဆာကပေါ) တပ်သည် KNU နှင့် အတူပူးပေါင်းတိုက်ခိုက်မှုများ လုပ်နေသည်။

    တိုက်ပွဲ နှစ်ကြိမ်အတွင်း စစ်ကော်မရှင်ဘက်က ဗိုလ်အဆင့်အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း တိုက်ပွဲတွင်ပါဝင်သည့် MSRF ဘက်က ဆိုသည်။

    “ကျွန်မတို့ ရဲဘော်တွေ မျက်မြင် အတည်ပြုခဲ့တာပါ။ ရန်သူစစ်ကြောင်းကို ကျွန်မတို့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်တဲ့အတွက် ဖရိုဖရဲဖြစ်သွားတယ်။ စစ်ကြောင်းက ပြန့်ကြဲသွားတဲ့ အခြေအနေအထိရောက်ခဲ့တယ်” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။

    ရေဖြူမြို့နယ်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်များ (ဓာတ်ပုံ-ရဲဘော်ကိုချမ်း)

    တိုက်ပွဲအတွင်း စစ်ကော်မရှင်၏ ကလိန်အောင်အခြေစိုက်တပ်နှင့် ကံပေါက်မြို့ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MSRF က ဆိုသည်။

    လက်နက်ကြီးကြောင့် အသက် ၅၀ အရွယ်ခရီးသွား အမျိုးသားတစ်ဦး ဒဏ်ရာရပြီး တော်လှန်ရေးတပ် ဘက်က အနည်းဆုံး ရှစ်ဦးအထိ ဒဏ်ရာရထားကြောင်း၊ ဒဏ်ရာများမှာ အသေးစားထိခိုက်မှုဖြစ်ပြီး မစိုးရိမ်ရကြောင်း မိတလဉာဏ်က ဆက်ပြောသည်။

    တိုက်ပွဲတွင်ပါဝင်သည့် PDF နည်းဗျူဟာ (၃၃) စစ်ဆင်ရေးမှူး စောဒါးကိုကလည်း ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား ဩဂုတ်လ ၁ ရက်နေ့မှ လက်ရှိအချိန်အထိ ထိတွေ့တိုက်ပွဲ ၆ ကြိမ်ထက်မနည်းဖြစ်ထားကြောင်း Myanmar Now ကို ပြောသည်။

    “ရေဖြူမြို့နယ် ၊ ကန်ပေါက်- ကလိန်အောင် လမ်းကြောင်းတစ်လျှောက်နဲ့ ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် မှာ နယ်စပ်စခန်းဖြစ်တဲ့ နတ်အိမ်တောင်ကို အင်အားအလုံးအရင်းနဲ့ စစ်ကူထပ်ပို့တဲ့အနေအထားပါ။ ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် လုံခြုံရေးယူဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်နေတာပါ”

    လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် အစု ၃ စု ခန့်တပ်ဖြန့်ထားသဖြင့် တော်လှန်ရေးတပ်နှင့် အချိန် မရွေးတိုက်ပွဲဖြစ်နိုင်သည့်အခြေအနေဖြစ်နေကြောင်း စောဒါးကိုက ရှင်းပြသည်။

    တနင်္သာရီတိုင်းမြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်နေသလို တနင်္သာရီတိုင်း တောင်ပိုင်း တနင်္သာရီမြို့နယ်နှင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ မောတောင်မြို့ကြားတွင်လည်း တိုက်ပွဲဖြစ်ထားကြောင်း KNU တပ်မဟာ (၄) ထံက သိရသည်။

    တနင်္သာရီ-မောတော ကားလမ်းရှိ သိန်းခွန်ရွာအနီးတွင် ဩဂုတ်လ ၆ ရက်တွင် တစ်ကြိမ် ၊ ဩဂုတ်လ ၉ ရက်နေ့တွင် တစ်ကြိမ် စစ်တပ်ကို KNU ဦးဆောင်သည့် တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက် ထားသည်။

    ဩဂုတ်လ ၆ ရက်တိုက်ပွဲတွင် စစ်တပ်ဘက်က နှစ်ဦးသေပြီး ၂၇ ဦးဒဏ်ရာရကြောင်း ၊ ဩဂုတ်လ ၉ ရက်တိုက်ပွဲတွင် စစ်တပ်ဘက်က ငါးဦးသေဆုံးကြောင်း KNU တပ်မဟာ (၄) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သည့် KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ဆိုသည်။

    စစ်ကော်မရှင်တပ်သည် မောတောင်မြို့ကို ထိန်းချုပ်ထားသော်လည်း တနင်္သာရီမြို့နှင့် မောတောင်ကြား ကားလမ်းနေရာအများစုကို မထိန်းချုပ်နိုင်ပေ။ KNU နှင့် တော်လှန်ရေးတပ်က စိုးမိုးထားသည်။

    ထို့ကြောင့် မောတောင်လမ်းကို အပြည့်အဝစိုးမိုးနိုင်ရန် စစ်တပ်သည် တနင်္သာရီမြို့ဘက်မှ စစ်ကြောင်း ထိုးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ် သတင်းရင်းမြစ်အချို့က ဆိုသည်။

