Category: News

  • ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ  ၁၀၀ ဦးကို ဖမ်းဆီးရရှိ

    ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ ၁၀၀ ဦးကို ဖမ်းဆီးရရှိ

    ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ ၁၀၀ ဦးကို ဖမ်းဆီးရရှိပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားမှ လာရောက်သူများဖြစ်၊ ဖမ်းဆီးရမိ မြန်မာလူငယ်များအားလုံးကို မြန်မာပြည်သို့ ပြန်လည် လွှဲပြောင်းမည်

    ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ တောအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀၀ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရသည်။

    ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ ကန်ချပူရီခရိုင်၊ ဆန်ခလာဘူရီ အတွင်းရှိ တောများအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ပုန်းအောင်း ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ တရားမဝင် ဝင်ရောက်သော မြန်မာနိုင်ငံသား လူငယ် ၁၀၀ဦးအတွင် အမျိုးသား ၆၂ ဦးနှင့် အမျိုးသမီး ၃၈ ဦးတို့ ပါဝင်ကြောင်း သိရှိရသည်။

    အဆိုပါ မြန်မာနိုင်ငံသား ၁၀၀ ဦးမှာ မြန်မာနိုင်ငံ နေရာအနှံ့အပြား မြို့အသီးသီးမှဖြစ်ပြီး ဘုရားသုံးဆူမှ တစ်ဆင့် တောလမ်းနှင့်ရေလမ်းများအတိုင်း ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့ထံတွင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ မရှိကြောင်း၊ ဝင်ရောက်လာသူများမှာ ထိုင်းတွင် အလုပ်လုပ်မည့် မြန်မာလူငယ်များဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ ဦးကို ဆန်ခလာဘူရီ ရဲစခန်းတွင် ထိန်းသိမ်း ဖမ်းဆီး စုံစမ်းစစ်ဆေးလျက်ရှိပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

  • စစ်တပ်၏ ရွေးကောက်ပွဲ ဥပဒေကြောင်းအရ တရားမဝင်၍ KNU က လုံး၀ လက်မခံဟု ကြေညာ

    စစ်တပ်၏ ရွေးကောက်ပွဲ ဥပဒေကြောင်းအရ တရားမဝင်၍ KNU က လုံး၀ လက်မခံဟု ကြေညာ

    ရွေးကောက်ပွဲတွင် ပါဝင်လျှင် “အဆိပ်ပင် ရေလောင်းသည့် သမိုင်းတရားခံ” ဖြစ်နိုင်ဟု သတိပေး

    အခြေခံဥပဒေသစ်ရေးဆွဲပြီး ရွေးကောက်ပွဲကျင်းပမှသာ မြန်မာ့နိုင်ငံရေး ပဋိပက္ခအဆုံးသတ်မည့် အချက်အပါအဝင် စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်ရေး အချက် ၇ ချက်ကို KNU ထုတ်ပြန်

    အကြမ်းဖက် အာဏာသိမ်း စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲမှာ ဥပဒေကြောင်းအရ တရားမဝင်၍ ကရင်အမျိုးသား အစည်း အရုံး- KNU က လုံး၀ လက်မခံကြောင်း ယနေ့ တရားဝင် ထုတ်ပြန်ကြေညာသည်။

    ယနေ့တွင် KNU က အချက် ၇ ချက် ပါဝင်သော စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်သော ကြေညာ ချက်ကို ထုတ်ပြန်လိုက်ပြီး ယင်းကြေညာချက်တွင် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲသည် ဥပဒေအရ တရားမဝင်ကြောင်း၊ ပြည်သူအားလုံး ပါဝင်နိုင်သည့် အခြေအနေတွင် မရှိဘဲ လိုသလို အဖြေထုတ်နိုင်သည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တို့ကြောင့် KNU က လုံး၀ လက်မခံဟု ကြေညာသည်။

    စစ်တပ်က ပြုလုပ်သော ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုး ရှည်စေရေးအတွက်သာ ဖြစ်ပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်း၏ အဖြေမဟုတ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်း ပဋိပက္ခများကို ပိုမို ပြင်းထန်လာစေရုံသာမက ဒေသ တွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ် လာစေမည်ဖြစ်ကြောင်း ဆက်လက် ကြေညာထားသည်။

