Category: News

  • မြင်းခြံ ပျူရွာမှ ထွက်လာသော စစ်တပ် PDF တိုက်ခိုက်ခြင်းကြောင့် ၁၀ဦး သေဆုံးဟုဆို

    မြင်းခြံ ပျူရွာမှ ထွက်လာသော စစ်တပ် PDF တိုက်ခိုက်ခြင်းကြောင့် ၁၀ဦး သေဆုံးဟုဆို

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျူစောထီးရွာမှ ထွက်လာသော စစ်တပ်ကို PDF တို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း သိရသည်။

    ဩဂုတ် ၂၁ ရက်၊ နေ့ခင်း ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ဆုံရွာမှ အင်အား ၃၀ ကျော်လိုက်ပါလာသည့် ထော်လာဂျီ ၁ စီးနှင့် ဆိုင်ကယ် ၃ စီးကို PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၁ နာရီဝန်းကျင်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားများ သေဆုံးခြင်းကို မျက်မြင်တွေ့ရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်းက ဩဂုတ် ၂၁ ရက် ညပိုင်း၌ သတင်းထုတ်ပြန်ထားသည်။

    “ဆုံရွာနဲ့ ငါန်းမြာရဲစခန်းကူးတဲ့လမ်းမှာပါ။မြင်းခြံမြို့နယ်၊ ဆုံရွာပျူရွာကနေ ငါန်းဇွန်မြို့နယ် ငါန်းမြာရဲစခန်းဘက်ကို ပြန်တဲ့ အချိန်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာပါ”ဟု မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်သားများ ကစဉ့်ကလျား ထွက်‌ပြေးကြပြီး ဆုံရွာနှင့် ငါန်းမြာရဲစခန်းမှ စစ်ကူအင်အားများရောက်လာမှ ဆုံရွာသို့ အလောင်းများ ပြန်သယ်သွားကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှုအပြီးတွင် G3 သေနတ်၃ လက် ၊ MA 11 ၁ လက် ၊ ကျည်ဘောက် ၃ ဘောက်နှင့် G3 ကျည် ၁၆ တောင့် သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။

    ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၄တပ်ရင်း ၊ အမှတ်၁၀တပ်ရင်းနှင့်ပူး
    ပေါင်းအဖွဲ့များဖြစ်သော မန္တလေးခရိုင် တပ်ရင်း ၅ ၊ ကျားမင်း(LPDF) ၊ ငန်းနက် (LPDF) ၊ မြောက်ပိုင်းသား (LPDF) ၊ အမရပူရ (ပကဖ) တို့က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။

    စစ်သားများသေဆုံးမှုကို သီးခြားအတည်မပြုနိုင်ပါ။

  • တယ်လီနော မက်တာဒေတာကြောင့် ကိုဂျင်မီ ဖမ်းဆီးခံရကြောင်း နော်ဝေ- မြန်မာကော်မတီ အကြီးအကဲဟောင်း စွပ်စွဲ

    တယ်လီနော မက်တာဒေတာကြောင့် ကိုဂျင်မီ ဖမ်းဆီးခံရကြောင်း နော်ဝေ- မြန်မာကော်မတီ အကြီးအကဲဟောင်း စွပ်စွဲ

    တယ်လီနော မက်တာဒေတာကြောင့် ကိုဂျင်မီ ဖမ်းဆီးခံရကြောင်း နော်ဝေ- မြန်မာကော်မတီ အကြီးအကဲဟောင်း စွပ်စွဲ

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီအဖမ်းခံရမှုနှင့် တယ်လီနော-မြန်မာက တယ်လီဖုန်းသုံးစွဲမှုဆိုင်ရာအချက်အလက်များ၊ ဖုန်းဟန်းဆက်တည်နေရာတို့ပါသောအချက်အလက်များကို စစ်အုပ်စုထံလွှဲပြောင်းပေးခဲ့မှုနှင့် ဆက်စပ်နေကြောင်း နော်ဝေ-မြန်မာ ကော်မတီ ဒါရိုက်တာဟောင်း အော်ဒွန်း အာဂါ (Audun Aagre) က စွပ်စွဲလိုက်သည်။

    အာဏာသိမ်းပြီးနောက် ကိုဂျင်မီ ပုန်းအောင်းနေခဲ့သဖြင့် စစ်တပ်က ရှာမတွေ့ ခဲ့သော်လည်း တယ်လီနောက ကိုဂျင်မီနှင့်ပတ်သက်သည့် မက်တာဒေတာကို ထုတ်ပြန်ပြီးနောက် မကြာမီတွင် ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

