Category: News

  • အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

    အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

    တောင်တွင်းကြီးမြို့နယ်၊ ညာတောကျေးရွာအုပ်စုတွင် ပြည်သူများကို နည်းမျိုးစုံနှိပ်စက်နေသော အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

    မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ညာတောကျေးရွာအုပ်စုတွင် ပြည်သူများကို နည်းမျိုးစုံနှိပ်စက်နေသော အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးစလုံးသေဆုံးခဲ့ကြောင်း မကွေး တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    နိုဝင်ဘာလ ၂၆ ရက်နေ့ ညပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်တိုက်နယ်၊ ညာတောကျေးရွာအုပ်စု၊ သစ်ခုတ်ကွင်းကျေးရွာတွင် စစ်တပ် သတင်းပေးအဖြစ် လုပ်ကိုင်နေသော အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း ဆိုသူသည် ကျေးရွာနေ ပြည်သူများကို စစ်တပ်ခေါ်လိုက်ရမလားဟု ခြိမ်းခြောက်ပြောဆိုပြီး အနိုင်ကျင့်နှိပ်စက်နေ၍ ၎င်းနေအိမ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    အလားတူ သစ်ခုတ်ကွင်းကျေးရွာတွင် စစ်တပ် သတင်းပေးအဖြစ် လုပ်ကိုင်နေသော မင်းဇော်ဦး နှင့် ဇနီးဖြစ်သူ ခင်ကြိုင် တို့သည်လည်း တော်လှန်ရေးရဲဘော် ၁ ဦးကို စစ်တပ်ထံ သတင်းပေး ဖမ်းဆီးစေခိုင်းခြင်း၊ တော်လှန်ရေးရဲဘော်များကို စစ်တပ်ထံ သတင်းပေးတိုင်ကြားခြင်းများကြောင့် ယင်းနေ့တွင် ၎င်းတို့ နေအိမ်အတွင်း ထပ်မံ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ပစ်ခတ် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သော အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက အကြိမ်ကြိမ် သွားရောက်တွေ့ဆုံ၍ စစ်တပ်နှင့် ပူးပေါင်းခြင်း မပြုလုပ်ရန် သတိပေး ပြောကြားခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေသည်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “သူတို့ ၃ ဦးလုံးကို စစ်တပ် သတင်းတွေပေးတွေ မလုပ်ဖို့ အကြိမ်ကြိမ် သွားရောက် သတိပေးထားတယ်။ အဲတာကို လိုက်နာမှုမရှိဘဲ ဆက်လက် လုပ်ဆောင်နေလို့ သွားရောက် တိုက်ခိုက်ခဲ့တာပါ” ဟု မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို မကွေး တောင်တွင်းကြီး အထူးပျောက်ကျားတပ်ဖွဲ့ နှင့် နဂါးမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်အတွင်း စစ်တပ်သတင်းပေး ဒလန်များ၊ ပျူစောထီးများ အနေဖြင့် စစ်တပ်ထံသို့ သတင်းပေးတိုင်ကြားခြင်း ၊ စစ်တပ်အားကိုး၍ ပြည်သူများ အပေါ် ငွေကြေးများ အတင်းအဓမ္မကောက်ခံခြင်းနှင့် စစ်တပ်မှပြုလုပ်သော အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သတ်မည်ဆိုပါက အချိန်မရွေး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

  • မိုးမိတ်မြို့နယ်ကို စစ်အုပ်စုတပ်တွေ ဝင်ရောက်

    မိုးမိတ်မြို့နယ်ကို စစ်အုပ်စုတပ်တွေ ဝင်ရောက်

    မိုးမိတ်မြို့နယ်ကို စစ်အုပ်စုတပ်တွေ ဝင်ရောက်ပြီးနောက် ဌာနဆိုင်ရာတွေမှာ တပ်စွဲနေ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ကို အပစ်ရပ်သဘောတူညီချက်နဲ့ စစ်အုပ်စုတပ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ပြန်ပေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး စစ်အုပ်စုတပ်တွေ မြို့ပေါ်မှာဝင်ရောက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

    လက်ရှိမှာ အင်အားရာနဲ့ချီတဲ့ စစ်အုပ်စုတပ်တွေက မိုးမိတ်မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနဲ့ နေအိမ်တချို့မှာ ရောက်ရှိနေပြီး တပ်စွဲနေထိုင်နေထိုင်နေတယ်လို့ မိုးမိတ်ဒေသခံတစ်ဦးက ပြောပါတယ်။

