Category: News

  • အရှေ့တောင်အာရှရှိ ကျားဖြန့်ခေါင်းဆောင်များဖမ်းမိရေး အမေရိကန်က ဧရာမဆုကြေးငွေဖြင့် ကမ်း လှမ်း

    အမေရိကန်အရာရှိများသည် လွန်ခဲ့သည့်ငါးနှစ်နီးပါးက ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချခဲ့ သောစစ်ကော်မရှင်တပ်မှ စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတပ်အတွက် အဓိကငွေကြေးထောက်ပံ့သူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို တုန်လှုပ်သွားစေဟန်ရှိသည့် ပြင်းထန်သော အစီအမံတရပ်ကို ယခုလ အစောပိုင်းက ချမှတ်ခဲ့သည်။

    အမေရိကန်အကြီးတန်းအရာရှိများက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လိမ်လည်မှုစင်တာနှိမ်နင်းရေး တပ်ဖွဲ့ (US Scam Centre Strike Force)ကို ဖွဲ့စည်းကြောင်းကြေညာခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်အနီးရှိ လူလိမ်ဂိုဏ်းများအား နှိမ်နင်းရေးကြိုးပမ်းမှုများမှာ ပိုမိုပြင်းထန်လာသည်။

    ထို့နောက် စစ်ကော်မရှင်အရာရှိများသည် ပြီးခဲ့သည့်သီတင်းပတ်က ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင် သော (BGF/KNA) အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး နယ်စပ်ရှိ လိမ်လည်မှုစင်တာများကို ချက်ချင်းနှိမ်နင်းရန် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်းပြောခဲ့သည်ဟု Reuters သတင်းဌာနက နိုဝင်ဘာ ၂၁ က ဖော်ပြခဲ့သည်။

    လိမ်လည်မှုစင်တာများကြောင့် နိုင်ငံ၏ဂုဏ်သတင်းထိခိုက်မည်ကို စစ်ခေါင်းဆောင်က စိုးရိမ်ပူပန်နေ ပြီး “ရွေးကောက်ပွဲမတိုင်မီ ပြင်းထန်စွာနှိမ်နင်းရန်” KNA အား တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

    စစ်ကော်မရှင်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ရန် စီစဉ်ထားသော အပိုင်းလိုက်ကျင်းပမည့် ရွေးကောက် ပွဲအတွက် ပြင်ဆင်နေသော်လည်း၊ ၎င်းရွေးကောက်ပွဲသည် စစ်တပ်၏ ထိန်းချုပ်မှုကို ထာဝရတည်မြဲစေရန် ရည် ရွယ်သည့် အတုအယောင်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံနေရသည်။

    စစ်ကော်မရှင်က လိမ်လည်မှုစင်တာများကို တားဆီးရေး နိုင်ငံတကာကြိုးပမ်းမှုများတွင် ပါဝင်ဆောင် ရွက်နေသည်ဟု အခိုင်အမာပြောဆိုနေသော်လည်း စစ်ဆင်ရေးများ အရေးတကြီးလုပ်ဆောင်မှုများ သည် အမေရိကန်လုပ် ဆောင်လာနိုင်သည့် အရေးယူမှုများအပေါ် စိုးရိမ်ခြင်းနှင့် ဆက်စပ်နေသည်ဟု သတင်းရင်းမြစ်များက Reuters သို့ပြောသည်။

    များပြားလှသော ဆုကြေးငွေများ

    ထရမ့်အစိုးရသည် လွန်ခဲ့သည့် လများအတွင်းက အရှေ့တောင်အာရှရှိ ရာဇဝတ်ကွန်ရက်များမှ လိမ် လည်မှုများကို တန်ပြန်ရန်တွက် ကမ္ဘောဒီးယားရှိ အဖွဲ့အစည်းနှစ်ခုဖြစ်သော Prince Group နှင့် Huione Group တို့အပြင် ထိုင်းနိုင်ငံနှင့်ကပ်လျက်ရှိသော မြဝတီဒေသရှိ တရုတ်ဂိုဏ်းများကို ကာကွယ်ပေးနေ သည့် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) မှ အဓိကပုဂ္ဂိုလ်များကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

    အမေရိကန်၏ ‘လိမ်လည်မှုစင်တာနှိမ်နင်းရေးတပ်ဖွဲ့’ တွင် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI)၊ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးဌာနနှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ ပါဝင်သည်။

    “အမေရိကန်နိုင်ငံသားတွေကို လိမ်လည်မှုမှာ ပါဝင်ပတ်သက်တဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းခေါင်း ဆောင်တွေကို ဖမ်းဆီးနိုင်ဖို့ ဒါမှမဟုတ် ပြစ်မှုထင်ရှားစီရင်နိုင်စေဖို့ အချက်အလက်ပေးတာတွေ၊ လိမ် လည်မှုကရတဲ့ငွေတွေကို သိမ်းဆည်းနိုင်စေတဲ့ အချက်အလက်ပေးတာတွေအတွက် ဒေါ်လာ ၂၅ သန်း အထိ ဆုကြေးငွေချီးမြှင့်သွားမှာပါ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတဦး က ပြောသည်။