    “တယ်လီနောက ကိုဂျင်မီနဲ့ပတ်သက်တဲ့ Metadata (မက်တာဒေတာ) လွှဲပြောင်းပေးလိုက်ပြီးတဲ့နောက်သိပ်မကြာခင်မှာပဲ သူအဖမ်းခံခဲ့ရတယ်။ ဇူလိုင် ၂၃ ရက်၊ ၂၀၂၂ ခုနှစ်မှာ သူကြိုးပေးကွပ်မျက်ခံခဲ့ရတယ်” ဟု အော်ဒွန်း အာဂါက နော်ဝေအခြေစိုက် Panorama News တွင် မှတ်တမ်းဆောင်းပါးထဲတွင် ရေးထားသည်။

    မက်တာဒေတာဆိုသည်မှာ မိုဘိုင်းသုံးစွဲသူ၏ ဖုန်းခေါ်ဆိုမှုကြာချိန်၊ နှစ်ဖက်ဖုန်းဟန်းဆက်များ တည်နေရာ၊ ဟန်းဆက်အမျိုးအစား၊ အင်တာနက်အသုံးပြုမူတို့ကိုပြသသောအချက်အလက်များကိုဆိုလိုသည်။

    တယ်လီနော-မြန်မာက မည်သည့်နေ့ရက်တွင် မက်တာဒေတာလွှဲပြောင်းပေးခဲ့သည်ကိုမူ ဖော်ပြထားခြင်းမရှိပါ။

    အော်ဒွန်းအာဂါသည် နော်ဝေ-မြန်မာ ကော်မတီ (The Norwegian Burma Committee) တွင် ဒါရိုက်တာဟောင်းဖြစ်ပြီး နော်ဝေ Myanmar Support Group ကို ဆက်လက်အကြံပေးနေသူဖြစ်သည်။

    ကိုဂျင်မီ (ခ) ကိုကျော်မင်းယုသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့တွင် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်အတွင်းရှိ ပင်လုံအိမ်ရာ၌ အဖမ်းခံခဲ့ရသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကိုဂျင်မီကို ပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တို့ဖြင့်သေဒဏ်ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် ၃ နာရီတွင် ကြိုးပေးကွပ်မျက်ခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ခဲ့သည်။

    သူနှင့်အတူ ကိုဖြိုးဇေယျာသော်ကို ကြိုးပေးကွပ်မျက်ခဲ့ပြီး နောက်တရက်တွင် ကိုလှမျိုးနှင့် ကိုအောင်သူရဇော်တို့ကိုပါကွပ်မျက်ခဲ့သည်ဟု ဆိုသည်။

    “တယ်လီနောသည် ဒီမိုကရေစီ တောင်းဆိုသည့် ကိုဂျင်မီကဲ့သို့ နိုင်ငံရေးသမားများအတွက် အိပ်မက်ဆိုးဖြစ်စေခဲ့သည်” ဟူသည့်ခေါင်းစဉ်ဖြင့် ပေါ့ကပ်စ်ပရိုဂရမ်တခုကိုလည်း နော်ဝေရေဒီယိုသတင်းဌာနဖြစ်သည့် NRK က ထုတ်လွှင့်နေကြောင်းလည်း မစ္စတာ အော်ဒွန်းအာဂါက ရေးသားထားသည်။

    အဆိုပါပေါ့ကပ်စ်တွင် ကိုဂျင်မီအပါအဝင် အဖမ်းခံရသူ၊ အသတ်ခံရသူများ၏ဒေတာများလွှဲပြောင်းမှုရှိခဲ့သည့်သက်သေများကို ရှင်းပြမည်ဟုဆိုသည်။

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ သတင်းအချက်အလက်နှင့် တောင်းဆိုမှုများကို တယ်လီနောက တုံ့ပြန်မှု အကြိမ်ပေါင်း ၁,၃၀၀ လုပ်ခဲ့သည်ဟုလည်း ပါရှိသည်။

    ထိုအချက်အလက်များထဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အချက်အလက်များလည်းပါသည်ဟု ဆိုသည်။