    “လ၀ကရုံးတို့ မြေစာရင်းရုံးတို့မှာ စစ်အုပ်စုတွေ ဝင်ရောက်နေတယ်လို့ သိထားပါတယ်။ အိမ်တွေကိုလည်း ဝင်ပြီးရှာဖွေမွှေနှောက်နေကြတယ်တဲ့။ ကျွန်တော်တို့လည်း သေချာမသိရဘူး။ အဲထဲမှာ ကျန်နေခဲ့သူတွေနဲ့ အဆက်အသွယ် သိပ်မရဘူးဖြစ်နေတယ်”

    လတ်တလောမှာတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာမရှိဘဲ စစ်အုပ်စုတပ်က စစ်ပြင်နေပြီး လေကြောင်းကနေလည်း ကင်းထောက်ဒရုန်းတွေအသုံးပြုပြီးစောင်ကြည့်နေတာကြောင့် မြို့ပေါ်မှာ လူသွားလူလာမရှိဘဲ တိတ်ဆိတ်နေတယ်လို့ သူကဆိုပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလမှာ မိုးမိတ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ငါးလအကြာ ဇွန်လမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

    KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ မိုးမိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ပေမဲ့ လတ်တလောမှာတော့ တိုက်ပွဲမရှိဘဲ ငြိမ်သက်နေသလို အဆက်အသွယ်တွေလည်း ပြတ်တောက်နေတယ်လို့ ပြောပါတယ်။

    မိုးကုတ်ကနေ မိုးမိတ်ကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း သုံးခုရှိတဲ့အထဲက မိုးကုတ် – ပိန်းပြစ် – လွယ်ဆာ – မိုးမိတ်လမ်း၊ မိုးကုတ် – ဘားနတ် – ဘော်ဒေ – မိုးမိတ်လမ်းနဲ့ မိုးကုတ် – ချောင်းကြီး – ကျောက်ဝါ – ကျောက်ပုံ – ကြက်နဖလမ်းတို့ ဖြစ်ပါတယ်။

    မိုးမိတ်မြို့ဟာ မြို့ပေါ်ရပ်ကွက် ဆယ်ခုနဲ့ လူဦးရေ ၆၇၀၀၀ကျော် နေထိုင်ပြီး အများစုဟာ စစ်အုပ်စုတပ်တွေ မဝင်ရောက်လာခင်ကတည်းက စစ်ရှောင်နေကြတာကြောင့် မြို့ပေါ်မှာ လူအနည်းငယ်သာ ကျန်ရှိနေတော့တယ်လို့ ဆိုပါတယ်။

    Photo-Myint Thein Lwin

  • ဖုန်းအသစ်အားလုံးတွင် စောင့်ကြည့်နိုင်သည့် App များ ထည့်ရန် အိန္ဒိယ အမိန့်ထုတ်

    ဖုန်းအသစ်အားလုံးတွင် စောင့်ကြည့်နိုင်သည့် App များ ထည့်ရန် အိန္ဒိယ အမိန့်ထုတ်

    ဖုန်းအသစ်တွေမှာ နိုင်ငံပိုင် ဆိုက်ဘာလုံခြုံရေး App တွေ ထည့်သွင်းဖို့ အိန္ဒိယနိုင်ငံက ဖုန်းကုမ္ပဏီတွေကို အမိန့်ပေးခဲ့ပါတယ်။

    အဲဒါကြောင့် ဖုန်းအသုံးပြုသူတွေကြား စောင့်ကြည့်မှုနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားမှာကို စိုးရိမ်နေကြပါတယ်။

    ပြီးခဲ့တဲ့အပတ်က အတည်ပြုခဲ့ပြီး ဒီဇင်ဘာ ၁ ရက်က ကြေညာခဲ့တာဖြစ်ကာ ဖုန်းထုတ်လုပ်သူတွေဟာ အစိုးရရဲ့ app တွေ ထည့်သွင်းဖို့ ရက် ၉၀ ကြာမှာ ဖြစ်ပါတယ်။

    ဒီစနစ်ကို ပိတ်ပစ်တာမျိုး၊ ကန့်သတ်ထားတာမျိုး မလုပ်ရဘူးလို့လည်း ဖော်ပြထားပါတယ်။

    ဒီလိုပြုလုပ်တာဟာ ဆက်သွယ်ရေးကို တလွဲအသုံးပြုတာမျိုးကို သတင်းပို့ဖို့နဲ့ နိုင်ငံသားတွေရဲ့ ဖုန်းစစ်၊ မစစ်ကို စစ်ဆေးနိုင်ဖို့ အကူအညီ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