    စစ်တပ်က ထုတ်ပြန်ကြေညာလိုက်သော ရွေးကောက်ပွဲအား ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများကို ကိုင်တွယ်ရန် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေကို ပြဋ္ဌာန်းမှုနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်လိုက်မှုတို့ကြောင့် ပြည်သူများကို အကြောက်တရားအောက်တွင် ဆန္ဒသဘောထားမပါဘဲ ပါဝင်ပေးရမည့် အခြေအနေ သို့ ရောက်ရှိလျက်ရှိကြောင်း သိရှိရသည်။

    စစ်တပ်က ရွေးကောက်ပွဲ ကျင်းပရန် ကြိုးစားခြင်းသည် အာဆီယံဘုံသဘော တူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ရန် မျက် ကွယ်ပြုခြင်းဖြစ်ပြီး စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ ဖြစ်သည့် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ် ကြောင်း၊ နိုင်ငံရေးပါတီများက အဆိုပါ အတု အယောင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် တည်ဆောက်မှုအတွက် အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်း သိရှိရသည်။

    မြန်မာ့နိုင်ငံရေးပဋိပက္ခ အဆုံးသတ်နိုင်ရန်မှာ ရေရှည်တည်တံ့ခိုင်မြဲသော နိုင်ငံ ရေးအဖြေကို ဦးတည်သော အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံမှုမှ ရရှိသည့် သဘောတူညီမှုဖြင့် ရေးဆွဲ ​ပြဋ္ဌာန်းအတည်ပြု မည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ ကျင်းပသော ရွေးကောက်ပွဲသည်သာလျှင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော မြန်မာ နိုင်ငံ၏ နိုင်ငံရေးပဋိပက္ခများ အဆုံးသတ်နိုင်မည်ဟု KNU က အပြည့်အ၀ ယုံကြည်ကြောင်း ထုတ်ပြန် ကြေညာသည်။

    ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများက စစ်အာဏာရှင် သက်ဆိုးရှည်ရေး၊ စစ် တပ်အာဏာသိမ်းယူမှု တရားဝင်မှု ရရှိစေရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် အသက်သွင်းသည့် အတု အယောင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းဖြင့် “အဆိပ်ပင် ရေလောင်းသည့် သမိုင်းတရားခံ ” ဖြစ်သွား နိုင်သည့်အတွက် နည်းလမ်းပေါင်းစုံဖြင့် ရှောင်ရှားကြရန် KNU က တိုက်တွန်းသည်။

    အာဏာသိမ်းစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်သည့် စစ်တပ်ကို အကျိုး ပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲကို ကရင် ပြည်သူ လူထု၊ ကရင်လက် နက်ကိုင်အဖွဲကအစည်းများ၊ ကရင်နိုင်ငံရေးအင်အား စုများ အပါအဝင် နိုင်ငံ ရေးပါတီများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်ခြင်းမပြုကြဘဲ အကြမ်း မဖက် သော နည်းလမ်းများဖြင့် ဆန့်ကျင်သွားကြရန် KNU က တိုက်တွန်းထား သည်။

    ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ ကျရောက်ခဲ့သော သော ၇၅ နှစ်မြောက် ကေအဲန်ယူ – ကရင်အမျိုးသားအစည်း အရုံးနေ့ -Karen National Union Day အခမ်းအနား။ (ပုံအဟောင်းဖြစ်ပါသည်။)

  • လွိုင်ကော်၌ စစ်တပ် ထောက်ခံသည့် ရန်အောင်နှင့် စိုးမြတ်သူဇာ အပါအဝင် အနုပညာရှင်များ သီချင်းလာဆို

    လွိုင်ကော်၌ စစ်တပ် ထောက်ခံသည့် ရန်အောင်နှင့် စိုးမြတ်သူဇာ အပါအဝင် အနုပညာရှင်များ သီချင်းလာဆို

