Category: News

  • စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲကို မပတ်သက်ရန် CNF သတိပေး

    စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲကို မပတ်သက်ရန် CNF သတိပေး

    အာဏာသိမ်း စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲကို ချင်းပြည်သူများအနေဖြင့် ပါဝင်ပတ်သက်ခြင်းမပြုကြရန် ချင်းအမျိုးသားတပ်ဦး(CNF) တာဝန်ရှိသူက သတိပေး ပြောဆိုသည်။

    စစ်ကော်မရှင်က ပါတီစုံရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်မည်ဖြစ်ပြီး ချင်းပြည်နယ်ရှိ မြို့နယ် ကိုးခုလုံးကို လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ်များသတ်မှတ်ကြောင်း ဩဂုတ်လ ၁၅ ရက်က ထုတ်ပြန်ခဲ့သည့်အပေါ် မဇ္ဈိမ၏မေးမြန်ချက်ကို ဖြေကြားစဥ် ယင်းသို့ သတိပေးခဲ့ခြင်းဖြစ်သည်။

    “ပြည်သူများအနေနဲ့ နားမယောင်ကြဖို့နဲ့ မပတ်သက်ကြဖို့ ပြောချင်တယ်၊ စစ်တပ်သက်ဆိုးရှည်ဖို့ လုပ်ဆောင်မှုမှန်သမျှကို ပံ့ပိုးမပေးကြဖို့ လိုပါတယ်၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ခဲ့ကြရင် ဖြစ်ပေါ်လာမဲ့ကိစ္စများအပေါ် သူတို့မှာသာ တာဝန်ရှိမှာဖြစ်ပါတယ်” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောသည်။

    ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်တပ် ခြေကုတ်ယူထားသော ဟားခါးနှင့် တီးတိန်မြို့ပေါ်များတွင် ရွေးကောက်ပွဲပြုလုပ်နိုင်သော်လည်း ယခု ကိုးမြို့နယ်စလုံးကို ရွေးကောက်ပွဲပြုလုပ်ရန်ကြေညာထားခြင်းမှာ လက်တွေ့မဖြစ်နိုင်ဟု ၎င်းကဆိုသည်။

    သို့သော် ချင်းပြည်နယ်မှ မြေပြန့်သို့ စစ်ဘေးရှောင်နေသည့် ချင်းဒေသခံများကို ၎င်းတို့ မြို့နယ်များကို ကိုယ်စားပြုအဖြစ် အီလက်ထရောနစ် မဲပေးသည့်စနစ်မျိုးအပါအဝင် နည်းမျိုးစုံဖြင့် ကလိမ်ကကျစ်ကျ၍ ချင်းကိုယ်စားလှယ်များအဖြစ် ပြုလုပ်နိုင်ကြောင်း ဆလိုင်းထက်နီ က ပြောဆိုသည်။

    ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေများကို စစ်ကော်မရှင်က ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးနယ်မြေများအဖြစ် ရက်ပေါင်း ၉၀ ကြေညာခဲ့သည်။

    အဆိုပါ ကြေညာထားသည့် ရက်များအတွင်း ၎င်းတို့ ဆုံးရှုံးထားခဲ့သည့် စိုးမိုးနယ်မြေများကို ပြန်လည်ထိန်းချုပ်ရန် စစ်ဆင်ရေးပြုလုပ်ခဲ့ပါက တွန်းလှန်ခုခံသွားမည်ဖြစ်ပြီး တိုက်ပွဲများဖြစ်လာပါက ဒေသခံများ စစ်ဘေးရှောင်ရမည်ဖြစ်၍ ရွေးကောက်ပွဲများပြုလုပ်၍ မဖြစ်နိုင်ကြောင်း CNF တာဝန်ရှိသူက ဆိုသည်။

    စစ်ကော်မရှင်က ကမကထပြုလုပ်မည့်ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးတွင် ရေရှည်ကြီးစိုးရေးနှင့် နိုင်ငံတကာကိုလှည့်ဖြားရန် ရည်ရွယ်ခြင်းဖြစ်သဖြင့် ပြည်သူများအနေဖြင့် လက်မခံသကဲ့သို့ ၎င်းတို့ကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း ဆလိုင်းထက်နီ က ဆက်ပြောသည်။

