Category: News

  • မိုးကုတ်မြို့က ထွက်ခွာချိန် ကျည်မဖောက်ကြရန် TNLA တားမြစ်

    မိုးကုတ်မြို့က ထွက်ခွာချိန် ကျည်မဖောက်ကြရန် TNLA တားမြစ်

    မိုးကုတ်မြို့ကနေ ထွက်ခွာမယ့်ရက်တွေမှာ ဒေသတော်လှန်ရေးအင်အားစုတွေအနေနဲ့ လုံးဝကျည် မဖောက်ဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က တားမြစ်ထားတယ်လို့ မိုးကုတ်သပိတ်ခေါင်းဆောင်က ပြောပါတယ်။

    မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို လက်လွှတ်ဖို့ စစ်ကောင်စီနဲ့သဘောတူထားတဲ့ TNLA က နိုဝင်ဘာ ၂၉နဲ့ ၃၀ ရက်တွေမှာ နောက်ဆုံးထားပြီး မြို့ကနေ ထွက်ခွာသွားဖို့ရှိနေတယ်လို့ မိုးကုတ်သပိတ်ခေါင်းဆောင်က ပြောပါတယ်။

    အဲ့ဒီရက်တွေမှာ စစ်ကောင်စီတပ်တွေလည်း တခါတည်းဝင်လာတာမျိုးဖြစ်လာနိုင်ပြီး ဘယ်လိုပုံစံ၊ ဘယ်လိုလမ်းကြောင်းကနေ ဝင်လာမယ်ဆိုတာကိုတော့ အတိအကျမသိနိုင်သေးဘူးလို့ ဆိုပါတယ်။

    မိုးကုတ်မြို့ကို လက်လွှတ်မယ်လို့ TNLA က အောက်တိုဘာ ၂၉ ရက်က ကြေညာခဲ့ပြီးနောက်ပိုင်း ဒေသကာကွယ်ရေးအဖွဲ့တွေကို သူတို့သတ်မှတ်ထားတဲ့ စခန်းကုန်းတွေမှာသာ အခြေချခွင့် ပြုထားတယ်လို့လည်း သိရပါတယ်။

    လတ်တလောဖြစ်ပေါ်နေတဲ့ မတ္တရာ၊ ဖော့တော့လမ်းဆုံဘက်ကနေ အင်အားအလုံးအရင်းနဲ့ ဝင်လာမယ်၊ TNLA ဝတ်စုံတွေဝတ်ပြီး မိုးကုတ်မြို့ထဲ စစ်ကောင်စီတပ်သားတွေ စိမ့်ဝင်နေပြီဆိုတဲ့ သတင်းတွေကတော့ စစ်ကောင်စီကဘက်က တော်လှန်ရေးအင်အားစုတွေရဲ့ တုံ့ပြန်မှုနဲ့ မြို့ပေါ်က အခြေအနေတွေကို ထောက်ကြည့်ဖို့ သတင်းကစားတာမျိုး ဖြစ်တယ်လို့ မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက မှတ်ချက်ပေးပါတယ်‌။