    နှိမ်နင်းရေးတပ်ဖွဲ့အတွက်လည်း အလားတူ ငွေပမာဏကို “လုံခြုံရေးအကူအညီ” အဖြစ် သတ်မှတ်ကာ ပံ့ပိုးကူညီမည်ဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်များသည် အရှေ့တောင်အာရှရှိ လိမ်လည်သူများကို တန်ပြန်ရန် ကြိုးပမ်းမှုတစိတ်တပိုင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် လိမ်လည်သူများသည် အမေရိကန် နိုင်ငံသားများထံမှ ဒေါ်လာ ၁၀ ဘီလီယံခန့် ခိုးယူခဲ့ကြသည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။ အများအားဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် အချစ်ဇာတ် လမ်းဆင် လိမ်လည်မှုများဖြင့် ခိုးယူမှုများလုပ်ဆောင်ကြပြီး များသောအားဖြင့် ခရစ်ပတိုငွေကြေးများနှင့်ဆက်စပ်နေကာ သက်ကြီး ရွယ်အိုနိုင်ငံသားများ၏ တသက်တာ စုဆောင်းငွေများ ဖြစ်နေတတ်သည်။

    ပြီးခဲ့သည့် တနင်္ဂနွေနေ့က KNA နှင့် တွေ့ဆုံပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင်တဦးက အမေရိကန်အဖွဲ့များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်စစ်ဆေးမှုကို ခွင့်မပြုရဲကြောင်း ပြောကြားခဲ့သည်။ “ဒီပြဿနာကို ကျွန် တော်တို့ ကိုယ်တိုင်ဖြေရှင်းရမယ်” ဟု ၎င်းက ဆိုသည်။

    လိမ်လည်မှုစင်တာများကို နှစ်ပေါင်းများစွာ ခွင့်ပြုပေးထားပြီးနောက် ကြီးထွားလာနေသော နိုင်ငံတကာ ဖိအားများကြောင့် စစ်ကော်မရှင်သည် လိုက်လျောမှုများလုပ်ဆောင်လာကြောင်း ထိုအချက်က ပြသနေ သည်။ စစ်ကော်မ ရှင်သည် ဝေးလံခေါင်သီသော နယ်စပ်ဒေသများတွင် အာဏာအကန့်အသတ်သာရှိ သည်ဟုဆိုကာ ယခင်က ခေါင်းရှောင်နေခဲ့သည်။

    တရုတ်ကလည်း ကျားဖြန့်နှိမ်နင်းရေးအတွက် တွန်းအားပေးနေ

    အရှေ့တောင်အာရှရှိ လိမ်လည်မှုလုပ်ငန်းများသည် စည်းမျဉ်းလျော့ရဲသော ကာစီနိုများနှင့် အွန်လိုင်း လောင်းက စားများမှ စတင်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပိုမိုကျယ်ပြန့်လာကာ လော့ခ် ဒေါင်းများနှင့် တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုများကြားတွင် ရာဇဝတ်ဂိုဏ်းများက ဝင်ငွေအရင်း အမြစ်အသစ်များ ရှာဖွေလာကြသည်။

    မြဝတီမြို့ရှိ အဓိက လိမ်လည်မှုဗဟိုချက်ဖြစ်သော ရွှေကုက္ကိုလ်ကို ဟောင်ကောင်မှတ်ပုံတင်ထားသည့် Yatai Internati onal Holdings Group က ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကနဦးတွင် ကာစီနို လုပ်ငန်းအဖြစ်ကြော်ငြာခဲ့ကြောင်း အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုက ပြောသည်။

    လိမ်လည်မှုလုပ်ငန်းများ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးနှင့် ပတ်သက်သော နောက်ဆုံးသတင်းများအပေါ် တုံ့ပြန်မှုများအား လေ့လာသုံးသပ်သူများက သံသယဖြင့် စောင့်ကြည့်နေကြသည်။

    ကမ္ဘောဒီးယားသည် လိမ်လည်မှုလုပ်ငန်းများမှ ဒေါ်လာ ၁၂ ဘီလီယံမှ ၁၉ ဘီလီယံကြားရရှိမည်ဟု အမေရိကန်ကခန့်မှန်းထားပြီး နှစ်စဉ် GDP ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိမည်ဖြစ် သည်။

    ကျားဖြန့်စင်တာများကို ဖြိုခွင်းရန် အဖွဲ့ပေါင်းစုံပါသော “လိမ်လည်မှုစင်တာနှိမ်နင်းရေးတပ်ဖွဲ့” ဖွဲ့စည်း ကြောင်း အမေရိကန်ကြေညာချက်သည် အခြေအနေကို ပြောင်းလဲစေခဲ့သည်ဟု ကမ္ဘာလုံးဆိုင်ရာ နိုင်ငံ ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုမှ ဂျေဆင်တာဝါက Reuters သတင်းဌာနသို့ ပြောကြား သည်။

    ယခုလအစောပိုင်းတွင် ထိုင်းနိုင်ငံသည် တရုတ်၏တောင်းဆိုချက်အရ ရွှေကုက္ကိုလ်ကို ဦးဆောင်ခဲ့သော လောင်းကစားဘုရင် ရှဲကျိကျန်းကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။ ရှဲကျိကျန်းကို ၂၀၂၂ ခုနှစ်တွင် ထိုင်း၌ ဖမ်းဆီးခဲ့သည်။

    “ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံက ကျားဖြန့်နှိမ်နင်းဖို့ တွန်းအားပေးနေတာက စစ်ကော်မရှင်တပ်နဲ့ သူ့ရဲ့ BGF (နယ်ခြားစောင့်တပ်)ကို အခက်တွေ့သွားစေတယ်။ ကမ္ဘာ့လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက် မှုဖြစ်တဲ့ လိမ်လည်မှုစင်တာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ ပိုပြီး စည်းရုံး လာကြတာကို စစ်ကော်မရှင်တပ်က ရှင်းရှင်းလင်းလင်း မြင်လာပုံရပါတယ်” ဟု တာဝါက ပြောသည်။

