Category: News

  • စစ်တပ်၏ ရွေးကောက်ပွဲ ဆောင်ရွက်ပေးနေသူများကို ချေမှုန်းသုတ်သင်မည်ဟုဆို

    စစ်တပ်၏ ရွေးကောက်ပွဲ ဆောင်ရွက်ပေးနေသူများကို ချေမှုန်းသုတ်သင်မည်ဟုဆို

    လှိုင်သာယာ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စစ်တပ်၏ ရွေးကောက်ပွဲ ဆောင်ရွက်ပေးနေသူများကို ချေမှုန်းသုတ်သင်မည်ဟုဆို

    ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်ကွန်ရက်မှ တော်လှန်ရေးရဲဘော် ၁ ဦးက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့ ည ၁၀ နာရီအချိန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအတွက် အစည်း အဝေး ပြုလုပ်နေကြသော အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကို လုံခြုံရေးယူထားသည့် စစ်တပ်နှင့်ရဲများကို ပြင်းအားမြှင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ” စခ ၁ ကောင်နဲ့ ပျူ ၂ ကောင်တော့ ဒဏ်ရာရတယ်လို့ သိရတယ်။ ဆေးရုံကားနဲ့ လာခေါ်သွားတယ်” ဟု ရန်ကုန်မြို့ပြ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

    မင်းအောင်လှိုင်၏ အာဏာတည်မြဲရေးအတွက် ပြည်သူကို ဖိနှိပ်ညှဉ်းဆဲပြီး အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်နေသူတိုင်းသည် မြို့ပြ UG များ၏ ရန်သူများဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တပ်၏ ရွေးကောက်ပွဲ အောင်မြင်ရေး ဆောင်ရွက်ပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များကို အမြန်ဆုံးရပ်တန့်ကြရန်၊ ထိုသို့မဟုတ်ပါက ချေမှုန်းသုတ်သင်ခံရမည်ဖြစ်ကြောင်း မြို့ပြကြွက်ကွန်ရက်က သတိပေးထားသည်။

  • မြောက်ဒဂုံတွင် ရွှေဆိုင်ဓားပြတိုက်ခံရ၊ ဆိုင်လုံခြုံရေးဝန်ထမ်းက ပြန်ခုခံပြီး ဓားပြ ၁ ဦးဖမ်းမိ

    မြောက်ဒဂုံတွင် ရွှေဆိုင်ဓားပြတိုက်ခံရ၊ ဆိုင်လုံခြုံရေးဝန်ထမ်းက ပြန်ခုခံပြီး ဓားပြ ၁ ဦးဖမ်းမိ

    ရန်ကုန်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၄ ရပ်ကွက်၊ ဦးဝိစာရလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ရွှေစင်ရတနာရွှေဆိုင် ဩဂုတ် ၁၄ ရက် နေ့လယ် ၁ နာရီကျော်က ဓားပြတိုက်ခံရပြီး ဆိုင်လုံခြုံရေးဝန်ထမ်းတယောက်က ပြန်လည်ခုခံတာကြောင့် ဓားပြတယောက်ကို ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

    မနေ့ နေ့လယ်က ရွှေစင်ရတနာရွှေဆိုင်ကို ဆိုင်ကယ်တစီးနဲ့ အမျိုးသား ၂ ယောက် ရောက်လာပြီး ဆိုင်အတွင်းဝင်ကာ ဝန်ထမ်းတွေကို ဓား၊ သေနတ်တွေနဲ့ ခြိမ်းခြောက် ဓားပြတိုက်ခဲ့တာမှာ လုံခြုံရေးဝန်ထမ်းက ပြန်လည်ခုခံခဲ့တာပါ။

    ဒေသခံတယောက်က “ဓားပြလာတိုက်တဲ့ ၂ ယောက်ကို လုံခြုံရေးဝန်ထမ်း ကောင်လေးက ထီးနဲ့ ဝင်ရိုက်ပြီး လုံးထွေးသတ်ပုတ်နေတဲ့အချိန် သေနတ်ပါတဲ့ကောင်က ထွက်ပြေးသွားတာ။ ဆိုင်ကရွှေတွေတော့ ပါမသွားဘူး။ လုံခြုံရေးဝန်ထမ်းကောင်လေးတော့ ဓားထိသွားတယ်။ အရမ်းတော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။