    ကရင်နီပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့မှာ စစ်တပ် ထောက်ခံတဲ့ အနုပညာရှင်တွေက သြဂုတ် ၂၄ ရက်က ရောက်လာပြီး သီချင်းဆိုတာနဲ့ ကျောင်းစာဖတ်ခန်း (စာကြည့်ခန်းအဆောင်သစ်) ဖွင့်ပွဲ လာတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လွိုင်ကော်မြို့မှာ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနဲ့ စစ်တပ်ကို အားပေးထောက်ခံကြသူတွေဖြစ်တဲ့ ရန်အောင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ ဒိန်းဒေါင်၊ ငြိမ်းချမ်း၊ ယဥ်လတ်၊ သင်ဇာမြင့်မိုရ်၊ နေခြည်ငြိမ်းချမ်း၊ အုန်းသီးတို့က ၂၄ ရက် ညမှာ သီချင်းဆိုပြီး ၂၅ ရက်မှာ အ.ထ.က ၁ ကျောင်းမှာ စာဖတ်ခန်းကျောင်းဆောင်သစ်ဖွင့်ပွဲ တက်တယ်လို့ သိရပါတယ်။

    ဒေသခံ အမျိုးသားတယောက်က “ရွေးကောက်ပွဲ နီးလာပြီလေ၊ စည်ကားတယ်ဆိုတာမျိုး ပြချင်တာ၊ ကလေးတွေ စာဖတ်ခန်း စာကြည့်တိုက်သဘောပါပဲ၊ တကယ်က အယောင်ပြရယ်၊ ရွေးကောက်ပွဲအတွက် သူတို့ ပြည်သူကို မြှူဆွယ်နေတာ အေးချမ်းတယ် ဆိုတာမျိုးပေါ့၊ လက်နက်ကြီးက ဒေါငံခါးဘက် ပစ်နေတယ်” လို့ ပြောပါတယ်။

    စစ်တပ်က ရွေးကောက်ပွဲအတွက် ပြည်သူတွေကို စည်းရုံးတဲ့အနေနဲ့ တပ်ထောက်ခံတဲ့ အနုပညာရှင်တချို့ကိုခေါ်ပြီး နယ်မြေအေးချမ်းသယောင် ပြနေပေမဲ့ လွိုင်ကော်နဲ့ မဝေးတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရွာအနီးတဝိုက်မှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

    ဩဂုတ် ၂၅ ရက် ညပိုင်းမှာလည်း ဒီးမော့ဆို အနောက်ဘက်ခြမ်းကို လက်နက်ကြီးတွေ အတွဲလိုက် ပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရွေးကောက်ပွဲလုပ်နိုင်ဖို့ ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲကို ​ဇူလိုင်လထဲ စစ်တပ်က စစ်ကြောင်းထိုး သိမ်းပိုက်ပြီးတဲ့နောက် ဒီးမော့ဆိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ သြဂုတ်လထဲ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

    စစ်တပ်က ရွေးကောက်ပွဲအပိုင်း ၁ အနေနဲ့ ဒီဇင်ဘာလထဲမှာ လုပ်သွားဖို့ရှိပြီး ကရင်နီပြည်နယ်ထဲက မြို့နယ်အားလုံးကို မဲဆန္ဒနယ်အဖြစ် သတ်မှတ်ထားကာ လွိုင်ကော်နဲ့ ဘောလခဲမြို့နယ်ကို ပထမအပိုင်းထဲမှာ ထည့်သွင်းထားပါတယ်။

  • ကရင်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စမ်းသပ်မဲပေးခိုင်းမှုတွေ လုပ်ဆောင်နေ

    ကရင်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စမ်းသပ်မဲပေးခိုင်းမှုတွေ လုပ်ဆောင်နေ

    ကရင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဦးဆောင်ပြီး ဒေသခံပြည်သူတွေကို ဖိတ်ခေါ်ကာ ရွေးကောက်ပွဲအတွက် လက်တွေ့စမ်းသပ်မဲပေးတာနဲ့ အသိပညာပေးတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သ တင်းရင်းမြစ်တွေက ပြောပါတယ်။

    အခုရက်ပိုင်းအတွင်း ဘားအံမြို့ပေါ်က အမှတ် ၂ ၊ အမှတ် ၄၊ အမှတ် ၁ စတဲ့ ရပ်ကွက်တွေမှာ စစ်ကော်မရှင်ရဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး အီလက်ထရောနစ် မဲပေးစက်အကြောင်းတွေ၊ လက်တွေ့စမ်းသပ်မဲပေးတာတွေ စတဲ့အကြောင်းအရာတွေကို ရပ်ကွက်နေပြည်သူတွေကို ဖိတ်ခေါ်ကာ ရှင်းပြတာတွေ လုပ်ဆောင်ခဲ့တာပါ။