    တယ်လီနောအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ယခုအဖြစ်အပျက်ကို မကျူးလွန်ဘဲနေမည်ဆိုလျှင် အခွင့်အရေးရှိခဲ့ပါသော်လည်း ချိုးဖောက်ခဲ့သည်သာဖြစ်ကြောင်းနှင့် ယခုလုပ်ရပ်အတွက် တာဝန်ခံသင့်ကြောင့်လည်း မစ္စတာ အော်ဒွန်းက ရေးသားထားသည်။

    တယ်လီနောကတော့ ၎င်းတို့ဒေတာလွှဲပြောင်းခဲ့ခြင်းအပေါ် နောင်တမရဟုဆိုကာ သူတို့အနေဖြင့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအရ လိုက်နာခဲ့သည်သာဖြစ်ကြောင်းလည်း တယ်လီနောက NRK ကိုပြောသည်ဟု ပါရှိသည်။

    တယ်လီနော၏ “အကြီးမားဆုံးမှားယွင်းမှု” သည် နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့လျှင် သုံးစွဲသူများ၏လုံခြုံရေးအတွက် မည်ကဲ့သို့စီမံဆောင်ရွက်မည်ကို ကြိုတင်စီစဉ်ထားခြင်းမရှိခြင်းဖြစ်သည်ဟု မစ္စတာအော်ဒွန်းက ပြောသည်။

    တယ်လီနော၏အစုရှယ်ယာအများစုကို နော်ဝေအစိုးရက ပိုင်ဆိုင်သည်။

    တယ်လီနော-မြန်မာကို လက်ဘနွန်အခြေစိုက် M1 Group နှင့် စစ်အုပ်စုနှင့်နီးစပ်သည့် ပြည်တွင်းကုမ္ပဏီ ရွှေဗျိုင်းဖြူတို့ကို လွှဲပြောင်းရောင်းချမှု ၂၀၂၂ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့ပြီး ထိုနှစ် ဇွန်လ ၈ ရက်နေ့တွင် အက်တမ် (Advancing Telecommunications of Myanmar) ဟု အမည်ပြောင်းလဲခဲ့သည်။

    အက်တမ်သို့ပြောင်းလဲပြီးနောက်ပိုင်း ဖုန်းသုံးသူများ၏မက်တာ​ဒေတာများကို စစ်အုပ်စုက ဆက်လက်ရရှိနေခဲ့သည်ဟု ဝန်ထမ်းဟောင်းတဦးကပြောသည်။

  • ခြံအမှတ်(၅၄)ကိစ္စ လျှောက်ထားချက်များ ဆက်တိုက်ပယ်ချခံရပြီး​နောက် ဦး​အောင်ဆန်းဦးဘက်က ထပ်မံတင်ပြနိုင်မှု မရှိ​

    ခြံအမှတ်(၅၄)ကိစ္စ လျှောက်ထားချက်များ ဆက်တိုက်ပယ်ချခံရပြီး​နောက် ဦး​အောင်ဆန်းဦးဘက်က ထပ်မံတင်ပြနိုင်မှု မရှိ​

    ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)ကို လေးကြိမ်တိုင် လေလံတင်ရောင်းချခဲ့သော် လည်း ဝယ်ယူသူမရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်များ ဆက်တိုက်ပယ်ချခံထားရပြီး​နောက် လက်ရှိတွင် ထပ်မံတင်ပြလာခြင်း မရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်ထဲတွင် ခြံအမှတ် (၅၄)၏ မြေတဝက်ကို ယူလိုကြောင်း ဦးအောင်ဆန်းဦး၏ သုံးကြိမ်မြောက် လျှောက်ထားချက်ကိုလည်း ရန်ကုန်တိုင်း၊ ကမာရွတ်ခရိုင်တရားရုံးက ဩဂုတ်လ ၇ ရက်နေ့က ပယ်ချခဲ့ကြောင်း သိရသည်။

    ထို့ကြောင့် အဆိုပါ ခြံနှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦးဘက်က ထပ်မံတင်ပြလျှောက်ထားရန် ဩဂုတ်လ ၁၃ ရက်နေ့နှင့် ယနေ့ (ဩဂုတ် ၂၁)တို့တွင် ရုံးချိန်းခေါ်ယူခဲ့သော်လည်း တင်ပြခြင်းမရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

    ယနေ့ရုံးချိန်းတွင်မူ ဦးအောင်ဆန်းဦး၏ ရှေ့နေဘက်က အမှုသည်နှင့် မတွေ့ရသေးဟုသာ တင်ပြခဲ့ကြောင်း ဆို သည်။

