Category: News

  • လှည်းကူးက ဇရပ်ကွင်းအုပ်ချုပ်ရေးမှူးရုံးကို မြိုပြအဖွဲ့တွေတိုက်ခိုက်

    လှည်းကူးက ဇရပ်ကွင်းအုပ်ချုပ်ရေးမှူးရုံးကို မြိုပြအဖွဲ့တွေတိုက်ခိုက်

    ရန်ကုန်မြို့၊လှည်းကူးမြို့နယ်က ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှစ်ဦး ထိခိုက်မှုရှိတာကို တွေ့ခဲ့ရတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

    “နှစ်ကောင်လွင့်ထွက်သွားပြီးကျန်တဲ့ကောင်တွေခွေးပြေးပြေးကြတယ်။သေဖို့ ရာခိုင်နှုန်းများတယ်။ မိုင်းဆွဲတဲ့အချိန် လွင့်ထွက်တာ”လို့ ထိခိုက်မှုနဲ့ပတ်သက်ပြီး ပြောပါတယ်။

    နိုဝင်ဘာ ၁၈ ရက် ညနေ ၆ နာရီခန့်က ဇရပ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Yangon Army အဖွဲ့က အနောက်ပိုင်းခရိုင် ပကဖနဲ့အတူ ပြင်းအားမြင့်မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    “အဲ့ရုံးကအုပ်ကြီးနဲ့ နောက်လိုက်တွေကပြည်သူကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖိအားအသားကုန်ပေး၊ မဲဆွယ်ပွဲတိုင်းမတက်ရင်ခြိမ်းခြောက်တာတွေလုပ်တယ်၊စစ်မှုထမ်းကြေးလဲ လစဥ် မထည့်မနေရ ကောက်နေတာ အသည်းအသန်ပဲ၊ကိုယ်တိုင်လဲ လူငယ်တွေကိုပြန်ပေးဆွဲပြီး တောင်းစားတဲ့ကိစ္စတွေလဲလုပ်တယ်။”လို့ တိုက်ခိုက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးရုံးနဲ့ပတ်သက်ပြီး ပြောပါတယ်။

    အနောက်ပိုင်းခရိုင်ပကဖရဲ့ ပေ့ခ်ျကလည်း “တရားမဝင်ရွေးကောက်ပွဲအားကြိုးမာန်တက်လုပ်နေတဲ့ဇရပ်ကွင်းအုပ်ကြီးရုံး” ခေါင်းစဉ်နဲ့ ဒီမစ်ရှင်အကြောင်းကို ထုတ်ပြန်ထားပါတယ်။

    လှည်းကူးမြို့နယ်မှာ ညနေ ၆နာရီ ၁၀မိနစ်က ပေါက်ကွဲသံ အကျယ်ကြီးကြားရတယ်လို့ ဒေသခံသတင်းပေးပို့ချက်ကို မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Hlaing Info ရဲ့တယ်လီဂရန်ချန်နယ်မှာဖော်ပြထားပါတယ်။

    Yangon Army နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ဟာ နိုဝင်ဘာ ၁ ရက်ကလည်း ရွှေပေါက္ကံရဲစခန်းကို တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာမှာလည်း လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ် ကြံ့ဖွံ့ရုံး နဲ့ ရွှေပြည်သာမြို့နယ် (၇)ရပ်ကွက်ရုံးတွေကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

    (လှည်းကူးမြို့အဝင်တနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

  • ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ပူးပေါင်းပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိ

    ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ပူးပေါင်းပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိ

    စဉ့်ကိုင်မြို့နယ်တွင် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်း ပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိ

    လက်ပစ်ဗုံးများသိမ်းဆည်းရရှိ

    မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်း ပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိကာ လက်ပစ်ဗုံးများသိမ်းဆည်းရရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ထံမှ သိရသည်။

    နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စဥ့်ကိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လက်နက်ကိုင် ပူးပေါင်းပါဝင်နေသော ပျူစောထီးများ လိုက်ပါလာသည့် ထော်လာဂျီ ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ စောင့်ကြို ဖမ်းဆီးမှုအတွင်း ထော်လာဂျီပေါ် လိုက်ပါလာသော ပျူစောထီး ၅ ဦး ကို တော်လှန်ရေး တပ်ဖွဲ့များ အရှင်ဖမ်းမိခဲ့ပြီး ၎င်းတို့ ကိုင်ဆောင်ထားသော လက်ပစ်ဗုံးများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    ယင်းသို့ ဖမ်းဆီးရမိသော ပျူစောထီး ၅ ဦးကို မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ လွှဲပြောင်းပို့ဆောင်လိုက်ပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ဖမ်းဆီးမှုကို ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ၊ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ နှင့် စဥ့်ကိုင်(ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    အလားတူ ဇူလိုင်လပိုင်းကလည်း နတ်မောက်-မြို့သစ် လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှု ပြုလုပ်နေစဉ် ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးရမိခဲ့သော ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူ ထံမှ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် စာရင်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

  • နေပြည်တော်၌ ငလျင်လှုပ်

    နေပြည်တော်၌ ငလျင်လှုပ်

    နေပြည်တော်မှာ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု နိုဝင်ဘာ ၁၈ ရက်က ထပ်မံလှုပ်ခဲ့တယ်လို့ မိုးလေဝသနနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

    ငလျင်ဟာ နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၄၂ မိနစ်မှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာကို ဗဟိုချက်ယူပြီး လှုပ်ခဲ့တာပါ။

    အင်အားအနေနဲ့ ၃ ရစ်ခ်ျတာစကေးအဆင့်သာ ရှိခဲ့ပေမဲ့ သိသာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အခုတခေါက်လှုပ်ခဲ့တဲ့ ငလျင်ဟာ မတ် ၂၈ ရက် ငလျင်ကြီးလှုပ်ပြီး ၂၄၄ ကြိမ်မြောက် လှုပ်ခဲ့တဲ့ နောက်ဆက်တွဲငလျင် ဖြစ်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ဒီနေ့ နေပြည်တော်ငလျင်တွေ တော်တော်သိသာတယ် ပြောကြတယ်။

    ပထမတခုက ယမန်နေ့် (နိုဝင်ဘာ ၁၈ ရက်) နေ့လယ် ၂ နာရီ ၂ မိနစ်က ပျဥ်းမနား၀န်းကျင်မှာ M 3.2 နဲ့ နောက် မိနစ် ၄၀ ၀န်းကျင်ခြားပြီးပေါင်းလောင်းဘက်မှာ M 3.6 တို့ ဆက်စပ်လှုပ်ခတ်သွားခဲ့တာပါ။

    အခုလပိုင်းတွေအတွင်း အတော်လေး​ညင်ညင်သာသာ ရွေ့လျားနေကြတဲ့အပိုင်းမှာ ပြင်းအားတက်တာရော၊ M 2.0 နဲ့အထက်ဆိုရင်ကို သိသာခံစားရမိလွယ်တဲ့ ပျဥ်းမနားတကြောဟာ မြေသားလက်ရှိအနေအထား​ကြောင့်လည်း ပါပါတယ်။

    နေပြည်တော် ~ ပေါင်းလောင်းတကြောမှာ _

    • စက်တင်ဘာလအတွင်း M 2.0 မှ M 2.8 အထိ (၈)ကြိမ်။

    • အောက်တိုဘာလအတွင်း M 2.0 မှ M M 3.6 အထိ (၈) ကြိမ်။

    • ယခု နို၀င်ဘာလအတွင်း M 2.0 မှ M 3.6 အထိ (၆) ကြိမ်အထိ ၃ လတာအတွင်း ၂၂ ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။

    ဒီအပိုင်းတွေဟာ နောက်ဆက်တွဲကာလ ဖိအားဖြေလျော့မူ အနေအထားအရတော့ ပုံမှန်လျော့ကျလာနေကြပါပြီ။

    တချို့ဒေသပြတ်ရွေ့ငယ်တို့ရဲ့ ဖိအားလက်ခံထားပုံ မတူညီမူအပေါ် ရံဖန်ရံခါ ဒီလို အားတက်ချော်ထွက်လှုပ်ခတ်တာမျိုးကတော့ ရှိတတ်တာ သဘာ၀ကျပါတယ်။