    “ထောက်ကြည့်သလောက်တော့ အဲဒီလိုလှုပ်ရှားမှုတော့မရှိဘူး၊ စုဖွဲ့နေတာတော့ ရှိတာပေါ့။ ဖော့တောလမ်းဆုံဘက်ကဆိုတာ ဖြစ်နိုင်ခြေ တော်တော်နည်းတဲ့ သဘောရှိပါတယ်။ တကယ်တမ်း သူတို့ဝင်လာရင် မြိုရဲ့အရှေ့ဘက်ခြမ်း ရှမ်းလမ်းဆုံ အဲဒီဘက်တကြောကနေ ဝင်လာဖို့များတယ်။ TNLA ဝတ်စုံဝတ်ပြီး အထဲကို စိမ့်ဝင်နေတယ်ဆိုတာတော့ ကျနော်တို့ သေချာတော့ မသိနိုင်ပေမဲ့ ဖြစ်နိုင်ခြေ တော်တော်နည်းတဲ့ကိစ္စလို့ ကျနော်တော့ မြင်တယ်လေ။ မြို့ထဲမှာလည်း ကျနော်တို့ ထောက်ကြည့်သလောက်တော့ အဲဒီအခြေအနေတွေတော့ မတွေ့ရသေးဘူး။ မြို့ထဲမှာတော့ အစောပိုင်းရက်တွေကတည်းက နေရာချထားပေးတော့ စိုးမိုးကုန်းတွေပေါ့နော် အဲဒီနေရာတွေမှာတော့ သွားနေနေကြတယ်။ မြို့ထဲမှာတော့ အဲဒီလိုမရှိတော့ပါဘူး အစောပိုင်း ရက်ကတည်းကပေါ့နော်။ ကျနော်တို့ရှိတဲ့နားတဝိုက်ကို လာပြီးတော့ တပ်ဖြန့်ထားတာရှိတယ် TNLA က ပေါ့နော်။ ၂၉ လောက်ဆို သူတို့ဆုတ်မယ်လို့တော့ ပြောတယ်။ လကုန် ၃၀ ရက်နေ့လောက်၊ ကျနော်တို့ကို ပြောတာတော့ အဲဒီရက်တွေမှာ ကျည်ပေါက်လို့ မရဘူးပေါ့နော်။ အဲ့ဒီနောက် သူတို့ထွက်သွားပြီးရင်တော့ ဘယ်လိုဖြစ်ဖြစ်ဆိုတဲ့ အနေအထားမျိုးပေါ့လေ၊ ပြောဖို့ နည်းနည်းတော့ စောသေးတယ်။ ဘာလို့ဆို ဒီထဲမှာ အလှည့်အပြောင်း အချိုးအကွေ့တွေ အများကြီးရှိနိုင်သေးတယ်။ TNLA က တပ်တွေကို ဆုတ်ထားပေါ့နော်၊ ဘယ်နားမှာအထိ နေထား ကျည်မပေါက်ရဘူးလို့ ဆိုထားပေမဲ့လို့ အထဲမှာ ဘယ်သူတွေရှိမယ် မရှိဘူးဆိုတာ သူတို့လည်း စဉ်းစားမှာပဲလေနော်။”

    မိုးကုတ်မြို့ကနေ TNLA ထွက်ခွာသွားတဲ့အချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ဘယ်လိုတုံ့ပြန် ရှေ့ဆက်မယ်ဆိုတဲ့ ကိစ္စရပ်ကိုတော့ ဆွေးနွေးတိုင်ပင်ဆဲဖြစ်ပြီး ဆုံးဖြတ်ချက်မကျသေးဘူးလို့ ဒေသတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

    မိုးကုတ်မြို့နဲ့နယ်မြေချင်းထိစပ်နေတဲ့ မတ္တရာနယ်တခုလုံးနီးပါးကို စစ်ကောင်စီက စိုးမိုးထားပြီး လက်ရှိမှာ စဉ့်ကူးနယ်ကို စစ်ကြောင်းထိုးမယ့် အခြေအနေဖြစ်နေပြီလို့ မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက ပြောပါတယ်။

    “တနယ်လုံးဆိုပါတော့ဗျာ၊ မတ္တရာအနောက်မြောက်ခြမ်း မြစ်ကမ်းဘေးက ရွာလေးအနည်းငယ်လောက်ပဲ ရှိတော့တယ်၊ ကျန်တဲ့နေရာတွေက အကုန်လုံး စကစ စိုးမိုးသွားပါပြီဗျ။ သတ်ဖြတ်မှုတော့ရှိတဲ့အခါရှိတယ်၊ အရင်ထက်စာရင်တော့နည်းတယ်။ ခု သူတို့ ချော့ပြီးတော့ ပြည်သူကို စည်းရုံးခေါ်နေတယ်။ အဓိကက သူတို့မဲအတွက်ပဲလို့ ကျနော် သုံးသပ်မိတယ်ဗျ။ လက်ရှိမှာတော့ ကျနော်တို့ မတ္တရာနယ်မှာ စစ်ကြောင်းက ၄ ကြောင်း ထိုးနေတယ်ဗျ။ အရှေ့ဘက်ဆုံးဖျားကြောင်းကတော့ စဉ့်ကူးမြို့နယ် အရှေ့တောင်ခြမ်း ကတက်ချဉ်ရွာကို ရောက်ရှိနေပြီလို့ သတင်းရထားပါတယ်ဗျ။”

    မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို ၂၀၂၄ ခု ဇူလိုင်လအတွင်းမှာ TNLA နဲ့ မဟာမိတ်တွေက သိမ်းယူခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာမှာ တရုတ်အစိုးရရဲ့ ကြားဝင်ဖိအားပေးမှုကြောင့် ပြန်လည်လက်လွှတ်ရမယ့် အခြေအနေဖြစ်လာခဲ့တာပါ။

    ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ လက်ရှိအချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

    သုတချမ်းသာ

  • မိုင်းနောင်တွင်​ ပြည်သူ့စစ်၏ ကျားဖြန့်များကို စစ်တပ်က အဖမ်းပြသော်လည်း များစွာကျန်နေသေး

    မိုင်းနောင်တွင်​ ပြည်သူ့စစ်၏ ကျားဖြန့်များကို စစ်တပ်က အဖမ်းပြသော်လည်း များစွာကျန်နေသေး

    ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်အတွင်းရှိ ကျားဖြန့်များကို စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ၂၆ ဦး အပါအဝင် နိုင်ငံသား ၈ ဦးနှင့် စုစုပေါင်း ၃၄ ဦး ကိုလက်နက်ခဲယမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းအရ သိရသည်။

    ကျားဖြန့်များနှင့်အတူ MA-1 သေနတ် တစ်လက်၊ MA-13 သေနတ် တစ်လက်၊ AK-12 သေနတ် တစ်လက်၊ ကာဘိုင် သေနတ် တစ်လက်၊ WICHESTER 12 V သေနတ် တစ်လက်၊ ၉ မမကျည် ၁၀ တောင့်၊ 12 V ကျည် ၂တောင့်၊ ၉ မမကျည်အိမ် ၁ ခု၊ AK ကျည်အိမ် ၁ ခုနှင့် ကာဘိုင်ကျည်အိမ် ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

    ယင်းဖမ်းဆီးမှုကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အတွင်း မိုင်းနောင်မြို့နယ် နောင်တောက်ကျေးရွာ၊ကောင်းဟိုင်းကျေးရွာနှင့်ဝမ်ကျောင်းကျေးရွာများအနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    စစ်ကောင်စီက ထိုသို့ အဖမ်းပြသော်လည်း မိုင်းနောင်၊ ကျေးသီး တစ်ကြောတွင် ကျားဖြန့်များစွာ ကျန်နေသေးကြောင်း မိုင်းကိုင်ဒေသခံတစ်ဦးက ပြောသည်။

    “အဲဒီ မိုင်းနောင်၊ မိုင်းကိုင်၊ ကျေးသီး တစ်ကြောလုံး ၇၅၈ နေရာတွေပဲ။ အဲဒီ မိုင်းနောင်၊ နောင်တောက်နဲ့ မိုင်းကိုင်က မိုင်းခွန်အုပ်စု ဟွေရုပ်နဲ့ ကပ်နေတာ၊ ခုက နဲနဲပဲ အဖမ်းပြတာ၊ ကျားဖြန့်တွေအများ ကြီးကျန်သေးတယ်” ဟု ၎င်းက ပြောသည်။

