Category: News
-

နောင်ချိုပြန်ရရန် စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းဖြင့်ထိုးစစ်ဆင်
TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့အတွက် စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာမှာ စစ်ကြောင်းတကြောင်းက လက်ရှိမှာ ရွှေမုဌောကို ကျော်သွားပြီဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။
ဇွန် ၂ ရက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေအကြား တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်တာမရှိပေမဲ့ ပစ်ခတ်မှုတချို့ကတော့ ရှိနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“နေ့လယ်အထိတော့ တိုက်ပွဲက ပြင်းပြင်းထန်ထန်မရှိဘူး။ ပစ်ခတ်သံတချို့တော့ ကြားရတာတော့ရှိပါတယ်။ သူတို့ ရွှေမုဌောကိုတော့ ကျော်ပြီ။”
ရွှေမုဌောကျေးရွာကို ကျော်ရင်တော့ ကံကြီးကို ရောက်မှာဖြစ်ပြီး အဲဒီမှာတော့ TNLAရော ဓနုတပ်တွေပါရှိနေတာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အင်အားများတယ်လို့ ကံကြီးကို ကျော်နိုင်ဖို့ မလွယ်ဘူးလို့ စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
စစ်ကောင်စီတရပ်ရဲ့ စစ်ကြောင်းနောက်တကြောင်းးကတော့ နောင်လင်ဘက်ကနေ နောင်ချိုကို ဉီးတည်နေတာပါ။
ဒီစစ်ကြောင်း ၂ ကြောင်းက နောင်ချိုမရောက်ခင် ဂုတ်ထိပ်အနီးမှာ ဆုံပြီး နောင်ချိုကို ဝင်နိုင်ဖို့ ကြိုးစားနေတာလို့ ကိုဇင်ယော်ကပြောပါတယ်။ ဒါပေမဲ့ ကံကြီးဘက်ကို တက်လာတဲ့ စစ်ကြောင်းကတော့ ရှေ့ဆက်နိုင်ဖို့ မလွယ်ဘူးလို့လည်း ဆိုပါတယ်။
စစ်ကောင်စီနဲ့ TNLA တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီဘက်က နယ်မြေပြန်တောင်းခဲ့ပေမဲ့ TNLA ဘက်က လက်မခံခဲ့ပါဘူး။
အဲဒီနောက် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ နောင်ချိုကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ တဖက်မှာလည်း စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်တို့ အကြား အပစ်ရပ်ထားတာကြောင့် ရှမ်းမြောက်စစ်မျက်နှာမှာ TNLA တခုကိုပဲ စစ်ကောင်စီဘက်က ဉီးတည်တိုက်ခိုက်နိုင်နေတာပါ။
ဒီရက်ပိုင်းအတွင်းတော့ TNLA ထိန်းချုပ်ဒေသမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု လျော့နည်းလာတာကိုတော့ တွေ့ရတယ်လို့ စစ်ရေးလေ့လာသူတွေကပြောပါတယ်။
✍ထက်အောင်
-

စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်
စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ
-

ဖမ်းဆီးခံရသည့် PNLA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီ ပစ်သတ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာတိုက်ပွဲမှာ PNLA တပ်ဖွဲ့ဝင် ၅ ယောက်ကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ဖမ်းဆီးရမိခဲ့ပြီး ၄ ယောက်ကို ပစ်သတ်လိုက်တဲ့ ဗွီဒီယိုဖိုင်ကို PNLA က ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်တို့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲကနေ ဖမ်းဆီးရမိခဲ့တဲ့ PNLA တပ်ဖွဲ့ဝင် ၄ ယောက်ကို ဇန်နဝါရီ ၁၃ ရက်မှာ နောက်ပြန်ကြိုးတုပ်ပြီး သေနတ်နဲ့ ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။
ဗွီဒီယိုဖိုင်ကို PNLA က ဖမ်းမိထားတဲ့ စစ်ကောင်စီ စစ်သုံ့ပန်းတပ်ဖွဲ့ဝင်တယောက်ရဲ့ ဖုန်းထဲက တွေ့ရှိခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အပြင် PNO ပြည်သူ့စစ်တွေကလည်း ဝိုင်းပြီး ပစ်ခတ်ခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။
နောက် PNLA တပ်ဖွဲ့ဝင်တယောက်ကိုလည်း အဲဒီနေ့မှာပဲ တခြားတနေရာမှာ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
PNLA ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ဘက်က ဖမ်းမိတဲ့သူတွေကိုဆိုရင် ပအိုဝ်း သံဃာတော်အဖွဲ့က မေတ္တာရပ်ခံလို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့လူတွေလည်းရှိပါတယ်။ ထိန်းသိမ်းခဲ့တဲ့စစ်သုံ့ပန်းတွေဆိုလည်း ဆေးဝါးကုသမှုတွေပေးခဲ့တယ်။ အသက်ရှင်သန်ခွင့် ကျနော်တို့ပေးခဲ့တယ်။ ဒါပေမယ့် သူတို့(စစ်ကောင်စီ၊ PNO)ကတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ဆက်ဆံတာမရှိဘဲနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာ” လို့ ပြောပါတယ်။
အဲဒီနေ့ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၂၀ ထက်မနည်းသေဆုံးခဲ့ပြီး PNLA ဘက်က ရဲဘော် ၁ ယောက် ကျဆုံး၊ ၅ ယောက်အဖမ်းခံခဲ့ရတာလို့ PNLA က ထုတ်ပြန်ပါတယ်။
PNLA က PNO ပြည်သူ့စစ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို သွားရောက်တိုက်ခိုက်တာမရှိသလို ပအိုဝ်း လူမျိုးအချင်းချင်း သတ်ဖြတ်တာတွေမပြုလုပ်ဘဲ စစ်အာဏာရှင်တိုက်ဖျက်ရေးကိုပဲ ဦးတည်တာလို့ သူက ဆိုပါတယ်။
PNO ပြည်သူ့စစ်ကို အဓိကအုပ်ချုပ်နေသူ ပအိုဝ်းလူမျိုးမဟုတ်တဲ့ ခရိုနီဦးနေဝင်းထွန်း က စစ်ကောင်စီအလိုကျလိုက်လုပ်ပြီး လူမျိုးတူအချင်းချင်း တိုက်ခိုက်ခိုင်းနေတာဖြစ်တယ်လို့ PNLA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့မှာလည်း PNO ပြည်သူ့စစ်က ရွာကိုအလည်ပြန်တဲ့ PNLA ရဲဘော် ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။
