Category: News

  • ဗန်းမော်တွင် တိုက်ပွဲပြန်ပြင်းထန်ပြီး စစ်တပ်ဘက်က အများအပြားသေဆုံး

    ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဩဂုတ် ၂၅ ရက်က တိုက်ပွဲ ပြန်ပြင်းထန်ပြီး စစ်တပ်ဘက်က အများအပြား သေဆုံးကာ လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်းရမိထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ နီးစပ်သူထံက သိရပါတယ်။

    KIA ရှေ့တန်းနဲ့ နီးစပ်တဲ့သူတယောက်က “လေယာဉ်ကွင်း မသိမ်းသေးတဲ့ဘက်က စစ်ကောင်စီတွေ အရင် ထိုးစစ်ဆင်လို့ ‌KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က တန်ပြန် ခုခံတိုက်ခိုက်တာ၊ စစ်ကောင်စီဘက်က ၅၄ ယောက်လောက် သေတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

    လေယာဉ်ကွင်း အကုန်မသိမ်းရသေးဘဲ တခြမ်းမှာ စစ်ကောင်စီတပ်တွေရှိပြီး ကျန်တခြမ်းမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ရှိထားတယ်လို့ သူက ပြောပါတယ်။

    ရေကြောင်းနဲ့ စစ်ကူခေါ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တချို့လည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဆီ ထွက်ပြေး ဝင်ရောက်လာတာ ရှိတယ်လို့ ဆိုပါတယ်။

    ထွက်ပြေးရောက်ရှိလာတဲ့ သူတွေထဲမှာ တချို့က လက်ထိပ်ခတ်ထားတဲ့သူတွေပါဝင်ပြီး ၅ ယောက်၊ ၁၅ ယောက် စသဖြင့် တစုတစု ရောက်လာကြတာရှိသလို ဖရိုဖရဲ ရောက်လာသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

    KIA နဲ့ နီးစပ်သူတ‌ယောက်က “ဗန်းမော်မှာတော့ ထိရောက်မှုရှိတယ်လို့ ပြောတယ်။ စစ်ကောင်စီဘက်က အတော်သေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

    ဗန်းမော် စကခ ၂၁ ဝန်းကျင်ဘက်မှာလည်း တိုက်ပွဲပြင်းထန်နေခဲ့ပြီး စစ်ကောင်စီလေတပ်ဘက်က လေကြောင်းကနေ ၁၀ ကြိမ်‌လောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါယ်။

    ဗန်းမော်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလကစပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

  • စစ်တွေတွင် လက်နက်ကြီးဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေ

    စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့သည် ယနေ့ နံနက်ပိုင်းမှ စ၍ လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရှိနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

    ယနေ့၊ နံနက် ၉ နာရီခန့်မှ စ၍ စစ်တွေမြို့နယ်၊ ကျားမသောက်နှင့် ဇော်မဒတ်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး AA ဖက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ” ပစ်လိုက်နား လိုက်နဲ့ အပြန်အလှန်ပစ်နေကြတယ်။ အနည်းဆုံး ၁၀ လုံးကျော်လောက် ရှိမယ်။ အခုတော့ အသံတွေ ခဏရပ်နေတယ်။ ပေါက်တောဘက်ကို ကျတယ်လို့ ခန့်မှန်းရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား နှစ်ဖက်စလုံး အင်အားအလုံးအရင်းဖြင့် စစ်ဆိုင်ထားသည့် အခြေအနေတွင် ရှိနေသည်။

    အာရက္ခတပ်တော်က မြို့တစ်ခုလုံးကို ဝိုင်းပတ်ပိတ်ဆို့ထားကာ စစ်ကောင်စီဖက်ကလည်း မြို့တွင်းနှင့် ရေတပ်အင်အားများကို ဖြည့်တင်းကာ ခံစစ်အခိုင်အမာပြင်ဆင်ထားသည်။

    လက်ရှိအချိန်ထိ နှစ်ဖက် မြေပြင်တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခြင်းမရှိသေးဘဲ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသည်။

    စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့တွင် ရွေးကောက်ပွဲလုပ်ရန် စီစဉ်ထားသဖြင့် အာရက္ခတပ်တော် ထိုးစစ်မဆင်မီ ပုဏ္ဏားကျွန်းကို တိုက်စစ်ဆင်နိုင်သည့် အခြေအနေတွေ့ရကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။

