Category: News

  • BGF ၏ ကြေညာချက်ကြောင့် ရွှေကုက္ကိုမှ လုပ်ငန်းရှင်များ၊ လုပ်သားများ အစုလိုက်ထွက်ပြေးနေ

    BGF ၏ ကြေညာချက်ကြောင့် ရွှေကုက္ကိုမှ လုပ်ငန်းရှင်များ၊ လုပ်သားများ အစုလိုက်ထွက်ပြေးနေ

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုဒေသရှိလုပ်ငန်းခွင်များမှ လုပ်ငန်းရှင်များ၊ လုပ်သားများမှ ညဦးပိုင်းအချိန်ကစ လက်ရှိအချိန်အထိ ၎င်းမြို့မှ ထွက်ခွာရန် လုပ်ဆောင်နေကြသည်ဟု ဒေသခံများက ပြောသည်။

    ကရင်နယ်ခြားစောင့်တပ် (BGF) က ကျန်ရှိနေသော အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များကိုအမြစ်ပြတ်ချေမှုန်းမည့် “နောက်ဆုံးစစ်ပွဲ” ကို စတင်တော့မည်ဟု ယနေ့ တရားဝင် ကြေညာလိုက်ပြီးနောက်၊ အဆိုပါဒေသရှိ တရုတ်လုပ်ငန်းရှင်များနှင့် ကျားဖြန့်လုပ်သားများသည် ယနေ့ညပိုင်းမှစတင်ကာ အစုလိုက် အပြုံလိုက် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

    BGF ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က မီဒီယာများနှင့် တွေ့ဆုံရာတွင် ကျားဖြန့်လုပ်ငန်းများကို အပြီးအပြတ်ရှင်းလင်းမည့် စီမံချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်၊ ရွှေကုက္ကိုမြို့အနီးတစ်ဝိုက်တွင် ထွက်ပြေးနေကြသည့်အခြေအနေ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

    “တရုတ်သူဌေးတွေလည်း ပိုက်ဆံတွေပစ္စည်းတွေသိမ်းပြီး ကားတွေနဲ့ထွက်ပြေးသွားကြပြီလို့ သတင်းကြားတယ်။ အခုည ရွှေကုက္ကိုမှာ ထွက်ပြေးနေကြတဲ့ ကျားဖြန့်လုပ်သားတွေနဲ့ လမ်းပေါ်အပြည့်နဲ့ ရှုပ်ယှက်ခတ်နေတာပဲ” ဟု ဒေသခံစားသောက်ဆိုင်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

    တရုတ်လုပ်ငန်းရှင်များက လုပ်ငန်းယာယီရပ်နားမည်ဟု ပြောဆိုသဖြင့် လုပ်သားအချို့မှာ ရွှေကုက္ကိုလ်အနီးတစ်ဝိုက်ကျေးရွာများတွင် သွားရောက်ခိုလှုံကြရန် ထွက်ပြေးနေကြသည်ဟု မြန်မာစာရင်းကိုင်လုပ်သားတစ်ဦးက ဆိုသည်။

    BGF အနေဖြင့် ယခင်က ကျားဖြန့်လုပ်ငန်းများကို တစ်ကြိမ်နှိမ်နင်းခဲ့ဖူးသော်လည်း လက်ရှိတွင် လုပ်ငန်းများ ပြန်လည်ကျယ်ပြန့်လာခြင်းကြောင့် ယခုကဲ့သို့ ပြတ်ပြတ်သားသား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ထိုင်းမီဒီယာများနှင့် တွေ့ဆုံရာတွေ ပြောဆိုခဲ့သည်။

    “BGF အနေနဲ့ Plan A, B, C ဆိုပြီး အစီအစဉ် ၃ မျိုး ချမှတ်ထားပါတယ်။ ဒါပေမဲ့ အခုတော့ စောင့်မနေတော့ပါဘူး။ ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့်အချိန် ရောက်နေပါပြီ” ဟု ၎င်းက ပြောသည်။

