Category: News

  • ဂျပန်က ထိုင်ဝမ်အရေး ‘ထိတ်လန့်ဖွယ်’ မှားယွင်းသော အချက်ပြမှု ပေးပို့ခဲ့ကြောင်း တရုတ်ပြော

    ဂျပန်က ထိုင်ဝမ်အရေး ‘ထိတ်လန့်ဖွယ်’ မှားယွင်းသော အချက်ပြမှု ပေးပို့ခဲ့ကြောင်း တရုတ်ပြော

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဂျပန်ခေါင်းဆောင်အနေဖြင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ မှားယွင်းသော အချက်ပြမှု ပေးပို့ခြင်းသည် ‘ထိတ်လန့်စရာ’ ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် တရားဝင်ကြေညာချက်တွင် ဖော်ပြထားသည်။

    ဂျပန်သည် မထိရမည့် မျဉ်းနီကို ဖြတ်ကျော်ခဲ့ကြောင်း ဝမ်ယိက ပြောကြားလိုက်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချီသည် ထိုင်ဝမ်ကိစ္စတွင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေကြောင်းလည်း ဝမ်ယိက စွပ်စွဲခဲ့သည်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ထိုင်ဝမ်ကို တရုတ် တိုက်ခိုက်ပါက ဂျပန်မှ စစ်ရေးတုံ့ပြန်မှု ဖြစ်ပေါ်စေနိုင်သည်ဟူသော နိုဝင်ဘာလ ၇ ရက်နေ့က ပါလီမန်တွင် တာကာအိချီ၏ မှတ်ချက်များကို ဝမ်ယိက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

    နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး တရုတ်-ဂျပန် အကျပ်အတည်းဖြစ်သည့် နောက်ဆက်တွဲအငြင်းပွားမှုသည် ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဆက်ဆံရေးထိပါ ရိုက်ခတ်သွားခဲ့သည်။ သောကြာနေ့တွင် တရုတ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ထံ ပြဿနာကို တင်ပြခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်မည်ဟု ကတိပြုခဲ့သည်။

    ကုလသမဂ္ဂသို့ တရုတ် ပေးပို့သော စာနှင့်ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်၏ ပြောဆိုမှုများသည် “လုံးဝလက်ခံနိုင်စရာမရှိ” ဟု ပယ်ချခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဂျပန်၏ ကတိကဝတ်သည် မပြောင်းလဲကြောင်း စနေနေ့က ပြောကြားခဲ့သည်။

    ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂထံပေးပို့သော တရုတ်၏ စာအား တနင်္ဂနွေနေ့က ရှုတ်ချခဲ့သည်။ ထိုစာသည် ရိုင်းစိုင်းပြီး ကျိုးကြောင်းမဆီလျော်သော အကြောင်းအရာများ ပါဝင်ရုံသာမက သမိုင်းဝင်အချက်အလက်များကို ပုံပျက်စေကြောင်းနှင့် နိုင်ငံတကာဆက်ဆံရေးတွင် အင်အားသုံးမှု သို့မဟုတ် ခြိမ်းခြောက်မှုကို တားမြစ်ထားသည့် ကုလသမဂ္ဂပဋိဉာဉ်စာတမ်း၏ အပိုဒ် ၂(၄) ကို ချိုးဖောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဝမ်ယိက “တရုတ်နိုင်ငံသည် ၎င်း၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန်သာမက သွေးနှင့် စွန့်လွှတ်မှုဖြင့် ရရှိထားသော စစ်ပွဲအလွန် အောင်မြင်မှုများကိုပါ ကာကွယ်ရန် ပြတ်ပြတ်သားသား ပြန်လည်တိုက်ခိုက်ရမည်” ဟု တုံ့ပြန်ခဲ့သည်။