    အရင်ကလို 4.0 နဲ့အထက်ကတော့ သိပ်မတွေ့ရတော့တာ ၃ လနီးပါး ဖြစ်လာပါပြီ။

    ဒီပြင်းအား 3.0 နဲ့အထက်တွေကတော့ လာနိုင်ချေတွေ ရှိနေပါသေးတယ်။

    ဒီနေရာမှာ ကျနော်တို့ အထူးသတိပြုစောင့်ကြည့်နေမိတာက ဒီနေ့မှာပဲ M 3.5 ၀င်ထားတဲ့ ရှမ်းကုန်းပြင်မြင့်တကြောပါ။

    ကျောက်ကြမ်းလို ပြတ်ရွေ့ကြီးတွေနဲ့ ဆက်စပ်တွေ ၊ ဒေသတွင်းပြတ်ရွေ့တွေရဲ့ သဘာ၀ဟာ ဖိအားစုမိထားတဲ့အပြင် ထပ်တိုးဖိအားတွေနဲ့ ပေါင်းစပ်ပြီး ကာလတခုမှာတော့ သေမလွဲမသွေ အားသိသိသာသာချော်ထွက်သွားနိုင်ချေကို သတိမပြတ်ဖို့ လိုပါတယ်ဗျ။

    AI INFO TEAM

    Photo: ငလျင်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်ရှိအဆောက်အဦ(ပုံဟောင်း)

  • ရှမ်းမြောက်မှာ စစ်တပ်နဲ့ MNDAA ဆက်ဆံရေး ပိုတင်းမာလာ

    MNDAA ထိန်းချုပ်ဒေသဖြတ်လာတဲ့ကုန်ကားတွေကို စစ်တပ်တားဆီး၊ သီပေါတံတားကို ဖြတ်သန်းခွင့် နှစ်ဘက်စလုံးကပိတ်

    လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုမှုအဆင်မပြေတဲ့နောက် နှစ်ဘက်ဆက်ဆံ​ရေးပိုတင်းမာလာပြီး တရုတ်ဘက်က ဝင်လာတဲ့ကုန်ကားတွေကို စစ်တပ်က ပြန်လှည့်ခိုင်းသလိုလားရှိုး-သီပေါကြားက ဒုဋ္ဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးကပိတ်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။

    “တရုတ်နယ်စပ်ကနေ ကိုးကန့်ကိုဖြတ်ဝင်လာတဲ့ကားတွေကို လားရှိုးကနေ စကစက ပိတ်တယ်။ MNDAA ကလည်း သီပေါတံတားကိုပိတ်ပစ်တယ်။ MNDAA က ပိတ်တော့ စကစကလည်း သီပေါမြို့ဘက်ခြမ်းကနေ ပိတ်တယ်။ အခြေအနေက ပိတ်ကားပေါ် စောင့်ကြည့်ရတော့မယ်” လို့ သီပေါမြို့ခံတဦးကပြောပါတယ်။

    သီပေါမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်နေ့မှာ ထိန်းချုပ်ခဲ့တယ်လို့ ကြေညာပေမယ့် မြို့‌ပေါ်မှာရှိတဲ့ တံတားကိုတောင် အပြည့်အဝ မထိန်းချုပ်နိုင်​သေးဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ်။

    တံတားရဲ့ သီပေါမြို့ထဲဘက်ကို စစ်တပ်က တပ်စွဲထားပြီး လားရှိုးမြို့ဘက်ကိုထွက်တဲ့ဘက်ခြမ်းကို MNDAA က တပ်စွဲထားတာပါ။

    တံတားကို နှစ်ဘက်စလုံးက ပိတ်ထားလို့ ကုန်ကားတွေ ရပ်ထားရပါတယ်။

    MNDAAအနေနဲ့ လူသိမခံချင်တဲ့တပ်အပြောင်းအရွှေတွေလုပ်မှာမို့ တံတားကိုပိတ်တာဖြစ်နိုင်တယ်လို့ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်​တွေက​ရေးသားနေကြပါတယ်။ အဲ့လိုမဟုတ်ဘဲ စစ်ကောင်စီက ကုန်ကားတွေကို ပိတ်လို့ MNDAA က တုန့်ပြန်တာလို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ လားရှိူးမြို့ပေါ်ကိုသာကွက်ပြီးထိန်းချုပ်နိုင်တာဖြစ်ပြီး ပြည်ထောင်စုလမ်းမအတိုင်းတစ်ဖက်စီမှာရှိ သိန္နီနဲ့ သီပေါမြို့အထွက်တွေကိုပါ MNDAA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAA တပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့ မှုးကိုယ်တိုင် နိုဝင်ဘာလ ၁၁ရက် နေ့က လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် MNDAA ကငြင်းပယ်လို့ ဆွေးနွေးမှုပျက်ခဲ့ပါတယ်။

