Category: News

  • ကျောက်မဲတွင် စစ်တပ်က ပြည်သူများကို တရားလက်လွတ်သတ်ဖြတ် အဓမ္မပြုကျင့်

    ကျောက်မဲတွင် စစ်တပ်က ပြည်သူများကို တရားလက်လွတ်သတ်ဖြတ် အဓမ္မပြုကျင့်

    ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်ရာမှာ အရပ်သားပြည်သူတွေအပေါ် တရားလက်လွတ်သတ်ဖြတ်၊ အဓမ္မပြုကျင့်မှုတွေ ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

    လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာတွေကြောင့် ရွာသားတွေ သေဆုံး ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်းနဲ့ အိမ်ခြေ အနည်းဆုံး ၁၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

    စက်တင်ဘာ ၂၄ ရက် မနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ရွာကနေ စခန်းသာဘက် ရောက်လာစဉ် လမ်းမှာတွေ့တဲ့ ရွာသားတယောက်ကို စစ်ဆေးရိုက်နှက်ခဲ့တယ်၊ ရွာသားက လယ်ထဲ ထွက်ပြေးတာကြောင့် စစ်သား ၂ ယောက် နောက်က လိုက်ဖမ်းတယ်၊ လယ်စောင့်တဲတခုမှာ စစ်ရှောင်နေတဲ့ ဦးပဥ္စင်းတပါးဟာ စစ်သားကို မြင်တော့ ထိတ်လန့်ထွက်ပြေးစဉ် အဆိုပါစစ်သားက သေနတ်နဲ့ပစ်လို့ ပျံလွန်သွားတယ်လို့ မျက်မြင်သက်သေက ပြောပါတယ်။

    စစ်သားတွေက လယ်စောင့်တဲနားရပ်ထားတဲ့ ဦးပဥ္စင်းရဲ့ဆိုင်ကယ်ကိုစီးပြီး ကျေးရွာခေါင်းဆောင်ပါ ခေါ်ကာ နောက်ထပ် နားအိုက်ခန့်ရွာက လယ်ထဲမှာပုန်းနေတဲ့ ရွာသားတွေကို စစ်ဆေးမေးမြန်းဖို့ လိုက်ရှာတယ်၊ သူတို့နဲ့လိုက်သွားတဲ့ ရွာခေါင်းဆောင်ရော လယ်ထဲက ရွာသား ၃ ယောက်ပါ ထွက်ပြေးလွတ်မြောက်သွားပြီး လယ်စောင့်တဲတခုမှာ ၁၆ နှစ်အရွယ် မိန်းကလေးနဲ့ ၁၂ နှစ်အရွယ် သူ့မောင်လေး၊ သူ့မိခင်တို့ ၃ ယောက် ကျန်ရစ်တယ်၊ နောက်တနေ့မှာ ထွက်ပြေးသွားတဲ့ သူတို့အဖေက တဲနားပြန်လာတော့ သူ့မိန်းမနဲ့ ကလေးတွေရဲ့ အလောင်းတွေ တွေ့တယ်၊ သမီးဖြစ်သူ အလောင်းမှာ ကိုယ်လုံးတီးနဲ့ နဖူးနဲ့ ခန္ဓာကိုယ်မှာပါ သွေးတွေရွှဲနေတယ်၊ သမီးမသေဆုံးခင် အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ဖခင်က ယုံကြည်တယ်၊ ဇနီးနဲ့ သားမှာ ရင်ဘတ်၊ ဦးခေါင်းနဲ့ ဝမ်းဗိုက်က သေနတ်ဒဏ်ရာတွေ တွေ့တယ်၊ တဲထဲမှာလည်း မြန်မာစစ်သားဝတ်စုံနဲ့ အသုံးအဆောင်တွေ တွေ့တယ်၊ ဒါကြောင့် ဒီပြစ်မှုကို မြန်မာစစ်သားဘက်က ကျူးလွန်တယ်လို့ မိသားစုဝင် ဆုံးရှုံးရသူ လုံးအောက ပြောပါတယ်။