    ဦးအောင်ဆန်းဦးအနေဖြင့် အဆိုပါခြံအား လေလံတင်ရောင်းချ၍ မရသည့်နောက် ဖမ်းဆီးခံထားရသည့် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က လေလံဈေးနှုန်းသတ်မှတ်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မပါဝင်သည့် မြေတဝက်ကို အရင်ခွဲရောင်းရန် လျှောက်ထားချက်များမှာလည်း ပယ်ချခံထားရခြင်းဖြစ်သည်။

    စစ်​ကော်မရှင်ထိန်းချုပ် တရားရုံးဘက်ကမူ ခြံအမှတ် (၅၄) အား လေလံတင်ရောင်းချခြင်းမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ချမှတ်ထားသည့်ကိစ္စကို အကောင်အထည်ဖော်ခြင်းဖြစ်သည့်အတွက် တဝက်ခွဲဆောင်ရွက်ပေး၍ မရဟု ဇွန်လထဲတွင် ပြောဆိုထားဖူးသည်။

    ခြံအမှတ် (၅၄) အ​မွေဆိုင်အမှုနှင့်ပတ်သက်ပြီး အဆိုပါခြံရှိ နှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်း ခွဲဝေရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ ခုနှစ်တွင် အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။

    သို့​သော် ဦးအောင်ဆန်းဦးက ခြံဝန်းတခုလုံးအား လေလံပစ်ပြီးရရှိသည့်တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန် အယူခံအဆင့်ဆင့်တက်ခဲ့ရာ ပယ်ချခံခဲ့ရပြီး​နောက် အာဏာသိမ်းကာလ ၂၀၂၂ ခုနှစ်ထဲတွင် ပြည်​ထောင်စုတရားလွှတ်​တော်ချုပ်က ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်အတိုင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

    ထို့​နောက် အဆိုပါခြံကို ပထမအကြိမ် ကျပ် ၃၁၅ ဘီလီယံ၊ ဒုတိယအကြိမ် ကျပ် ၃၀၀ ဘီလီယံ၊ တတိယအကြိမ် ကျပ် ၂၉၇ ဘီလီယံနှင့် စတုတ္ထအကြိမ် ကျပ် ၂၇၀ ဘီလီယံတို့ဖြင့် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့​ပေ။

    ဓါတ်ပုံ – ခြံအမှတ် (၅၄) နှင့် ပတ်သက်ပြီး ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်များ ဆက်တိုက်ပယ်ချခံထားရပြီး​နောက် လက်ရှိတွင် ထပ်မံတင်ပြလာခြင်းမရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

  • ကျောက်ဖြူတိုက်ပွဲ AA စစ်ရှိန်ပြန်မြှင့် စစ်တပ်အထိနာ

    အာရက္ခတပ်တော်(AA)ကAAသိမ်းယူထားသည့်စခန်းများကို ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်ကို AA ကတိုက်ခိုက်ရာ စစ်တပ် စစ်ကြောင်းလိုက်ပြုတ်သည်အထိ တိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရေးမြစ်များကပြောသည်။

    ဇွန်လမတိုင်မီက တိုက်ပွဲများတွင် AA သိမ်းယူခဲ့သည့် လိပ်ခမော်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ သပြုတောင်၊ ပြင်ရှည်ရွာနှင့် စည်မော်ရွာဘက်၌ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး ယင်းတိုက်ပွဲများ၌ စစ်တပ်အထိနာပြီ ဖရိုဖရဲဖြစ်ကာတပ်ပျက်နေကြောင်း AA နှင့် နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။

    “တိုက်ပွဲတွေက သြဂုတ်လဆန်းမှာ ပိုပြီးပြင်းထန်လာတာပါ။AAရှိတဲ့နေရာတွေကို စစ်တပ်က ထိုးစစ်လုပ်လာတာ။ သူတို့တပ်လန်ကျနေတယ်။ သေဆုံးတာတွေ များတယ်။ သြဂုတ်လ ၁၀ ရက်နောက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်ကသေတာ ၁၀၀ ကျော်ပြီလို့ သတင်းရတယ်”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

    AAသည် ရခိုင်ပြည်နယ်မှမြို့နယ်အများအပြားကိုသိမ်းယူပြီးနောက် ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ အရှိန်မြှင့်ခဲ့သည်။

    ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းများကို သိမ်းယူနိုင်သည်အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ ရက်က ငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့သည်။