    လတ်တလောမှာ ဖမ်းဆီးရမိတဲ့ အမျိုးသားကို မြောက်ဒဂုံမြို့မရဲစခန်းက စစ်ဆေးနေပါတယ်။

    မတ် ၂၄ ရက် မနက်ကလည်း ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ်ရှိ တိတ်ရှိန်ရွှေဆိုင်ကို ဓားပြတိုက်ခဲ့ပြီး ဓားပြ ၄ ယောက်ကိုတော့ အခုအချိန်အထိ ဖမ်းမမိသေးပါဘူး။

    ဇန်နဝါရီ ၈ ရက်ကလည်း ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ လမ်း ၃၀ အလယ်ဘလောက် ပထမထပ်မှာ ဖွင့်လှစ်ထားတဲ့ ရွှေချစ်သူ ရွှေဆိုင်ကို အမျိုးသား ၃ ယောက်က ဓားပြတိုက်ခဲ့ပြီး ရွှေထည်ပစ္စည်း သိန်း ၁၀,၀၀၀ ကျော်ဖိုး ပါသွားခဲ့ပါတယ်။

    စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့က ရွှေဆိုင်တွေ ဓားပြတိုက်ခံရတာ အခုချိန်ထိ ၁၇ ဆိုင် ရှိလာပြီ ဖြစ်ပါတယ်။

  • KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ရဲ့ အမှာစကား

    KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်ရဲ့ အမှာစကား

    ကျွန်တော်တို့ KIA မှာ ဆယ်တန်းအောင်ပညာတတ်တွေ ဗိုလ်လောင်းသင်တန်းတက်ကြတယ်။

    မြို့ပြအုပ်ချုပ်ရေး DGA ကနေဖွင့်တဲ့ Salang Kaba အုပ်ချုပ်ရေးမှူးသင်တန်းမှာ တက်တဲ့လူငယ်တွေ ပိုများတယ်။

    Army ဘက်မှာ အားနည်းလာတော့ တစ်အိမ်တစ်ယောက်မလုပ်မနေရ စာနဲ့ခေါ်တယ်။ မလာဘူးဆိုရင်ဖမ်းတယ်။

    ကိုယ့်အသိစိတ်ဓာတ်နဲ့ KIA ရဲဘော်လုပ်ဖို့ KIA တပ်ထဲဝင်လာတဲ့ လူတွေကအင်မတန်ရှားပါးလာပါတယ်။

    ရဲဘော်အများစုဟာ စစ်ရှောင် သားသမီးတွေများတယ်။

    အမှန်အတိုင်းဝန်ခံတာပါ။

    နွေဦးတော်လှန်ရေးမှာ ပြည်မဘက်မှ အမှန်တရားကို မြတ်နိုးသော ချမ်းသာပြီးပညာတတ်တဲ့ အတိုင်းအဝိုင်းက လူငယ်တွေ၊ ပညာမတတ်တဲ့ အညတရ ဆင်းရဲသား Gen Z တွေ အလွှာပေါင်းစုံအဆင့်အတန်းပေါင်းစုံ စိတ်တူကိုယ်တူ ခံယူချက် ရည်မှန်းချက်တူညီတဲ့ လူငယ်မြောက်များစွာ စစ်အာဏာရှင်အမြစ်ပြတ်ခြေမုန်းဖို့ နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေဆီမှာ နိမ့်ချစွာစစ်ပညာသင်ကြားဖို့ ရောက်လာခဲ့ကြတယ်။

    ဘာသာမတူ လူမျိုးမတူ တဲ့ ကျွန်တော်တို့ နယ်မြေမှာ အာဏာရှင် တော်လှန်လိုတဲ့ စိတ်တစ်ခုတည်းနဲ့ စွန့်စားပြီးလာခဲ့ကြတယ်။

    သူတို့ကိုကြည့်လိုက်ရင် ကျွန်တော် တို့ကို အားကိုးတဲ့မျက်လုံးတွေနဲ့ပါ..တိုင်းပြည်ကစုတ်ပြတ်သတ်နေတော့ တန်ဖိုးရှိတဲ့ လူငယ်တွေ တောခိုလာကြတယ်။

    သူတို့ တွေအလီလီရောက်လာကြတော့ ကျွန်တော်တို့ ကချင်တွေအတွက်အားတက်စရာတွေ ဖြစ်လာကာ KIA တပ်ထဲ ဝင်တဲ့ ကချင်လူငယ်တွေ တစ်ဖန်ပြန်လည် များပြားလာခဲ့ကြတယ်။

    ကျေးဇူးတင်ပါတယ်..