    ဒါဟာ ဖုန်းအသုံးပြုသူ ၁ ဒသမ ၂ ဘီလီယံရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဖုန်းဈေးကွက်ရှိတဲ့ နေရာဖြစ်ပြီး အခုလို အစိုးရက စောင့်ကြည့်တဲ့ App ထည့်တာက နိုင်ငံသားအခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ကျွမ်းကျင်သူတွေက ဝေဖန်ကြပါတယ်။

    အဲဒီ App ထည့်ထားမယ်ဆိုရင် ဖုန်းခေါ်ဆိုမှုတွေ၊ မက်ဆေ့ချ် ပေးပို့မှုတွေကို ပြုလုပ် ထိန်းချုပ်နိုင်သလို ဓာတ်ပုံ၊ ဖိုင်တွေနဲ့ ဖုန်းကင်မရာကိုလည်း အသုံးပြုနိုင်ပါတယ်။

    ဝေဖန်မှုတွေ တိုးလာတဲ့အချိန်မှာ အိန္ဒိယ ဆက်သွယ်ရေးဝန်ကြီးက ဖုန်းအသုံးပြုသူတွေဟာ ဒီ App ကို မသုံးချင်ပါက ဖျက်ပစ်နိုင်ခွင့် ရှိတယ်လို့လည်း ဆိုပါတယ်။

    ဒါပေမဲ့ ဝန်ကြီးက ဖုန်းအသစ်မှာပါတဲ့ App ကို ပိတ်ထားတာ၊ ကန့်သတ်ထားတာ မလုပ်ရဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မပြောဘူးလို့ မီဒီယာတွေက ဖော်ပြပါတယ်။

    အိန္ဒိယနိုင်ငံမှာ ၂၀၂၅ ခုနှစ် နှစ်လယ်အထိ ဖုန်းအသုံးပြုသူ ၇၃၅ သန်းရှိပြီး Apple ဖုန်းသုံးသူ ၄ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိကာ အများစုက Android ဖုန်းတွေကို အသုံးပြုကြတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

    ပြည်သူတွေသုံးတဲ့ ဖုန်းတွေကို ကန့်သတ်မှုဟာ အိန္ဒိယတနိုင်ငံတည်း မဟုတ်ဘဲ ရုရှားနိုင်ငံမှာလည်း ဩဂုတ်လကစပြီး ဖုန်းနဲ့ တက်ဘလက်တွေကို တင်းကျပ်၊ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

  • မူးယစ်စက်လှေ တိုက်ခိုက်မှုအကြောင်းပြောရင်း ‘မြေပြင်မှာပါတိုက်ခိုက်မယ်’ ဟု ထရမ့်ပြော

    မူးယစ်စက်လှေ တိုက်ခိုက်မှုအကြောင်းပြောရင်း ‘မြေပြင်မှာပါတိုက်ခိုက်မယ်’ ဟု ထရမ့်ပြော

    ဗင်နီဇွဲလားမှ မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိ စက်လှေများအား ပစ်မှတ်ထားသည့် စစ်ရေးစစ်ဆင်မှုများနှင့်ပတ်သက်ပြီး ပြောဆိုရာတွင် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အနေဖြင့် “မြေပြင်ပေါ်မှာပါ တိုက်ခိုက်မှုများ စတင်လုပ်ဆောင်သွားမည်” ဟု ဆိုသည်။

    “ကျွန်တော်တို့က ဒီ ပင်လယ်ပြင်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတယ်၊ မြေပြင်မှာပါ အဲဒီလို တိုက် ခိုက်မှုတွေ စပြီး လုပ် ဆောင်တော့မှာဖြစ်တယ်၊ သိတဲ့အတိုင်းပဲ၊ ကုန်းမြေစစ်ဆင်ရေးက ပိုလွယ်တယ်၊ အများကြီး ပိုလွယ်တယ်” ဟု ထရမ့် အင်္ဂါ နေ့တွင် ပြောသည်။