    ထရမ့်အစိုးရက “ခရစ်ပတိုရွှေခေတ်” ကို ဖော်ဆောင်ရန် မျှော်လင့်နေသောကြောင့် “ယုံကြည်စိတ်ချ ရသော” အမေရိကန်ရောင်းချသူများဖြင့် ခရစ်ပတိုငွေကြေးကို လုံခြုံစွာအသုံးပြုနိုင်ရေး မြှင့်တင်လို ကြောင်း အမေရိကန်အရာရှိများက ပြီးခဲ့သည့်အပတ်တွင် ပြောကြားခဲ့သည်။

    ကရင်လက်နက်ကိုင်အဖွဲ့က ‘နှိမ်နင်းရေးတွင် ပူးပေါင်းဆောင်ရွက်နေ’

    စစ်ခေါင်းဆောင်က လိမ်လည်မှုစင်တာများကို “အမျိုးသားရေးတာဝန်” အဖြစ် “အမြစ်ပြတ်ချေမှုန်းရန်” တိုင်းစစ်ဌာနချုပ်မှ တပ်မှူးများအားပြောကြားခဲ့ကြောင်း စစ်ကော်မရှင်ထိန်းချုပ်မီဒီယာများက သတင်း ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကို ဖော်ပြခဲ့ခြင်း မရှိပေ။

    စစ်ကော်မရှင်တပ်က KK Park ဟုခေါ်သော ကျားဖြန့်ဝင်းတွင် အဆောက်အအုံ ၁၈၀ ခန့်ကို ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သတင်းများထုတ်ပြန်ခဲ့သော်လည်း ပြီးခဲ့သည့် အင်္ဂါနေ့တွင် BGF/KNA အဖွဲ့ဝင်များ နှင့် စစ်ကော်မရှင်တပ်တို့သည် ရွှေကုက္ကိုလ်ခေါ် သီးခြားအဆောက်အအုံတခုအတွင်းသို့ ဝင်ရောက်ခဲ့ကြ သည်။

    BGF/KNA မှ ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ၎င်းတို့သည် နှိမ်နင်းမှုကို ဦးဆောင်ခဲ့ ကြောင်း၊ စစ်ကော်မရှင်တပ်ကိုအကြောင်းကြားခဲ့ကြောင်းနှင့် စစ်ကော်မရှင်တပ်က ပူးပေါင်းပါဝင်လာခဲ့ ကြောင်း Reuters သတင်းဌာနသို့ ပြောသည်။

    “စစ်ကော်မရှင်တပ်နဲ့ပူးပေါင်းလုပ်ဆောင်တာက လုပ်ငန်းစဉ်အချို့ကို ပိုချောမွေ့စေလိမ့်မယ်လို့ ကျွန် တော်တို့ခေါင်းဆောင်က ဆုံးဖြတ်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးတွေကို ကျွန်တော်တို့ ဦးဆောင်တာပါ” ဟု ဒု-ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

    စစ်ကော်မရှင်ထိန်းချုပ်သောမီဒီယာက နိုင်ငံခြားသား ၁,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကွန်ပျူ တာ ၂,၆၅၃ လုံးနှင့် မိုဘိုင်းဖုန်း ၂၁,၇၅၀ လုံးကို သိမ်းဆည်းရမိကြောင်း နိုဝင်ဘာ ၂၁ ရက်က ကြေညာခဲ့ သည်။ သို့သော် ထိုကိန်းဂဏန်းများ သည် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ လိမ်လည်မှုစခန်းများတွင် ထိန်းသိမ်းခံရပြီး အဓမ္မခိုင်းစေခံရသည်ဟု ယူဆရသူများ၏ အစိတ်အပိုင်းမျှသာဖြစ်သည်။

    ထိုနေ့တွင်ပင် စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူက အမေရိကန်တိုက်ခိုက်ရေးတပ်ဖွဲ့တွင် “လျှို့ဝှက် အစီအစဉ်” ရှိသည်ဟု စစ်တပ်ကယုံကြည်ကြောင်း ပြောကြားခဲ့သော်လည်း မည်သည့်အရာကိုမူ အတိ အကျမဖော်ပြခဲ့ပေ။

    ရွှေကုက္ကိုလ်တွင် လိမ်လည်မှုများ ရပ်တန့်သွားလျှင်ပင် ထိုင်းနယ်စပ်အနီးရှိ တိုင်းချန်းဝင်းတွင် တတိယ မြောက်ခြံဝင်းတခု ရှိနေသေးသည်။ ထိုနေရာသည် “စည်ကားလာနေပြီ” ဟု ဝေဖန်သူများက ပြောသည်။

    ရာဇဝတ်ဂိုဏ်းများကို စောင့်ကြည့်နေသော ကျွမ်းကျင်သူများက လိမ်လည်မှုစင်တာအားလုံးကို ဖယ်ရှား ပစ်ရန်ပြင်းထန်သော ကြိုးပမ်းအားထုတ်မှုများ လိုအပ်မည်ဖြစ်သော်လည်း မည်သို့ ရှေ့ဆက်သွားမည် ကို ပြောရန်ခက်သည်။ မြန်မာ၏ “အတုအယောင် ရွေးကောက်ပွဲ” ပြီးလျှင် ကျားဖြန့်စင်တာများ ထပ်မံ ပေါ် ပေါက်လာဦးမည်လားကိုမူ မပြောနိုင်ပေ။