    ပြည်မဘက်က Gen Z များရယ်…

    ပြည်မဘက်က Gen Z တွေကို ကျွန်တော်တို့ KIA တွေက စစ်ပညာသင်ပေးမယ် လာခဲ့ကြပါလို့ တကူးတက လုံးဝ မခေါ်ပါဘူး။

    တစ်ချို့ Gen Z တွေ လမ်းစရိတ်တောင် ချေးငှားပြီးလာကြတယ်။

    တစ်ချို့Gen Z တွေ ကြည့်လိုက်ရင် မင်းသားရှုံး တယ်။

    မေးကြည့်လိုက်တော့ဆေးကျောင်းသား ဒုတိယနှစ်တဲ့…ကျွန်တော့လို အခါတစ်ရာဖြေတောင် ဆေးကျောင်းမရောက်နိုင်တဲ့လူဆိုတော့ သူတို့ကိုတွေ့ပြီးအံ့တွေသြမိတာအမှန်ပါ။

    တစ်ချို့Gen Z တွေ အုပ်စုလိုက် ရောက်လာကြတယ်။

    ဒါကျွန်တော်တို့ယူခဲ့တဲ့ စားစရာအခြောက်အခြမ်းရိက္ခာထုတ်တွေပါတဲ့. ဒါကကျွန်တော်တို့ စားဖို့ တတ်နိုင်သလောက်စုပြီးယူလာခဲ့ပိုက်ဆံလက်ခံပေးပါတဲ့ လာအပ်ကြတယ်။

    ကျွန်တော်တို့ တော်လှန်ရေးမပြီးမချင်းမပြန်ဘူး စစ်ပညာဘဲကောင်းကောင်းသင်ပေးပါတဲ့..ဘယ်နားနေနေရတယ်။

    ကျောတစ်ခြမ်းအိပ်ရရင် ရပြီတဲ့..ဘယ်လောက်တောင် စစ်ခွေးတွေကိုအမြစ်ပြတ် သတ်ချင်သလဲဆိုတာသူတို့မျက်လုံးတွေကသက်သေပါ။

    ပညာကောင်းကောင်းသင်နေရမဲ့အချိန် တစ်ခါမှမရောက်ဖူးတဲ့ နယ်မြေမှာ သူတို့မာနတွေခဝါချကာ စစ်ပညာ သင်ကြား ပေးဖို့ အားကိုးစွာရောက်လာကြတော့..ကျွန်တော်တို့ KIA ရဲဘော်တွေ စံပြဖြစ်အောင်ပိုပြီး သတိထားနေရတော့တယ်။ ..

    တစ်ခါမှ မမျော်လင့်ဖူးတဲ့ လူတွေနဲ့တွေ့ဆုံရင်း သူတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေကို လေးစားကာ အား လျော့လာတဲ့ ကျွန်တော်တို့ KIA ရဲဘော်တွေရဲ့တော်လှန်ရေး စိတ်ဓာတ်တွေကိုပြန်လည်မြင့်တင်နိုင်ခဲ့တာအမှန်ပါ..

    ကျေးဇူးတင်တယ် ….

    ပြည်မဘက်က Gen Z တို့ရယ်..

    ဘာစစ်သင်တန်းမှမတက် ခဲ့တဲ့ ပွဲဦးထွက် ကလေးမြို့ ချင်း PDF များ ၊ကယား PDF များ၏ လက်သံပြောင်ချက်ကို ကျွန်တော့မလေးစားဘဲမနေနိုင်ခဲ့ဘူး။

    ကိုယ့်ရပ်ကိုယ်ရွာကို ရရာတူမီးသေနပ်များ စွဲကိုင်ကာအသက်ပေး ကာကွယ် ခဲ့ကြတယ်။

    PDF အားလုံးရဲ့ရှေ့ဆောင်လမ်းပြတွေပါ။

    ရင်ထဲအသည်းထဲမှ လေးစားစွာဂါဝရပြုလိုက်ပါတယ်။ အခု ကောလင်း PDF များကတော့ လာမစမ်းကြပါနဲ့… တူမီးသေနပ်အဆင့် မဟုတ်တော့ဘူး…စစ်ခွေးတွေ ပြုတ်ပြုတ်ပြုန်း နေပြီ။