    “ဘာလို့လဲ ဆိုတော့ မင်းချောင်းတံတားကိုလည်း ပြင်ထားတော့ စစ်ယာဉ်တန်းတွေ ဖြတ်လို့ရအောင်လုပ်ထားတဲ့ အနေအထားမျိုးလို့ တွေ့ရတယ်။ တကယ်လို့ ပုဏ္ဏားကျွန်းဖက်ကို ချွန်ထွက်သွားရင်တောင်မှ အနီးစပ်ဆုံး ပေါက်တောလောက်ကို ပြန်တိုက်မယ့် အနေအထားမျိုးပါ။ စစ်တပ်ဖက်ကတော့ တိုက်စစ်ဖွင့်လို့ ရမယ့်အပေါက်က ပုဏ္ဏားကျွန်းပဲ ရှိတော့ ရမလားဆိုပြီး ဖောက်လာနိုင်ခြေရှိတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

    ရခိုင်တွင် မြို့တော် စစ်တွေနှင့် ကျောက်ဖြူ၊ မာန်အောင်မြို့တို့သာ AA သိမ်းပိုက်ရန် ကျန်ရှိတော့ပြီ ဖြစ်သည်။ လက်ရှိ ကျောက်ဖြူတိုက်ပွဲမှာ နေ့စဉ်ပြင်းထန်လာနေပြီး စစ်ရှောင်ဦးရေလည်း တိုးလျက်ရှိနေသည်။

  • ပေါက်ပြားကိုင်ပြီး ရှင်သန်နေရတဲ့ စစ်သားမိန်းမ (ရဲမေ) များဘ၀

    ပေါက်ပြားကိုင်ပြီး ရှင်သန်နေရတဲ့ စစ်သားမိန်းမ (ရဲမေ) များဘ၀

    ပေါက်ပြားကိုင်ပြီး ရှင်သန်နေရတဲ့ စစ်သားမိန်းမ (ရဲမေ) များဘ၀

    အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ ခင်ပွန်းဖြစ်သူ စစ်သားတွေကို ရှေ့တန်းပို့ စစ်တိုက်ခိုင်းချိန်မှာ နောက်တန်းက ဇနီး (ရဲမေ) တွေကိုလည်း တပ်သန့်ရှင်းရေးလုပ်ခိုင်းတာ၊ တပ်လုံခြုံရေးအတွက် သေနတ်ကိုင် ကင်းစောင့်ခိုင်းတာ အပြင် စစ်တပ်ရဲ့တရားခံဖမ်းဆီးတဲ့နေရာတွေမှာပါ လစာမပေးဘဲ ခိုင်းစေနေတယ်လို့ သိရပါတယ်။

    ရုပ်သံ – လူမှုကွန်ရက်

  • တောင်ငူမှာ PDF တွေ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်တက်လာ

    တောင်ငူမှာ PDF တွေ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်တက်လာ

    တောင်ငူခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်တက်လာတဲ့ရုပ်သံဖိုင်ကို တောင်ငူခရိုင်အမှတ် ၂တပ်ရင်းက ဒီနေ့ဩဂုတ်လ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

    “အမြန်လမ်းပေါ်မှာတွေ့ကြမယ်”လို့လည်း အဆိုပါရုပ်သံမှာ ရေးသားထားပါတယ်။

  • မြောက်ဦးမြို့တွင် အလှူလုပ်ရန် ပြင်ဆင်နေသော နေအိမ်ကို  စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သေ ဆုံးသူ ၁၂ ဦးရှိလာ

    မြောက်ဦးမြို့တွင် အလှူလုပ်ရန် ပြင်ဆင်နေသော နေအိမ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သေ ဆုံးသူ ၁၂ ဦးရှိလာ

    ယခုနှစ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့်လူ ၈၆ ဦး သေဆုံးခဲ့ပြီး စစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာထံသို့ ပေးပို့မည်

    ရခိုင်ပြည်၊ မြောက်ဦးမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် သေဆုံးသူ ၁၂ ဦးရှိလာပြီး ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်သူ ၈၆ ဦး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်သည်။

    ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် အာရက္ခပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို လေကြောင်း တိုက်ခိုက်မှုကြောင့် အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များ နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ ကလေးငယ် ၅ ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့ရပြီး ပြည်သူ ၂၀ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိကာ လူနေအိမ် ၈ လုံး ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

    စစ်တပ်က ညအချိန် လူအများ အိပ်မောကျနေသည်ကို အခွင့်ကောင်းယူပြီး ယခုကဲ့သို အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများပြားစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ယခုအချိန် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးသူ ပြည်သူ ၈၆ ဦးရှိကြောင်း သိရှိရသည်။

    စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့နှင့် မေလ ၁၅ ရက်နေ့များတွင်လည်း စစ်တပ်က ကျောက်တော်မြို၊ ရွာမရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦး ‌သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ စုစုပေါင်း ၁၄ ဦးအထိ ရှိခဲ့ကြောင်း သိရှိရသည်။

    ထို့အတူ ၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ၀၅ မိနစ်အချိန်တွင်လည်း ရသေ့တောင်မြိုနယ်၊ ထွန်းရဝေရွာဟောင်းကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