    ထိုးစစ်အရှိန်လျော့ထားစဉ်ကာလ၌စစ်တပ်က လေကြောင်းမှ အင်အားဖြည့်ခဲ့သည်။ ထို့အပြင် AAရှိသည့်နေရာများကို လေကြောင်းနှင့် လက်နက်ကြီးသုံး ၊ဒရုန်းများသုံး၍ တိုက်ခိုက်ခဲ့ပြီးမြေပြင်မှလည်း စစ်ကြောင်းထိုးခဲ့သည်။

    ထို့အပြင် စစ်တပ်ကစာသင်ကျောင်းများနှင့်ဘာသာရေးအဆောက်အအုံများကိုပစ်မှတ်ထား၍ဗုံးကြဲခဲ့သည်။

    ဇူလိုင်လ ၂၃ ရက်၊ ဇူလိုင်လ ၃၀ရက်နှင့်ဩဂုတ်လ ၈ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာဘုန်းကြီး ကျောင်းနှင့် မင်းရပ်တိုက်နယ်၊သဒွတ္ထိန်ရွာ ဘုန်းကြီးကျောင်း၊မင်းပြင်ရွာမှ အထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းများဗုံးကြဲခံရပြီးအရပ်သားထိခိုက်မှုများရှိခဲ့သည်။

    “စစ်တပ်က ဒရုန်းရယ်၊လေကြောင်းရယ်၊ နေဗီ(ရေတပ်)ကနေရယ် ပစ်ကူပေးပြီး မြေပြင်ထိုးစစ်အရှိန်မြင့်လာတာမှာ AAက စစ်ရှိန်ပြန်မြှင့်တာ။ စစ်ရေအခြေအနေ ပြောဖို့စောပေမယ့် ရှေ့ကာလမှာတိုက်ပွဲပိုပြင်းထန်လာဖို့ရှိတယ်”ဟု AAနှင့် နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။

    ပြီးခဲ့သည့်မေလနှင့် ဇွန်လကတိုက်ပွဲများတွင်လည်း စစ်ကောင်စီဘက်တွင်ထိခိုက်သေဆုံးမှုများခဲ့ပြီးတပ်မ(၁၁)နည်းဗျူဟာမှူးဗိုလ်မှူးချုပ်ကျော်မျိုးအောင်နှင့် ခြေမြန်တပ်ရင်း ခမရ(၂၁၁) ဒုတပ်ရင်းမှူးဗိုလ်မှူးဝင်းသန့်တို့ AA၏ စနိုက်ဘာထိမှန် သေဆုံးခဲ့သည်။

    ကျောက်ဖြူမြို့တွင်လည်း အခြားဒေသများနည်းတူ စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းအများအပြားဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး စစ်မြေပြင်တွင် AA ထံ အလင်းဝင်လာသူများ ရှိနေသည်။

    ဇူလိုင် ၃၁ ရက်တွင် AAထံ အလင်းဝင်လာခဲ့သည့် စစ်သားသစ်တပ်သား မောင်မောင်ဝင်းက စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်းဆင်းများအား တိုက်ပွဲအတွင်းရှေ့တန်းမှတက်ခိုင်းသလို သေဆုံးသည့်စစ်မှုထမ်းတပ်သားသစ်များကိုလည်းပြီးစလွယ်မြေမြှုပ်ခဲ့သည်ဟုပြောထားသည်။

    AAသည် ရခိုင်ပြည်နယ်၌ ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မှလွဲ၍ ကျန်မြို့များကို သိမ်းယူထားသည်။

    စစ်​ကောင်စီက ​ရွေး​ကောက်ပွဲအပိုင်း (၁)ကို လတ်တ​လော သိမ်းပိုက်မခံရ​သေးသည့်​ကျောက်ဖြူ ၊ စစ်​တွေ ၊ မာန်​အောင် မြို့နယ်တို့တွင်ကျင်းပမည်ဟုဆိုသည်။

    ကျောက်ဖြူတိုက်ပွဲနှင့်ပတ်သက်၍ AAက သီးခြားသီတင်းထုတ်ပြန်ခြင်းမရှိသော်လည်းမျှော်မှန်းထားသောစစ်ရေးရည်မှန်းချက်များအလုံးစုံအောင်
    မြင်စေရန်အတွက် စစ်ကောင်စီနှင့် ရင်ဆိုင်ထားသောနေရာများ၌ တိုက်ပွဲများဆက်ဖြစ်နေသလိုအပြီးသတ်မြို့သိမ်းတိုက်ပွဲများအဖြစ် ကျန်ရှိနေသေးသော နေရာများတွင်လည်း တိုက်ပွဲများဆက်ဖြစ်နေကြောင်း ဩဂုတ်လ ၁၆ရက်၌ ထုတ်ပြန်ထားသည်။

