Category: News

  • ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် တိုးမြှင့်သတ်မှတ်

    ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် တိုးမြှင့်သတ်မှတ်

    စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာလွှတ်တော်အလိုက် ရွေး ကောက်ပွဲဆိုင်ရာနည်းဥပဒေတွေကို ပြင်ဆင်ပြီး ကိုယ်စားလှယ်လောင်းရဲ့ ရွေးကောက်ပွဲကုန်ကျစ ရိတ်ကို တိုးမြှင့်လိုက်တယ်လို့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေက ဖော်ပြပါတယ်။

    သက်ဆိုင်ရာလွှတ်တော်အလိုက် ရွေးကောက်ပွဲဥပဒေပုဒ်မ ၉၀ အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး နည်းဥပဒေတွေကို အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြင်ဆင်ပြဌာန်းတာလို့ ကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက လက်မှတ်ရေးထိုးပါတယ်။

    ပြင်ဆင်လိုက်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေပါ ပုဒ်မ ၉၉ အရ ကိုယ်စားလှယ်လောင်းတစ်ဦးဟာ ရွေးကောက်ပွဲကုန်ကျစရိတ်အဖြစ် ငွေကျပ် သိန်း ၃၀၀ အထိ ခွင့်ပြုလိုက်တာပါ။

    အဲဒီပုဒ်မပါ အရင်နည်းဥပဒေမှာတော့ ငွေကျပ် သိန်း ၁၅၀ ထက် ပိုပြီး သုံးစွဲခြင်း မပြုရာကနေ အခုအခါမှာ ငွေကျပ် သိန်း ၃၀၀ နဲ့ အစားထိုးပြင်ဆင်ကာ ရွေးကောက်ပွဲကုန်ကျစရိတ်ကို တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

    ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက ကုန်ဈေးနှုန်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ရွေးကောက်ပွဲကုန်ကျစရိတ်ကို တိုးမြှင့်တာဖြစ်လို့ သတ်မှတ်နှုန်းထက် ကျော်ပြီး သုံးစွဲလို့ မရဘူးလို့ ပြောပါတယ်။

    “ကျွန်တော် မြင်တာတော့ အခုကုန်ဈေးနှုန်းတွေ တက်လာတဲ့အခါကျတော့ အဲဒါနဲ့ လိုက်လျောညီ ထွေဖြစ်အောင် ခွင့်ပြုလိုက်တဲ့သဘောမျိုးလို့ နည်းနည်း သုံးသပ်မိသလားလို့။ (ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် ရွေးကောက်ပွဲကုန်ကျစရိတ်က) သူနိုင်သလောက်ပေါ့။ ဒါပေမယ့် သိန်း ၃၀၀ ထက် ကျော်လို့ မရဘူး။ ဒီမှာကတော့ ၅၀ ပဲလုပ်လုပ် ၁၀၀ ပဲ လုပ်လုပ် ရတယ်။ လျော့လို့တော့ ရတယ်။ ဒါ အရင်တုန်းကလည်း ဒီလိုပဲလေ။ ကျော်ပြီးတော့ သုံးလို့တော့ မရဘူးပေါ့”လို့ ဆိုပါတယ်။

    တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၉၉ (က) အရ ကိုယ်စားလှယ်လောင်းတစ်ဦးဟာ ငွေကျပ် သိန်း ၃၀၀ အထိ သုံးစွဲခွင့်ပြုသလို (ခ) မှာလည်း တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်းတစ်ဦးဟာလည်း ငွေကျပ် သိန်း ၅၀၀ အထိ သုံးစွဲနိုင်တယ်လို့ ပြင်ဆင်ခဲ့တာပါ။

    အဲဒီပုဒ်မပါ အရင်နည်းဥပဒေမှာတော့ ငွေကျပ် သိန်း ၁၅၀ ထက်ပိုပြီး သုံးစွဲခွင့်မပြုသလို တိုင်းရင်း သားလူမျိုး ကိုယ်စားလှယ်လောင်းအတွက်လည်း တစ်ဦးကို ငွေကျပ် သိန်း ၃၀၀ အထိသာ သုံးစွဲခွင့်ပြုထားတာ ဖြစ်ပါတယ်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေမှာလည်း ပုဒ်မ (၂၁) အရ “ငွေကျပ် သိန်း ၁၅၀ ဆိုတဲ့ စကားရပ်ကို ငွေကျပ် သိန်း ၃၀၀ နဲ့ လည်းကောင်း၊ ငွေကျပ်သိန်း ၃၀၀ ဆိုတဲ့ စကားရပ်ကို ငွေကျပ် သိန်း ၅၀၀ နဲ့ လည်းကောင်း အစားထိုးပြင်ဆင်ခဲ့တာပါ။

    မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးကတော့ ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့အပေါ် ကော်မရှင်က ရွေးကောက်ပွဲအသုံးစရိတ်ကို ပြောင်းပေးတာဖြစ်လို့ သတ်မှတ်နှုန်းအတိုင်း လောက်အောင် သုံးရမှာပဲလို့ ပြောပါတယ်။

    “အခုကျတော့လည်း အရာရာက ကုန်ဈေးနှုန်းကြီးမြင့်နေတော့လည်း UEC လည်း (ရွေးကောက်ပွဲကုန်ကျစရိတ်) ပြောင်းပေးတာပေါ့၊ အဲဒီလိုပဲ ယူဆရမှာပေါ့။ကျွန်‌တော်တို့လည်း (ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် အသုံးစရိတ်) ၁၀၀ နဲ့ ပေးသုံးရင် ၁၀၀ နဲ့ လောက်အောင် သုံးရမှာပဲ။ ၃၀၀ ပေးသုံးရင်လည်း၃၀၀ နဲ့ပေါ့၊ အဲဒီလိုပဲ ရှိတာပေါ့။ ထွေထွေထူးထူးတော့ မရှိပါဘူးဗျာ”လို့ ဆိုပါတယ်။

    လေ့လာသူတွေကတော့ ရွေးကောက်ပွဲကုန်ကျစရိတ် တိုးမြှင့်လိုက်တာဟာ ပြည်ထောင်စုတဝန်း ဝင်ပြိုင်ကြမယ့် ပါတီတွေအတွက် မဲဆွယ်စည်းရုံးတဲ့အခါ ကိုယ်စားလှယ်လောင်းတွေရဲ့ ကုန်ကျစရိတ်ကို ပိုမိုသုံးစွဲခွင့်ရသွားတဲ့အတွက် အားသာနိုင်တယ်လို့ ဝေဖန်သုံးသပ်တာလည်း ရှိနေပြန်ပါတယ်။

    သက်ဆိုင်ရာလွှတ်တော်အလိုက် နည်းဥပဒေပုဒ်မ ၉၈ (ခ) အရ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်အတွက် မိမိကိုယ်ပိုင်ငွေနဲ့ဖြစ်စေ၊ ပြည်တွင်းရှိ နိုင်ငံသားတစ်ဦးချင်းစီက ဖြစ်စေ၊ ကုမ္ပဏီ ဒါမှမဟုတ် ကုမ္ပဏီ အစုအဖွဲ့တွေက ဖြစ်စေ တရားဝင်ရရှိထားတဲ့ ငွေကြေးတွေထဲက လှူဒါန်းတဲ့ ငွေနဲ့ ဖြစ်စေ၊ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းက ထောက်ပံ့တဲ့ ငွေနဲ့ ဖြစ်စေ ကျခံပြီးတဲ့ ကုန်ကျစရိတ်တွေလို့ ဖော်ပြပါတယ်။

    တစ်ဘက်မှာ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးမယ့် နေ့ရက်နဲ့ ကပ်ပြီး ရွေးကောက်ပွဲကုန်ကျစရိတ်ဆိုင်ရာ လွှတ်တော်အလိုက် နည်းဥပဒေကို ပြင်ဆင်ပြဌာန်းခဲ့တာပါ။

    မဲဆွယ်စည်းရုံးမယ့် နေ့ရက်ကိုတော့ အောက်တိုဘာ ၂၈ ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ သတ်မှတ်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး ဖြစ်ပါတယ်။

    ဒါပေမယ့် လူစုလူဝေးနဲ့ စီတန်းလှည့်လည် မဲဆွယ်စည်းရုံးခွင့်ကိုတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ပင်ထားပါတယ်။

    မန်းအောင်ပြည်စိုးကတော့ စုဝေးဟောပြောခွင့်နဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ မစီစဉ်ရသေးပေမယ့် ပါတီအမှတ်တံဆိပ်တွေကိုတော့ ဆိုင်းဘုတ်ထောင် စည်းရုံးသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

    ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအနေနဲ့ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးမဲဆန္ဒ နယ်အပါအဝင် လွှတ်တော်သုံးရပ်စလုံးမှာ ကိုယ်စားလှယ်လောင်း ၂၆ ဦး ဝင်‌ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

    ဒီဇင်ဘာနှောင်းပိုင်းမှာ စတင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ စိစစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုတဲ့ ကိုယ်စားလှယ်လောင်း ၄၉၃၀ ကျော် ရှိနေပါတယ်။

    အဲဒီထဲက ပြိုင်ဘက်မရှိတဲ့ မဲဆန္ဒနယ်မြေ ၃၁ နေရာရှိတဲ့အတွက် လွှတ်တော်အမတ်ဖြစ်မယ့် ကိုယ် စားလှယ်လောင်း ၃၁ ဦး ရှိနေပြီး စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီက ၂၈ နေရာနဲ့ အများဆုံး ရရှိထားတာပါ။