    မြောက်ပိုင်း PDF များကိုတော့ KIA ၏လမ်းညွန်မှုအောက်မှာနည်းဗျူဟာကျကျ နာခံစွာ လက်တွဲ လုပ်ဆောင် နိုင်တော့ ရန်သူများအထိနာနေကြတာ အားလုံးသိပြီးဖြစ်မှာပါ။

    ယခုပိုပိုပြီး လက်စောင်းထက်လာတော့မှာပါ။

    မြောက်ပိုင်း PDF များ လက်စောင်းထက်နေပေမဲ့ မန္တလေးမြို့နဲ့ ဒီပဲယင်းတွေမှာ PDF တွေသွေးမြေကျနေတာကို တွေ့မြင်ရတော့ ရင်နာနာနဲ့ ကြည့်နေရတယ်။

    မင်းတို့ရဲ့ ဓမ္မဘက်ရပ်တည်ကာ အသက်ပေးတိုက်ပွဲဝင်ပေးခဲ့တဲ့ သမိုင်း ကျန်ရစ်တော့မယ်ဆိုပေမဲ့ ဘယ်သူ့သားတွေလဲ ?

    မိဘတွေဘယ်လောက်မျှော်မှန်းထားတဲ့ သားကောင်းရတနာတွေလဲ?

    မိဘများနှင့်ထပ်တူရင်ကွဲကြရတာ တစ်နိုင်ငံလုံးပါ။

    မင်းတို့တွေကို ငါတို့ဘယ်တော့မှမမေ့ဘူး၊

    ပညာကောင်းကောင်းမသင်ခဲ့ရတဲ့ အညတရ PDF များကတော့ ဒီတော်လန်ရေးမှာ ပိုပြီးဆရာကျပါတယ်။

    သူတို့တွေမှာ ဘာသံယောဇဉ်မှမရှိဘူး..

    ကြည့်လိုက်ရင် လူမိုက်ကြီးတွေလို ရဲရင့်တယ် …မိုက်ရူးရဲတယ် ရှေ့ထွက်ရဲတယ် အော်ရဲတယ်။ တိုက်ရဲတယ်။ သေရဲတယ် ။

    သူတို့ရဲ့သတ္တိတွေကြောင့်ကျန်တဲ့ PDF တွေအတွက် ရဲရင့်မှုပိုစေတယ် ဆိုတာ ကြားသိရတော့ အညတရ PDF များကိုအချစ်ပိုရပြန်တယ်။

    ပညာမတတ်ပေမဲ့နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းကြီး တွေ ပါ။

    ဆက်ပြီးဦးဆောင်ပေးဖို့မျှော်လင့်ပါတယ်။

    တိုက်ပွဲအတွေ့ အကြုံနည်းပေမဲ့ ချက်ချင်းစစ်မြေ ပြင် ရောက်သွား ကြတဲ့ PDF ညီအစ်ကိုများအားလုံး ကို အထူး သတိထားစေလိုပါတယ်။

    ကျွန်တော်တို့ လက်နက်ချင်းယှဉ် ပြိုင်တိုက်ခိုက်ကြတဲ့ တိုက်ပွဲဟာ လူထုဆန္ဒပြတာနဲ့ လုံးဝ မတူပါဘူး။ ငါညီတို့က ဆန္ဒပြတဲ့အချိန် မှာ ဆရာကျမှာပါ။

    ရှေ့ထွက်အော်နိုင်သူဟာ အလိုလိုခေါင်းဆောင်ဘဲ..ခွေးတွေ လာရင်အုပ်စုလိုက်ပြေးတယ်။

    တစ်ခါတစ်လေပျော်စရာတောင်ကောင်းနေအုံးမယ် ။

    တစ်ကယ့်တိုက်ပွဲ စစ်မြေပြင်မှာ စစ်ခွေးတွေကညှာမှာမဟုတ်ဘူး..သူသေကိုသေထိုးသတ်ကြရတာလေ…

