Category: News

  • TNLA က စစ်ကောင်စီတပ်ကို မိုးကုတ်မြို့ထဲ ခေါ်သွင်းလာပါက တော်လှန်ရေးတပ်များ အခက်တွေ့နိုင်

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီတပ်ကို မိုးကုတ်မြို့ထဲ ခေါ်သွင်းလာမယ်လို့ ဒေသတော်လှန်ရေးအင်အားစုတွေကို အတိအလင်း ပြောဆိုထားလို့ တော်လှန်ရေးတပ်တွေ လုပ်ရကိုင်ရ အခက်အခဲရှိနေတဲ့ အကြောင်း မိုးကုတ်သပိတ်ခေါင်းဆောင်က အတည်ပြုပြောပါတယ်။

    နိုဝင်ဘာ ၁၅ ရက်က တရုတ်ပြည်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီနဲ့ TNLA တို့ရဲ့ အစည်းအဝေးအပြီးမှာ ဒီသတင်းစကား ထွက်ပေါ်လာတာပါ။

    TNLA က နိုဝင်ဘာ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး မိုးကုတ်မြို့ကနေ ထွက်ခွာမှာဖြစ်တဲ့အတွက် နိုဝင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီတပ်ပါ တခါတည်း မိုးကုတ်မြို့ထဲ ဝင်ရောက်လာမယ့် အခြေအနေ ဖြစ်ပါတယ်။

    ဒီအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေ အကြိတ်အနယ် ဆွေးနွေးနေကြဆဲ ဖြစ်ပြီး ဘယ်လိုရှေ့ဆက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တော့ မထွက်လာသေးပါဘူး။

    မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက “ကျနော်တို့ အင်အားစုတွေကို TNLA က ခေါ်ပြီးတော့မှ သူတို့ကိုယ်တိုင် ခေါ်သွင်းလာမယ်လို့ အတိအလင်း ပြောတယ်။ တော်တော်ခက်ခဲတာပေါ့၊ သူကိုယ်တိုင် စစ်ကောင်စီကို ခေါ်သွင်းပြီးတော့မှ စစ်ကောင်စီ ရောက်ပြီ၊ အခြေချပြီဆိုမှ သူက ပြန်ဆုတ်သွားမယ်လို့ အဲဒီလို ပြောတာပေ့ါနော်။ သူတို့နဲ့ စစ်ကောင်စီကြားမှာတော့ ဆက်ဆံရေးရုံး ထားပြီးတော့မှ သူတို့လုပ်ငန်းတွေကတော့ ပြန်လုပ်ကြမယ် ထင်တယ်။ တခု ရှိတာက ကျနော်တို့က လုပ်ရကိုင်ရ အရမ်းခက်သွားတာပေါ့နော်။ TNLA နဲ့လည်း ကျနော်တို့က မဟာမိတ်လည်း မပျက်ချင်ဘူး။ ဆိုတော့ တဖက်မှာလည်း စစ်ကောင်စီကို ကျနော်တို့က ဒီမြို့တွင်းမဝင်ရေး ဆိုတဲ့ဟာ ရှိတာပေါ့။ လုပ်ရကိုင်ရတော့ တော်တော်ခက်တယ်ဗျ။ တော်လှန်ရေးအင်အားစုဘက်ကတော့ ကျနော်တို့ အများကြီး တိုင်ပင်ကြတုန်း၊ ဆွေးနွေးကြတုန်း၊ ချင့်ချိန်နေကြတုန်းပေါ့နော်။ တဖက်မှာလည်း မဟာမိတ်ပေါ့နော်၊ မိုးမိတ်ကတော့ ဘာပဲပြောပြော ကျောင်းသားတပ်မတော်နဲ့ KIA က ကူမယ်ဆိုတော့ တစုံတရာ အားရှိတယ်ပေါ့နော်။ မိုးကုတ်ကိုရော စစ်ကောင်စီ ပြန်မဝင်လာရေးပေါ့နော်၊ ဘယ်လို မဟာမိတ်တွေက ကူညီကြမလဲပေါ့၊ ကူညီနိုင်မလဲပေါ့၊ ကျနော်တို့ဘက်ကရော ဘာပြင်ဆင်ထားဖို့ လိုသလဲပေါ့။ စသဖြင့်တော့ ဒီဘက်မှာတော့ အကြိတ်အနယ် ကျနော်တို့ တိုင်ပင်နေကြပါတယ်ဗျ” လို့ ပြောပါတယ်။

    ဒီအခြေအနေနဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူကို DVB က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ လက်ရှိအချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

    မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို ၂၀၂၄ ဇူလိုင်လအတွင်းမှာ TNLA နဲ့ မဟာမိတ်တွေက သိမ်းယူခဲ့တာ ဖြစ်ပြီး တနှစ်ကျော်အကြာမှာ ပြန်လည်လက်လွှတ်ရမယ့် အခြေအနေ ဖြစ်လာတာပါ။

    သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူးနယ်တွေ အကုန်လုံးမှာ စစ်ကောင်စီက စစ်ရေးအသာစီး ပြန်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

    မိုးကုတ်မြို့ကို ပြန်မဝင်ခင်မှာ ပတ်ချာလည်မြို့နယ်တွေကိုပါ ဗျူဟာတကျ ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတာ ဖြစ်ပါတယ်။

    မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ ကိုဒေါင်းက “မထင်မှတ်တဲ့ လမ်းကြောင်း ဆိုတာကတော့ သူတို့က လောလောဆယ် မတ္တရာနယ်မြောက်ခြမ်းနဲ့ အရှေ့မြောက်ခြမ်းမှာ စစ်ကြောင်း ၂ ကြောင်း ရှိတယ်ဗျ။ မတ္တရာနယ်မြောက်ခြမ်းက တံငါ(တောင်)ရွာနဲ့ (မြောက်)ရွာကူးတဲ့ လမ်းကနေ ချောင်းရိုး-နကန်းအတိုင်း အနောက်ဘက်ကို ထိုးပြီးမှ စကျင်ရွာဘက်ကနေ မြောက်ဘက်ကိုထိုးမယ့် တကြောင်းရယ်လို့ ကျနော် သုံးသပ်တယ်။ နောက်တကြောင်း ဆည်တော်ဘက်မှာ ရောက်နေတဲ့ အကြောင်းက ဆည်တော်ဘက်ကနေ အနောက်ကားလမ်းအတိုင်း ဆင်းလာပြီးလို့ရှိရင် ကိုးပြွန်ဘက်ကနေ တောင်ခြေအတိုင်း မြောက်ဘက် ထိုးမယ်ဆိုရင်လည်း ရတယ်ဗျ။ အဲဒီလို ၂ ကြောင်း ရှိထားတယ်လို့ ကျနော် သတင်းရထားတယ်။ ကားလမ်းကြောအတိုင်းမထိုးဘဲ အဲဒီအတိုင်း ထိုးမယ်ဆိုရင်တော့ အဲဒီလို အကြောင်းတွေ ရှိတယ်ဗျ” လို့ ပြောပါတယ်။

    တရုတ်အစိုးရက မြောက်ပိုင်းမဟာမိတ်တွေကို ဆက်တိုက်ဖိအားပေးခဲ့တာကြောင့် ဧပြီလထဲမှာ လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA က ပြန်လက်လွှတ်ခဲ့ရပြီး နောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်တွေဟာ ရှမ်း-မန်း ဆက်စပ်နယ်က နောင်ချို၊ သီပေါ၊ ကျောက်မဲတို့ကို ဆက်ပြီး လက်လွှတ်ခဲ့ရပါတယ်။

    အခု မိုးကုတ်-မိုးမိတ် တို့ကိုပါ မြောက်ပိုင်းမဟာမိတ်တွေက ဆက်လက်လွှတ်ရရင် တော်လှန်ရေး တစုံလုံးကို ထိခိုက်လာနိုင်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက တော်လှန်စစ်အတွက် လူငယ်တပ်သားသစ်တွေ ထပ်မံဖိတ်ခေါ်တဲ့ ကြေညာချက်ကို အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ပြီး အင်အားဖြည့်တင်းဖို့ ကြိုးစားခဲ့ပါတယ်။

    သုတချမ်းသာ

  • ဖျာပုံမြစ်ဝမှာ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်

    ဖျာပုံမြစ်ဝမှာ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်

    ဒီနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က ဖျာပုံမြို့နယ်၊ ဖျာပုံမြစ်ဝမှာ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

    ဖြစ်စဉ်ဖြစ်ပွားတာက မနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်လို့ သိရပြီး နေရာက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ တင်ပုလွဲကျေးရွာ အုပ်စု၊ ဓမင်းဆိပ်ကျေးရွာအနီး ဖျာပုံမြစ်ဝမှာလို့ သိရပါတယ်။