    စစ်ကော်မရှင် ပြဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၁ (က) အရ မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စား လှယ်လောင်း တစ်ဦးတည်းသာရှိရင် အဲဒီမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲမကျင်းပတော့ဘဲ အဲဒီပုဂ္ဂိုလ်ကို အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာရမယ်လို့ ဖော်ပြထားပါတယ်။

  • စစ်တွေတွင် AAနှင့် စစ်ကော်မရှင်တို့ လက်နက်ကြီးတိုက်ပွဲဆင်နွှဲနေ

    ‎ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA)တို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေကြောင်း သိရသည်။

    ‎ယမန်နေ့ အောက်တိုဘာ ၂၆ရက်နေ့မှ ယနေ့အောက်တိုဘာ ၂၇ရက် နံနက်ပိုင်းအထိ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎”စစ်တပ်ဘက်က ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ ကနေ အခု AA ကပါပြန်ပစ်တယ်” ဟု စစ်တွေရှိ သတင်းရင်းမြစ်က ပြောသည်။

    ‎AA ပစ်ခတ်လိုက်သည့် လက်နက်ကြီးအချို့မှာ စစ်တွေ ဒေသကွပ်ကဲမှုဆိုင်ရာ ဌာနချုပ် ဒကစ အတွင်း ကျရောက်ပေါက်ကွဲပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့သေဆုံးကာ ‎စစ်ကော်မရှင်က လက်နက်ကြီး၊ ဒရုန်းဗုံးများသုံး၍ ပုဏ္ဏားကျွန်းမြို့နယ်ကို ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ‎ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်ခဲ့ရစဉ်က AA တပ်များ စစ်တွေမြို့ကို ရောက်မလာ စေရန်အတွက် မင်းချောင်းတံတားကို ချိုးဖျက်ခဲ့ရာ ယခု အဆိုပါမင်းချောင်းတံတားကို ပြန်လည်ပြင်ဆင်ထားကြောင်း သိရသည်။

    ‎စစ်တွေ- ပုဏ္ဏားကျွန်း ဆက်သွယ်ထားသည့် မင်းချောင်းတံတားကို ပြင်ဆင်မှုများလုပ်ဆောင်ပြီး တံတားထိပ်နှစ်ဖက်တွင် ခံစစ်အခိုင်အမာပြင်ဆင်ကာ လူအင်အား ချထားကြောင်း ဒေသခံများထံမှ သိရသည်။

    ‎စစ်တွေမြို့ ရွှေမင်းဂံရှိ စစ်ကော်မရှင်ရေတပ်နှင့် ပင်လယ်ပြင်ရှိ စစ်သင်္ဘောများမှနေ၍ လက်နက်ကြီး များဖြင့် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ AAတပ်ဖွဲ့များကလည်း စစ်ကော်မရှင်တပ်များရှိရာ နေရာများနှင့် ဒကစအတွင်းကို ပြန်လှန်ပစ်ခတ် နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ဓာတ်ပုံ-AA Info Desk

  • မန္တလေးမှာ အဒေါ်ဖြစ်သူကို သံတူနဲ့ထုသတ်ပြီး ရွှေ ၁၀ သားနဲ့ ငွေသိန်း ၁၀၀ ယူသူကို ဖမ်းမိ

    မန္တလေးမှာ အဒေါ်ဖြစ်သူကို သံတူနဲ့ထုသတ်ပြီး ရွှေ ၁၀ သားနဲ့ ငွေသိန်း ၁၀၀ ယူသူကို ဖမ်းမိ

    ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများ ယူဆောင်ခဲ့သည့် အမျိုးသမီး ဖော်ထုတ်ဖမ်းဆီး

    ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများ ယူဆောင်ခဲ့သည့် အမျိုးသမီးအား ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။

    ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာ စည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ လမ်း ၇၀ (အေ)၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ အိမ်အမှတ် (၁၇၂)နေအိမ်၌ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်းသတင်းအရ ချမ်းမြသာစည် မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က သွားရောက် စစ်ဆေးခဲ့ရာ

    အဆိုပါနေအိမ်ပိုင်ရှင် အငြိမ်စား စာကြည့်တိုက်မှူး ဒေါ်ခင်စိုးမြင့် (၈၄)နှစ်ကို နေအိမ်မြေညီထပ် ဧည့်ခန်းအတွင်းရှိ ထိုင်ခုံပေါ်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေပြီး အတူနေ ၎င်း၏မြေးဖြစ်သူ ဒေါ်အေးအေးခိုင် (၃၆)နှစ်အား မြေညီထပ်ဧည့်ခန်း ခုတင်ပေါ်တွင် ဦးခေါင်း၊ ဝဲနားထင်တို့၌ ပေါက်ပြဲဒဏ်ရာနှစ်ချက် ရရှိထားသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် ချမ်းမြသာ စည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်း(ပ) ၁၈၉/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။

    ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ တူမတော်စပ်သူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃) အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ တွဲဘက် တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြဆရာမ မစိုးစိုးထွန်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၎င်းအား အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီကျော်တွင် အခင်းဖြစ်နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် ဖမ်းဆီးရမိခဲ့သည်။

    ဖမ်းဆီးရမိတရားခံ စိုးစိုးထွန်း၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လခန့်မှစ၍ နွားထိုးကြီးမြို့နယ်မှ ယာယီနေရပ်စွန့်ခွာ၍ ပြင်ဦးလွင်မြို့၌ အိမ်ငှားရမ်းနေထိုင်ခဲ့ရသဖြင့် ငွေကြေး အခက်အခဲများစွာရှိခဲ့ကြောင်း၊

    ၂၀၂၅ ဇူလိုင်လတွင် ၎င်း၏အဒေါ်တော်စပ်ပြီး မိသားစုကဲ့သို့ ရင်းနှီး၍ ဝင်ထွက်သွားလာနေသည့် ဒေါ်ခင်စိုးမြင့်မှ မန္တလေးမြို့၊ မြို့ သစ်(၅)ရပ်ကွက်ရှိ နေအိမ်အား ရောင်းချသည်ကို သိရှိရသဖြင့် ငွေချေးယူခဲ့ရာ ဒေါ်ခင်စိုးမြင့်မှ အိမ်ရောင်းရငွေ အကျေအလည် ရရှိပါက စီစဉ်ပေးမည်ဟုပြောကြားခဲ့ပြီး ငွေအကျေအလည်ရရှိပြီး အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အား ပြန်လည်ဝယ်ယူ ပြောင်းရွှေ့နေထိုင်ခဲ့သော်လည်း ၎င်း၏အခက်အခဲအား ဆောင်ရွက်ပေးမှ မရှိကြောင်း၊

    အောက်တိုဘာ ၂၄ ရက်တွင် ဒေါ်ခင်စိုးမြင့်မှ ၎င်းအား ဖုန်းဆက်ခေါ်၍ အခင်းဖြစ်နေအိမ်သို့ ထပ်မံရောက်ရှိနေထိုင်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဒေါ်ခင်စိုးမြင့်၊ တူမတော်စပ်သူ မအေးအေးခိုင်တို့နှင့်အတူ ဈေးဝယ်ထွက်ပြီးနောက် နံနက် ၁၁ နာရီခန့် နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း၊

    နေ့လယ်စာ စားပြီးချိန်တွင် မအေးအေးခိုင်မှာ မြေညီထပ်ဧည့်ခန်းအတွင်းရှိ ခုတင်ပေါ် အိပ်ပျော်နေစဉ် နေအိမ်ဝင်ပေါက်အနီး သစ်သားသေတ္တာ အတွင်းမှ သံရိုက်တူအား ယူဆောင်ကာ မအေးအေးခိုင်အား ၃ ချက်ခန့်ထုရိုက်ပြီး ထိုင်ခုံပေါ် ထိုင်နေသည့် ဒေါ်ခင်စိုးမြင့်၏ ဦးခေါင်းငယ်ထိပ်အား တစ်ချက်ထုရိုက်ခဲ့ကြောင်း၊

    ထို့နောက် ဒေါ်ခင်စိုးမြင့် အိပ်ခန်းအတွင်းရှိ သံသေတ္တာအား တူဖြင့်ရိုက်ဖျက်ကာ သေတ္တာအတွင်းသိမ်းဆည်း ထားသည့် “အောင်သမာဓိ”တံဆိပ်ပါ ရွှေ ၁၀ ကျပ်သားတုံး ၁ တုံး၊ အိပ်ယာပေါ်ရှိ ငွေကျပ်သိန်း ၁ဝဝ တို့ကို ယူဆောင်ကာ ပြင်ဦးလွင်မြို့ သို့ ပြန်လာခဲ့ကြောင်း၊

    အောက်တိုဘာ ၂၆ ရက်တွင် ဒေါ်ခင်စိုးမြင့် နေအိမ်မှ ယူဆောင်လာသည့် ရွှေတုံးအား ရောင်းချကာ ၎င်းချေးငှားထားသည့် ငွေကြေးများ ပြန်လည်ပေးဆပ်သုံးစွဲခဲ့ကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသည်။

    ထိုသို့ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့အား သံရိုက်တူဖြင့် ထုရိုက်ခဲ့သည့် စိုးစိုးထွန်းအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် သိမ်းဆည်း ရန်ကျန် သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

  • သက်သက်ခိုင် အမတ်လောင်းပြုတ်ခြင်းမှာ NLD နှင့် ပတ်သက်ဖူးသူမှန်သမျှကို မြေလှန်ရှင်းခြင်းဟု ဆို