    စက်တင်ဘာလအတွင်းက ဗင်နီဇွဲလားမှလာသော သံသယရှိ မူးယစ်စက်လှေတစီးအား အသက်ဆုံးရှုံးမှု များဖြစ်စေခဲ့သည့် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပင်တဂွန်က စေ့စေ့စပ်စပ် စစ်ဆေးမှုများနှင့် ရင်ဆိုင်နေ ရချိန် ထရမ့်၏ ယခု မှတ်ချက်စကား ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    အင်္ဂါနေ့က ထရမ့်၏ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်သ်က အမေရိ ကန်၏ “မူးယစ်စက်လှေတွေကို တိုက်ခိုက်တာ အခုမှ စတင်ရုံလေး ရှိသေးပါတယ်” ဟု ပြောသည်။ ကာရေဘီယံပင်လယ်၌ စက်တင် ဘာလကပြုလုပ်ခဲ့သော တိုက်ခိုက်မှုကိုခွင့်ပြုခြင်း၌ ၎င်း၏ အခန်း ကဏ္ဍနှင့်ပတ်သက်ပြီး မေးခွန်းများမြင့်တက်လာချိန် ပိဟက်ဂ်ဆက်သ်က ပြောဆိုခြင်း ဖြစ်သည်။

    အဆိုပါ မူးယစ်စက်လှေကို ကနဦး တိုက်ခိုက်မှုအပြီး အသက်ရှင်ကျန်ရစ်သူ နှစ်ဦးကိုတွေ့ရှိခဲ့ကြောင်း The Washington Post က သတင်းဖော်ပြသည်။ သို့ရာတွင် ဟက်ဂ်ဆက်သ်၏ “လူတိုင်းကို သတ်ပစ်ရန်” ကနဦး ညွှန်ကြားချက်ကိုလိုက်နာပြီး တိုက်ခိုက်မှုအားကွပ်ကဲကြီးကြပ်သည့် ပူးပေါင်း အထူးစစ်ဆင်ရေး တပ်မှူးက ထိုနေရာကို ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်ဟု ယင်းသတင်း၌ ဖော်ပြ ထားသည်။

    အဆိုပါ ဖော်ပြချက်က “လုံးဝ အလိမ်အညာသာဖြစ်သည်”ဟု ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ဟက်ဂ်ဆက်သ်ကလည်း ထို ကိစ္စရပ်ကို X လူမှုမီဒီယာမှနေ၍ ခုခံကာကွယ် ပြောဆိုခဲ့သော်လည်း အမေရိကန်အပေါ် လက်ငင်း ခြိမ်းခြောက်မှု ရှိမနေနသည့် ထို မူးယစ်စက်လှေများပေါ်က “လူတိုင်းကို သတ်ပစ်ရန်” တာဝန်ရှိသူများအား သူက ညွှန်ကြားခဲ့ခြင်း ရှိ၊ မရှိကိုမူ ငြင်းဆိုခြင်း မရှိပေ။

    စစ်ဆင်ရေးအတွင်း ပထမအကြိမ်တိုက်ခိုက်ပြီးနောက် ကျန်ရှိနေသည့်အပိုင်းအတွက် သူက “ဆက် လက်ရှိမနေခဲ့”ကြောင်း ဟက်ဂ်ဆက်သ်က အင်္ဂါနေ့၌ပြောကြားခဲ့ပြီး တာဝန်ခံ ရေတပ်တပ်မှူးက “အပြည့်အဝ အခွင့်အာဏာရှိပြီး” စစ်ဆင်ရေး နောက်ပိုင်း အမိန့်ပေးရာတွင်လည်း “မှန်ကန်သော ဆုံးဖြတ် ချက်ကို ချမှတ်ခဲ့ခြင်းသာ ဖြစ်သည်” ဟု ဆိုသည်။

    The Washington Post သတင်းတွင် ဖော်ပြထားသည့် စစ်ဆင်ရေး၌ မူးယစ်စက်လှေကို တိုက်ခိုက်အပြီး လူနှစ်ဦး အသက်ရှင်လျက် ရှိသည်ကို တွေ့ရှိသည့်ကြားမှ “လူတိုင်းကို သတ်ပစ်ရန်” ဟက်ဂ်ဆက်သ်၏ အမိန့်အရ ဒုတိယအကြိမ် တိုက်ခိုက် သည်ဆိုသည့် လုပ်ရပ်များသည် “စစ်ရာဇဝတ်မှု” အရာ မြောက် နိုင်သည်ဟု ဒီမိုကရက် လွှတ်တော်အမတ်အချို့နှင့် စစ်ဘက်အရာရှိဟောင်းများက စွပ်စွဲပြောဆိုထား ကြသည်။