    ဒါ့အပြင် လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးဝန်းကျင်ကျေးရွာတွေ၊ ပိုင်ကျုံမြို့၊ ရွှေဂွန်း၊ ထီလုံ၊ တာပေါင်၊ ဒေါ်လန်း စတဲ့ ဒေသတွေမှာလည်း စစ်ကော်မရှင်လက်အောက်ခံ အဖွဲ့ဝင်တွေခွဲပြီး ကွင်းဆင်းကာ ရွေးကောက်ပွဲအတွက် အသိပညာပေးဟောပြောတာ၊ လက်တွေ့စမ်းသပ်မဲပေးတာတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

    မဲပေးစက် အလုပ်လုပ်ပုံအဆင့်ဆင့်နဲ့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ သိသင့်သိထိုက်တဲ့ အချက်အ လက်တွေကို စစ်ကော်မရှင်လက်အောက်ခံ အဖွဲ့တွေက အသိပညာပေးဟောပြောခဲ့ပြီး ရွေး ကောက်ပွဲမှာ အသုံးပြုမယ့် မဲပေးစက်ကို မဲဆန္ဒရှင်ပြည်သူတွေက လက်တွေ့အသုံးပြုစမ်းသပ်ခဲ့ကြတယ်လို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်။

    စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လာမယ့်နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၂၈ ရက်နေ့မှာ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၇ ခုက မြို့နယ် ၁၀၂ မြို့နယ်တို့မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို စတင်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

    ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ် ကျင်းပပြုလုပ်သွားမယ့် မြို့နယ် ၁၀၂ မြို့နယ်ထဲမှာ ကရင်ပြည်နယ်ထဲက ဘားအံမြို့၊ မြဝတီမြို့၊ သံတောင်ကြီးမြို့ စုစုပေါင်း ၃ မြို့ ပါဝင်ပြီး လက်ရှိအခြေအနေအရ အဆိုပါမြို့ပေါ်တွေမှာ စစ်ရေးတိုက်ပွဲတွေ ဖြစ်ပွားတာ မရှိသေးပေမယ့် ဘားအံကလွဲပြီး ကျန်မြို့နှစ်မြို့ရဲ့ မြို့ပြင်ဒေသဘက်တွေမှာတော့ တိုက်ပွဲတွေ ဆက်လက်ရှိနေတာပါ။

    စစ်ကော်မရှင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုပြီး ကျင်းပပြုလုပ်သွားမယ့်အပေါ် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်က လူငယ်တစ်ဦးကတော့ စစ်အုပ်စုက ကျင်းပသွားမယ့် ရွေး ကောက်ပွဲဟာ ဒေသနေပြည်သူအများစုကတော့ မဲသွားထည့်ကြမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    ဒါ့အပြင် စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပပြုလုပ်မယ့် မြို့တွေထဲမှာ ကရင်ပြည် နယ်က သံတောင်ကြီးမြို့အပြင် စစ်တပ်ရဲ့ မြို့တစ်မြို့ဖြစ်တဲ့ ဘုရင့်နောင်တပ်မြို့လည်း ပါဝင်ပါတယ်။

    လက်ရှိမှာတော့ ကရင်ပြည်နယ် ဘားအံမြို့နယ်ထဲမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေဟာ ကျေးရွာတချို့ကို သွားရောက်ပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းတဲ့သဘောမျိုးနဲ့ ရပ်မိရပ်ဖတွေကို သွားရောက်တွေ့ဆုံတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

    ဓာတ်ပုံ-MOI

  • မိုးကုတ်မြို့ကို ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချပြန်

    မိုးကုတ်မြို့ကို ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချပြန်

    မန္တလေးတိုင်းတွင် TNLA က ထိန်းချုပ်ထားသော မိုးကုတ်မြို့ကို ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန် မိုးကုတ်မြို့အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်ရှိ ဂေါ်ရခါး ဘုရားကျောင်း ဟု ခေါ်ဆိုသော ဆင်တောင်ကျောင်းအနီးသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    “ပြည်သူ ၁ ဦး ဒဏ်ရာရပါတယ်။ နေအိမ် ၄ လုံး ထိမှန်ပျက်စီးတယ်။ မိုးကုတ်မှာ က တော်တော်များများ စစ်ရှောင်သွားကြပြီ။ ကျန်တဲ့သူတွေကလည်း နေ့ရော ညပါ လေကြောင်းအန္တရာယ် သတိထားနေရတယ်” ဟု မိုးကုတ်မြို့မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

    မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်သဖြင့် ပြည်သူ ထိခိုက်သေဆုံးမှုများ အလွန်များပြားလျက်ရှိသည်။

    ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မိုးကုတ်မြို့ ကျပ်ပြင်ဈေး သီလရှင်ကျောင်းအနီးကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၉ မိနစ်အချိန်နှင့် နံနက် ၉ နာရီ ၃ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေ ယာဉ် များ က မိုးကုတ်မြို့နယ် အရှေ့ပိုင်းသို့ ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ဆိုင်ကယ်စီး ခရီးသွား ပြည်သူ ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး​သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ကလေးငယ် ၁ ဦး ပါဝင်ကြောင်း သိရှိရသည်။

    ဩဂုတ်လ ၁၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မိုးကုတ်မြိုအရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၅ ဦး စုစုပေါင်း ၂၁ ဦးသေဆုံးခဲ့ရသည်။

    ဩဂုတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မိုးကုတ်မြို့ အရှေ့ပိုင်း ကျောက်နဂါးကျေးရွာ သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၁ စီးဖြင့် ဗုံးကျဲချခဲ့ရာ ကျောက်နဂါး ကျေးရွာ ဘုန်းကြီးကျောင်းသို့ ထိမှန်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၅ ဦး သေဆုံးခဲ့သည်။

    ဩဂုတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန် မိုးကုတ်မြို့သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။

    ထို့အတူ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ် တပ်က မိုးကုတ်မြို့ပေါ်ကို လေယာဉ်ဖြင့် ဗုံး ၇ လုံးကျဲချခဲ့ကြောင်း၊ ယင်းနောက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း စစ်လေယာဉ်ဖြင့် ဗုံးကျဲချသွားသည်။

    အလားတူ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၉ မိနစ်အချိန်တွင်လည်း မိုးကုတ်မြို့နယ်၊ အရှေ့ရွာ၊ ဘီးတောင်၊ RQ ဟိုတယ်အနီးဝန်းကျင်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးထပ်မံ ကျဲချခဲ့ပြီး ယနေ့ နံနက်ပိုင်း ၃ ကြိမ်မြောက် လေ ယာဉ် ဖြင့် ဗုံးကျဲချခဲ့သည်။

    ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာဖြင့် ရွှေလိပ်ပြာ ဟိုတယ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။

    ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံးလည်း ထိခိုက် ပျက်စီးခဲ့သည်။

    ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီ ၁၈ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေတပ်မှ တက်လာသော စစ်လေယာဉ်က မိုးကုတ်မြို့အရှေ့ပိုင်း၊ တောင်ကချင်ရပ်ကွက်၊ ပန်းမ ထိပ်ဘက်ခြမ်းရှိ ကုလားခြံထဲသို့ ပေါင် ၃၀၀ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ အဆိုပါ ဗုံးမှာ လူနေရပ်ကွက်ရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကလေးငယ် များအပါအဝင် ပြည်သူ ၈ ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်။

    ထို့ပြင် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်အချိန်ကလည်း စစ်ကောင်စီက မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဘာလျှိုစာသင် ကျောင်းအနီးသို့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

    ဇွန်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၃ မိနစ်အချိန် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အရှေ့ပိုင်း၊ အုန်းကိုင်းဘုန်းကြီးကျောင်းအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် အုန်းကိုင်းကွက်သစ်မှ နေအိမ်များ၊ ကားများ ပျက်စီးပြီး အုန်းကိုင်း ဘုန်းကြီးကျောင်းမှာမူ မျက်နှာကျက်ပြိုကျခြင်း၊ ဆွမ်းစားဆောင်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

    မေလ ၁၃ ရက်နေ့ ည ၁၁ နာရီ ၄၉ မိနစ်အချိန် TNLA သိမ်းပိုက်ထားသော မန္တလေးတိုင်း၊ မိုးကုတ်မြို့ နယ် ရွှေလိပ်ပြာအနီးတဝိုက်သို့ လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့သည်။