    သေဆုံးသွားတဲ့ ရွာသား ၃ ယောက်နဲ့ ဦးပဥ္စင်းတပါးတို့ရဲ့ အလောင်းကို စက်တင်ဘာ ၂၅ ရက်မှာ ရွာသားတွေ ဝိုင်းပြီးသင်္ဂြိုဟ်လိုက်ကြပါတယ်။

    စစ်ကောင်စီတပ်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို ထိုးစစ်ဆင်နေတဲ့ ကာလအတွင်း စက်တင်ဘာ ၈ ရက်မှ ၂၉ ရက်ထိ (ရက်ပေါင်း ၂၀ ကျော်) အတွင်း လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်လို ပစ်ခတ်နေတာလို့ ဆိုပါတယ်။

    အခုလို ပစ်ခတ်မှုကြောင့် နားအိုက်ခန့်၊ ပန်ပေါင်း၊ ပါပုတ်၊ လွယ်ခေါ်၊ တောင်ဆေးလိပ်၊ စခန်းသာ၊ ခိုက်တုန်ဟုန်း၊ ပန်ဟိုက်၊ ကုန်းကော်၊ မက်မန်ကုန်းဆာ၊ နောင်ပစ်၊ နမ့်ဟူး၊ မိုင်းတင်း၊ ပေါက်အင်းလေး၊ ငြိမ်းချမ်းရေးကုန်း၊ လုံဝယ်၊ ပန်ကွမ်၊ ပန်သပြေ၊ ခိုမုန်း စတဲ့ ကျေးရွာက ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်ခြေ စုစုပေါင်း ၁၃၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ပန်ပေါင်းနဲ့ ပါပုတ်ရွာက ရွာသား ၂ ယောက် သေဆုံးပြီး ရွာသူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ SHRF ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    Source: SHRF

  • ရန်ကုန်မြို့လယ် Beauty Land Hotel အခန်းအမှတ် ၅၀၂ တွင် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်မှုအတွက် သံသယရှိခံရသူ အမျိုးသား ၁ ဦးကို ရဲက လိုက်လံရှာဖွေနေဆဲ

    ရန်ကုန်မြို့လယ် Beauty Land Hotel အခန်းအမှတ် ၅၀၂ တွင် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်မှုအတွက် သံသယရှိခံရသူ အမျိုးသား ၁ ဦးကို ရဲက လိုက်လံရှာဖွေနေဆဲ

    ရန်ကုန်၊ အောက်တိုဘာ ၇

    ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်၊ ၃၂ လမ်း အထက်ဘလောက် Beauty Land Hotel အခန်းအမှတ် ၅၀၂ တွင် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်မှုအတွက် သံသယရှိခံရသော အမျိုးသား ၁ ဦးကို ရဲက လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ အောက်တိုဘာလ ၆ ရက် နံနက်ပိုင်း ပန်းဘဲတန်းမြို့ နယ်၊အမှတ် ၁၁ ရပ်ကွက် ၊ ၃၂လမ်း (အထက်)၊ Beauty Land Hotel ၊ အခန်းအမှတ် ၅၀၂ တွင် အမျိုးသမီး ၁ ဦးကိုအပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်သွားပြီး အလောင်းကို အမှိုက်အိတ်အပြာဖြင့် ထုပ်ပိုး ပစ်ထားခဲ့ကြောင်း၊ အဆိုပါ အမှုအတွက် အမျိုးသမီးကို သတ်ဖြတ်သူဟု သံသယရှိခံရသော အမျိုးသားကို ရဲတပ်ဖွဲ့က ရရှိထားပြီး ဖမ်းဆီးရရှိရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