    Indenpent မှ Trump says ‘we’re going to start doing those strikes on land too’ as he talks about drug boat attacks ကို မိုးသဲ ဘာသာပြန်သည်။

  • ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု နံပါတ် ၁ နိုင်ငံအဖြစ် မြန်မာနိုင်ငံက ဆက်လက်ရပ်တည်

    ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု နံပါတ် ၁ နိုင်ငံအဖြစ် မြန်မာနိုင်ငံက ဆက်လက်ရပ်တည်

    စစ်ဘေးသင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၁၀ နှစ်အတွင်း အမြင့်ဆုံး ရောက်ရှိလာပြီး မှောင်ခိုလုပ်ငန်းအမျိုးမျိုး စုဝေးရာ ဗဟိုချက်ဖြစ်လာ၊ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု နံပါတ် ၁ နိုင်ငံအဖြစ် မြန်မာနိုင်ငံက ဆက်လက်ရပ်တည်

    စစ်ဘေးသင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၁၀ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

    ကုလသမဂ္ဂ၏ ယနေ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုသည် ၁၀ နှစ်တာကာလအတွင်း စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ထွက်ရှိလာသည့် ဘိန်းဖြူ (Heroin) ကို အနောက်နိုင်ငံဈေးကွက်များသို့ ကူးသန်းရောင်းဝယ်နေသည့် အစောပိုင်းလက္ခဏာများ တွေ့ရှိနေရကြောင်း သိရသည်။

    စစ်ဒဏ်သင့်နေသော မြန်မာနိုင်ငံမှာ တရားမဝင် သတ္တုတူးဖော်ခြင်းမှသည် ကျားဖြန့် လိမ်လည်မှုများအထိ၊ မက်သာအမ်ဖက်တမင်းနှင့် ဘိန်းဖြူကဲ့သို့ တရားမဝင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်းအထိ အမျိုးမျိုးသော မှောင်ခိုလုပ်ငန်းများ စုဝေးရာ ဗဟိုချက် ဖြစ်လာနေကြောင်း ၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ထိပ်တန်း ဘိန်းစိုက်ပျိုးထုတ်လုပ်သူများထဲတွင် အချိန်ကြာမြင့်စွာ ပါဝင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် အာဖဂန်နစ္စတန်၌ တာလီဘန်အစိုးရမှ ဘိန်းလုပ်ငန်းကို နှိမ်နင်းပြီးနောက် ကမ္ဘာ့အဆင့် ၁ နေရာကို ရယူခဲ့ကြောင်း သိရှိရသည်။

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်အတွက် ရန်ပုံငွေထောက်ပံ့ပေးရာ၌ တရားမဝင်လုပ်ငန်းများသည် အဓိကဝင်ငွေရင်းမြစ်များ ဖြစ်လာကြောင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC) ၏ အစီရင်ခံစာအရ ယခုနှစ်တွင် မြန်မာနိုင်ငံမြေပေါ်၌ ဘိန်းစိုက်ပျိုးသည့် ဧကမှာ ဟက်တာ ၅၃,၀၀၀ ကျော် (၁၃၁,၀၀၀ ဧက) ကျော်လွန်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် အကြီးဆုံးနယ်မြေအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရသည်။

    UNODC အေဂျင်စီ၏ နှစ်စဉ်ထုတ်ပြန်သော မြန်မာ့ဘိန်းစိုက်ပျိုးမှုစစ်တမ်းတွင် အာဖဂန်နစ္စတန်တွင် ဘိန်းနှိမ်နင်းမှုများ ပြုလုပ်ပြီးနောက် အရှေ့တောင်အာရှမှ ကူးသန်းရောင်းဝယ်သော ဘိန်းဖြူများမှာ ဈေးကွက်သစ်များသို့ ရောက်ရှိလာသည့် လက္ခဏာများ ပေါ်ထွက်နေကြောင်း သိရှိရသည်။

    ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် ထိုင်းနိုင်ငံမှ ဥရောပသမဂ္ဂသို့ လေကြောင်းခရီးဖြင့် သွားလာသည့် ခရီးသည်များထံမှ မြန်မာနိုင်ငံမူရင်းဖြစ်သည်ဟု သံသယရှိရသော ဘိန်းဖြူ စုစုပေါင်း ၆၀ ကီလိုဂရမ် (၁၃၂ ပေါင်) ဖမ်းဆီးရမိကြောင်း သိရှိရသည်။