    ရွှေကုက္ကိုမြို့ပြင်ပနှင့် အချို့နေရာများတွင် ခိုးဝှက်လုပ်ကိုင်နေသူ ၁,၀၀၀ မှ ၂,၀၀၀ ကြားရှိနိုင်ကြောင်း ခန့်မှန်းထားပြီး၊ ၎င်းတို့ကို ဖမ်းဆီးပြီးပါက ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းအစိုးရအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် BGF က မေတ္တာရပ်ခံထားသည်။

    ဓါတ်ပုံ/ဗီဒီယို – ညပိုင်းအချိန်တွင် ပြေးလွှားနေကြသော လုပ်ငန်းရှင်များနှင့် လုပ်သားများ

  • အဆိုတော် ချမ်းချမ်း ကြမ်းပြီဟေ့…

    အဆိုတော် ချမ်းချမ်း ကြမ်းပြီဟေ့…

    ကျမရဲ့ အကြောင်းကို သေချာမသိပဲ

    လိုင်းပေါ် တင်ချင်ရာတင်အာချောင်ပြီး ပြောချင်ရာပြောနေတဲ့သူများကို အခု ဒီ အမှုဟာတအားကြီးတယ်ဆိုတာ မသိကြလို့နေမယ်

    မကြာမီ တရားရုံးကိုဆင့်ခေါ်ပီး Victim တွေ survivor တွေကို တရားရုံးက ဆင့်ခေါ်တဲ့ အခါ ကျမကို အသရေ ဖျက်မှုနဲ့ တရားစွဲမှာပါ

    ကျမ ဘယ်မီဒီယာ ဘယ်သူ ဘယ်ဝါဆိုတာ evidence တွေ proof တွေ ယူထားပြီးပါပြီ

    သာ အချက်အလက် အဓိက သက်သေတွေ လဲ မရပဲ ကိုယ်သတင်းဖြစ်ရေး like and follower ရဖို့ အသုံးချ နေတဲ့ မီဒီယာနဲ့ လူပုဂ္ဂိုလ် များကို တရားရုံးက သေချာ မှတ်သားခိုင်းထားပါတယ်

    မြန်မာနိုင်ငံတင်မကပါဘူး

    ကမ္ဘာ အရပ်ရပ်မှာရှိတဲ့ ပိုစ့်တင်ပီးစော်ကားနေတဲ့ အကောင့်တွေကိုလဲ ရနိုင်သလောက် evidence အနေနဲ့ယူထားပါတယ်

    မဟုတ် မမှန်ပြောပြီးတင်ထားတဲ့ အကောင့်တွေ ရှိရင်လဲ ကျမကို လာရောက် သက်သေ အဖြစ်ပေးပို့ထားနိုင်ပါတယ်

    လူတစ်ယောက် အကြောင်းမသိပဲ အောင်ချောင်သမျှ လူတွေ လျော်ကြေးဒဏ်ကြေးပေးဆောင်ဖို့သာစောင့်နေကြပေတော့ကွယ်

    ပါးစပ်စည်းမစောင့်တာ ယောကျားတွေ အများစုနော်

    တချို့လဲ မနာလိုစိတ်ကြီးစွာနဲ့ ကျမကိုစောင်းမြောင်းရေးသား သက္ခာချသူများကို ဒီ အမှုဟာlong process ဆိုတာ မသိသူများ ကို သတိပေးလိုက်ပါတယ်

    သမ္မတတွေ အထိ VIPတွေပါ ပါတဲ့ အမှု

    ဘဝပျက်သွားတဲ့ အမျိုးသမီးလေးတွေ အတွက် ဒါဟာရီစရာမဟုတ်ဘူး

    ကျမ ကလေးသုံးယောက်မိခင်

    ဘာမှ အပြစ်မလုပ်ပဲ ပြောချင်ရာပြောသူများ မကြာမီ တရားရုံးက ဆင့်ခေါ်တဲ့ အခါ အချက်လက်တွေစုဆောင်းထားပီး တရားစွဲဆို တော့မှာပါ

    ကိုယ်စိုက်သည့် အတိုင်းရိတ်ရမည်ဆိုတဲ့ ဘုရားရဲ့ ကျမ်းစာပိုဒ် အတိုင်း ပေါ့

    Chan Chan

    ဆက်စပ်သတင်း

    အမေရိကန် အရှုပ်တော်ပုံ၊ ပဟေဠိ အီးမေးလ်နဲ့ ချမ်းချမ်းရှင်းပြတဲ့ ဖြစ်စဥ် ဖတ်ရန်

  • သံပုံးတီးသံတွေ ဆူညံနေတဲ့ မိုးကုတ်

    သံပုံးတီးသံတွေ ဆူညံနေတဲ့ မိုးကုတ်

    “”