    Photo: အာရက္ခတပ်​တော်(AA)တပ်ဖွဲဲ့ဝင်များ

  • သုံးစွဲသူ အချက်အလက်များကို စစ်အုပ်စုလက်ထဲ ပေးအပ်ခဲ့တဲ့ တယ်လီနော

    သုံးစွဲသူ အချက်အလက်များကို စစ်အုပ်စုလက်ထဲ ပေးအပ်ခဲ့တဲ့ တယ်လီနော

    ၄င်းတို့၏လုပ်ရပ်ကြောင့် သုံးစွဲသူများ အဖမ်းခံရနိုင်သည်ကိုသိလျှက်နှင့် တယ်လီနော သည် သုံးစွဲသူများ၏ ဒေတာအချက်အလက်များကို စစ်အုပ်စုလက်ထဲ ပေးအပ်ခဲ့

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနော(Telenor) ကုမ္ပဏီသည် ၄င်းတို့ထံတွင် သိမ်းဆည်းထားသော မြန်မာပြည်သူများ၏ အကဲဆတ်သော ပုဂ္ဂိုလ်ရေးအချက်အလက်များကို အချိန်အတန်ကြာထိ စစ်အုပ်စုထံ လွှဲပြောင်းပေးနေခဲ့သည်။ ထို့အပြင် တယ်လီနောသည် စစ်ကောင်စီ ခိုင်းစေသည့်အတိုင်း တသွေမသိမ်း ဝဘ်ဆိုဒ်များအား ပိတ်ပစ်ခဲ့ခြင်း၊ ဖုန်းလိုင်းများပိတ်ပင်ခဲ့ခြင်း များပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့မှုများကြောင့် ထိခိုက်ခံခဲ့ရသူများတွင် လက်ရှိ စစ်အုပ်စုက အဓမ္မ အကျဥ်းချထားသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦးအပါအဝင်ဖြစ်ခဲ့သည်။

    “နော်ဝေနိုင်ငံက အမေ့ကို အမြဲထောက်ခံခဲ့ပေမဲ့ နော်ဝေကုမ္ပဏီက ဒါမျိုးလုပ်နေတယ် ဆိုတာကတော့ ထိတ်လန့်တုန်လှုပ်စရာပဲ။ တကယ့်ကို ကဲ့ရဲ့ရှုတ်ချစရာပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်က နော်ဝေမီဒီယာ NRK ကို ပြောခဲ့သည်။

    မြန်မာနိုင်ငံတွင် စစ်အုပ်စုနှင့် နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောတို့ မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိချက်အသစ်များအပေါ် အခြေခံ၍ နော်ဝေမီဒီယာ NRK က လန်ဒန်မြို့တွင် ကင်မ် နှင့် သီးသန့် အင်တာဗျူး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    တယ်လီနောသည် လူညစ်များ (စစ်အုပ်စု)၏ တောင်းဆိုသည့်အတိုင်း မိုဘိုင်းသုံးစွဲသူ ၁,၃၀၀ ဦးခန့်၏ အင်တာနက် အသုံးပြုမှုဒေတာများကို လွှဲပြောင်းပေးခဲ့ခြင်း၊ ၄င်းတို့၏ ဖုန်းများကို ပိတ်ပစ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ချက်များအရ သိရသည်။

    ၄င်းတို့ဝင်ရောက်ကြည့်ရှုခွင့် ရထားသည်များထဲတွင် ယခင်က မသိရှိခဲ့သော အချက်အလက်များ အထူးသဖြင့် တယ်လီနော၏ ကိုယ်ပိုင်စိစစ်သုံးသပ်ချက်များလည်း ပါဝင်နေကြောင်း NRK ကဆိုသည်။

    တယ်လီနောအနေဖြင့် အဆိုပါအကဲဆတ်သော အချက်အလက်တွေကို (စစ်အုပ်စုထံ) ပေးအပ်လိုက်မည်ဆိုလျှင် သုံးစွဲသူ ၅၀၀ နီးပါး အဖမ်းခံရနိုင်ကြောင်း ၄င်းတွေ့ရှိချက်များအတွင်း ဖော်ပြထားသည်။