    အဆိုပါမီးလောင်မှုနဲ့ ပတ်သတ်လို့ ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက “မီးလောင်ရတဲ့အကြောင်းအရင်းကတော့ စုံစမ်းစစ်ဆေးဆဲပါခင်‌ဗျ။ ဖြစ်တဲ့ဒေသက ရေလမ်း‌ကြောင်းလည်း သွားရမလွယ်တော့ တိုင်းမီးသတ်၊ မြို့နယ်မီးသတ်တွေ ကြိုးစားငြှိမ်းသတ်ပြီး ရေထဲမှာပဲ အကုန်နီးပါး လောင်ကျွမ်းသွားတဲ့ အခြေအနေပါ။ ဆီလည်းပါတော့ Foam Type ကိုသုံးပြီး ငြှိမ်းသတ်ရပါတယ်။ အခုတော့ ငြိမ်းသွားပါပြီ။ လူထိခိုက်မှု မရှိခဲ့ပါဘူး”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

    ငါးဖမ်းသင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိတာကြောင့် ဖျာပုံခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကျုံကဒွန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အပေါ့စားစက်(၁)လုံးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မိနစ် ၄၀ နီးပါး ငြှိမ်းသတ်ခဲ့ရပြီး ၈ နာရီ ၅၅ မိနစ် အချိန်မှာ မီးငြိမ်းတယ်လို့ သိရပါတယ်။

  • TNLA တပ် ဆုတ်ခွါသွားရမယ့် မိုးကုတ်မြို့မြင်ကွင်း

    TNLA တပ် ဆုတ်ခွါသွားရမယ့် မိုးကုတ်မြို့မြင်ကွင်း

    လာမယ့်အပတ်တွေအတွင်း တအာင်းတပ်-PSLF/TNLA တပ် ဆုတ်ခွါသွားရမယ့် မိုးကုတ်မြို့ရဲ့ မနေ့ နိုဝင်ဘာ ၁၆ ရက်မှာ တွေ့မြင်ရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

    မိုးကုတ်မြို့မှာရှိတဲ့ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ဌာနဆိုင်ရာတချို့ ပြောင်းရွှေ့နေတာ တွေ့ရပြီး အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲဌာနကတော့ ပုံမှန်လည်ပတ်နေတာ တွေ့ရပါတယ်။

    မိုးကုတ်မြို့ဂေါက်ကွင်းမှာတော့ မြို့ခံတွေကို တအာင်းတပ်က ၎င်းတို့မဆုတ်ခွာခင် ကျောက်တူးဖော်ခွင့် ပေးထားပြီး မြို့ခံတချို့ အလုအယက်ကျောက်တူးဖော်နေကြပါတယ်။

    မြို့တွင်းမှာတော့ မြို့ခံတွေနေ့စဥ်လိုလို မြို့ကိုစွန့်ခွာနေကြတာ တွေ့ရပြီး မြို့ရဲ့ထက်ဝက်ကျော်က မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

    မိုးကုတ်မြို့ကနေ တအာင်းတပ်ဘက်က လာမယ့်နိုဝင်ဘာ ၂၅ ရက်နောက်ဆုံးထားပြီး တပ်ဆုတ်ပေးရမယ်လို့ သတင်းတွေထွက်နေပြီး စစ်ကောင်စီဝင်လာမယ့်ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

    ဒါ့အပြင် ​မိုးကုတ်မြို့တွင်းဝင်လာမယ့် စစ်ကောင်စီတပ်တွေကို TNLA ဘက်က လုံခြုံရေးပေးမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

    တရုတ်နိုင်ငံကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ တအာင်းတပ်တို့အောက်တိုဘာ ၂၉ ရက်ကစပြီး အပစ်ရပ်ဖို့သဘောတူပြီးနောက် TNLA က ၎င်းတို့ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကနေ ဆုတ်ခွါသွားရမှာ ဖြစ်ပါတယ်။

  • စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက်  မဲပေးရေး လှုပ်ရှားမှုများတွင် အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်၍ ပါဝင်ရသော အဆိုတော်နှင့် အနုပညာရှင်များကို   ဆန္ဒအလျောက် တက်ကြွစွာ ပါဝင်သူများဟု  မောင်မောင်အုန်းက  သုံးနှုန်းပြီး ဂုဏ်ယူသည်ဟု ပြောပြန်

    စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေးရေး လှုပ်ရှားမှုများတွင် အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်၍ ပါဝင်ရသော အဆိုတော်နှင့် အနုပညာရှင်များကို ဆန္ဒအလျောက် တက်ကြွစွာ ပါဝင်သူများဟု မောင်မောင်အုန်းက သုံးနှုန်းပြီး ဂုဏ်ယူသည်ဟု ပြောပြန်

    စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေးရေး လှုပ်ရှားမှုများတွင် အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်၍ ပါဝင်ရသော အဆိုတော်နှင့် အနုပညာရှင်များကို ဆန္ဒအလျောက် တက်ကြွစွာ ပါဝင်သူများဟု မောင်မောင်အုန်းက သုံးနှုန်းပြီး ဂုဏ်ယူသည်ဟု ပြောပြန်

    အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေးရေး လှုပ်ရှားမှုများတွင် အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်၍ ပါဝင်ရသော အဆိုတော်နှင့် အနုပညာရှင်များကို ဆန္ဒအလျောက် တက်ကြွစွာ ပါဝင်သူများဟု စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဆိုသူ မောင်မောင်အုန်းက စတင်သုံးနှုန်းပြောဆိုလာသည်။

    နိုဝင်ဘာလ ၁၅ ရက်နေ့ ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရွေးကောက်ပွဲ အောင်မြင်ရေး ဂီတအစည်းအရုံး (ဗဟို) အစီ အစဉ်ဖြင့် အသိပညာပေးနှိုးဆော်ရေး ရွေးကောက်ပွဲလှုံ့ဆော်တေး ရိုက်ကူးနေမှုကို မောင်မောင်အုန်းက သွားရောက် ကြည့်ရှုပြီးနောက် ယင်းကဲ့သို့ မောင်မောင်အုန်းက ပြောဆိုသုံးနှုန်းလာခြင်းဖြစ်သည်။

    ရွေးကောက်ပွဲ မဲပေးရေး လှုပ်ရှားမှုအတွက် ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ လွင်မြင့်နှင့် အဆိုတော်များက လာရောက်ပါဝင်ခဲ့ကြပြီး ရွေးကောက်ပွဲလှုံ့ဆော်တေးသီချင်းရိုက်ကူးခဲ့ကြကြောင်း၊ “အနာဂတ်မျှော်ရည် မဲပေးမည်” သီချင်းခေါင်းစဉ်ဖြင့် တေးသံရှင်များဖြစ်ကြသည့် ရဲထိုက်၊ ကိုလတ်၊ ကြည်ဖြူခင်၊ ရွှေဖြူ၊ မို့မို့ကျော်လွင်၊ ခင်လပြည့်ဝန်းနှင့် ပုလဲသန့်သွယ်တို့ က သီဆို ရိုက်ကူးခဲ့ကြောင်း၊ ယင်းတေးသီချင်းကို အကော်ဒီယံ အောင်မင်းနိုင်က ရေးသားပြီး ဂီတမှူး အကယ်ဒမီဝင်းကိုနှင့် အဖွဲ့က တီးခတ်အသံသွင်းကြောင်း သိရှိရသည်။

    ယင်းနောက် မောင်မောင်အုန်းက ရွေးကောက်ပွဲ မဲပေးရေး ထောက်ခံ တေးသီချင်း လာရောက် ရိုက်ကူးပေးသော တေးသံရှင်များကို တွေ့ဆုံပြီး အနု ပညာရှင်များက ယခုကဲ့သို့ ဆန္ဒအလျောက် တက်ကြွစွာပါဝင်ဆောင်ရွက်မှုအပေါ် ဂုဏ်ယူအသိအမှတ်ပြုသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

    အောက်တိုဘာလ ၃၀ ရက်နေ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ချုပ်အေးကြွယ်က ရန်ကုန်မြို့ရှိ ရုပ်ရှင်လုပ်ငန်းရုံးတွင် ရုပ်ရှင်နှင့် အနုပညာရှင်အသိုင်းအ၀ိုင်းကို ခေါ်ယူတွေ့ဆုံပြီး လာမည့် ရွေး ကောက် ပွဲအတွက် စစ်တပ်က ပြုလုပ်မည့် ဝါဒဖြန့် အလိမ်အညာ စည်းရုံးရေးများတွင် ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လွတ်ငြိမ်းဖြင့် ပြန်လည် လွတ်မြောက်လာသော အနုပညာရှင်၊ သရုပ်ဆောင်များပါ မကျန် ပါဝင်ရမည်ဖြစ်ကြောင်း အကယ်၍ ငြင်းဆန်လျှင် အထက်အမိန့်အရ အရေးယူမည်ဟု ဖိအားပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