    ဒါကြောင့် မိမိတစ်ဦးတည်းချွန်ထွက်ပြီး Power Ranger လုပ်နေလို့မရဘူး ။

    အသံထွက်လို့မရဘူး..မိမိနင်းနေတဲ့မြေကြီး…နင်းထားတဲ့သစ်ရွက်လုပ်သံကအစ သတိထားရတယ်။

    အချိန်မရွှေးနေရာမရွှေးအသက်ထွက်သွားနိုင်တယ်။

    ရန်သူများထက်လက်ဦးမှုရယူရမယ်။ လုံခြုံမှုရှိရမယ်။ ဦးဆောင်သူများ၏ ဗျူဟာကိုကောင်းစွာနာခံဖို့ကအရေးကြီးတယ်။ နှုတ်လုံရမယ်။

    လူငယ်သဘာဝ ထင်ပေါ်ကျော်ကြားမှု Media ပေါ်အလျင်စလိုတင်ပြမှုတွေကိုလည်းအထူးသတိထားဆင်ခြင်ရမှာဖြစ်တယ်။

    အရမ်းစိုးရိမ်လို့ပါ ငါ့ညီတို့ရယ်..

    မင်းတို့ထက်လူအင်အား လက်နက်အင်အား အဆမတန်တာလွန်ရုံမက နှစ်ပေါင်းများစွာ စနစ်တကျ train လုပ်ပြီး သား အုပ်မြစ်ခိုင်နေပြီဖြစ်တဲ့မြန်မာ့တပ်မတော်ဆိုတဲ့စစ်ခွေးတွေနဲ့ ယဉ်ပြိုင်တိုက်ခိုက်ရတာဂုဏ်ယူလိုက်စမ်းပါ။

    မင်းတို့က ရက်တိုသင်တန်းနဲ့ တင်စစ်ခွေးတွေကိုထိုးသတ်ရတာ တန်ပါတယ်။
    ပိုပြီးအားတက်စရာကောင်းတာက မင်းတို့ဘက်မှာသန်း ၅၀ သောပြည်သူတွေရှိတယ်။

    အများပြည်သူတွေရဲ့ ဆုတောင်းမေတ္တာပို့သမှုနဲ့ အားပေးထောက်ခံပေးမှုကြောင့် မင်းတို့ရဲ့ တော်လှန်ရေးဘယ်တော့မှမရှုံးဘူး…အဆုံးမှာဓမ္မဘက်ကနိုင်စမြဲပါ။

    မင်းတို့ကိုပြည်သူတွေကချစ်လွန်းလို့ ဘယ်သူက မွေးမွေးငါတို့သားတွေပါတဲ့..

    ငါတို့တွေတိုက်တဲ့နေရာခြင်းသာမတူပေမဲ့ တိုက်နေတဲ့ဘုံရန်သူကတစ်ခုတည်းပါ။

    တစ်ချို့ တာဝန်အရပြန်သွားတဲ့ ညီငယ်တွေကို စကားမှာချင်တယ်…

    တော်လှန်ရေးကာလမို့ ဧည့်ဝတ်မကျေခဲ့ရင် ခွင့်လွတ်ပေးပါနော်…

    အောင်မြင်မှုတွေနဲ့ အတူပြန်ဆုံကြမယ်…

    ကျေးဇူးပြုပြီးနောက်ဆုံးပန်းတိုင် အထိအသက်ရှင်ပေးကြပါနော်..

    တိုင်းပြည်သစ်ကြီးအတွက် မင်းတို့တွေ သိပ်တန်ဖိုးကြီးတယ်။

    Gum Maw

  • စစ်ကော်မရှင် လျှပ်စစ်ဝန်ကြီးဌာနတွင် ခွင့်မဲ့ပျက်ကွက်များပြီး PDF နှင့် ပူးပေါင်းသူအချို့လည်းရှိခဲ့

    စစ်ကော်မရှင် လျှပ်စစ်ဝန်ကြီးဌာနတွင် ခွင့်မဲ့ပျက်ကွက်များပြီး PDF နှင့် ပူးပေါင်းသူအချို့လည်းရှိခဲ့

    အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ခွင့်မဲ့ပျက်ကွက်သူများပြားနေပြီး PDF နှင့် ပူးပေါင်း၊ ဆက်နွယ်သည်ဟုဆိုကာ ထုတ်ပယ်ခံရသူအချို့လည်းရှိခဲ့ကြောင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လူမှုကွန်ရက်သို့ ပေါက်ကြားခဲ့သည့် လျှို့ဝှက်ဖိုင်များအရ သိရသည်။