    ထို့အပြင် တယ်လီနောဆီထံမှ သတင်းအချက်အလက်များအား အသုံးပြုပြီး (အသုံးပြုသူ ပြည်သူများအား) ဖမ်းဆီးကာ ထောင် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်ကြောင်းကို စစ်ကောင်စီဖက်မှ ကိုယ်တိုင်ပြောဆိုထားကြောင်းကိုလည်း ၎င်းစာရွက်စာတမ်းတွေထဲ ဖော်ပြပါရှိနေသည်။

    ထိုသို့ ဖြစ်ပျက်ခဲ့သည်များအပေါ် တယ်လီနောက အတည်ပြုခဲ့သည်။ သို့သော် ကုမ္ပဏီ၏ အုပ်ချုပ်ရေးပိုင်းက ၄င်းတို့အနေဖြင့် ရွေးချယ်စရာ မရှိခဲ့ကြောင်း ပြောဆိုသည်။

    “စစ်တပ် အမိန့်ပေးတာကို ငြင်းဆန်ရင် အကျိုးဆက်က ကျွန်တော်တို့ဝန်ထမ်းတွေ အသက်အန္တရာယ်နဲ့ ကြုံရနိုင်တယ်” ဟု စစ်တပ်အာဏာသိမ်းစဥ်နှင့် နောက်ပိုင်း တယ်လီနောမြန်မာ (TML) ၏ CEO ဖြစ်လာသူ Jon Omund Revhaug က ပြောသည်။

    စစ်တပ်က တောင်းဆိုလာသည့်အခါများတွင် နော်ဝေနိုင်ငံပိုင်ကုမ္ပဏီအနေနှင့် ငြင်းဆန်ခြင်းမျိုး တစ်ခါမှပင်မရှိခဲ့သလို၊ ၄င်းအပေါ်တွင်လည်း တယ်ယ်လီနောက ထပ်မံအတည်ပြုခဲ့သည်။

    “ကျွန်တော်တို့အနေနဲ့ မရဘူး လို့ ငြင်းဆန်နိုင်တဲ့ ဥပမာမျိုး ရှိမယ်မထင်ပါဘူး။ အာဏာပိုင်တွေရဲ့ တောင်းဆိုချက်တွေက အရမ်းကိုပြင်းထန်လွန်းတယ်” ဟု Revhaug က ပြောသည်။

    ထိုသို့ တယ်လီနောမှ သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ပေါက်ကြားစေခဲ့မှုတွင် မြန်မာ့နိုင်ငံရေးခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

    “ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများထဲတွင် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်သည်များ စစ်တပ်က ရှာဖွေစုံစမ်းလိုသည့်အခါမျိုးတွင်လည်း ဖုန်းနံပါတ်များကို တောင်းလေ့ရှိသည်” ဟု ကုမ္ပဏီ၏ ကိုယ်ပိုင်အကဲဖြတ်ချက်ထဲတွင် ဖော်ပြထားသည်။

    ၄င်းအချက်အလက်များကို ပေးအပ်ခဲ့ခြင်းအားဖြင့် တယ်လီနောသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ထားသော ခေါင်းဆောင်ကို စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ရာတွင် ပါဝင်ကူညီခဲ့ကြောင်းကို ထင်ရှားစေခဲ့သည်။ အဆိုပါကိစ္စသည် ကုလသမဂ္ဂနှင့် ကမ္ဘာတဝှမ်းက ရှုတ်ချနေဆဲ ကိစ္စလည်းဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ (စစ်အုပ်စုက) ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ထောင်လေးနှစ် အဓမ္မ ချမှတ်ခဲ့သည်။ ထို့နောက်တွင်လည်း စွဲချက်အမျိုးမျိုးဖြင့် သူမအား စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ထပ်မံချမှတ်ထားသည်။

    သူမ၏သားဖြစ်သူ ကင်မ်အဲရစ်နှင့် လန်ဒန်တွင် တွေ့ဆုံချိန်တွင်တော့ ၄င်းကိစ္စအပေါ် ကင်မ်က အတော်လေး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။

    “တယ်လီနောအနေနဲ့ ဒီအချက်အလက်တွေကို မထုတ်ပေးခဲ့သင့်တာပါ။ ဒါပေမဲ့ အဲဒီအစား သူတို့ဟာ စစ်အုပ်စုကို အတော်အားကောင်းတဲ့ လက်နက်တခု ပေးခဲ့တယ်။ ဒါကြောင့်မို့ပဲ စစ်အုပ်စုအနေနဲ့ လူတွေကို အမြဲတစေ စောင့်ကြည့်ထောက်လှမ်းနိုင်ခဲ့တာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