    မိုးကုတ်မြို့မှာ ဒုတိယအကြိမ်မြောက်စစ်ပွဲကြီးဖြစ်ပွားတော့မယ်ဆိုတဲ့ သတင်းတွေနဲ့အတူ မြို့ထဲကနေထွက်လာကြတဲ့ပြည်သူတွေဟာ စံချိန်တင်များပြားလှတာကို အားလုံးလည်းသိကြပြီး ဖြစ်ပါတယ်…

    အစောပိုင်းတုန်းကတော့ တချို့ပြည်သူတွေက ရှောင်တိမ်းဖို့အစီအစဉ်မရှိကြပါဘူး…

    လကုန်ဖို့ရက်နီးကပ်လာလေ တအိအိနဲ့မြို့ထဲကလူတွေထွက်တာများလာလေဖြစ်နေတုန်း အခိုက်အတန့်မှာပဲ ပြည်သူတွေကို ည(၈:၀၀)မှာ (၁၀)မိနစ်လောက်သံပုံးတီးကြပါလို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်တဲ့

    သံပုံးတီးခိုင်းတာကို သိရှိကြတဲ့ပြည်သူတွေလည်း ရှိကြသလို၊ မသိရှိကြတဲ့ပြည်သူတွေလည်း အများအပြားရှိကြပါတယ်တဲ့

    ဒီလိုနဲ့သံပုံးတီးတဲ့အချိန်ရောက်တော့ တချို့တွေကလည်း တီးတဲ့သူတီးကြပေါ့

    ဘာမှမသိကြတဲ့ပြည်သူတွေကတော့ “လငပုပ်”ဖမ်းလို့ သံပုံးတီးကြတယ်လို့ထင်တဲ့သူတွေလည်း ရှိကြပါတယ်တဲ့

    တချို့ပြည်သူတွေကတော့ နဂိုထဲကမှ စိုးရိမ်ထိတ်လန့်နေပါတယ်ဆို သံပုံးတီးသံကြားတော့ ဘာများဖြစ်ပြီလဲဆိုပြီး စိတ်ပူခဲ့ရပါတယ်တဲ့

    ဒီလိုနဲ့ ဒီရက်ပိုင်းမှဆင်းလာကြတဲ့သူတွေနဲ့ စကားပြောကြည့်လိုက်တော့…အစောတုန်းကတော့ဆင်းလာဖို့အစီအစဉ်မရှိပါဘူးတဲ့…

    သံပုံးတီးပြီးတဲ့နောက် မှာတော့ စစ်ပွဲကိုခေါ်သလိုဖြစ်နေတဲ့အတွက် ပြည်သူအများစုက စိုးရိမ်စိတ်များပြီး စစ်ရှောင်တဲ့သူများလာတော့ သူတို့တွေကလည်း စိတ်ခြောက်ခြားလာတာနဲ့ထွက်လာကြတယ်လို့ ပြောပြကြပါတယ်…

    ဒီရက်ပိုင်း ကိုယ့်မြို့ကပြည်သူတွေ ဒုက္ခမျိုးစုံရောက်နေကြတာကိုမြင်တွေ့ပြီး တကယ်ကိုပဲ စိတ်မကောင်းဖြစ်နေရပါတယ်…

    ဒီချိန်မှာ ကိုယ်သာပိုက်ဆံရှိတဲ့သူဆိုရင်ကိုယ်နဲ့နီးစပ်တဲ့သူတွေကို ခေါ်ချင်မိပါတယ်…

    ကုိယ်နဲ့ရင်းနှီးခင်မင်ကြတဲ့သူတွေ နှလုံးစိတ်ဝမ်းမသာမယာဖြစ်နေရတာကိုကြည့်ပြီး များစွာစိတ်မကောင်းဖြစ်မိပါတယ်…