    Asia Financial မှ US Offering Big Money to Nab Southeast Asian Scam Bosses အား Brownie ဘာသာပြန် သည်။

  • စစ်ကော်မရှင်ပြန်ဝင်လာမှာကြောင့် မိုးကုတ်မြို့သားအားလုံးနီးပါးမြို့ကိုစွန့်ခွာနေ

    စစ်ကော်မရှင်ပြန်ဝင်လာမှာကြောင့် မိုးကုတ်မြို့သားအားလုံးနီးပါးမြို့ကိုစွန့်ခွာနေ

    တော်လှန်ရေးအဖွဲ့တွေနဲ့အတူ ယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ မိုးကုတ်မြို့သား အားလုံးနီးပါးလောက် အခုရက်ပိုင်း မြို့ကို စွန့်ခွာသွားကြပြီလို့ အဲဒီမြို့က စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ဒီနေ့ပြောပါတယ်။

    မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်အစပ်က ဒီမြို့ကို မဟာမိတ်တွေနဲ့အတူ သိမ်းထားတဲ့ တအာန်းတပ်(TNLA) က တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကော်မရှင်ကို ဒီလကုန်မှာ ပြန်လွှဲပေးမယ်လို့ ကတိပြုခဲ့ရပြီးနောက် မြို့သူမြို့သားတွေ အခုလို မြို့ကို စွန့်ခွါထွက်ပြေးနေကြတာပါ။

    “မြို့သူမြို့သားတွေက တော်တော်များများ ရွှေ့ပြောင်းသွားကြပါပြီ။ ဒီ ၃၀ ရက်မှာ စစ်ကော်မရှင်တပ်တွေ ပြန်ဝင်လာမှာလို့ သူတို့(TNLA)က ပြောပြထားပါတယ်” လို့ မိုးကုတ်မြို့သား စစ်ရေးသတင်းရင်းမြစ်က ဒီနေ့လယ်မှာ ပြောပါတယ်။

    မြို့ကိုသိမ်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့တွေဟာ TNLA နဲ့ စစ်ကော်မရှင်ကြားက အပစ်ရပ်စာချုပ်ကြောင့် မြို့ပြင် ကျေးလက်ဘက်မှာ ပြောင်းရွှေ့နေရာယူနေကြပြီလို့လည်း သူကပြောပါတယ်။

    “ကျေးလက်လမ်းပိုင်းတွေနဲ့ နယ်မြေတွေကိုတော့ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေက ဆက်ထိန်းထားဦးမှာပါ။ ဒါပေမဲ့ မိုးကုတ်နဲ့ မိုးမိတ်ကြားလမ်းပိုင်းကတော့ TNLA ထိန်းထားတာမို့ သူတို့ ပြန်ပေးလိုက်မယ်ထင်တယ်” လို့ မိုးကုတ်မြို့ခံစစ်ရေး သတင်းအရင်းမြစ်က ပြောပါတယ်။

    ကျောက်သံပတ္တမြားတွေ ပေါကြွယ်ဝတဲ့ ဒီမြို့ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ သိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း တူးဖော် ရေးတွေ အလွန်အကျွံလုပ်ခဲ့တဲ့ TNLA ဟာ ဒီလ ၁၈ ရက်ကစပြီး လုပ်ငန်းတွေကို လက်စသတ်ခိုင်းထားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

    အများပြည်သူနေရာအဖြစ် ဟိုးယခင်ကတည်းက သတ်မှတ်ထားတဲ့ မိုးကုတ်ဂေါက်ကွင်းဟာ တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ကာလအတွင်း ကျောက်သံပတ္တမြားတူးဖော်ရေးလုပ်ကွက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဖြစ်တယ်လို့လည်း မြို့ခံတချို့က ပြောပါတယ်။

    TNLA နဲ့ စစ်ကော်မရှင်ကြားက အပစ်ရပ်သဘောတူညီချက်ကြောင့် မိုးကုတ်နဲ့မိုးမိတ်မြို့တွေကို တော်လှန်ရေးတပ်တွေ ဘက်က ပြန်လည်စွန့်လွှတ်ရမှာဖြစ်ပြီး TNLA သိမ်းထားခဲ့တဲ့ ရှမ်းမြောက်က မြို့ရွာတွေကို စစ်ကော်မရှင်က လေကြောင်း တိုက်ခိုက်မှု ရပ်စဲပေးခဲ့ရပါတယ်။

    တော်လှန်ရေးတပ်တွေသိမ်းထားစဉ် တစ်နှစ်ကျော်ကာလအတွင်း စစ်ကော်မရှင်လေတပ်ရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် မိုးကုတ်မြို့မှာ အရပ်သား ရာနဲ့ချီ သေဆုံး၊ ထိခိုက်ဒဏ်ရာခဲ့သလို နေအိမ်အဆောက်အအုံတွေလည်း ပျက်စီးခဲ့ရပါတယ်။

    အခုတော့ ရှမ်းမြောက်မှာ အပစ်ရပ်ထားတဲ့ စစ်ကော်မရှင်ဟာ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ကရင်၊ ကရင်နီနဲ့ တနင်္သာရီဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီး တိုးလုပ်လာနေတာကြောင့် နေ့စဉ် အရပ်သားတွေ သေဆုံး ထိခိုက်နေရပါတယ်။