    ၎င်းပြောသည့် ၇၅၈ မှာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ခိုလန်)လက်အောက်ခံ ပြည်သူ့စစ်တပ်မဟာ (၇၅၈) ဖြစ်ပြီး ယခင်က RCSS အဖွဲ့၏ လက်အောက်ခံ တပ်မဟာ တစ်ခု ဖြစ်ခဲ့သော် လည်း ၂၀၀၆ ခုနှစ်၌ RCSS မှ ခွဲထွက်ကာ စစ်အစိုးရထံ လက်နက်ချခဲ့သည့် အဖွဲ့ဖြစ်သည်။

    ၂၀၀၈ ဖွဲ့စည်းပုံ ပေါ်ပေါက်လာသည့်နောက်ပိုင်း ပြည်သူ့စစ်အဖွဲ့ အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီးယင်း ပြည်သူ့စစ် တပ်မဟာ ၇၅၈ မှာ စစ်ကောင်စီ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိနေကြောင်း သိရသည်။

    လက်ရှိ ယင်း ၇၅၈ ကို အုပ်ချုပ်သူမှာ တပ်မဟာမှူး ဦးဒေါန(ခေါ်)ဦးအောင်ညွန့်ဖြစ်ပြီး ၎င်း၏သားဖြစ်သူ ဗိုလ်စိုင်းဆေစင်က ကျားဖြန့်လုပ်ငန်းများကို ဦးစီးနေကြောင်း ဒေသခံများထံမှ သိရသည်။

    အခြားနေရာများမှ ရောက်ရှိလာသည့်အွန်လိုင်း ငွေလိမ် ကျားဖြန့်လုပ်ငန်းများသည် ရှမ်းပြည်တောင်ပိုင်းရှိ မိုင်းရှူး၊ မိုင်းနောင်၊ လဲချား၊ ခိုလမ်နှင့် ကွန်ဟိန်း မြို့နယ်များ အကြားရှိ တောတောင်များအတွင်း၌ ပြည်သူ့စစ်အဖွဲ့များ၏ အကာအကွယ်ဖြင့် လုပ်ငန်းများ ဆက်လက်ကြီးထွားလာနေကြကြောင်း ဒေသခံများက ပြောသည်။

    Photo: စစ်ကောင်စီ

  • အာဏာသိမ်းပြီးနောက်ပိုင်း ကျားဖြန့်စင်တာ ပိုများလာဟု စစ်ကောင်စီဝန်ခံ

    အာဏာသိမ်းပြီးနောက်ပိုင်း ကျားဖြန့်စင်တာ ပိုများလာဟု စစ်ကောင်စီဝန်ခံ

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ ကျားဖြန့်ခေါ် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်တဲ့ နေရာတွေ ပိုများလာတယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

    အဲဒီလို ပိုများလာတဲ့အကြောင်းကို ဒီကနေ့ထုတ် စစ်တပ်လက်အောက်ခံသတင်းစာတွေမှာ ဂြိုဟ်တု ဓာတ်ပုံနဲ့ ဖော်ပြထားပါတယ်။

    ဒါအပြင် အဲဒီအဆောက်အအုံတွေ တိုချဲ့ဆောက်လုပ်နေကတည်းက သူတို့သိရှိခဲ့ကြောင်းလည်း သတင်းစာတွေမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်တွေကြောင့် နိုင်ငံတော်ရဲ့ လုံခြုံရေးအခြေအနေတွေအပေါ် အခွင့်ကောင်းယူပြီး ဒီဒေသတွေမှာ တရားမဝင် အဆောက်အအုံတွေကို တိုးချဲ့ဆောက်လုပ်နေကြောင်း သိရှိခဲ့ရပါတယ်။”