    ချင်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအတွက် မဲဆန္ဒနယ်အဖြစ် တီးတိန် ၊ တွန်းဇံ ၊ ပလက်ဝ ၊ ဖလမ်း ၊ မတူပီ ၊ ကန်ပက်လက် ၊ မင်းတပ် ၊ ထန်တလန် နှင့် ဟားခါးမြို့နယ်များကို စစ်ကော်မရှင်က သတ်မှတ်ခြင်းဖြစ်သည်။

    ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲအများဆုံးရသူနိုင်စနစ်(FPTP) နှင့် အချိုးကျ ကိုယ်စားပြု စနစ်(PR) ဖြင့်ပြုလုပ်သွားမည်ဖြစ်ပြီး ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်အတွက် ခြောက်ဦး ၊ ပြည်နယ်လွှတ်တော်အတွက် ကိုးဦး ရွေးချယ်ရမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

    စစ်ကော်မရှင်တပ်က အရပ်သားပြည်သူများနှင့် ကျေးရွာများကို ပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ စီစဥ်နေခြင်းသည် စစ်ရာဇဝတ်မှုကို ဖုံးကွယ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

    “ဒါဟာ ဒီမိုကရေစီအတွက်မဟုတ်ဘဲ မဲပုံးတွေနောက်မှာ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ရည်ရွယ်ပြီး သွေးစွန်းတဲ့ ဆောင်ရွက်မှုသာဖြစ်သလို ရွေးကောက်ပွဲဟာ ပြည်သူ့အတွက်မဟုတ်ဘဲ သူတို့ အာဏာအတွက်သာဖြစ်တယ်” ဟု ဆိုသည်။

    စစ်တပ်က အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်တွင် လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မှု ၉၆၁ ကြိမ်ပြုလုပ်ခဲ့ပြီး ကလေးများအပါအဝင် အရပ်သား ၁၄၅ ဦးသေဆုံးကာ ၃၁၃ ဦး ဒဏ်ရာရရှိကြောင်း CHRO ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  • ပုသိမ်တွင် လူငယ် ၁၁ ဦးကို စစ်မှုထမ်းရန် အဓမ္မဖမ်းခေါ်

    ပုသိမ်တွင် လူငယ် ၁၁ ဦးကို စစ်မှုထမ်းရန် အဓမ္မဖမ်းခေါ်

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေက အရပ်သားလူငယ် ၁၁ ယောက်ကို စစ်မှုထမ်းစေဖို့ အဓမ္မ ဖမ်းခေါ်စုဆောင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    သြဂုတ် ၁ ရက်ကနေ ၁၄ ရက်အထိ စစ်ကောင်စီရဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်တွေ၊ ရဲတွေက စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်စာပို့ ကြိုတင်အသိပေးတာမရှိဘဲ အရပ်သားလူငယ် ၁၁ ယောက်ကို စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

    ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “မနက် အရုဏ်တက်ကြီး လာဖမ်းခေါ်တာ။ အိမ်ကို လှည့်ဝိုင်းပြီး ကောင်လေးကိုခေါ်သွားတာ။ ဘာကြောင့် ဘာလုပ်မိလို့လဲ၊ ဘာအပြစ်ရှိလို့လဲပေါ့။ ဖမ်းခေါ်ပြီး ညနေလောက်မှ သိရတာ။ စစ်မှုထမ်းဖို့ ခေါ်တယ်ဆိုတာကို သိရတာပါ” လို့ ပြောပါတယ်။

    စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ခံရတဲ့ ဒေသခံအရပ်သား ၁၁ ယောက်ဟာ ပုသိမ်မြို့နယ်ထဲက ကြခတ်ကုန်းကျေးရွာ၊ ကိုးဆူကျေးရွာ၊ ကင်မလင်းကျွန်းရပ်ကွက်၊ အမှတ် ၆ ရပ်ကွက်၊ ကြက်ပေါင်ကျေးရွာ၊ ဂွေးကုန်းကျေးရွာနဲ့ ပေါက်ကုန်းရွာ စတဲ့ကျေးရွာတွေက လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