    ဂျပန်နိုင်ငံသည် “လမ်းမှားအတိုင်း ဆက်လက်တည်ရှိနေပြီး အဆိုပါလမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်ပါက” နိုင်ငံအားလုံးနှင့် ပြည်သူအားလုံးသည် “ဂျပန်၏ သမိုင်းဝင် ရာဇဝတ်မှုများကို ပြန်လည်စစ်ဆေးရန်” နှင့် “ဂျပန်စစ်ဝါဒ ပြန်ခေါင်းထောင်လာမှုကို ပြတ်ပြတ်သားသား တားဆီးရန်” အခွင့်အရေးရှိသည် ဟု ဝမ်ယိက ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ ကုန်သွယ်ရေးအချက်အလက်များအရ တရုတ်နိုင်ငံသည် အမေရိကန်ပြီးလျှင် ဂျပန်၏ အကြီးဆုံးသော ပို့ကုန်ဈေးကွက်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ဂျပန်ကုန်ပစ္စည်း ဒေါ်လာ ၁၂၅ ဘီလီယံတန်ဖိုးခန့် ဝယ်ယူခဲ့ကာ အဓိကအားဖြင့် စက်မှုပစ္စည်းများ၊ ဆီမီးကွန်ဒတ်တာများနှင့် မော်တော်ကားများ ပါဝင်သည်။

    Reuters မှ China says Japan sent ‘shocking’ wrong signal on Taiwan အား Brownie ဘာသာပြန်သည်။

  • အသံချဲ့စက်တွေ ဆူညံတယ်ဆိုပြီး တရုတ်ကောင်စစ်ဝန်ရုံးတာဝန်ရှိသူတွေက ဒေသဆိုင်ရာ ရဲဌာနရုံးကို တိုင်တန်း

    အသံချဲ့စက်တွေ ဆူညံတယ်ဆိုပြီး တရုတ်ကောင်စစ်ဝန်ရုံးတာဝန်ရှိသူတွေက ဒေသဆိုင်ရာ ရဲဌာနရုံးကို တိုင်တန်း

    အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ တရုတ်သံရုံး​မှာ အမေရိကရောက် မြန်မာတွေ စုပေါင်းပြီး စစ်ကောင်စီ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း နိုဝင်ဘာ ၂၃ နံနက်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

    ဆန္ဒပြမြန်မာတွေဟာ “WE SAY NO TO SHAME ELECTIONS” ၊ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပြုနဲ့” စာသားတွေကိုင်ဆောင်ကာ တရုတ်သံရုံးရှေ့မှာ ဦးစွာ ကြွေးကြော်ဆန္ဒပြခဲ့ပြီးနောက် အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့သို့ ချီတက်ခဲ့ကြပါတယ်။

    မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်နေမှုကို ဆန့်ကျင်ကြောင်း၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးတို့အတွက် ကြွေးကြော်သံတွေ ဟစ်ကြွေး ဆန္ဒပြခဲ့ကြပါတယ်။

    အ​မေရိကန်ပြည်​ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဒေသစံတော်ချိန် နိုဝင်ဘာ ၂၂ ရက်က Free Burma Action Committee-Northern California နဲ့ အတူ နွေဦးတော်လှန်ရေးအင်အားစုတွေက ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားအဖြစ် “Reject Scam Election in Burma ထွက်ပေါက်မပေးနဲ့ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ခေါင်းစဉ်နဲ့ ၁၆၆ ကြိမ်မြောက် စဉ်ဆက်မပြတ် မြေပြင်လူထုသပိတ်တိုက်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။

    အဆိုပါပွဲမှာ ဆန္ဒပြသူတွေ သုံးစွဲသော အသံချဲ့စက်တွေ ဆူညံတယ်ဆိုပြီး တရုတ်ကောင်စစ်ဝန်ရုံးတာဝန်ရှိသူတွေက ဒေသဆိုင်ရာ ရဲဌာနရုံးကို တိုင်တန်းခဲ့ပေမဲ့ တာဝန်ရှိရဲအရာရှိတွေ လာရောက်ကာ မေးမြန်းစုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ပြန်လည်ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။