    ဒါပေမဲ့ အဲဒီအဆောက်အအုံတွေ များလာတာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) မှာပဲ တာဝန်ရှိပြီး စစ်တပ်အနေနဲ့ ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းဖို့ပဲ လုပ်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    နိုင်ငံတကာကတော့ ကျားဖြန့်လုပ်ငန်းတွေကနေ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တို့က အကျိုးအမြတ်ရနေပြီး အရေးယူ ပိတ်ဆို့တာတွေ လုပ်ထားသလို စစ်တပ်ကလည်း ကျားဖြန့်လုပ်ငန်းကနေ အကျိုးအမြတ်တွေရနေတယ်လို့ ဆွေးနွေးပြောဆို၊ ထုတ်ပြန်တာတွေ ရှိပါတယ်။

  • စစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဘဲ  ပယ်ချ

    စစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဘဲ ပယ်ချ

    စစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဘဲ ပယ်ချလိုက်ပြီး သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ရန် တောင်းဆို

    အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂက အသိအမှတ်မပြုဘဲ ပယ်ချလိုက်ပြီး သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် ဥရောပ ပါလီမန်က တောင်းဆိုလိုက်သည်။

    စစ်တပ်က လာမည့် ဒီဇင်ဘာလ နှင့် ဇန်နဝါရီ အတွင်း တစ်ဖက်သတ် စီစဉ်ထားသည့် တရားမဝင် ရွေးကောက်ပွဲများကို ပယ်ချကြောင်း၊ ရှင်းလင်းသော ဒီမိုကရေစီ စံနှုန်းများနှင့် အခြေခံ လွတ်လပ်ခွင့်များ ကင်းမဲ့ခြင်း၊ မဲပေးရန် မဖြစ်နိုင်သော အခြေအနေများ၊ ဆက်လက်ဖြစ်ပွားနေသော နှိပ်စက်ဖိနှိပ်မှု၊ အစုလိုက်အပြုံလိုက် နေရာရွှေ့ပြောင်းခံရမှုနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုများ လုံးဝမရှိခြင်းတို့ကြောင့် စစ်အာဏာရှင်အဖွဲ့၏ လက်ရှိလုပ်ဆောင်မှုများမှာ တရားမဝင်ကြောင်း ဥရောပသမဂ္ဂပါလီမန်က ကြေညာသည်။

    ရွေးကောက်ပွဲက စစ်အာဏာသိမ်းမှုကို တရားဝင်မှု ဖန်တီးရန် စစ်အာဏာရှင်အဖွဲ့၏ လှည့်ဖြားမှုကို ဖော်ပြနေကြောင်း၊ အပြည်ပြည်ဆိုင်ရာ တရားဝင်မှု၊ အာဏာကို ပြန်လည်ယူဆောင်ရန်နှင့် တရားဝင်ရွေးကောက်ခံ အရပ်သားအစိုးရကို ပြန်လည်ထူထောင်ရန် လိုအပ်ကြောင်း ၊ထို့ကြောင့် စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲများကို ပယ်ချကြောင်း ဥရောပသမဂ္ဂပါလီမန်က ဆိုသည်။

    နိုင်ငံရေးနှင့် လူမှုရေး ဖိနှိပ်မှုများ ထင်ရှားစွာ ကျူးလွန်နေသည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ နှင့် မျိုးစုံသော ရွေးကောက်ပွဲများဆိုင်ရာ ဥပဒေ ကို ပြစ်တင်ရှုတ်ချလိုက်ပြီး ပြန်လည် ရုပ်သိမ်းရန် ဥရောပသမဂ္ဂက တောင်းဆိုသည်။

    ယင်းအပြင် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား စွဲဆိုထားသော သို့မဟုတ် နိုင်ငံရေးရည်ရွယ် ချက်ဖြင့် စွဲဆိုထားသော စွပ်စွဲချက်များဖြင့် အကျဉ်းချခံထားရသည့် ရွေး ကောက် ခံ အရာရှိများနှင့် ခေါင်းဆောင်များအားလုံးကို ချက်ချင်းနှင့် အခြေ အနေမရှိဘဲ လွှတ်ပေးရန် တောင်းဆိုသည်။