    ကမ္ဘာကျော် မြန်မာပတ္တမြားတွေထွက်ရှိရာ မိုးကုတ်မြို့ရဲ့ မြောက်ဘက်မှာ မိုးမိတ်မြို့၊ အနောက်ဘက်မှာ ဧရာဝတီမြစ်ဘေးက သပိတ်ကျဉ်းမြို့တွေနဲ့ ဆက်စပ်တည်ရှိနေပြီး တောင်ပေါ်မြို့တစ်မြို့ဖြစ်ပါတယ်။

    စစ်တပ်က မိုးကုတ်မြို့ကို စိမ့်ဝင်နေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့ပြင်ကို ဆုတ်ခွာရ

    မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်တပ်က စိမ့်ဝင်နေသလို ယခုနိုဝင်ဘာ ၃၀ ရက်နေ့ နဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ တအာင်းတပ်ရဲ့ လုံခြုံရေး အကူအညီနဲ့ မိုးကုတ်မြို့ကို ဝင်ရောက် မှာ ဖြစ်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ပြင်ကို ဆုတ်ခွာထားရတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က မနေ့ညပိုင်းမှာ ပြောပါ တယ်။

    ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက “ ကျွန်တော်တို့ ကြားရတဲ့သတင်းတွေအရလည်း စစ်တပ်က ဝင်နေပါပြီဗျ။ အခုက ပလောင်ဖောင်းနဲ့ စကမတွေ။ အခုဆိုရင် ပိန်းပြစ် လမ်းမှာ စကမတပ်က ဖောင်းတွေနဲ့ မြင်တယ်လို့တောင် ပြည်သူက ပြောလာပြီ။ ကျနော် တို့ သိရသလောက် စုံစမ်းပြီး Confirm ဖြစ်တာက စစ်တပ်အင်အားက ၁၄၀ လောက်ကို ရှိနေပြီ။ မြို့ခံတွေကလည်း ၈၅ ရာခိုင်နှုန်းက စွန့်ခွာနေပါပြီ” လို့ ပြောပါတယ်။

    တအာင်းတပ်အုပ်ချုပ်စဉ်ကာလက အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်ခဲ့တဲ့အုပ်ချုပ်ရေး မှူး တစ်ချို့က မြို့ကို စွန့်ခွာသွားပြီလို့ အုပ်ချုပ်ရေးမှူးတစ်ဦးက အတည်ပြုပါတယ်။

    အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးရဲဘော်တစ်ဦးက “ချစ်ခင်ရသူတွေ အားကိုးကြသူတွေရဲ့ မျှော်လင့်ချက်နဲ့အားကိုးတကြီး ကြည့်နေကြတဲ့ ပြည်သူ့ မျက်ဝန်း တွေ မျက်ရည်စို့စို့နဲ့ ရင်နာနာနဲ့ မထွက်ချင်ဘဲ ထွက်ခွာသွားကြတဲ့ ပြည်သူတွေ နှုတ်ဆက် ချင်တာတောင်မှ အားနာလွန်းလို့ နှုတ်ဆက်စကားမပြောရဲကြတဲ့ ကျနော်တို့ ပြည်သူ့ ရဲဘော်တွေ တဖြည်းဖြည်းနဲ့ ခြောက်ကပ်တိတ်ဆိတ်သွားတဲ့ မိုးကုတ်မြို့ရဲ့ လမ်းမကြီးတွေ မြင်ကြည့်စမ်းပါ ကျနော်တို့ရင်ဘက်ထဲကို” လို့ ပြောပါတယ်။

    TNLA တပ်ဘက် ဗိုလ်ချုပ်တားဘုန်းကျော်နဲ့ စစ်ဦးစီးချုပ်တားဟိုပလန်တို့က ဒီလ ၁၂ ရက် နဲ့ ၁၃ ရက်နေ့မှာ တော်လှန်ရေးတပ်တွေကို နမ္မတူ နဲ့ နမ့်ဆန်မြို့မှာ ခေါ်ယူတွေ့ဆုံခဲ့ပြီး နိုဝင်ဘာ ၃၀ ရက် နဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ စစ်တပ်ကို မိုးကုတ်မြို့ဆီ လုံခြုံရေးပေးပြီး ခေါ်သွင်းမယ်လို့ အသိပေးခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်က အခုလို ဆက်ရှင်းပြပါ တယ်။

    “ကျနော်တို့ကို ဘယ်နေ့မှာ စကစ ဝင်မယ်ဆိုတာက တစ်ပြိုင်တည်း အကုန်သိပြီး တစ်ပြိုင် တည်း ဖွင့်ပြောကြတာဗျ တပ်ပေါင်းစု အစည်းအဝေးမှာ။ ဘယ်နေ့တော့ စကမ ဝင်မယ် ပလောင်လုံခြုံရေး ပေးမယ်။ အဲ့ဒါကို အတူတူ တစ်ပြိုင်တည်း ပြောပြီး အတည်ပြုခဲ့ကြတာပါ”

    ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်တပ်တပ်ဖွဲ့ဝင်တွေက ကျောက်ဖားဂိတ်၊ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ မြို့မရဲစခန်း၊ မိုးကုတ်ထောင်ကြီးချုပ်၊ ပြောင်းပြင်ရွာထိပ် ရတနာရှင် ကျောက် မျက်လုပ်ကွက်စတဲ့နေရာတွေမှာ တအာင်းတပ်ယူနီဖောင်းတွေ ဝတ်ဆင်ပြီး တအာင်းတပ် တွေနဲ့အတူ တပ်စွဲထားတယ်လို့ သိရပါတယ်။