    တရုတ်ကောင်စစ်ရုံးရှေ့ ဆန္ဒထုတ်ဖော်ပွဲကို နွေဦးတော်လှန်ရေးအင်အားစုတွေ၊ ကျောင်းသားလူငယ်တွေနဲ့ ထောက်ပို့ပြည်သူတွေ တက်ရောက်ဆင်နွှဲခဲ့ကြပါတယ်။

    ဓာတ်ပုံ- KyawSoe Latt

  • ကြို့ပင်ကောက်မြို့အဝင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား၊ ရဲ နှင့် ပျုစောထီး ၅ ဦးသေဆုံးပြီး လက်နက် တချို့ သိမ်းဆည်းရရှိ

    ကြို့ပင်ကောက်မြို့အဝင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား၊ ရဲ နှင့် ပျုစောထီး ၅ ဦးသေဆုံးပြီး လက်နက် တချို့ သိမ်းဆည်းရရှိ

    ကြို့ပင်ကောက်မြို့အဝင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား၊ ရဲ နှင့် ပျုစောထီး ၅ ဦးသေဆုံးပြီး လက်နက် တချို့ သိမ်းဆည်းရရှိ

    ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင် အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား၊ ရဲ နှင့် ပျုစောထီး ၅ ဦးသေဆုံးပြီး လက်နက် တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် ကြို့ပင်ကောက်မြို့အဝင် အကြမ်းဖက် စစ်တပ် ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဂိတ်စခန်းတွင်ရှိနေသည့် စစ်သား၊ ရဲ နှင့် ပျုစောထီး ၅ ဦးသေဆုံးပြီး လက်နက် တချို့ ရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ကြို့ပင်ကောက်မြို့အဝင် စစ်ခွေးဂိတ်ကို ဝင်ပစ်တာ ကျနော်တို့ သိရသလောက်ကတော့ စစ်ခွေး၊ ရဲ နဲ့ ပျုစောထီး ၅ ကောင်သေတယ်လို့ သိရတယ်။ လက်နက်တချို့လည်း သိမ်းဆည်းရရှိတယ်လို့ သိရတယ်” ဟု သာယာဝတီခရိုင် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် အစောပိုင်းကလည်း ဇီးကုန်းမြို့ ၊ အမှတ် ၃ ရပ်ကွက်၊ စမ်းရွာရပ် ၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ HEAVEN KTV ကို PDF တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ KTV အခန်းအမှတ် ၃ ၌ သီချင်းဆိုနေသော စစ်တပ်လက်အောက်ခံ ပျူစောထီး ခေါ် ပြည်သူ့လုံ ခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်ရေးအဖွဲ့ (ပလကဖ) အဖွဲ့ဝင် မြင့်နိုင်ဦး၊ ခိုင်ဇော်မြင့်ဦး၊ မျိုးလွင် ၊ မျိုးမင်းအောင် နှင့် ဇော်ကြီး တို့ သေဆုံးခဲ့ပြီး G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ကျည်တောင့် ၈၀ ၊ ၊အီကွေ့မန့် ၂ ခု၊ ဓား ၃ လက်၊ လက်ထိပ် ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

  • ကြံ့ဖွံ့ဦးခင်ရီ မဲဆွယ်ပွဲလာသူကျပ် ၂၀၀၀၀ ပေးမယ်​ပြောပြီး ၇၀၀၀ ပဲ​ပေးဟုသွားခဲ့သူ​တွေ​ပြော

    ကြံ့ဖွံ့ဦးခင်ရီ မဲဆွယ်ပွဲလာသူကျပ် ၂၀၀၀၀ ပေးမယ်​ပြောပြီး ၇၀၀၀ ပဲ​ပေးဟုသွားခဲ့သူ​တွေ​ပြော