    စစ်ကော်မရှင်တပ်သည် တနင်္သာရီမြို့တောင်ဘက် ၁၇ မိုင်အကွာက သိန်းခွန်ရွာအထိချီတက်လာနိုင်သော် လည်း တော်လှန်ရေးတပ်၏ တိုက်ခိုက်မှုကြောင့် သိန်းခွန်ရွာကို မကျော်နိုင်ဘဲ ဖြစ်နေသည်။

    သိန်းခွန်ရွာအနီးတွင် စစ်တပ်နှင့် KNU ဦးဆောင်သည့်တော်လှန်ရေးတပ်တို့အကြား စစ်ရေးတင်းမာနေ ကြောင်း တော်လှန်ရေးတပ် သတင်းရင်းမြစ်အချို့ထံက သိရသည်။

    စစ်ကော်မရှင်၏ လေတပ်စခန်းဌာနချုပ်ရှိရာ တနင်္သာရီတိုင်းတောင်ဘက်ရှိ မြိတ်မြို့နှင့် ပလောမြို့ကြား အမှတ် (၈) ပြည်ထောင်စုကားလမ်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ဇူလိုင်လ ၂၄ ရက်မှ ဩဂုတ် ၉ ရက်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ထားသော်လည်း လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်နေသည်။

    တိုက်ပွဲဖြစ်နေစဉ်အတွင်း အမှတ် (၈) ပြည်ထောင်စုလမ်းကို ပြည်သူများအသုံးမပြုရန် တော်လှန်ရေးတပ် ဘက်က ယာယီပိတ်ဆို့ခဲ့သော်လည်း ဩဂုတ်လ ၁၂ ရက်နေ့မှစတင်ကာ ပြန်လည်သွားလာနိုင်ရန် ခွင့်ပြု လိုက်ကြောင်း NUG ၏ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇) က ကြေညာထားသည်။

  • မုံရွာနှင့် မြင်းမူမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိ

    မုံရွာနှင့် မြင်းမူမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိ

    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ဖွဲ့မှ တပ်ရင်းမှူး ဆရာလေးက ပြောကြားသည်။

    ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာဘုန်းကြီးကျောင်း၌ အင်အား ၁၀၀ ခန့်ဖြင့် အထိုင်ချထားသော စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် 10 kg ဗုံးသီး တစ်လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအ တွက် အတိအကျ သိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

    “ဩဂုတ် ၁၃ ရက်နေ့ ၂ နာရီလောက်မှ အင်အားတွေထပ်ဖြည့်ထားတာ၊ ညနေ ၄ နာရီလောက်ကျတော့ ဂွေးပင် တောရွာ ဘုန်းကြီးကျောင်းရဲ့ အရှေ့ဘက် ကွင်းပြင်မှာ လူစုပြီး စကားထိုင်ပြောနေတဲ့အချိန် ဗုံးသီး ချတာ၊ ချတာကတစ်လုံးတည်းပဲ၊ ကျနော်တို့ကလည်း သူတို့ Jammer ကို ကျော်ဖြတ်နိုင်မလား စမ်းရင်းနဲ့ သွားချတာ၊ ကွက်တိချနိုင်ခဲ့တယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့တာတွေသတင်းရတယ်။ သေ မသေအတိအကျ သတင်းမရတာ။” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ဖွဲ့မှ တပ် ရင်းမှူး ဆရာလေးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း ၃ ၊ အောင်သပြေ ညီနောင် တပ်ဖွဲ့နှင့် နွေဦးလူငယ် LPDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် လက် ထုတ္ထောရွာ ကို မီးရှို့ခဲ့ကြောင်း သိရသည်။

    “စစ်ကြောင်းရှိရင် ကျေးရွာထဲ ပြည်သူတွေကို ရှောင်ခိုင်းတယ်။ ဒါပေမယ့် တချို့က ပေကပ်ပြီး မရှောင်ကြဘူး။ ကျနော်တို့ဆိုရင် ရန်သူနဲ့အနီးကပ်ဆုံးအထိ ကာပစ်ပေးပြီးရှောင်ခိုင်းတာကို သူတို့ က မရှောင်ကြဘူး။ ရွာထဲဝင်လာတဲ့အချိန်မှာ အဲဒီကျန်နေတဲ့ရွာသားတွေကို စစ်ကြောင်းက ဖမ်း တယ်။ လူသားဒိုင်းကာ လုပ်ထားတယ်။ ကျနော်တို့မှာက ပြည်သူတွေရှိနေလို့ တိုက်ချင်လည်း မတိုက်ရဘူး။ သူတို့ထိမယ်စိုးလို့ မတိုက်ဘဲ ရှောင်ပေးလိုက်ရတဲ့ တိုက်ပွဲတွေများနေလို့ မိဘပြည်သူ တွေအနေနဲ့ စစ်ကြောင်းလာရင် အလိုက်တသိရှောင်နေပေးကြပါ၊ စခတွေနဲ့ဝေးဝေးနေပေးကြပါ လို့ တိုက်တွန်းချင်ပါတယ်” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ဖွဲ့မှ တပ် ရင်းမှူး ဆရာလေးက ပြောဆိုသည်။

    ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိ ခိုက်သေဆုံးမှုရှိကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး ကထုတ်ပြန်သည်။

    ဩဂုတ်လ ၈ ရက်နေ့ မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာအနီးသို့ ကျောက္ကာလမ်းအတိုင်း ဝင်ရောက် လာသော အင်အား ၂၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံး မှုရှိ ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ပူးပေါင်း မဟာမိတ်တပ် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာ နိုင်ခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေး လေ့ကျင်မှု မြင်ကွင်း။

  • မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်းပေါ်နှင့်အနီးဝန်းကျင်သို့  ဗုံးကြဲချ

    မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်းပေါ်နှင့်အနီးဝန်းကျင်သို့ ဗုံးကြဲချ

    စစ်ကော်မရှင်က မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်းပေါ်နှင့်အနီးဝန်းကျင်သို့ ဗုံးကြဲချ၍ ကိုယ်ဝန်သည်နှင့် ကလေးငယ်များ အပါအဝင် ၂၁ ဦးသေဆုံး

    မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲချမှုကြောင့် ကိုယ်ဝန်သည်နှင့် ကလေးငယ်အပါအဝင် ပြည်သူ ၂၁ ဦးထိသေဆုံးခဲ့ကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ယမန်နေ့ ဩဂုတ် ၁၄ ရက်နေ့ ည ၈ နာရီကျော်ခန့်က မိုးကုတ်အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင် ခြည်ဘုန်းကြီးကျောင်းဝန်းကျင်ကို ပေါင် ၂၅၀ ဗုံးများဖြင့် ဗုံးကြဲချခဲ့ရာ အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်အချို့ပါ ထိခိုက်ခဲ့ကြောင်း သိရသည်။

    “မနေ့ည ၈ နာရီခွဲလောက်မှာ စစ်တပ်က မိုးကုတ်မြို့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းမှာတစ်လုံး အဲဒီအနီးက နေအိမ် သုံးအိမ်အလယ်တည့်တည့်ကိုတစ်လုံး ပေါင် ၂၅၀ ဗုံး ၂ လုံးနဲ့လာကြဲတယ်။ နေအိမ် သုံး အိမ် မွစာကြဲသွားတယ်။ သုံးအိမ်ကလုံးက မိသားစုတွေအကုန်သေကြတယ်။ လေးယောက်က အသားတစ်စစီဖြစ်သွားလို့ ကျားလား မ,လားဆိုတာတောင်ခွဲမရဘူး။ ကိုရင်လေးတွေလည်း ပါတယ်”ဟု မိုးကုတ်ဒေသခံက ပြောသည်။

    စစ်ကော်မရှင်၏ ဗုံးကြဲချမှုကြောင့် ရွှေကူရပ်ကွက်ရှိ ပြည်သူ ရှစ် ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ခုနစ် ဦးရှိကြောင်းနှင့် နေအိမ် ၇ လုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည်။

    “ညအချိန်ထိ အလောင်း ၉ လောင်းဖော်ထုတ်နိုင်ခဲ့ပြီး နေအိမ်ပြိုကျပိနေတဲ့အတွက် အလောင်းတွေ ဆက်ထုတ်ဖို့ခက်လို့ ဒီမနက်သွားဖော်ထုတ်ကြတဲ့အချိန် နောက်ထပ် ပေါက်ပြဲကြေမွနေတဲ့အလောင်း ၇ လောင်းထပ်တွေ့ရတယ်။ မနက် ၁၁ ခွဲအထိ ဒေသခံလူသေအလောင်း ၂၁ လောင်းရှိပါတယ်”ဟု မြေပြင်ရှိ သတင်းရင်းမြစ်က ပြောသည်။

    စစ်ကော်မရှင်သည် ဩဂုတ် ၁၄ ရက်နေ့ ညပိုင်းအချိန်တွင်ပင် နမ့်ခမ်းမြို့နယ်အနီးရှိ မန့်ဝိန်းကြီး၊ ကောင်းခန်နှင့် ဟိုတုံရွာတို့ကိုလည်း လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဩဂုတ် ၉ ရက်နေ့ကလည်း မိုးကုတ်အရှေ့ပိုင်းကို စစ်ကော်မရှင်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့သည်။

    ဓာတ်ပုံ-ပေးပို့

  • မန္တလေးမှာ VPN ရှာ ငွေညှစ်မှု တကျော့ပြန် လုပ်လာ

    မန္တလေးမှာ VPN ရှာ ငွေညှစ်မှု တကျော့ပြန် လုပ်လာ

    ဆိုက်ဘာလုံခြုံရေးဥပဒေ အတည်ပြုပြီးနောက် မန္တလေးမှာ VPN ရှာ ငွေညှစ်မှု တကျော့ပြန် လုပ်လာ

    (more…)