    မြို့ထဲမှာစစ်ဖြစ်ရင် တောပိုင်းကိုရှောင်သင့်တယ်လို့တွေးထင်ထားခဲ့ပေမယ့်လက်ရှိအခြေအနေက တောပိုင်းမှာ‌ေနထိုင်ကြတဲ့ပြည်သူတွေကပါ ထွက်လာကြတယ်လို့ကြားသိရတော့ ပိုလို့တောင်စိတ်ပူနေမိပါတယ်…

    မြို့ထဲမှာကျန်ရှိနေသေးတဲ့ ပြည်သူတွေကို အဝေးကနေ ဘယ်လိုအားပေးစကားပြောရမှန်းကို မသိရှိတော့ပါဘူး…

    အားလုံးပဲ

    ကပ်ဘေးဆိုးအပေါင်းမှ

    ကင်းလွတ်နိုင်ကြပါစေဗျာ

    Sai Myat Kyaw

  • မန္တလေးမြို့ကပျူစောထီးတွေ ရှေ့တန်းပြန်လာပြီး မြို့ထဲမှာသောင်းကျန်းနေ

    မန္တလေးမြို့ကပျူစောထီးတွေ ရှေ့တန်းပြန်လာပြီး မြို့ထဲမှာသောင်းကျန်းနေ

    မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရဲမွန် တောင်ရပ်ကွက်က ပျူစောထီးအဖွဲ့တွေ ရှေ့တန်းကပြန်လာပြီး မြို့တွင်းမှာ ပြည်သူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးရိုက်နှက်တွေလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

    မန္တလေးမြို့ရဲမွန်‌တောင်ရပ်ကွက်က ပျူစောထီး တွေ နိုဝင်ဘာ ၁၅ရက်က မတ္တရာမြို့နယ်၊ရှေ့တန်းက ပြန်ဝင်လာခဲ့တယ်လို့ သိရပါတယ်။

    အဲဒီနောက် မနေ့က (နိုဝင်ဘာ ၁၆ရက်) မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်အတွင်းမှာ ဆိုင်ကယ် စီးလာတဲ့လူငယ်နှစ်ဦးရဲ့ ဆိုင်ကယ်ကို ပျူစောထီးတွေရဲ့ကားနဲ့ တိုက်မှုဖြစ်ခဲ့ပြီး အတိုက်ခံရတဲ့လူငယ်နှစ်ဦးကို လမ်းလယ်မှာ ဒူးထောက်ခိုင်းပြီး ပါးရိုက် နေတာလို့ မျက်မြင်တွေ့သူတဦး ကပြောပါတယ်။

    “အတိုက်ခံထားရတဲ့ ကလေးတွေ သနားပါတယ်။သွေးတွေနဲ့ကို ပါးရိုက်ခံ နေရတာ”လို့ မျက်မြင်တွေ့သူ‌‌တဦးက ပြောပါတယ်။

    အလားတူပဲ မန္တလေးမြို့တွင်းမှာ ညဘက် ဖုန်းစစ် ဆေးဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မန္တလေးဆေးတက္ကသိုလ်ရဲ့ အနောက်ဘက် ၇၄လမ်းမှာဆိုရင် လမ်းကြားတွေအထိ ည၈နာရီ လောက်ကနေ ၁၂နာရီလောက်အထိ မှောင်ရိပ်ခို ဖမ်းဆီးတာ တွေပြုလုပ်လေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    “ပျူတွေလာတာ။ကားတွေကို ဝေးဝေးမှာသွားရပ်ပြီး အမှောင်ထဲကနေ အရပ်ဝတ်နဲ့ နှစ်ယောက်၊သုံး‌ ယောက် စောင့်ဖမ်းကြတာ။ဖုန်းတွေ စစ်ပြီး အရမ်းရစ်တယ်။တညတည အဖမ်းခံရတာ နည်းတာ မဟုတ်ဘူး”လို့ မြို့ခံတဦးက ပြောပါတယ်။

    ဒီတနေရာထဲတင်ဖမ်းဆီး နေတာမဟုတ်ဘဲလမ်း၈၀ ပေါ်၊စက်မှု ၊မြို့ပတ်လမ်းတွေမှာပါ ညဘက်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