    ယင်းပမာဏသည် “သိသာထင်ရှားသည့် အတိုင်းအတာမဟုတ်သေးသော်လည်း၊ ပြောင်းလဲသွားသော ပတ်ဝန်းကျင်က မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးခြင်းနှင့် ထုတ်လုပ်ခြင်းကို ပိုမိုအားပေးနိုင်ကြောင်း သုံးသပ်ထားသည်။

    မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်မဖြစ်ပွားမီကပင် ဘိန်းကို ကျယ်ပြန့်စွာ စိုက်ပျိုးခဲ့ကြပြီး စစ်ပွဲကြောင့် မှောင်ခိုဈေးကွက်များ ပိုမိုအားကောင်းလာကြောင်း၊ ဗဟိုအစိုးရ အားနည်းလာခြင်း၊ တိုက်ပွဲများကြောင့် စက်မှုလုပ်ငန်း အခြေခံအဆောက်အအုံများ ပျက်စီးသွားခြင်းနှင့် ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်းတို့ကြောင့် စိတ်အားငယ်မှုများ တိုးလာနေကြောင်း သိရှိရသည်။

    UNODC အစီရင်ခံစာတွင် မတည်မငြိမ်ဖြစ်မှုက လယ်သမားများကို ဘိန်းစိုက်ပျိုးခြင်းဆီသို့ တွန်းပို့နေသော်လည်း “ပြင်းထန်လာသော ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ၎င်းတို့၏ စိုက်ခင်းများကို ဂရုစိုက်ရန် ပိုမိုခက်ခဲလာသည်” ဟု ဖော်ပြထားသည်။

    စစ်ပွဲအတွင်း လယ်သမားများနှင့် လက်နက်ကိုင်အဖွဲ့များ နှစ်ဖက်စလုံး ဝင်ငွေရှာနိုင်သည့် နည်းလမ်းများထဲမှ တစ်ခုမှာ ဘိန်းစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ဘိန်းစိုက်ခင်းများသည် ၂၀၂၄ ခုနှစ်မှစ၍ ၁၇ ရာခိုင်နှုန်း တိုးလာသော်လည်း ယခုနှစ်ထွက်ရှိသော အထွက်နှုန်းမှာ တန် ၁,၀၀၀ ခန့်ဖြင့် ယေဘူယျအားဖြင့် အပြောင်းအလဲမရှိ ဖြစ်နေကြောင်း UNODC အစီရင်ခံစာက မှတ်ချက်ပြုထားသည်။

    ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ထုတ်ပြန်ချက်အရ ဘိန်းစိုက်ပျိုးတဲ့နေရာတွေကို ပြထားတဲ့ မြေပုံ။ မြန်မာနိုင်ငံကတော့ ခု ကမ္ဘာမှာ နံပါတ် ၁ ထုတ်လုပ်မှုအများဆုံး နိုင်ငံဖြစ်သွားပြီ။ အာဖဂန်နစ္စတန်တောင် ဘိန်းထုတ်လုပ်မှုမှာ မြန်မာနောက်ကို ရောက်သွားပြီ။

    တခါတလေ စာနဲ့ ရေးပြမှ ရတာတွေ ရှိပေမဲ့ တချို့ကိစ္စတွေကျ မြေပုံညွှန်းနဲ့ ကိန်းဂဏန်းနဲ့ပြလိုက်ရင် ပိုရှင်းသွားတာမျိုးတွေလည်း ရှိတယ်။ ခု မြေပုံကို ကြည့်လိုက်ရင်တော့ တချို့ကိစ္စတွေ ရှင်းသွားပါလိမ့်မယ်။

    ဒီနယ်မြေတွေကို ဘယ်သူတွေ ထိန်းချုပ်ထားသလဲ၊ ဘယ်သူ့လက်အောက်မှာ ရှိနေသလဲဆိုတာ ကြည့်လိုက်တာနဲ့ အဖြေပေါ်တာပေါ့။

    စဉ်းစားမိတာက ကျားဖြန့်ကို ဒီလိုမြေပုံမျိုး ထုတ်နိုင်ရင် ကောင်းမယ်။ ဒါဆို ဘိန်း မထုတ်တဲ့နေရာတွေမှာ ကျားဖြန့်တွေ အစားထိုးလာတာမျိုးကို မြင်ကြည့်နိုင်မလားပဲ။

    Mratt Kyaw Thu