    သက်သက်ခိုင် အမတ်လောင်းပြုတ်ခြင်းမှာ NLD နှင့် ပတ်သက်ဖူးသူမှန်သမျှကို မြေလှန်ရှင်းခြင်းဟု ဆို

    သက်သက်ခိုင်ကို လွှတ်တော်အမတ်လောင်းစာရင်းမှ ပယ်ဖျက်လိုက်ခြင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် ပတ်သက်ခဲ့ဖူးသူမှန်သမျှအား မြေလှန်ရှင်းလင်းပစ်ခြင်းဟု နားလည်ကြောင်း မုံရွာအခြေစိုက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။

    မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်စနစ်ကို စုံလုံးကန်းထောက်ခံခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP )ဥက္ကဌ သက်သက်ခိုင်သည် ရန်ကုန်တိုင်း FPTP အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားခြင်းဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ဃ)ပါ ပြဌာန်းချက်နှင့် ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်း စာရင်းမှ ပယ်ဖျက်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ တရားမဝင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

    “အရင်တုန်းက ဝန်ကြီးခန့်တာကျတော့ မင်းအောင်လှိုင်ကို ၂၀၂၀ရွေးကောက်ပွဲမတိုင်ခင်က အာဏာ သိမ်းဖို့အတွက် ရဲဆေးတင်ပေးတဲ့အတွက် ကျေးဇူးဆပ်တဲ့သဘောလို့ထင်တယ်။ကျေးဇူးတွေကျေပြီ လို့ မင်းအောင်လှိုင်က သတ်မှတ်လိုက်ပုံပဲ။အခုကတော့ လုံးဝမမျှော်လင့်ထားတဲ့အချိန်ရောက်မှ ပွဲ သိမ်းရိုက်ချပစ်လိုက်တယ်။မင်းအောင်လှိုင်က NLD သစ္စာဖောက်တွေကိုတောင် မယုံကြည်တဲ့သ ဘောပဲ”ဟု ၎င်းက ပြောသည်။

    သက်သက်ခိုင်သည် ကွန်ဒိုအိမ်ယာစီမံကိန်းများနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်မှ ချေးထားသော ကျပ် ဘီလီယံများစွာကို ပြန်မဆပ်နိုင်သေးကြောင်း သတင်း ထွက်ပေါ်လျက်ရှိသည်။

    “ဥပဒေဆိုတာ မင်းအောင်လှိုင်ပါးစပ်ထဲမှာပဲရှိတယ်။ဒီလောက်အကြွေးထူနေတဲ့သူကို အရင်က ဝန် ကြီးဘာလို့ ခန့်ခဲ့သလဲ။အဖြေက ခန့်ချင်လို့ ခန့်ခဲ့တယ်။အခုအမတ်လောင်းကနေ ဘာလို့ ဖြုတ်လဲ။ ဖြုတ်ချင်လို့ ဖြုတ်တယ်။ မင်းအောင်လှိုင်ရဲ့လမ်းပြမြေပုံမှာ သက်သက်ခိုင်တို့ စန္ဒာမင်းတို့လို NLD ပြုတ်တွေ မပါဘူးဆိုတဲ့သဘောပဲ”ဟု ရန်ကုန်အခြေစိုက် စာပေလောကသားတစ်ဦးက ဆိုသည်။

    NLD ပြုတ်နှင့် NLD မှထွက်လာသော ပြည်သူ့သစ္စာဖောက်များ စုဝေးရာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ကို စစ်ကော်မရှင်က ဖျက်သိမ်းခဲ့ပြီးနောက် ယခု သက်သက်ခိုင်ကို အမတ်လောင်း စာရင်းမှ ပယ်ဖျက်လိုက်ခြင်းသည် NLDပါတီအပေါ် မင်းအောင်လှိုင် အာဃာတကြီးခြင်းနှင့် မနာလိုစိတ်ကြီးခြင်းကို ထင်ထင်ရှားရှားဖော်ပြနေသည်ဟုလည်း မုံရွာနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကဆိုသည်။

    သက်သက်ခိုင်သည် ၂၀၁၅ရွေးကောက်ပွဲတွင် NLDပါတီအမတ်အဖြစ် အနိုင်ရခဲ့သော်လည်း ၂၀၁၈ ခုနှစ်၌ ပါတီတာဝန်များ ရပ်ဆိုင်းခံရပြီးနောက် နှုတ်ထွက်ခဲ့ကာ ပြည်သူ့ရှေ့ဆောင်ပါတီကို ထူ ထောင်ခဲ့သည်။ ထို့နောက် ၂၀၂၀ ရွေးကောက်ပွဲဝင်ခဲ့ရာ တစ်နေရာမျှ အနိုင်မရခဲ့ပေ။