    ဥရောပသမဂ္ဂအနေဖြင့် တရားဝင်ရွေးကောက်ခံ ကိုယ်စားလှယ်များဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်းတို့ကို ထောက်ခံသော ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့တို့ကို အသိအမှတ်ပြုထားကြောင်း ထပ်လောင်း ကြေညာလိုက်သည်။

    အကြမ်းဖက်မှု ကျူးလွန်သူများကို တရားဥပဒေအရ စစ်ဆေးအရေးယူနိုင်ရေးအတွက် စစ်တပ်နှင့်ကျူးလွန်ခဲ့သည့် ကြီးလေးသော ချိုးဖောက်မှုများအားလုံးကို လွတ်လပ်သော၊ ခိုင်မာသောနှင့် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုကြောင်း၊ စစ်အာဏာရှင်အဖွဲ့၏ မြန်မာပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများနှင့် အစုလိုက်အပြုံလိုက် နေရာရွှေ့ပြောင်းနေထိုင်မှုများကို ပြစ်တင်ရှုတ်ချကြောင်း ဥရောပသမဂ္ဂက ကြေညာထားသည်။

  • မိုးကုတ် သယံဇာတများ TNLA က တတ်စွမ်းသလောက် ထုတ်ယူသွား

    မိုးကုတ် သယံဇာတများ TNLA က တတ်စွမ်းသလောက် ထုတ်ယူသွားဟု ဒေသခံများပြော

    တအာင်းတပ် TNLA ထိန်းချုပ်မှု နောက်ဆုံးအချိန်အထိ မြို့၏ အဖိုးတန်သယံဇာတများကို “အလွန်အကျွံ” ထုတ်ယူခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများ သိမ်းယူခြင်းတို့ကြောင့် မြို့၏ အမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင် “ပြင်းထန်စွာ” ထိခိုက်ပျက်စီးခဲ့ရကြောင်း မြို့ခံများက ပြောသည်။

    စစ်ရေးအရ သိမ်းယူထားသော မြို့ကို စွန့်ခွာချိန်တွင် မိုးကုတ်မြို့သည် ‘အခွံသက်သက်’ သာ ကျန်ရှိတော့မည့် အခြေအနေကို “ရင်နာစရာ” မြင်တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

    TNLA က မိုးကုတ်မြို့ကို သိမ်းယူထားသည့် ကာလတစ်လျှောက်လုံး၊ ၎င်းတို့နှင့် အဆက်အသွယ်ရှိသော တရုတ်ကုမ္ပဏီများနှင့် မဟာမိတ် ကိုးကန့်ဒေသမှ လုပ်ငန်းများကို ပတ္တမြားမြေတွင် ကျောက်တူးဖော်ခွင့်များ ချထားပေးခဲ့သည်။

    ယခင်က တူးဖော်ခြင်းမရှိသည့် မြို့ရှိ ဂေါက်ကွင်းနှင့် ပတ်ဝန်းကျင် ဒေသများတွင်ပင် ကျောက်တူးဖော်မှုအား “အရှိန်အဟုန်ဖြင့်” ပြုလုပ်ခဲ့ခြင်းကို ဒေသခံများက ထောက်ပြကြသည်။

    အပစ်အခတ်ရပ်စဲရေးအရ တအာင်းတပ် TNLA က မြို့မှ ဆုတ်ခွာရန် နီးကပ်လာသော နောက်ဆုံးအချိန်အထိ တရုတ်ကုမ္ပဏီများက ဂေါက်ကွင်းတွင် ကျောက်တူးဖော်မှု အရှိန်မြှင့်တင် လုပ်ကိုင်ခဲ့သည်။

    မိုးကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက “ကျမတို့ မြို့ရဲ့ ဂေါက်ကွင်းလည်း ကုန်ပြီ ရစရာကို မရှိတော့ဘူး။ ကျမတို့ရဲ့ ဒီဂေါက်ကွင်းကြီးကိုပါ ကျောက်တူးခွင့် ပေးခဲ့တာက ကျမတို့ ဒေသခံတွေရဲ့ မျက်နှာကို လုံးဝ မထောက်ခဲ့တဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်ပဲ။ ဒီလိုဆုံးရှုံးမှုက ငွေနဲ့ ပြန်ဝယ်လို့ မရနိုင်ဘူး” ဟု ပြောသည်။