    အဲ့‌ဒီနောက်ပိုင်း စစ်တပ်က ကင်းထောက် လေယာဉ်တချို့ပျံသလို MNDAAကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။

    လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAAက တပ်စွဲထားပါတယ်။

    MNDAAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့နယ်မြေထဲမှာပါဝင်ပါတယ်။

    ပြီးခဲ့တဲ့ဧပြီလမှာ စစ်အုပ်စုက တရုတ်အစိုးရရဲ့အကူအညီနဲ့လားရှိုးမြို့ကို ပြန်ယူပြီးတဲ့နောက် အဲ့ဒီနေရာတွေကနေ တဆင့်ချင်းဆုတ်ပေးဖို့ စစ်ကောင်စီက ဆက်တိုက်တောင်းဆိုနေတာဖြစ်ပြီး MNDAAက လက်မခံဘူးလို့ သိရပါတယ်။

    လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ MNDAA က သီးခြားသတင်းထုတ်ပြန်မထားပါဘူး။

    ဒါပေမယ့်စစ်ကောင်စီနဲ့ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အမြဲသတိရှိနေဖို့နဲ့ဗျူဟာကျကျနားလည်နေဖို့ လိုတယ်လို့ အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ဖူးပါတယ်။

    “တိုက်ပွဲအနံ့တွေပြန်ရနေပြီ”လို့လားရှိုးမြို့ခံတစ်ဦးပြောပါတယ် ။

    (MNDAA နဲ့ မဟာမိတ်​တွေက ၂၀၂၅ ဇူလိုင်လမှာ လားရှိုးမြို့က စစ်တပ်တပ်စွဲ စခန်းတစ်ခုကိုသိမ်းပိုက်ပြီး ​အောင်ပွဲခံစဥ်။ဓါတ်ပုံ-The Kokang)

  • စစ်အုပ်စုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် စစ်အုပ်စု ၁၀၀ ခန့်သေဆုံး

    စစ်အုပ်စုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် စစ်အုပ်စု ၁၀၀ ခန့်သေဆုံး

    စစ်အုပ်စုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် စစ်အုပ်စု ၁၀၀ ခန့်သေဆုံး

    လက်နက် အများအပြားသိမ်းဆည်းရမိ

    အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း ချင်းပြည် ဖလမ်းမြို့အနီးထိ ရောက်ရှိနေ

    ချင်းပြည်နယ် တီးတိန်နဲ့ ဖလမ်းမြို့နယ်တွေကို စစ်ကြောင်းသုံးကြောင်းနဲ့ သုံးပတ်နီးပါးအကြာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်တွေက နို ဝင်ဘာ ၁၈ ရက် ဒီနေ့မနက်မှာ ဖလမ်းမြို့ နဲ့ ၁၄)မိုင်ခန့် အကွာအဝေးကို ရောက်ရှိလာတယ်လို့ ဒေသခံ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။

    စစ်အုပ်စုတပ်တွေက အောက်တိုဘာ ၂၉ ရက်နေ့ကနေ ကလေး – နတ်ချောင်း- ဝေဘူလမြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ တီးတိန်မြို့ပေါ်ကနေ စစ်ကြောင်းတစ်ကြောင်း ကလေးမြို့ ကလေး -တီးတိန်-လမ်းလမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း အင်အား ၇၀၀ ခန့် စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်နေတာ ဖြစ်ပါတယ်။

    အဲ့ဒီ စစ်ကြောင်းသုံးကြောင်းထဲမှာ ကလေး – နတ်ချောင်းလမ်း၊ ဝေဘူလမြို့ကနေထိုးတဲ့ စစ်ကြောင်းတစ်ကြောင်းကတော့ ဝေဘူလမြို့ကို စစ်အုပ်စုတပ် ထိန်းချုပ်ပြီးနောက် နိုဝင်ဘာ ၁၇ ရက်နေ့ကတည်းက ဖလမ်းမြို့နဲ့ ၁၄ မိုင်ခန့် အကွာအဝေးမှာရှိတဲ့ ဗားရ်တံတား( မဏိပူရမြစ်ကို)ကို ဖြတ်ကျော်လာပြီလို့ ဆိုပါတယ်။