    ထိုသို့ ရွေးကောက်ပွဲ ဝါဒဖြန့် လှုပ်ရှားမှုများတွင် ပါဝင်ရန် ဆက်သွယ်မှုကို အကြောင်းမပြန်သဖြင့် မင်းသမီးဖွေးဖွေးနှင့် သရုပ်ဆောင် အလင်းရောင်ကိုလည်း စစ်တပ်က ခေါ်ယူ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သေးသည်။

    စစ်တပ်က ထုတ်လွှင့်ပြသခဲ့သော “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေး ကောက်ပွဲဆိုင်ရာ အလိမ် အညာဝါဒဖြန့် ဇာတ်လမ်းကို လူမှုကွန်ရက်မှတစ် ဆင့် ဝေဖန်သည်ဟုဆိုကာ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့ သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ် ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် ၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ရုပ်ရှင်ဒါရိုက်တာသက်လွင်(ခ) ဇမ္ဗူထွန်းသက်လွင် တို့ကို စစ်တပ်က ဖမ်းဆီးထားပြီး ရွေး ကောက်ပွဲ နှောင့်ယှက်သူများ ဥပဒေဖြင့် အမှုဖွင့်ထားသည်။

    မောင်မောင်အုန်းက စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ မဲပေးရေး လှုပ်ရှားမှုများ ရိုက်ကူးရေးများတွင် ကိုယ်တိုင် ကိုယ်ကျ လာရောက် ကြည့်ရှုခြင်းဖြင့် မင်းအောင်လှိုင်၏ မျက်နှာသာပေးမှုကို ရရန် ကြိုးပမ်းနေကြောင်း ပြန်ကြားရေးနှင့် နီးစပ်သော သတင်းရင်းမြစ်တချို့က ဆိုသည်။

    “မောင်မောင်အုန်းက သရုပ်ဆောင်၊ အဆိုတော်တွေ ဆိုင်းဘုတ် ကိုင်ပြီး ရိုက်မယ့်နေ့ က လာဖို့ စီစဉ်ထားတာ။ မင်းသားမင်းသမီးတွေ၊ အဆိုတော်တွေ ကို တစ်ယောက်ချင်းစီကို ကိုင်တိုင်နှုတ်ဖို့ရော၊ အုပ်စုလိုက် မိန့်ခွန်းခြွေ ၊ စုပေါင်း ဓါတ်ပုံရိုက်ဖို့ နဲ့ သူ ဒီအနုပညာရှင်တွေ ကို ဘယ်လို စည်းရုံးထားပါတယ် ၊ ဘယ်လိုတွေ ဆောင်ရွက်နေပါတယ်ဆိုပြီး မအလ ကို မျက်နှာချိုသွေးပြီး မျက်နှာလို မျက်နှရလုပ်ဖို့ အစီစဉ်ရှိခဲ့ပေမယ့် တကယ်ရိုက်ကူးရေးနေ့မှာ မောင်မောင်အုန်းက မလာဖြစ်တော့ဘူး။ သူလာမယ့် အစီအစဉ်ပျက်သွားတယ်။ နေပြည်တော်မှာ အရေးပေါ်ကိစ္စ ရှိလို့ ဆိုပြီး အားချင်းသွားလိုက်ရလို့ ။ အဲဒါကြောင့် အဆိုတော်တွေနဲ့ “အနာဂတ်မျှော်ရည် မဲပေးမယ်” ဆိုတဲ့သီချင်း ရိုက်ကူးချိန်မှာ လာတာ။ နိုဝင်ဘာ ၁၅ နေ့ ရန်ကုန် ပြည်လမ်း မြန်မာ့အသံမှာ ရိုက်တဲ့ ရိုက်ကူးရေးကိုတော့ မင်းသားကြီးက မင်းသား လာလုပ်ပြီး သူ့ပထွေး မအလ ကို မျက်နှာလုပ်ပြီး အစီရင်ခံတယ်” ဟု အနုပညာအသိုင်းအ၀ိုင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်​နေ့အတွင် အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းကို စတင်ပြုလုပ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

  • ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ် စောင့်ကြည့်ရန် ဘေးတွဲမောင်းသူများကို စေခိုင်း

    ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ် စောင့်ကြည့်ရန် ဘေးတွဲမောင်းသူများကို စေခိုင်း

    ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ခံရတာ မဖြစ်ရအောင် ဘေးတွဲမောင်းသူနဲ့ သတင်းပေးတချို့ကို အလှည့်ကျစောင့်ကြည့်ဖို့ စေခိုင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်ပါတီတွေက မဲဆွယ်ဆိုင်းဘုတ်တွေ စိုက်ထူလာကြသလို အဲဒီဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာတွေလည်း ရှိလာတဲ့အတွက် ဖျက်ဆီးခံရတာ အများဆုံး ကြုံတွေ့နေရတဲ့ ကြံ့ခိုင်ရေးပါတီက ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် စောင့်ကြည့်ခိုင်းတာတွေ လုပ်နေတာလို့ ဆိုပါတယ်။

    သင်္ဃန်းကျွန်းမြို့နယ်မှာ အနှေးယာဉ်လုပ်သားတယောက်က “ဘေးတွဲမောင်းတဲ့သူတွေ အလှည့်ကျ ဆိုင်းဘုတ်လုံခြုံရေး စောင့်ရမယ်ဆိုလို့ ညစ်နေကြတယ်လေ။ ဒီအတိုင်း ထိုင်စောင့်ခိုင်းတာမျိုးတော့ မဟုတ်ဘူး၊ အနီးဝန်းကျင်မှာ ရှိနေရမယ်လို့ ခိုင်းထားတယ် ပြောတာပဲ” လို့ ပြောပါတယ်။

    ရန်ကုန်မြို့မှာ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံနေရလို့ ရဲတပ်ဖွဲ့က လုံခြုံရေးပေး စောင့်ကြည့်ဖို့ ညွှန်ကြားမှုရှိတယ် ဆိုတဲ့သတင်း ထွက်နေပေမဲ့ နယ်မြေမှာရှိတဲ့ ရဲအင်အားနဲ့ အချိန်ပြည့် စောင့်ကြည့်ပေးနေဖို့ မဖြစ်နိုင်တဲ့အတွက် အရပ်သားထဲက ဖိအားပေးခိုင်းလို့ ရမယ့်သူတွေကို ပြန်ခိုင်းထားတဲ့သဘော ဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “သီးခြားညွှန်ကြားချက်နဲ့ ခိုင်းတာမျိုး မဟုတ်ဘူး။ ရပ်ကွက်ရုံးတွေက အဆင်ပြေသလို သူတို့နဲ့ မကင်းတဲ့သူတွေကို တာဝန်ပေးတဲ့သဘော။ မဟုတ်လို့ သူ့အပိုင်ထဲမှာ တခုခုဖြစ်သွားရင် အကြိတ်ခံရမှာလေ။”

    စစ်ကောင်စီက ရွေးကောက်ပွဲ မဲဆွယ်ကာလ မတိုင်ခင်ကတည်းက ဘေးတွဲမောင်းသူနဲ့ ဥပဒေနဲ့ မလွတ်ကင်းတဲ့လုပ်ငန်း လုပ်နေသူတွေကို လိုအပ်တဲ့နေရာတွေမှာ အသုံးချနိုင်အောင် အောက်ခြေ အုပ်ချုပ်ရေးအဖွဲ့တွေက လက်သပ်မွေးနိုင်ဖို့ လမ်းဖွင့်ပေးထားခဲ့တာ ရှိပါတယ်။

    အဲဒီနောက် ဘေးတွဲမောင်းသူတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ထဲဝင်မှ အဖမ်းအဆီးမခံရစေဘဲ ဆက်လုပ်ခွင့်ပေးမယ်လို့ အကျပ်ကိုင်ပြီး အဖွဲ့ဝင်နံပါတ်တွေ ထုတ်ပေးခဲ့သလို လုံခြုံရေးပိုင်းနဲ့ ညပိုင်း ကင်းလှည့်တာ၊ ဧည့်စာရင်းစစ်တာတွေမှာ အလှည့်ကျ လိုက်ခိုင်းတာမျိုး ရှိခဲ့ကာ အခု စစ်အုပ်စုရဲ့ ကျောထောက်နောက်ခံပါတီအတွက်ပါ အသုံးချလာတာ ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။