    ၁၉၉၁ ခုနှစ်က အော်စလိုတွင် သူ့မိခင်ကိုယ်စား ငြိမ်းချမ်းရေးဆုကို လက်ခံပေးခဲ့စဉ်က ကင်မ်သည် အသက် ၁၄ နှစ်သာ ရှိသေးပြီး၊ အခမ်းအနားအတွင်း နာမည်ကျော် နော်ဝေဂီတပညာရှင် Edvard Grieg တီးခတ်သော ဂီတသံစဥ်နှင့်အတူ ဆုလက်ခံယူခဲ့ခြင်းလည်း ဖြစ်သည်။

    ကင်မ် က “တယ်လီနောအနေနဲ့ အချက်အလက်တွေကို ဖျက်ဆီးပြီး နိုင်ငံကနေ ထွက်သွားခဲ့သင့်တယ်” ဟု ဆိုသည်။

    Jon Omund Revhaug က ဒါဟာ မဖြစ်နိုင်ကြောင်း၊ အားလုံးထက် ဝန်ထမ်းများ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားဖို့က ပိုအရေးကြီးကြောင်း ပြောသည်။

    “သားဖြစ်သူက အခုလို ပြင်းပြင်းထန်ထန် တုံ့ပြန်တာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့က တကယ့်ကို ကြောက်စရာကောင်းလွန်းလှတဲ့ အာဏာယန္တရားနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒီအချက်အလက်တွေကို အာဏာပိုင်တွေက ဘာအတွက် သုံးသလဲ ဆိုတဲ့ကိစ္စအတွက်တော့ ကျွန်တော်တို့မှာ တာဝန်မရှိပါဘူး” ဟု ၄င်းကဆက်ပြောသည်။

    တယ်လီနောထံမှ ရရှိထားသော ခွဲခြမ်းစိတ်ဖြာထားသည့် စာရွက်စာတမ်းများအရ စစ်အုပ်စု၏ ပြတ်သားသော ဗျူဟာတခုကိုလည်း မြင်တွေ့နိုင်သည်။

    ၄င်းမှာ နာမည်ကြီးများ၏ အချက်အလက်များ ရှာဖွေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီအရေးတော်ပုံကို ထောက်ခံအားပေးသော နာမည်ကျော်များ၊ ဟစ်ဟော့အနုပညာရှင်များ၊ စာရေးဆရာများ၊ ရုပ်ရှင်ဒါရိုက်တာများနှင့် နာမည်ကြီးအနုပညာရှင်များ စသူတို့၏ အချက်အလက်များကို ရှာဖွေခြင်းဖြစ်သည်။

    (စစ်အုပ်စုကို) ဆန့်ကျင်တော်လှန်သူများ၏ ထိရှလွယ်သော အင်တာနက်အသုံးပြုမှု အချက်အလက်တွေကို တယ်လီနောမှ မည်သို့မည်ပုံ ပေါက်ကြားစေခဲ့သည် ဆိုသည့် အကြောင်းအရာများကိုလည်း အဆိုပါစာရွက်စာတမ်း အတော်များများတွင် တွေ့မြင်နိုင်သည်။

    တနည်းအားဖြင့် တယ်လီနောသည် (စစ်အုပ်စုကို ဆန့်ကျင်တော်လှန်သူများ၏) နာမည်များ၊ လိပ်စာများ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ စာတိုအချက်အလက်များနှင့် နောက်ဆုံးသိရှိထားသော နေရာအချက်အလက်များအား စစ်အုပ်စုထံ ပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်။ ပါဝင်ပတ်သက်မှုများ ပေါက်ကြားခြင်းကြောင့် လူငယ်များ မကြာခဏဆိုသလို အသက်အန္တရာယ်နှင့် ကြုံခဲ့ရသည်များလည်းရှိသည်။

    “ကုမ္ပဏီကြီးတွေဟာ သူတို့အနေနဲ့ ဝေးဝေးရှောင်သင့်တဲ့သူတွေနဲ့ မကြာခဏဆိုသလို နောက်ကွယ်မှာ (မသမာ) အပေးအယူတွေ လုပ်လေ့ရှိတာ ကျွန်တော်တို့တွေ သိပါတယ်” လို့ အင်တာဗျူးအတွင်း ကင်မ်အဲရစ်က ပြောခဲ့သည်။