    စစ်တပ်​ပါတီဖြစ်တဲ့ ပြည်​ထောင်စုကြံ့ခိုင်​ရေးနဲ့ဖွံ့ဖြိုး​​ရေးပါတီကနိုဝင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့ ၊ သုဝဏ္ဏမှာလုပ်ခဲ့တဲ့ မဲဆွယ်​ဟော​ပြောပွဲ လာတဲ့သူတွေကို ကျပ်၂၀၀၀၀ ပေးမယ်ဆိုပြီး ၇၀၀၀ ကျပ်ပဲ​ပေးတယ်လို့ ပွဲကိုသွားရောက်သူတွေကပြောပါတယ်။

    အဆိုပါမဲဆွယ်ဟောပြောပွဲကို ကြံဲ့ဖွံ့က စည်ကားစေဖို့အတွက် ခရိုင်အလိုက် လူတွေကိုစုခိုင်းပြီး YBS ယာဉ်နဲ့အကြို/အပို့ လုပ်ပေးခဲ့တာဖြစ်ပါတယ်။

    ခရိုင်အလိုက်ပွဲလာတဲ့သူတွေကို ကြံ့ခိုင်ရေးပါတီက တစ်ယောက်ကို ၂၀၀၀၀ ပေးမယ်လို့ ရပ်ကွက်ထဲမှာ​ပြောပြီးလူစုခေါ်ခဲ့တာလို့ ပွဲသွားခဲ့သူအချို့က​ပြောပါတယ်။

    “ပိုက်ဆံလည်းမရဘူး။ သူတို့က ၂၀,၀၀၀ ပေးမယ်ဆိုပြီးပြောတယ်။ထမင်းလည်းကျွေးမယ်ပေါ့။ တစ်ကယ်တမ်းကြမပေးဘူး။ ကျွေးတာတောင်မဖြစ်စလောက်လေး။ ၇,၀၀၀ ပဲပေးတယ်။ အဲဒါတောင် လိုက်တောင်းနေရတာ။ တော်တော်နဲ့မပေးဘူး” လို့ ကြံ့ဖွံ့ပါတီ​ ဥက္ကဌ ဦးခင်ရီ​ဟော​ပြောမဲဆွယ်တဲ့ပွဲကိုတတ်ရောက်သူတဦးကပြောပါတယ်။

    ကြံ့ဖွံ့ပါတီမဲဆွယ်ပွဲမှာ ပိုက်ဆံ​​ပေးမယ်ဆိုပြီးလူစုခဲ့တာ​ကြောင့် လူဦးရေတစ်သောင်းခန့်တက်​ရောက်ခဲ့တယ်လို့ဆိုပါတယ် ။ပွဲကိုစစ်တပ်နဲ့ရဲက လုံခြုံရေးအပြည့်ယူထားပေးတယ်လို့လည်းစုံစမ်း သိရပါတယ်။

    အလားတူ ကြံ့ဖွံ့ ပါတီ အမတ်​လောင်းဆိုသူ​တွေကလည်း စစ်တပ်​ရွေး​ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဟောပြောပွဲလာတဲ့သူတွေကို ပိုက်ဆံနဲ့အခြေခံစားသောက်ကုန်တွေပေးမယ်ဆိုပြီး မပေးခဲ့တာတွေရှိ​နေတယ်လို့ ပြည်သူအချို့က​ပြောပါတယ်။

    စစ်တပ်ကလုပ်မယ်ဆိုတဲ့​ရွေး​ကောက်ပွဲကို စစ်တပ်နဲ့ နီးစပ်တဲ့ ၊စစ်တပ်ကို​ထောက်ခံတဲ့ ပါတီ​အများစုယှဥ်ပြိုင်ကြတဲ့အထဲမှာ အာဏာသိမ်းစစ်တပ်က ဗိုလ်ချုပ်​တွေ အရပ်ဖက်​ပြောင်း ပြီးကြံ့ဖွံ့ပါတီက​နေယှဥ်ပြိုင်ကြတာဖြစ်ပါတယ် ။ အာဏာသိမ်းစစ်အုပ်စုက ​ရွေး​ကောက်ပွဲကို သူတို့စိတ်တိုင်းကျပြင်ဆင်ပြီးမှ လုပ်ဖို့စီစဥ်​နေတာဖြစ်ပါတယ်။