    အဲဒီ စစ်အုပ်စုစစ်ကြောင်းနဲ့ ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က ပြောပါတယ်။

    “မနေ့ ညက တောက်လျှောက် ထိတွေ့မှု ရှိပါတယ်၊မနေ့က ရှစ်နာရီ လောက်မှာတစ်ကြိမ် ၊ (၁၀) နာရီ မှာ တစ်ကြိမ် အဲလို ထိတွေ့မှု ရှိပြီးတော့ ကျနော်တို့ခုခံနေတဲ့ အခြေအနေရှိပါတယ်။သူတို့ရောက်တဲ့ နေရာတွေကတော့ ဖလမ်းရဲ့ အရှေ့ဘက် ရွာတွေနဲ့ မဏိပူရ တဖက်ကမ်းမှာ ရှိတဲ့ ရွာတွေမှာကော ၊နောက် ချောင်းတလျှောက် ခြေကုပ်ယူပြီးတော့ ဖလမ်းဘက်ကို ထိုးစစ်ဆင် ရောက်ရှိလာတာ ဖြစ်ပါတယ်”

    အလားတူ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကနေမှာ ခြေ ကုပ်ယူထားတဲ့ စစ်အုပ်စုတပ်ကလဲ စစ်ရေးအရ အရေးပါတဲ့ ကနေဒီတောင်ကုန်းနဲ့ သိုင်းငင်းကျေးရွာကို ထိန်းချုပ်ပြီးတော့ ဖလမ်းမြို့ကို ကလေး- သိုင်းငင်း -ဖလမ်း လမ်းမကြီး အတိုင်း ထိုးစစ်ဆင်လာသလို ချင်းအမျိုးသားတပ်မတော် (CNA/CNF ) တပ်ဖွဲ့ နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေက ကြားဖြတ် တိုက်ခိုက်ကာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ချင်းညီနောင် တပ်ဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေး တပ် (CNO/CNDF ) ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းတင်မီက ဆက်ပြောပါတယ်။

    “သိုင်းငင်းဘက် က ရောက်လာတဲ့ဟာလဲ သိုင်းငင်းကိုလဲ သူတို့ သိမ်းပိုက်တာပေါ့။ကနေဒီကိုလဲ သူတို့ သိမ်းပိုက် တာ ပေါ့၊အဲ့ ဒီ ဘက်က ကားလမ်းအတိုင်း ထိုးတဲ့ ဖလမ်းဘက်ကို ထိုးတဲ့ စစ်ကောင်းကိုတော့ (CC -Chinland )ကောင်စီဘက်က ကာနေတယ်လို့ သိရပါတယ်”

    ချင်းပြည်နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်တွေကို ချင်းတော်လှန်ရေးတပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့ကနေ ချင်းပြည်နယ် ဖလမ်းနဲ့တီးတိန်မြို့တွေမှာ တိုက်ခိုက်ခဲ့ပြီးတော့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်တွေ အပါအဝင် စစ်အုပ်စု ၁၀၀ ခန့်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့သလို စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေအများအပြား သိမ်းဆည်း ရရှိထားတယ်လို့ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။