    ပေါက်ကြားလာသည့် စာရွက်စာတမ်းအချို့အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင်၂၀၂၄ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီနှင့် မတ်လ စသည့် ငါးလအတွင်း ခွင့်မဲ့ပျက်ကွက်မှု၊ PDF နှင့်ပူးပေါင်း၊ ဆက်နွယ်မှုတို့ဖြင့် အလုပ်မှ ထုတ်ပယ်ခံရသူ ၁၃၀ နီးပါးရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ပယ်ခံရသူ ၄၀ ကျော်ရှိပြီး ထိုအထဲတွင် လုပ်သက် ၁၉ နှစ်ကျော်ရှိသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အငယ်တန်းအင်ဂျင်နီယာ(၂) ဦးတင်ထွန်းနိုင်မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ထံ အဖမ်းခံရပြီးနောက် အဆိုပါအဖွဲ့နှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

    “(PDF) အဖွဲ့နှင့် ပူးပေါင်း၍ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာထက်တွင် ဌာနအားခြိမ်းခြောက်စာများရေးသားခဲ့ခြင်း၊ အင်တာနက်နှင့် ဖုန်းလိုင်းများရရှိသည့်နေရာတွင် ရောက်ရှိသော်လည်း ဌာနသို့တစုံတရာအဆက်အသွယ်ပြုလုပ်မှုမရှိဘဲ နိုင်ငံတော်၏ လုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်သည့် လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများကို ပြုလုပ်နေခြင်းကိစ္စ” ဟု ထုတ်ပယ်ရသည့်အကြောင်းအရင်းတွင် ပြောထားသည်။

    ထို့ပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF တပ်မတော် နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ စစ်ကော်မရှင်၏ အကြမ်းဖက်တိုက်ဖျက်ရေးတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂ (က)ဖြင့် အလုပ်နှင့် ထောင်ဒဏ် လေးနှစ် ချမှတ်ခံရသူ သုံးဦးရှိကြောင်းလည်း တွေ့ရသည်။

    အဆိုပါ ငါးလအတွင်း စစ်ကော်မရှင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပယ်ခဲ့သူအများစုမှာ ခွင့်မဲ့ပျက်ကွက်သူများဖြစ်ပြီး မီးသုံးစွဲသူများ၏ မီတာလျှောက်လွှာဖိုး၊ ဓာတ်အားခငွေများ အလွဲသုံးစားပြုလုပ်သူနှစ်ဦး၊ Power Cable ကြိုး ခိုးသူတဦး၊ တော်လှန်ရေးအဖွဲ့များထံ အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း အလုပ်ပြန်မဝင်တော့သူ သုံးဦးနှင့် ပုဒ်မ ၅၂ (က) ဖြင့် ထောင်ခုနစ် နှစ်ချမှတ်ခံရသူတဦးတို့လည်း ပါဝင်​ကြောင်း သိရသည်။

    ခွင့်မဲ့ပျက်ကွက်သူများမှာ လုပ်သက် ခုနစ်လကျော်မှ လုပ်သက် နှစ် ၂၀ ကျော်အထိရှိသည့် ဝန်ထမ်းများဖြစ်သည်။

    အဆိုပါ ခွင့်မဲ့ပျက်ကွက်သူများအနေဖြင့် ရုံးမတက်ချင်တော့၍ အထုတ်ခံရစေရန် ထိုသို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း နေပြည်တော်ရှိ ဝန်ထမ်းတဦးက မှတ်ချက်ပြုသည်။

    “ကုန်ဈေးနှုန်းကတက်နေပြီ။ ဝန်ထမ်းတွေက ငလျင်နဲ့လည်း ဒုက္ခရောက်တယ်။ လစာနဲ့လည်း ဝန်ထမ်းတွေကမလောက်ကြတော့ဘူး။ ရုံးလည်းမတက်ချင်ကြတော့ဘူး။ စိတ်ဓာတ်တွေက အောက်ဆုံးရောက်နေကြတယ်။ အဲ့ဒီလိုဖြစ်နေတယ်” ဟု ပြောသည်။