    ဒေသခံတစ်ဦးက “ ပထမ တွေ့တာက ပလောင်ဖောင်းနဲ့ ကားနဲ့လာတယ်။ နောက်တစ်ခါ ပြန်တွေ့တော့ အဲ့လူတွေက စစ်ကော်မရှင်ဖောင်းတွေ ဖြစ်ကုန်တယ် ပိန်းပြစ်လမ်းမှာ ” လို့ ပြောပါတယ်။

    မိုးကုတ်မြို့ကို စွန့်ခွာသွားတဲ့ပြည်သူနေအိမ်တွေကို သူခိုးတွေက ဖောက်ထွင်းပြီး ဝင်ရောက်ခိုးယူ နေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မြို့တွင်း ကျန်ရှိနေတဲ့ဒေသခံတစ်ချို့ နဲ့ မြို့ပြင်က ဒေသခံတွေက မိုးကုတ်မြို့မှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားလာမှာကို စိုးရိမ်နေကြသလို စားနပ်ရိက္ခာ ပြတ်လပ်မှု နဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှာကို စိုးရိမ်နေကြပါတယ်။

    TNLA စစ်ရေးအရင်းအမြစ်တစ်ဦးကတော့ ” လောလောဆယ်တော့ ဘာမှတော့ ပြောလို့မရသေးဘူး။ ဘာမှလည်း ကျွန်တော်တို့ကို မပြောထားသေးဘူး” လို့ ပြောပါတယ်။

    မိုးကုတ်မြို့ပြည်သူတွေက စစ်တပ်က မြို့ကို ပြန်လည်ဝင်ရောက်လာမည့်ကို လက်မခံ ကြောင်း အစွမ်းကုန်တွန်းလှန်ပြသခဲ့တဲ့အတွက် မြို့ကို စစ်တပ်က အငြိုးထားမှာကို စိုးရိမ်နေကြပါတယ်။

  • ရန်ကုန်မြို့လယ် ကျောက်တံတားရဲစခန်း ဗုံးပစ်ခံရ

    ရန်ကုန်မြို့လယ် ကျောက်တံတားရဲစခန်း ဗုံးပစ်ခံရ

    အာဏာသိမ်းစစ်ကော်မရှင်က လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်မြို့လယ်က ကျောက်တံတားမြို့နယ်ရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

    ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမပေါ် ရှိ ကျောက်တံတားမြို့မရဲစခန်းကို ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) နံနက်အစောပိုင်း ၁ နာရီအချိန်ခန့်တွင် လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဟု Operation Flame (OF) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

    တိုက်ခိုက်မှုတွင် ရဲစခန်းရှေ့ကင်းတဲအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အထိအခိုက်ကို မသိရသေးကြောင်း OF တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

    “မနက်အစောပိုင်းကြီး ပေါက်ကွဲသံ နှစ်ကြိမ်ကြားရတယ်။ ကားဘီးပေါက်တယ် ထင်လိုက်တာ မနက်ကျမှ ကျောက်တံတားရဲစခန်း ဗုံးခွဲခံရတယ်ဆိုတာ သိတာ။” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူက ဆိုသည်။

    ယခုတိုက်ခိုက်မှုကို Opeartion Flame အဖွဲ့က “Fire Power” စစ်ဆင်ရေးဟု အမည်ပေးထား သည်။

    စစ်ကော်မရှင်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လှုပ်ရှားခြင်း၊ ပြည်သူများအား နည်းမျိုးစုံဖြင့် မတရားဖမ်းဆီးနှိပ်စက်နေသည့်အတွက် ကျောက်တံတားမြို့မရဲ စခန်းကို Fire Power စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

    ရန်ကုန်မြို့ လူစည်ကားသည့် မြို့လယ်ခေါင်ရှိ ရဲစခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကော်မရှင်က တစုံတရာ သတင်းထုတ်ပြန်လာခြင်း မရှိပေ။

    ယခုတိုက်ခိုက်မှုကို Operation Flame (OF) တပ်ဖွဲ့နှင့်အတူ အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ် ရေးအဖွဲ့၊ ကြည့်မြင်တိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    စစ်ကော်မရှင်က ပြုလုပ်ရန် စီစဉ်နေသည့် ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာချိန် ရန်ကုန်မြို့အနှံ့တွင် စစ်ကော်မရှင်ရွေးကောက်ပွဲဖြစ်မြောက်ရန် ပံ့ပိုးနေသည့် ဒေါက်တိုင်များ မကြာခဏ တိုက်ခိုက်ခံနေရသည်။

    “တိုက်ခိုက်မှုဖြစ်ပြီဆိုတာနဲ့ သူတို့ (စစ်ကော်မရှင်)က နီးရာလူတွေကိုပဲ ရမ်းသန်းဆွဲဖမ်းကြတာမို့ သူတို့တပ်စခန်းတွေနဲ့ ဖြစ်နိုင်သမျှဝေးဝေးကပဲ ‌သွားလာကြဖို့ မှာချင်ပါတယ်” ဟု ရန်ကုန်မြေပြင်သတင်းများကို ဖော်ပြနေသည့် Rangoon Scout Network တာဝန်ရှိသူက ပြည်သူများကို တိုက်တွန်းသည်။