    ၂၀၂၀ ဩဂုတ်လတွင် မင်းအောင်လှိုင်နှင့် ၃၄ ပါတီတို့ တွေ့ဆုံခဲ့ရာ၌ အာဏာသိမ်းရန် မင်းအောင် လှိုင်ကို မြှောက်ပေးသည့်အထဲ သက်သက်ခိုင်သည်လည်း ရှေ့ဆုံးကပါဝင်ခဲ့ကြောင်း သတင်းထွက် ခဲ့သည်။

    အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်ခန့် လူကယ်ပြန်ဝန်ကြီးနှင့် ဟိုတယ်ခရီးဝန်ကြီးအဖြစ် ၂၀၂၁ မှ ၂၀၂၅ ဇန်နဝါရီလကုန်အထိ တာဝန်ထမ်းခွင့်ရခဲ့သည်။

  • အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့်

    အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့်

    စလင်းမြို့ အထက – ၁ ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့်

    စစ်အုပ်စုက အမှုဖွင့်မပေးဘဲ ကျူးလွန်ခံရတဲ့ ကျောင်းသူကိုပါ ယာယီကျောင်းထုတ် အရေးယူ၊

    ကျောင်းသူလေး ဘုရားဝင်းထဲ မူးလဲနေလို့ ရပ်ကွက်က ရဲခေါ်ပြီး ဆေးရုံပို့ရတာ

    ဗီဒီယိုရိုက်ပြီး အွန်လိုင်းတင်ခံရတာ မှန်ပေမယ့် စစ်အုပ်စုက မိသားစုကို ခြိမ်းခြောက်ကာ ငွေနဲ့ အမှုကျေအေးခိုင်းလို့ အမှုမှန် မပေါ်မှာ မြို့ခံတွေ စိုးရိမ်

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ရှိ စစ်အုပ်စုက ဖွင့်ထားတဲ့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း – အထက ၁ ကျောင်းက Grade – 10 ကျောင်းသူကို ရည်းစားဖြစ်သူ ကျောင်းသား အပါအဝင် လေးယောက်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဗီဒီယိုရိုက်ကူးပြီး လူမူကွန်ယက်မှာ ဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာသာ ဖြစ်တယ်လို့ စစ်လော်ဘီတွေက တန်ပြန် သတင်းဖြန့်ပါတယ်။

    အောက်တိုဘာ ၂၃ ရက်က စလင်းမြို့ အ.ထ.က – ၁ ကျောင်းမှာ Grade – 10 အတန်း တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူကို ရည်စားဖြစ်တဲ့ Grade – 12 ကျောင်းသားက မွေးနေ့ပွဲ ရှိတယ်ဆိုပြီး ဘုရားရင်ပြင်ကို ချိန်းဆိုကာ အရက်သေစာ သောက်စားပြီးနောက် နောက်ထပ် သူငယ်ချင်း သုံးယောက်နဲ့အတူ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပြီး ဗီဒီယိုရိုက်ကူးကာ လူမူကွန်ယက်မှာ ဖြန့်ဝေခဲ့တာလို့ ဆိုပါတယ်။

    အရက်သေစာသောက်စားပြီးနောက် ရည်စားဖြစ်သူနဲ့ အဖွဲ့က ဝိုင်ဝန်းအဓမ္မပြုကျင့်ခဲ့တာကြောင့် သတိမေ့မျောသွားခဲ့ပြီး ပြန်လည်သတိရလာချိန် ဘေးပတ်ဝန်းကျင်ကို ကျောင်းသူက အကူညီတောင်းခံခဲ့ရာမှ မြို့ခံတွေက စစ်အုပ်စု ရဲတွေကို ဖုန်းဆက်ခေါ်ပြီးနောက် ဝိုင်းဝန်းကူညီကာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရသလို စစ်အုပ်စု ရဲတွေကလည်း အဓမ္မမှု ကျူးလွန်တဲ့ ကျောင်းသားတွေကို ရဲစခန်းခေါ်သွားတာ ဖြစ်တယ်လို့ စလင်းမြို့ခံတွေက ပြောပါတယ်။

    “ကျောင်းသူမလေးကို ကျောင်းသားလေးက သူ့ရဲ့မွေးနေ့ရှိတယ်ဆိုပြီးတော့ ထီးကြီးဘုရားမှာ ခေါ်သွားတာ။ အဲဒီ ဘုရားမှာ သောက်စားမူးယစ် ကြပြီးတော့ ကျောင်းသူမလေးကို အားလုံးက ဝိုင်းပြီး မုဒိမ်းကျင့်လိုက်ကြတာ။ မုဒိမ်းကျင့်လိုက်တာမှာ ရည်းစားဖြစ်သူက ကျောင်းသူလေးရဲ့ လည်ပင်းကို ညှစ်ပြီးတော့ တစ်ယောက်ချင်းစီး ခွဲပြီး မုဒိမ်းကျင့်ကြတာ။ အခု နစ်နာတဲ့ကျောင်းသူလေး မိသားစုကို ငွေပေးပြီး ညှိနေကြတယ်။ အဓမ္မပြုကျင့်ခံရတဲ့ ကျောင်းသူလေးကတော့ ဆေးရုံကဆင်းပြီးလို့ သူ့အိမ်ပြန်ရောက်နေပါပြီ။ အခု မြို့ခံတွေကတော့ ဥပဒေအရ အရေးမယူရင် မကျေနပ်ကြဘူးဖြစ်နေတယ်”လို့ စလင်းမြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။

    အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းသူလေး ဘုရားဝင်းထဲ မူးလဲနေကာ အကူအညီတောင်းလို့ အများက ဝိုင်းပြီး ဆေးရုံပို့လိုက်ရတာ မှန်ကန်သလို ကျောင်းသားတွေက ဗီဒီယိုရိုက်ကူးပြီး လူမူကွန်ယက်မှာ ဖြန့်ဝေတာ မှန်ကန်ပေမယ့် အဓမ္မမှု မမြောက်ဘဲ အရက်အမူးလွန်တာသာ ဖြစ်တယ်လို့ စစ်လော်ဘီတွေက အောက်တိုဘာ ၂၆ရက်မှာ ပြန်လည် တုန့်ပြန် သတင်းဖြန့်ပါတယ်။

    ကျူးလွန်ခံရသူ ကျောင်းသူဟာ အသက် ၁၅နှစ်အရွယ် ဖြစ်ပြီး ကျောင်းချိန်မှာ ကျောင်းမတက်ဘဲ အဓမ္မမှု ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ကျောင်းသား သုံးယောက်နဲ့ အရပ်သားတစ်ယောက်တို့နဲ့အတူ ဘုရားဝင်းထဲ ဝိုင်းဖွဲ့အရက်သောက်စားခဲ့ကြောင်း၊ အဲ့ဒီလို ဝိုင်းဖွဲ့သောက်စားချိန် နောက်ထပ် ကျောင်းသူနှစ်ဦးလည်း ပါဝင်ပြီး ကျူးလွန်ခံရသူ ကျောင်းသူက အရက်အမူးလွန်ကာ ကျောင်းသားတစ်ဦးရဲ့ ပေါင်ပေါ် လှဲပြီး အော်ဟစ်နေတာကို တခြားကျောင်းသားက ဗီဒီယိုရိုက်ကူးပြီး လူမူကွန်ယက်မှာ ဖြန့်ဝေခဲ့တာလို့ စစ်လော်ဘီတွေက ဆိုပါတယ်။

    “မခင် (ကျူးလွန်ခံရတဲ့ကျောင်းသူ- အမည်လွှဲ) မှာ အရက်အလွန်အကျွံ မူးပြီး မောင်———— ၏ ပေါင်ပေါ်တွင် လှဲ၍ အော်ဟစ်နေသည့် ပုံအား အခြား​ကျောင်သားတစ်ဦး မှ Video မှတ်တမ်း ရိုက်ကူးခဲ့ပါသည်။ ​နေ့လယ်ပိုင်းတွင် ကျန်သူများ အသီးသီး ထွက်ခွာသွားကြ​သော်လည်း မခင်. ———— မှာ အရက် အလွန်အကျွံမူး၍ မထိန်းနိုင်ဘဲ ကျန်ရှိခဲ့သဖြင့် ​ ရွာတာဝန်ခံ နှင့်အဖွဲ့မှ နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ရ” လို့ စစ်လော်ဘီတွေရဲ့ တုန့်ပြန် သတင်းဖြန့်ချက်မှာ ဖော်ပြပါတယ်။

    ကျူးလွန်ခံရသူ ကျောင်းသူဟာ စလင်းမြို့ပေါ်က မဟုတ်ဘဲ မြို့အပြင် ကျေးရွာက ဖြစ်ပြီး ကျူးလွန်သူ ကျောင်းသား လေးဦးအနက် နှစ်ဦးဟာ စလင်းမြို့ပေါ်က ဖြစ်ကာ နောက်ထပ် နှစ်ဦးကတော့ စလင်းမြို့အနီး ဆင်ကျုံးရွာက ဖြစ်တယ်လို့ စစ်လော်ဘီတွေနဲ့ မြို့ခံတွေက ပြောပါတယ်။

    အဲ့ဒီ ဖြစ်စဉ်နဲ့ပါတ်သက်ပြီး စစ်အုပ်စုက အမှုမဖွင့်ပေးဘဲ ကျူးလွန်ခံရသူ ကျောင်းသူကိုပါ ကျောင်းစည်းကမ်း ဖောက်ဖျက်မှုနဲ့ တစ်လ ကျောင်းထုတ် အရေးယူထားတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