    သို့သော် တဖက်တွင် အလုပ်ထွက်သူများရှိ​နေပြီး တဖက်တွင်လည်း စစ်မှုမထမ်းရရေး ဝန်ထမ်းဖြစ်ခွင့်ရရန် အလုပ်လျှောက်ထားလိုသူများလည်းရှိနေကြောင်းလည်း သူက ပြောသည်။

    အာဏာသိမ်းပြီးနောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအပါအဝင် အခြားဌာနအချို့တွင်လည်း နိုင်ငံခြားသို့ ပညာတော်သင်သွားပြီး ပြန်မလာမှု၊ ဌာနမှကင်းကွာမှု၊ ခွင့်မဲ့ပျက်ကွက်မှုတို့ဖြင့် ထုတ်ပယ်ရသူများလည်း ရှိနေကြောင်း ​ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။

    Photo: MOI

  • မုံရွာ-ကျောက္ကာ လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို ၄ ရက်ဆက် တိုက်ခိုက်

    မုံရွာ-ကျောက္ကာ လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို ၄ ရက်ဆက် တိုက်ခိုက်

    မုံရွာ-ကျောက္ကာ လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို ၄ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၄၀ ဦးသေဆုံးပြီး ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦး အပါအဝင် ၂၀ ဦးခန့် ထိခိုက် ဒဏ်ရာရ

    စစ်ကိုင်းတိုင်း၊ မုံရွာ-ကျောက္ကာ လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို ၄ ရက်ဆက် တိုက်ခိုက်ရာ စစ်သား ၄၀ ဦးသေဆုံးပြီး ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦး အပါအဝင် ၂၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    ဩဂုတ်လ ၈ ရက်နေ့တွင် မုံရွာ-ကျောက္ကာ လမ်းပိုင်းရှိ စီးပွားရေး တက္ကသိုလ်မှ ထွက်လာသော အင်အား ၁၅၀ ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် ကျောက္ကာတောင်ရွာရှိ စာသင်ကျောင်းဘက်မှ ထပ်မံ ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

    ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တပ်ဖြန့်ထားသော စစ်တပ် စစ်ကြောင်းကို ရေနံကုန်း လမ်းဆုံနှင့် ရွှေဂူဖြူ ဘုရားအနီး တို့တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၆ နာရီခန့်တွင် ထနောင်းဝင်း ကျေးရွာအရှေ့ဘက် ထွက်လာသော စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ ည ၉ နာရီခန့်တွင် ရွာတုံကျေးရွာ နှင့် ထနောင်းဝင်းကျေးရွာ တို့အနီးတွင် ထိတွေ့တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    တိုက်ပွဲအတွင်း စီးပွားရေး တက္ကသိုလ်နှင့် အမတ ၅၀၈ တပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး စက်တပ်လေထီး ၂ စီးလည်း ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ခန့် တွင် ရွှေဂူနီဘုရားအနီး တပ်ဖြန့်ထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီခန့်တွင် ကျောက္ကာမြောက်ရွာအရှေ့ ကန်ကြီးကွေ့ ထိ ဖြန့်ဆင်းလာသော စစ်တပ် စစ်ကြောင်းနှင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသော တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ အလားတူ ကျောက္ကာရွှေဂူနီဘုရား အနီးရှိ စစ်သားများနှင့် ကျောက္ကာမြောက်ရွာ မီးသတ်ရုံးအနားရှိ စစ်တပ် Jammer ကားကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စစ်တပ် စစ်ကြောင်းသည် အင်အား ၁၂၀ အပေါ့စားသံဂျပ်ကာ ယာဥ် ၂ စီး၊ သံပြားကာ ၂ စီး၊ Doublecab ၂ စီးပါ ယဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်မိုင်းဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များ၏ ဒရုန်း ၂ စီးလည်း ပစ်ချခံခဲ့ရကြောင်း၊ ယင်း စစ်ကြောင်းသည် ခရိုင်ချင်းဆက်လမ်းအတွင်းရှိ လမ်းဘေးဝဲယာ အိမ်တန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့ထိ မုံရွာမြို့မှ ကျောက္ကာရွှေဂူဖြူဘုရား အနီးဝန်းကျင်ကို အင်အား ၄၀၀ ခန့်ဖြင့် တပ်ဖြန့်ကာ ပြည်သူပိုင်ပစ္စည်းမျာ ယူဆောင်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။