    မန္တလေးမြို့မှာ ပျူစောထီးတွေ အုပ်စုဖွဲ့ အနိုင်ကျင့်တာတွေ ဖြစ်နေပြီး သေနတ်၊ဓားအရှည်တွေကိုင်ကာ ညဘက်ဆို ကားတွေနဲ့လမ်းသွားလာသူ ပြည်တွေတွေကို ခြိမ်းခြောက်ရိုက် နှက်တာ တွေပြုလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

    (ရဲမွန်တောင်ရပ်ကွက်က ပျူစောထီးအဖွဲ့တွေ ရှေ့တန်းကပြန်လာပြီးစားသောက်နေစဉ်နဲ့ ရှေ့တန်းမထွက်မီတွေ့ရစဉ်။ ဓာတ်ပုံ – CJ)

  • နေပြည်တော်တပ်ကုန်းနှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်ကြောင်းနှင့် လှည့်ကင်းကားကို တိုက်ခိုက်

    နေပြည်တော်တပ်ကုန်းနှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်ကြောင်းနှင့် လှည့်ကင်းကားကို တိုက်ခိုက်

    နေပြည်တော်တပ်ကုန်းနှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်ကြောင်းနှင့် လှည့်ကင်းကားကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးပြီး ကား ၁ စီးကို မီးရှို့ရှင်းလင်း

    နေပြည်တော်၊ တပ်ကုန်းမြို့နယ် အမြန်လမ်း မိုင်တိုင် ၂၄၁ ဘက်သို့ ဆုတ်ခွာလာသော စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်အချိန် နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရတနာမြေကျေးရွာဘက်မှ အမြန်လမ်း မိုင်တိုင် ၂၄၁ ဘက်သို့ ဆုတ်ခွာလာသော အင်အား ၄၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို နွားလှည်း ၂ စီးဖြင့် သယ်ဆောင်သွားကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို မြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    အလားတူ စစ်ကိုင်းမြို့နယ်၊ ကံတလူတိုးဂိတ်မှ ထွေ/အုပ်စာရေး ကျော်ရဲလွင် အပါအဝင် စစ်သားများလိုက်ပါလာသော ကင်းလှည့်ကားကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကားကို မီးရှို့ရှင်းလင်းခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၂၅ မိနစ်ခန့်အချိန် စစ်ကိုင်းမြို့နယ်၊ ကံတလူတိုးဂိတ်မှ ပြည်သူများကို ဖမ်းဆီးငွေညှစ်တောင်းခံနေသော ထွေ/အုပ် စာရေး ကျော်ရဲလွင်နှင့် စစ်သားများ လိုက်ပါလာသော ကင်းလှည့်ကားကို စစ်ကိုင်း-မုံရွာ လမ်းရှိ စစ်ကိုင်း တက္ကသိုလ်အနီးတွင် တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း ထွေအုပ်စာရေး ကျော်ရဲလွင် အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားနေစဉ် စစ်ကိုင်းတက္ကသိုလ်နှင့် တပ်မ ၃၃ မှ စစ်သားများက အိမ်စီးကား ၁၂ စီးဖြင့် စစ်ကူပေးရန် ရောက်ရှိလာသောကြောင့် လှည့်ကင်းကားကို မီးရှို့ရှင်းလင်းပြီး တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

    “လှည့်ကင်းကားပေါ်ပါလာတဲ့ကောင် အားလုံးသေတယ်။ ကားပါ မီးရှို့ဖျက်ဆီးပစ်ခဲ့တာ စစ်ခွေး ၇ ဦး က နေရာတင် ပွဲချင်းပြီး သေဆုံးတယ်။ ပြည်သူကို ဆန့်ကျင်တဲ့သူအားလုံးကို ကျနော်တို့က အချိန်မရွေး တိုက်ခိုက်သွားမှာပါ။ သူတို့ပြောခဲ့တဲ့စကားလိုပဲ သေရဲတဲ့ကောင် ပြည်သူကို ဆန့်ကျင်လိုက်လို့ ကျနော်တို့က ပြန်ပြီး ပြောချင်ပါတယ်” ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါတိုက်ခိုက်မှုကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- KNLA ၏ တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)