    “အောက်တိုဘာ ၂၃ရက်တွင် အထက-၁(စလင်း) ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ အထက်ပါ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံ၍ ကျောင်းစည်းကမ်းအား မလိုက်နာဘဲ စည်းကမ်းဖောက်ဖျက် ကျူးလွန်သည့်အတွက် မိဘ အုပ်ထိန်းမှုအောက်တွင် လိမ္မာရေးခြား ရှိစေရန် သွန်သင်ဆုံးမ ခွင့်ပြုသည့်အနေဖြင့် (၁)လ ကျောင်းမှရပ်နားခဲ့ကြောင်း ကျောင်းအုပ် ဆရာကြီး ၏ ရှေ့မှောက်တွင် ဝန်ခံကတိပြုလက်မှတ် ရေးထိုး​စေခဲ့ကြောင်း”

    စလင်းတမြို့လုံး ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ကိစ္စကို စစ်အုပ်စုက ဗြောင်ငြင်းပြီး ကျောင်းသူလေးရဲ့ မိသားစုကို တစ်ရှက်က နှစ်ရှင်မဖြစ်စေဖို့လို့ ချော့မော့ခြိမ်းခြောက်ကာ ငွေနဲ့ ကျေအေးခိုင်းနေတာဟာ ကျောင်းသိက္ခာကျမှာစိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ပါတယ်။

    လက်ရှိမှာ စစ်အုပ်စုက နစ်နာသူ မိန်းကလေးအတွက် တရားမျှတမှုရရှိစေဖို့ မလုပ်ဆောင်ဘဲ သတင်းဖျောက်ဖျက်ကာ ငွေပေးကြေအေးနိုင်ဖို့ ညှိနှိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

    “ဒီသတင်းက ကျောင်းသားတွေဆီကနေ သိရတာဆိုတော့ သတင်းကအမှန်ပါ။ ဟိုဘက် ကျူးလွန်သူတွေဘက်နဲ့ ကျောင်းဘက်က သတင်းဖုံးဖိပြီးတော့ ငွေပေးညှိနှိုင်းနေကြတယ်လို့ ကြားရတယ်။ ကျူးလွန်သူတွေက အရမ်းချမ်းသာတဲ့ထဲကတော့ မဟုတ်ကြဘူး။ မြို့ခံတွေကတော့ ဥပဒေအရ ထိရောက်တဲ့ အရေးယူတာတွေ လုပ်စေချင်နေကြတယ်”လို့ စလင်းမြို့ခံ တစ်ဦးက MFP ကို ပြောပါတယ်။

    စစ်အုပ်စုက အဓမ္မမှုကို အမှုမှန် မဖော်ထုတ်ဘဲ သတင်းပေါက်ကြားစေတဲ့ မြို့ခံတွေအပေါ် လက်နက်အားကိုးနဲ့ အငြိူးထား ရန်ပြုမှာကို စိုးရိမ်တယ်လိုပလည်း မြို့ခံတွေက ဆိုပါတယ်။

    စလင်းမြို့ အထက ၁ မှာ စစ်အာဏာမသိမ်းခင်က ကျောင်းသား ၁၀၀ ဦးကို ဆရာ၊ ဆရာမ ၁၀ ဦးနှုန်းပင် မရှိပေမယ့် လက်ရှိ အာဏာသိမ်း ကာလမှ စစ်အုပ်စုက Non CDM ဆရာ၊ ဆရာမတွေ ထပ်တိုးခန့်အပ်ထားလို့ ကျောင်းသား ၁၀၀ မှာ ဆရာ၊ဆရာမ ၃၀ ဦး နှုန်းအထိ ရှိလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်အုပ်စု လက်အောက် Non CDM ဆရာ၊ ဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်သူတွေဟာ ပညာသင်ကြားရေးရော၊ စည်းကမ်းထိန်းသိမ်းရေးမှာပါ ကျွမ်းကျင်တတ်မြောက်တာ မရှိဘဲ စစ်အုပ်စုကလည်း သူတို့ကို သစ္စာခံတဲ့ နီးစပ်ရာလူတွေကို ဆရာ၊ ဆရာမအဖြစ် ဆွဲခန့်ထားတာလို့ ဒေသခံတွေက ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် Non CDM တွေ ကြီးစိုးရာ စစ်အုပ်စုက ဖွင့်ထားတဲ့ စာသင်ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အဓမ္မပြုကျင့်မှု၊ အနိုင်ကျင့် ရန်ပြုမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး ၂၀၂၄ နှစ်ကုန်ပိုင်းကလည်း ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာမှာ Non CDM ကျောင်းအုပ်ဆရာတစ်ဦးက မူလတန်းကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့် လိင်ပိုင်ဆိုင်ရာစော်ကားမှု ဖြစ်ပွားခဲ့ပါသေးတယ်။

    Photo – စလင်းမြို့ အထက ၁ ကျောင်းနဲ့ အခင်းဖြစ်ပွားတဲ့ စလင်းမြို့က ထီးကြီးဘုရား