    ဒီတိုက်ခိုက်မှုကိုတော့ ချင်းအမျိုးသားတပ်မတော် (CAN/CNF) နဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့၊ချင်းညီနောင် တပ်ဖွဲ့ ဝင် Chin National Defense Force (CNDF) ၊ PDF Zoland တွေနဲ့ Vakok PDF၊ကျောင်းသားတပ်မတော် (ABSDF)၊ PDF ခရိုင်တပ်ရင်းတွေ၊ ပကဖတွေ၊ Yaw Defense Force (YDF) စတဲ့ မဟာမိတ်တပ်တွေကစစ်ဆင်ရေးဆင်နွဲ့ခဲ့တာ ဖြစ်ပြီးတော့ ဖလမ်းမြို့နဲ့ ဝေဘူလမြို့အကြား၊ တီးတိန်မြို့နဲ့ ခိုင်ကမ်းမြို့အကြား၊ကလေး -ဂန့် ဂေါ ကမ်းပါးနီ ၊ကြံသာ ။မှန်‌တော ရွာ အနီးမှာစစ်အုပ်စုကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီလို တိုက်ပွဲ ဖြစ်ပွားနေချိန် စစ်အုပ်စုတွေက နိုဝင်ဘာလ ၆ ရက်မှာ Fighter Jet တိုက်လေယာဉ်နဲ့ လေးကြိမ်၊ နိုဝင်ဘာလ ၁၄ ရက်မှာ တိုက်လေယာဉ်နဲ့ ခုနှစ်ကြိမ်၊ Y-12 နဲ့ တစ်ကြိမ်၊ နိုဝင်ဘာလ ၁၅ ရက်မှာ တိုက်လေယာဉ်နဲ့ နှစ်ကြိမ်၊ နိုဝင်ဘာလ ၁၆ ရက်မှာ တိုက်လေယာဉ်နဲ့ နှစ်ကြိမ်၊ Y-12 နဲ့ ဗုံးအလုံး ၅၀ ခန့်၊ နိုဝင်ဘာလ ၁၇ ရက်မှာ တိုက်လေယာဉ်နဲ့ လေးကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဖလမ်းမြို့နဲ့ ဝေဘူလမြို့အကြား၊ တီးတိန်မြို့နဲ့ ခိုင်ကမ်းမြို့အကြား တိုက်ပွဲတွေမှာလည်း စစ်အုပ်စုက နိုဝင်ဘာလ ၁၇ ရက်မှာ တိုက်လေယာဉ်နဲ့ နှစ်ကြိမ်၊ Y-12 နဲ့ တစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    “ရန်သူမှ လေယာဉ်နှင့် ဒရုန်းတို့ကို အားပြုပြီး တိုက်ခိုက်နေသော်လည်း ချင်းလဲန်အစိုးရတပ်ဖွဲ့နှင့် မဟာမိတ် အဖွဲ့များသည် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် အရာရှိများ အပါအဝင် ရန်သူအင်အား ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့သည်။ စစ်သုံ့ပန်းတစ်ချို့ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်” လို့ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

    လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ကလေးမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ် ကျေးရွာတွေက ထောင်ချီတဲ့ ဒေသခံပြည်သူတွေ အပါအဝင် ချင်းပြည် ဖလမ်းနဲ့ တီးတိန်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ တောတောင်တွေအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်အုပ်စု ရန်ကြောင့် တီးတိန်မြို့နယ်အတွင်းက ခိုင်ကမ်း၊ ထေးဇန်၊ ဆွလိမ်၊ အာလွယ်၊ သိုင်းငင်း၊ ဆဲဇန်၊ ဟိန်ဇိန်၊ ဆိုဇန်၊ မွာလ်ပီးကျေးရွာတွေနဲ့ ဖလမ်းမြို့နယ်အထဲက လိုင်ဗား၊ တလန်းဇာရ်၊လုမ်းဘန်း၊ ပါရ်သဲ၊ ထင်းရှုးမြိုင်၊ ဗားရ်နဲ့ဝေဘူလစတဲ့ ကျေးရွာ ပေါင်း ၂၀ ကျော် နိုဝင်ဘာ ၁ ရက်က စတင်ကာ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရကာ စားဝတ်နေရေး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေတဲ့ သိုင်းငင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

    တီးတိန်မြို့နယ်နဲ့ ဖလမ်းမြို့နယ်အတွင်း စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာ ဓားစာခံ လူသားဒိုင်းကာ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဒေသခံ ပြည်သူ ၁၄ ဦးကို ချင်းညီနောင် တပ်ဖွဲ့က နိုဝင်ဘာ ၇ ရက်မှာ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့ ဝင် PDF -Zoland က ထုတ်ပြန်ထားပါတယ်။

    ချင်းပြည်နယ်မှာတော့ ချင်း တော်လှန်ရေးတပ်တွေက ဖလမ်းမြို့အပါအဝင်မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။လက်ရှိအချိန်မှာတော့ ဟားခါး၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း မြို့ လေးမြို့နယ်နဲ့တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားတဲ့ ‌ဝေဘူလမြို့အပါအဝင် မြို့ အပါအဝင် စစ်ရေးအရ အရေးပါတဲ့ ကနေဒီတောင်ကုန်းကို စစ်အုပ်စုက ပြန်လည် ထိန်းချုပ်ထားပါတယ်။