    ပုသိမ်အခြေစိုက် စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “အခုက အဓမ္မဖမ်းခေါ်တဲ့စနစ်နဲ့ ခေါ်နေတာ ဟုတ်တယ်။ ကြိုအကြောင်းကြားတော့ ဘယ်သူမှ မလိုက်ဘူးလေ။ အကုန်ထွက်ပြေးကုန်တာ။ အခု စုဆောင်းတာက အပတ်စဉ် ၁၆ အတွက် ဖြစ်မယ်” လို့ ပြောပါတယ်။

    အဲဒီ ဖမ်းဆီးခေါ်ခံရတဲ့ အမျိုးသားလူငယ်တွေကို စစ်တပ်ရဲ့ ပုသိမ်အခြေစိုက် တောင်ပေါ်တပ်နဲ့ ပုသိမ်လေ့ကျင့်ရေးတပ် အမှတ် ၆ မှာ ချုပ်နှောင်ထားပြီး မိသားစုတွေနဲ့ အဆက်အသွယ် ဖြတ်ထားတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လက ဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၁၄ တုန်းကလည်း ပုသိမ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက လူငယ်တွေကို အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ငွေကြေးချမ်းသာတဲ့ မိသားစုတွေက လူငယ်တချို့ကတော့ စစ်ကောင်စီတပ်ကို ပိုက်ဆံပေး ပြန်ရွေးခဲ့ရတယ်လို့ သိရပါတယ်။

  • ကျောက်ဖြူရှိ ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်များ  ဝင်ရောက် မီးရှို့၍ ဘန်ကာများဆောက်

    ကျောက်ဖြူရှိ ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်များ ဝင်ရောက် မီးရှို့၍ ဘန်ကာများဆောက်

    AA တပ်များ ခေတ္တဆုတ်ခွာပေးခဲ့သည့် ကျောက်ဖြူရှိ ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်များ ဝင်ရောက် မီးရှို့၍ ဘန်ကာများဆောက်

    (more…)

  • ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို တပ်ပြောင်းများဖြင့် အစားထိုးခန့်အပ်

    ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို တပ်ပြောင်းများဖြင့် အစားထိုးခန့်အပ်

    ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို တပ်ပြောင်းများဖြင့် အစားထိုးခန့်အပ်

    ဧရာဝတီတိုင်းရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်းအများစုအား တပ်ပြောင်း များဖြင့် အစားထိုးခန့်အပ်ထားကြောင်း သိရသည်။

    ဧရာဝတီတိုင်းရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့မှူးအဖြစ် ရဲမှူးကြီး ကျော်ထွန်းကို ဧရာဝတီတိုင်း အတွင်း တိုက်ပွဲများ ဖြစ်ပေါ်လာပြီးနောက် မတ်လပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။

    “ သူက ကချင်ပြည်နယ်ဘက်က ပြောင်းလာတာ အရမ်းဆိုးတယ်။ သင်္ကြန်ပြီးမှ သူရောက်လာတာ ထင်တယ်။ တပ်ပြောင်းတွေက ဆိုးတဲ့သူများတယ်။ခုဆို ရဲထဲ လူကြီးတော်တော်များများက တပ်ပြောင်း တွေ ဖြစ်သွားပြီ” ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

    တိုင်းရဲတပ်ဖွဲ့မှူးအား တပ်ပြောင်း ရဲအရာကြီးနှင့်အစားထိုးခဲ့သည့်အပြင် ဒုတိုင်းရဲတပ်ဖွဲ့မှူးနှင့် တိုင်းရဲတပ်ဖွဲ့မှူး၏ တတိယရာထူးအကြီးဆုံး(ဦး/ရေး/ထောက်)ကိုပါ တပ်ပြောင်းအရာရှိများနှင့် အစားထိုးခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

    ဤအပြောင်းအလဲများသည် ဧရာဝတီတိုင်းတွင် တိုက်ပွဲများပြင်းထန်လာပြီးနောက်ပိုင်း တိုက်ပွဲ အတွေ့အ ကြုံ ဗျူဟာကြွယ်ဝသည့် စစ်တပ်ကပြောင်းလာသည့် စစ်တပ်အရာရှိများနှင့် အစားထိုး ခန့်ထားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့တွင် သုံးသပ်ပြောဆိုမှုများရှိသည်။