    ဒေသခံကျောက်တူးသမားများကိုပါ ထုတ်ယူခွင့်ပေးမှု အနည်းငယ်ရှိခဲ့သည် ဆိုသော်လည်း အများစုမှာ တရုတ်ကုမ္ပဏီများကသာ လုပ်ကွက်ရရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကျောက်တူးဖော်ရေး လုပ်ကွက် များတွင်လည်း ဒေသခံများကို ခေါ်ယူငှားရမ်းခြင်းပင် မရှိခဲ့ဟု ဆိုသည်။

    တအာင်းတပ် TNLA ဆုတ်ခွာချိန်တွင် သဘာဝသယံဇာတများ အပြင် မြို့လယ်ရှိ ပြည်သူပိုင်ပစ္စည်းများ၊ ဌာနဆိုင်ရာ ပရိဘောဂများနှင့် သစ်တောထွက် ပစ္စည်းများကိုပင် ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ထောက်ပြသည်။

    မြို့၏ စိမ်းစိုသော အမွေအနှစ်များကိုပါ ထိခိုက်ခဲ့သည့်အပေါ် ပြည်သူများက ရင်နာနေရသည်ဟု ဆိုသည်။

    မိုးကုတ်မြို့ခံ တစ်ဦးက “နောက်ဆုံး ကုန်ကုန်ပြောရရင်‌တော့ သစ်တောဆို သစ်တောဌာနမှာစိုက်တဲ့ ကျွန်းပင်ကအစ ခုတ်လှဲပြီး ယူသွားတာမျိုး ဒါကျတော့ ရုပ်ဆိုးတဲ့ အပိုင်းတွေဖြစ်ပါတယ်” ဟု ပြောသည်။

    အခြားဒေသခံတစ်ဦးကလည်း “ဒီလိုမျိုးကြီး ပေးလိုက်တယ်ဆိုတာ ပြည်သူလည်း အခုလက်ရှိ မိုးကုတ်၊ မိုးမိတ် ကို ပေးလိုက်တဲ့ ပြည်သူလူထုတွေလည်း မျက်နှာမထောက် သူတို့ရဲ့လူမျိုးအတွက်ပဲ သူတို့လုပ်သွားတယ်လို့ ထင်တယ်” ဟု ပြောသည်။

    TNLA ၏ လုပ်ဆောင်မှုများကို တားမြစ်၍ မရနိုင်သောကြောင့် “ရင်နာနာဖြင့်” လက်ပိုက်ကြည့်နေရသည် ဟုလည်း မြို့ခံများက ပြောသည်။

    နိုဝင်ဘာလ နောက်ဆုံးပတ်ထိ မြို့ခံလူဦးရေ ထက်ဝက်ကျော်သည် စစ်ကော်မရှင်၏ ထိုးစစ်အသစ်နှင့် ဗုံးကြဲ တိုက်ခိုက်မှုများကို စိုးရိမ်သဖြင့် ဆက်လက် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    မြို့ကို ပြန်လည်လွှဲပြောင်းပေးခြင်းကြောင့် လုံခြုံရေး မတည်ငြိမ်မှုများအပြင် သယံဇာတ ထုတ်ယူမှုကြောင့် ပျက်စီးသွားသော ပတ်ဝန်းကျင်နှင့် စီးပွားရေးအခက်အခဲများကိုပါ ရင်ဆိုင်ကြုံတွေ့နေရသော မိုးကုတ် ဒေသခံများသည် မျှတမှုရှိသော အုပ်ချုပ်မှုနှင့် လုံခြုံရေးကိုသာ အဓိက မျှော်လင့် တောင်းဆိုနေကြသည်။