    အာဏာသိမ်းစစ်ကော်မရှင်ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို လုံး၀ လက်ခံမည်မဟုတ်ဘဲ ရန်ကုန်မြို့ရှိ တော်လှန်ရေးမဟာမိတ်အားလုံးနှင့် ပူးပေါင်းကာ တိုက်ခိုက်မှုများအား အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း Operation Flame – OF တပ်ဖွဲ့က အသိပေးထားသည်။

    ရန်ကုန်မြို့လယ်ခေါင်ရှိ ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု ရဲစခန်းရှေ့ရှိ ကင်းတဲ အနီးကျ ရောက်ပေါက်ကွဲ

    ရန်ကုန်မြို့လယ်ခေါင်ရှိ ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစ ခန်းရှေ့ရှိ ကင်းတဲအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြရေး တာဝန်ရှိသူက ပြောကြားသည်။

    ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမပေါ်ရှိ ကျောက်တံတားရဲစခန်းကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက လက်ပစ် ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းရှေ့ ကင်းတဲအနီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

    “လက်ပစ်ဗုံး ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာ၊ ရဲစခန်းရှေ့ ကင်းတဲတွေနား ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ကျ နော်တို့ဘက်က ပွဲပြီးတာနဲ့ ချက်ချင်းပြန်ဆုတ်ခဲ့တာမို့ နောက်ဆက်တွဲအခြေအနေ မသိရဘူး။ လူ ရှင်း၊ ပြေးလမ်းရှင်းတဲ့ အချိန်ကို အချိန်ယူလုပ်ဆောင်ခဲ့တာပါ။ မြို့ထဲက အဲဒီစခန်းကို လုပ်ချင်လွန်း လို့ အချိန်တစ်လလောက်ယူပြီး သေသေချာချာလေ့ကျင့်ပြီးမှ လုပ်ခဲ့တာဖြစ်ပါတယ်” ဟု Operation Flame သတင်းနှင့်ပြန်ကြရေး တာဝန်ရှိသူက ပြောကြားသည်။

    ယင်းရဲစခန်းသည် အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ကာ လုပ် ဆောင် လျက်ရှိသည့်အပြင် မိဘပြည်သူများကို နည်းမျိုးစုံဖြင့် မတရားဖမ်းဆီး နှိပ်စက်နေသော စခန်း တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် Operation Flame-“Fire Power” အထူးစစ်ဆင်ရေး စစ်ရေး ပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

    အဆိုပါ စစ်ဆင်ရေးကို Operation Flame နှင့်အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် လသာမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    Operation Flame အနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်ဖော်ဆောင်မည့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်ခံသွားမှာ မဟုတ်ပဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံး နှင့် အတူလက်တွဲ၍ အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

  • မြောက်ဒဂုံမြို့နယ် ဟိုတယ်တခုရဲ့ ၆ လွှာကနေ အမျိုးသားတယောက် ခုန်ချ သေဆုံးမှုဖြစ်ပွား

    မြောက်ဒဂုံမြို့နယ် ဟိုတယ်တခုရဲ့ ၆ လွှာကနေ အမျိုးသားတယောက် ခုန်ချ သေဆုံးမှုဖြစ်ပွား

    ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းပေါ်ရှိ ဘိုဘိုမင်း ဟိုတယ် ၆ လွှာမှာ အမျိုးသား တယောက် ခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြေပြင် ကူညီရေးသွားရောက်ခဲ့ သူတွေဆီက သိရပါတယ်။

    ဖြစ်စဥ်မှာ ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ မနက်အစော ၂ နာရီလောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း၊ ရုပ်အလောင်းကိုတော့ မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

    “ခုန်ချတယ် အကြောင်းကြားလို့ အလောင်းသွားသယ်တယ် ။ လာတည်းခိုတဲ့ အမျိုးသား ခုန်ချတာပါ။ ဘာကြောင့် ခုန်ချတာလဲတော့ သေချာ မသိဘူး။” လို့ ဝန်းရံမှူး လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။

    သေဆုံးသူ အမျိုးသားက ခန့်မှန်း အသက် ၃၀ ဝန်းကျင်လောက်ရှိပြီး နေရပ်လိပ်စာက ရန်ကုန်ကဖြစ်ကြောင်း သိရှိရပြီး မိသားစုနဲ့ အဆက်အသွယ်ရရှိရေး နဲ့ သေဆုံးမှု အခြေအနေကိုတော့ သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဆက်လက် စုံစမ်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

    အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမပေါ်ရှိ တိုက်ခန်းရှစ်လွှာမှ အသက် ၄ နှစ်အရွယ် ကလေးငယ် ပြုတ်ကျခဲ့ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

    ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ၊ပန်းလှိုင်အိမ်ရာရှိ ခုနှစ်လွှာမှ အမျိုးသား တယောက်ပြုတ်ကျ ခဲ့ပြီး ထိခိုက်ဒဏ်ရာသာရရှိမှု ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

    ဧပြီ ၃၀ ရက်နေ့ကလည်း ရန်ကုန်၊စမ်းချောင်းမြို့နယ်၊မုန့်လက်ဆောင်းကုန်းရပ်ကွက်၊ ပြည်သူ့ကွက်သစ် ၁ လမ်းထိပ်ရှိ တိုက်ခန်းပေါ် တက်ပြီး ပစ္စည်းခိုးယူတဲ့ အမျိုးသမီးတယောက် တိုက်ပေါ်ကနေခုန်ချရာမှ ပြုတ်ကျသေဆုံးမှု ရှိခဲ့ပါတယ်။