    ဧရာဝတီတိုင်းရဲတပ်ဖွဲ့၏ တိုင်းရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးကြီး တင့်ဇော်ထွန်းကိုမူ လူမှုရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းထံမှ သိရသည်။

    ပုံစာ-ဧရာ၀တီတိုင်း တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွန်း နှင့် ရဲတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များ။

  • အိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲ

    အိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲ

    မန္တလေး အိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် နိုင်ငံရေး အကျဉ်းသား ၇ ဦး ပွဲချင်းပြီး သေဆုံး

    မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားဆောင်ကို ဒရုန်း ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲသဖြင့် နိုင်ငံရေး အကျဉ်း သား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

    ဩဂုတ်လ ၈ ရက်‌နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသား အဆောင် ၄ နှင့် အဆောင် ၆ အပေါ်ကို ဒရုန်းဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၇ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

    အဆိုပါ ဗုံးကျဲမှုနှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ငြင်းဆိုထားသည့်အပြင် နိုင်ငံရေးအကျဉ်းသားများကိုလည်း ပါဝင် ပတ်သက်သည်ဟုဆိုကာ စွပ်စွဲ ရိုက်နှက်စစ်‌ဆေးမှုများလည်း ရှိနေကြောင်း၊ ဗုံးကျဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း စစ်တပ်က စွပ်စွဲ ရိုက်နှက်ခဲ့သည့်အပြင် နိုင်ငံရေးအကျဉ်းသားများ၏ နောက်ဆုံးအခြေအနေနှင့် ဗုံးကျဲမှုပြုလုပ်ခဲ့သည့်သူများကိုလည်း PPNM က ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

    ” ၈ ရက်နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ အမျိုးသား အဆောင် ၄ နဲ့ အဆောင် ၆ ကို ဦးတည်ပြီးတော့မှ Drop Bomb ၃ လုံး ကျလာတဲ့ အထဲမှာ ဗုံး ၂ လုံးကွဲခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ အနည်းဆုံး နိုင်ငံရေး အကျဉ်းသား ၇ ဦးသေဆုံးခဲ့ပြီးမှ ဒီသေဆုံးမှုတွေကို ကျနော်တို့ အတည်ပြုပြီးဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား သေဆုံးမှုက ဒီထက်ပိုမိုများပြားပြီးတော့မှ သေဆုံးမှု အခြေအနေ အသေးစိတ်ကို မကြာခင်မှာ ဆက်ပြီးတော့ ထုတ်ပြန်သွားဖို့ရှိပါတယ်။ စစ်ကောင်စီက သော် လည်းကောင်း၊ တော်လှန်ရေး အင်အားစုကသော်လည်း အကျဉ်းသားတွေကို ဦးတည်တိုက်ခိုက်တဲ့လုပ်ရပ်ကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒါ့အပြင် စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသားတွေကို ဒီကိစ္စတွေဟာ နိုင်ငံရေး အကျဉ်း သားတွေကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုဖိနှိပ်ပြီးတော့ ညှင်းပန်းနှိပ်စက်တာတွေလည်းရှိနေပါတယ်။ ဒါကို ကျနော်တို့ အနေနဲ့ လုံးဝ လက်မခံဘူး။ နိုင်ငံရေး အကျဉ်းသားတွေဟာ စစ်ရေး ပစ်မှတ်မဟုတ်ဘူး။ နိုင်ငံရေး အကျဉ်းသားတွေ အသက်ရှင်သန်ပိုင်ခွင့်နဲ့ အကျဉ်သားအားလုံးနဲ့ လူသားအားလုံးရဲ့ အသက်ရှင်သန်ပိုင်ခွင့်ဟာ အား လုံးက တာဝန်ယူကျရမယ်ဆိုတာ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

    အကျဉ်းထောင်များအတွင်း မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများသည် အသက်ရှင်သန်ပိုင်ခွင့် အပြည့်အဝရရှိရမည့်သူများဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်ကို ထိပါးလာနေသော ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အပြင်းအထန် ကန့်ကွက်ထားသည်။

    လူသားတစ်ဦးအနေဖြင့် ရရှိရမည့် အသက်ရှင်သန်ပိုင်ခွင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးကို ကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်အနေဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။