    ဒါ​ကြောင့်​တော်လှန်​ရေးအင်အားစု​တွေ နဲ့ မြန်မာ့ဒီမိုက​ရေစီအ​ရေးအား​ပေးတဲ့နိုင်ငံအများစုက စစ်တပ်​ရွေး​ကောက်ပွဲကိုအသိအမှတ်မပြုပဲ ကန့်ကွက်ထားကြပါတယ် ။

  • ဝမ်းတွင်းမြို့နယ် ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ၁ ဦး ဓားထိုးခံရပြီး သေဆုံး

    ဝမ်းတွင်းမြို့နယ် ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ၁ ဦး ဓားထိုးခံရပြီး သေဆုံး

    မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွာကို လာမှာဖြစ်တဲ့အတွက် ချက်ပြုတ်ကျွေးမွေးဖို့ ဈေးသွားဝယ်တဲ့ ရပ်ကျေးပါတီဥက္ကဋ္ဌတယောက် နိုဝင်ဘာ ၂၂ ရက် မနက်က ဓားနဲ့ထိုးခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မနေ့ မနက်အစောပိုင်းက နေအိမ်ကနေ ဈေးဝယ်ထွက်လာတဲ ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ တယောက်ဟာ ကျွတ်ကန်ကျေးရွာအဝင်မှာ စကားများ ရန်ဖြစ်ပြီး ဓားနဲ့အထိုးခံရကာ သေဆုံးသွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

    “ကြံ့ခိုင်ရေးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မျိုးမြင့်သိန်း လာမယ်ဆိုလို့ ချက်ပြုတ်ကျွေးမွေးဖို့ ရွှေတောင်ရွာမှာ ဈေးသွားဝယ်တာ၊ ကျွတ်ကန်ရွာအဝင်မှာ လူငယ်တွေနဲ့ စကားများပြီး ဓားနဲ့ထိုးခံရတာ။ ဈေးတောင် မရောက်ဘူး၊ ပွဲချင်းပြီး သေသွားတယ်။”

    သေဆုံးသူမှာ ဝမ်းတွင်းမြို့နယ် သနပ်ခါးတောကျေးရွာအုပ်စုက ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးညွန့်ဦး ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီဝင်တယောက်က ပြောပါတယ်။

    “ရန်ဖြစ် စကားများပြီး ဓာနဲ့ထိုးခံရပြီး သေတာကို သူ့မိသားစုဘက်ကတော့ ဆိုင်ကယ်တွေ၊ ဖုန်းတွေ အလုခံရတယ်ဆိုပြီး လုယက်မှုနဲ့ စခန်းမှာ တိုင်ချက်ဖွင့်ထားတယ်။ အလုခံရတာ ဟုတ်။ မဟုတ်တော့ မသိဘူး။”

    စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝမ်းတွင်းမြို့နယ်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်သိန်း၊ တိုင်းဒသကြီးလွှတ်တော်ကိုယ်စားလှယ် နေရာမှာ ဦးထွန်းထွန်းဦး (FPTP) နဲ့ ဦးမြဆန်း (PR) တို့ ဝင်ပြိုင်မှာဖြစ်ပါတယ်။

    လတ်တလောမှာ စစ်ကောင်စီတပ်က ဝမ်းတွင်းမြို့ပေါ်မှာ လုံခြုံရေးချထားပြီး ကြံ့ခိုင်ရေးအမတ်လောင်း စည်းရုံးဆင်းမယ့် ရပ်ကွက်နဲ့ကျေးရွာတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတွေကို ထည့်ပေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။