    ဓာတ်ပုံ – ကိုထွန်းမြတ်

  • အမေရိကန်က TPS ရုပ်သိမ်းသည့်အပေါ်  မြန်မာပြည် တကယ်ပဲ လုံခြုံရဲ့လား HRW မေးခွန်းထုတ်

    အမေရိကန်က TPS ရုပ်သိမ်းသည့်အပေါ် မြန်မာပြည် တကယ်ပဲ လုံခြုံရဲ့လား HRW မေးခွန်းထုတ်

    အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို ယာယီခိုလှုံဖို့ လက်ခံခွင့်ပြုပေးထားတဲ့ ယာယီအကာအကွယ်ပေးတဲ့ အခြေအနေ (TPS) ကို အမေရိကန်က ရုပ်သိမ်းမယ်လို့ ကြေညာလိုက်တဲ့အပေါ် နယူးယောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW)က မြန်မာဟာ တကယ်ပဲ လုံခြုံရဲ့လားလို့ မေးခွန်းထုတ် တုံ့ပြန်လိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အရေးပေါ်အခြေအနေကို ရုပ်သိမ်းပြီး စစ်ကောင်စီကနေ စစ်ကော်မရှင်ကို အာဏာလွှဲပြောင်းလိုက်တာ၊ လာမယ့်နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတာနဲ့ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား အပစ်ရပ် သဘောတူညီချက် ရတာတွေကြောင့် TPS ကို သက်တမ်းမတိုးတော့တာလို့ နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီအစီအစဉ်နဲ့ နေထိုင်သူ မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ရှိနေတာပါ။

    ဒါပေမဲ့ ဒီအဆိုဟာ တခြားသော အမေရိကန်အရာရှိတွေက ပွင့်ပွင့်လင်းလင်း ဝန်ခံထားတာတွေနဲ့ တိုက်ရိုက်ဆန့်ကျင်ဘက် ဖြစ်နေသလို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက “နှစ်ပေါင်းများစွာ… မြန်မာနိုင်ငံက စစ်အုပ်စုဟာ သူ့ရဲ့ နိုင်ငံသားတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့ပြီး… ထိတ်လန့်ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အလွဲသုံးစားပြုမှုတွေ အပါအဝင်” ဆိုတဲ့ စာသားတွေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက်အသစ်ကို ထောက်ခံတဲ့ ကြေညာချက်တစောင်မှာ ရေးသားခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

    အမေရိကန်က ထောက်ခံခဲ့တဲ့ ဒီဆုံးဖြတ်ချက်မှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံဟာ “ဒုက္ခသည်တွေနဲ့ အတင်းအကျပ် ရွှေ့ပြောင်းခံရသူ အားလုံးရဲ့ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံတဲ့၊ ဂုဏ်သိက္ခာရှိတဲ့၊ ရေရှည်တည်တံ့တဲ့ နေရပ်ပြန်မှုအတွက် မသင့်တော်ဘူး” လို့ တိတိကျကျ ဖော်ပြထားပါတယ်။

    ကုလသမဂ္ဂရဲ့ မှတ်တမ်းတွေအရ ဒီနှစ်ထဲမှာပဲ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လူပေါင်း ၃ သန်းခွဲကျော်ဟာလည်း ပြည်တွင်း နေရပ်စွန့်ခွာရသူတွေ (IDPs) အဖြစ် ရှင်သန်နေရသလို စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ လျော့ကျသွားခြင်း မရှိဘဲ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေကြောင်း ကုလသမဂ္ဂ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တခြားသော အစိုးရတွေရဲ့ အစီရင်ခံစာတွေမှာ အသေးစိတ် ဖော်ပြထားတယ်လို့လည်း HRW အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဒါကြောင့်မို့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအတွက် TPS ကို ရုပ်သိမ်းရာမှာ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန (DHS) ရဲ့ မှားယွင်းတဲ့ ဖော်ပြချက်တွေဟာ အလွန် ဆိုးရွားလွန်းတာကြောင့် ဘယ်သူက ယုံကြည်မလဲဆိုတာ မြင်ယောင်ကြည့်ဖို့ ခက်ခဲပြီးတော့ ဘယ်သူမှ မမျှော်လင့်ထားလောက်ဘူးလို့လည်း ပြောလိုက်တာပါ။

    လက်ရှိမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ဇန်နဝါရီ ၂၆ ရက်က စတင်အကျိုးသက်ရောက်မှာဖြစ်ပြီး TPS ရထားသူတွေဟာ ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ HRW အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    TPS ဆိုတာဟာ လက်နက်ကိုင်ပဋိပက္ခ ဒါမှမဟုတ် တခြားအကျပ်အတည်းတွေကြောင့် နေရပ်ပြန်ဖို့ မလုံခြုံတဲ့နိုင်ငံတွေက လာတဲ့ အမေရိကန်နိုင်ငံသား မဟုတ်သူတွေကို နေရပ် ပြန်ပို့ခြင်းကနေ အကာအကွယ်ပေးတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။

    Source: HRW

    ဆက်စပ်သတင်း

    USA ရောက် မြန်မာနိုင်ငံသားတွေအတွက် ယာယီဥပဒေအရ နေထိုင်ခွင့်ကို ထရမ့်အစိုးရက ရပ်ဆိုင်း