    ယင်းအပြင် ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင်လည်း မြောက်ဦးမြိုနယ်၊ ရမ်းချောင်းရွာအနီးတစ်ဝိုက်ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်သုံပန်းမိသားစုဝင်များထဲမှ ကလေးငယ်နှင့် အမျိုးသမီးစုစုပေါင်း ၂၈ ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် ရမ်းဗြဲမြိုနယ်၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း သိရှိရသည်။

    စစ်တပ်က စစ်ဘက်နှင့်မသက်ဆိုင်သော စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သော မြို့ ရွာ ရပ်ကွက် နေရာများ စသည်ဖြင့် အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်များ လူစိတ်ကင်းမဲ့သောတိုက်ခိုက်မှုမျိုးကို အာရက္ခဒေသအတွင်းသာမက နိုင်ငံအနှံအပြား၌ နေ့စဉ် ရက်ဆက် ပြုလုပ်နေကြောင်း၊ စစ်တပ်က စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်လျက်ရှိကြောင်း AA က ပြောဆိုသည်။

    အာရက္ခပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ နေ့စဉ် ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး အဆိုပါလုပ်ရပ်များကို နိုင်ငံတကာအဖွဲအစည်းများထံသို့ ပေးပို့သွားမည်ဖြစ်သည့်အပြင် AA က လုပ်သင့်လုပ်ထိုက်သည်များအား ဆက်လက် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ပြောဆိုသည်။

    ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီမှ မြောက်ဦးမြို့အား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့၊ ည (၁၁) နာရီ ( ၂၅) မိနစ်အချိန်ခန့်တွင် အာရက္ခပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အား ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ယင်းသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များ နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ ကလေးငယ် (၅) ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၁၂) ဦး သေဆုံးခဲ့ရပြီး (၂၀) ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိကာ လူနေအိမ် (၈) လုံး ပျက်စီးခဲ့ရသည်။

    ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် ညအချိန် လူအများ အိပ်မောကျနေသည်ကို အခွင့်ကောင်းယူပြီး ယခုကဲ့သို့ အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများပြားစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သာဓကအားဖြင့် ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း၌ပင်-

    (၁) ၂၀၂၅ ခုနှစ်၊ မေလ (၁၄) ရက်နှင့် (၁၅) ရက်နေ့များတွင်လည်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား ဂျက်ဖိုက်တာဖြင့် (၂) ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၈) ဦး ‌သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ စုစုပေါင်း (၁၄) ဦးအထိ ရှိခဲ့သည်။

    (၂) ၂၀၂၅ ခုနှစ်၊ မေလ (၁၃) ရက်နေ့၊ နံနက် (၁၀) နာရီ (၀၅) မိနစ်အချိန်တွင်လည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းအား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သေား သေဆုံးသူ (၁၂) ယောက်၊ ဒဏ် ရာရရှိသူ (၂၃) ယောက် နှင့် လူနေအိမ် (၃၁) လုံး ပျက်စီးခဲ့ရသည်။

    (၃) ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းတွင်လည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းရွာအနီးတစ်ဝိုက်အား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ (ယခု) မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ၎င်းပတ်ဝန်းကျင်၌ အာရက္ခတပ်တော်မှ ထိန်းသိမ်းထားသော စစ်ကောင်စီ၏ စစ်သုံ့ပန်းမိသားစုဝင်များထဲမှ ကလေးငယ်နှင့် အမျိုးသမီးစုစုပေါင်း (၂၈) ဦးသေဆုံးကာ (၂၅) ဦးဒဏ်ရာရရှိခဲ့သည်။

    (၄)၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အား ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ (ယခု ) မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ (၂၆) ယောက်၊ ဒဏ်ရာရရှိသူ (၁၂) ယောက် နှင့် လူနေအိမ် (၃၉၈) လုံးပျက်စီးခဲ့ရသည်။

    နိုင်ငံတစ်ဝန်း၌ စစ်ရှုံးနေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် စစ်ဘက်နှင့်မသက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သော မြို့ရွာ ရပ်ကွက် နေရာများ စသည်ဖြင့် အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်များ လူစိတ်ကင်းမဲ့သောတိုက်ခိုက်မှုမျိုးကို အာရက္ခဒေသအတွင်းသာမက နိုင်ငံအနှံ့အပြား၌ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်လျက်ရှိသည်။

    အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသော မိဘပြည်သူလူထုများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပါသည်။ အပြစ်မဲ့အရပ်သား အာရက္ခပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ နေ့စဉ် ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး ဤလုပ်ရပ်များကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်သည့်အပြင် မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များအား ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့အပြင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ နောက်ဆက်တွဲ ထိခိုက်၊ သေဆုံးမှုများရှိပါက ထပ်မံတင်ပြပေးသွားပါမည်။

    သတင်းနှင့်ပြန်ကြားရေး

    အာရက္ခတပ်တော်