    ” အသတ်ခံရတဲ့ အမျိုးသမီးက အဲဒီဟိုတယ်။ အဲဒီအခန်းမှာ နေတာ နည်းနည်းတော့ကြာပြီ။ ကျူးလွန်သူလို့ ယူဆရတဲ့သူကလည်း အဲဒီအခန်းကို လာလိုက်သွားလိုက်ရှိတယ်လို့ သိရတယ်။ ကျူးလွန်သူရဲ့ ဓာတ်ပုံ၊ မှတ်ပုံတင်မိတ္တူ၊ CCTV မှတ်တမ်းတွေ လည်းရဲက ရထားတယ်။ အခုထက်ထိတော့ မမိသေးဘူး။ လိုက်ဖမ်းနေတုန်းပဲလို့ သိရတယ်။ ဘာကြောင့် သတ်တာလဲဆိုတာကတော့ ဖမ်းမိမှပဲ သိမယ်”ဟု Beauty Land Hotel တည်ရှိရာ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်က ရှင်းပြသည်။

    ယမန်နေ့ ရန်ကုန်မြို့လယ်၊ Beauty Land Hotel မှ ရက်ရက်စက်စက် သတ်ဖြတ်ထားမှုမှာ ပြည်သူများအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့​ပြီး မည်သည့်အတွက်ကြောင့် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ကို အများစုက သိရှိချင်ကြကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြည်သူများက ပေးပို့လာသော မှတ်ချက်များအရ သိရှိရသည်။

    “ဆေးကြောင်လို့ သတ်တာလား၊ ဒီလို လူတစ်ဦးကို အပိုင်းပိုင်းဖြတ်ပြီး အမှိုက်အိတ်နဲ့ ထည့်ပြီး ပစ်။ ပြီးတော့ ထွက်သွားဖို့ဆိုတာ တော်ရုံစိတ်နဲ့တော့ မလုပ်နိုင်ဘူး။ ဆေးသမားမို့ ဆေးကြောင်ပြီး လုပ်တယ်လို့ မြင်တာပဲ။ နောက်ပြီး ဟိုတယ်တွေမှာ အချိန်ပိုင်း တည်းခိုခွင့်ပြုတာတွေ၊ ဟိုတယ်တွေမှာ လုံခြုံရေး ပေါ့ပေါ့လျော့လျော့ဖြစ်နေလို့ လူသတ်သွားတာကိုတောင် သတိမထားမိတာလား။ အဆိုးဆုံးကတော့ ရန်ကုန်မြို့လယ်မှာ ဖြစ်သွားတာကိုပါ။ ဒီလောက်မြို့လယ်ခေါင်မှာ စိန်ပြေနပြေ သတ်သွားတာ။ လက်ရဲဇက်ရဲ လုပ်သွားတာ။ ကိုယ့်ဟာကိုယ်တောင် မလုံခြုံဘူးလို့ ခံစားရတယ်” ဟု ရန်ကုန်မြို့လယ်တွင် နေထိုင်သော ရွှေအရောင်းအဝယ် လုပ်ကိုင်သော ရွှေအကျိုးဆောင်ပွဲစားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မှတ်ချက်ပေးပို့ ပြောဆိုထားသည်။

    ဓာတ်ပုံ- ၃၂ လမ်းအထက်ဘလောက်ရှိ Beauty Land Hotel နှင့် ဟိုတယ်အတက်အဆင်း ဓာတ်လှေကား CCTV တပ်ဆင်ထားစဉ်။

  • တာချီလိတ်တွင် ယာဉ်တိုက်ပြီး မောင်းပြေးသည့်ကာ ဆက်တိုက်ဆင့်တိုက်မှုကြောင့် ကလေးနှင့် မိခင် သေဆုံး၊ ၈ ဦး ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ

    တာချီလိတ်တွင် ယာဉ်တိုက်ပြီး မောင်းပြေးသည့်ကာ ဆက်တိုက်ဆင့်တိုက်မှုကြောင့် ကလေးနှင့် မိခင် သေဆုံး၊ ၈ ဦး ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ

    *[အောက်တိုဘာ ၅ ရက်၊ နေ့လည် ၁၂ နာရီ ၄၃ မိနစ်တွင် နောက်ဆုံးရအချက်အလက်များကို ဖြည့်စွက်ပြင်ဆင်ထားသည်]

    မဲခေါင်၊ အောက်တိုဘာ ၅

    ဆိုင်ကယ်ကို တိုက်ပြီးနောက် မောင်းပြေးသည့်ကားမှ အခြားဆိုင်ကယ်များ၊ ကားများနှင့် လမ်းဘေးဆိုင်များကိုပါ ဆက်တိုက်ဆင့်ကာ တိုက်မိသည့်အတွက် ကလေးငယ်တစ်ဦးနှင့် ၎င်း၏ မိခင်ဖြစ်သူတို့ သေဆုံးကာ ၈ဦး ဒဏ်ရာရပြီး ၂ဦးမှာ ဦးခေါင်းထိခိုက်ကာ စိုးရိမ်ရကြောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

    ယာဉ်မောင်းသူ ရှမ်းလူမျိုး အိုက်ကျိုင်းဆိုသူ မောင်းနှင်ပြီး ဘေးတွင် ထိုင်းနိုင်ငံသားတစ်ဦး လိုက်ပါလာသည့် Ford RAPTOR ယာဉ်မှာ ဗိုလ်ချုပ်လမ်း၊ ဆေးရုံဟောင်းရှေ့တွင် ဆိုင်ကယ်တစ်စီးကို တိုက်မိပြီး မောင်းပြေးရာ အထက တာချီလိတ် လမ်းဆုံးအနီးတွင် နောက်ထပ် ဆိုင်ကယ်တစ်စီးနှင့် ဟွန်ဒါဖစ်ကားတစ်စီးကို တိုက်မိခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ယာဉ်တိုက်မှုကြောင့် ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးကာ အမျိုးသား ၃ဦး၊ အမျိုးသမီး ၅ဦး ဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူများအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းထိခိုက်ကာ စိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်း၊ တစ်ဦးမှာ ခြေထောက်ကျိုးသွားကြောင်း လူမှုကူညီရေးပြုလုပ်နေသည့် ကိုလှမိုးတာချီလိတ်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

    တာချီလိတ်တွင် ယာဉ်တိုက်ပြီး မောင်းပြေးသည့်ကား ဆက်တိုက်ဆင့်တိုက်မှုကြောင့် လူ ၅ဦးခန့် သေဆုံး [မူရင်းသတင်း – အောက်တိုဘာ ၅ရက်၊ နေ့လည် ၁၂နာရီ]

    မဲခေါင်၊ အောက်တိုဘာ ၅

    ဆိုင်ကယ်ကို တိုက်ပြီးနောက် မောင်းပြေးသည့်ကားမှ အခြားဆိုင်ကယ်များ၊ ကားများနှင့် လမ်းဘေးဆိုင်များကိုပါ ဆက်တိုက်ဆင့်ကာ တိုက်မိသည့်အတွက် လူ ၅ဦးခန့် သေဆုံးသွားကြောင်း တာချီလိတ်ဒေသခံများထံမှ ကနဦးသိရသည်။

    ယနေ့နံနက် ၁၁နာရီခွဲခန့်တွင် တာချီလိတ်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆက်တိုက်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသူနှင့် အတူပါလာသူတစ်ဦးမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း ကနဦး မေးမြန်းချက်များအရ သိရသည်။ [Update] ဝိုင်းဖမ်းရာတွင် ထိုင်းစကားပြောသံကြားရပြီး ထိုင်းနိုင်ငံသားများဖြစ်ကြောင်းလည်း ပြောဆိုကြသည်။ ဖြစ်စဉ်အတိအကျကို မဲခေါင်မှ စုံစမ်းဆဲဖြစ်သည်။

    ဒေသခံများ ပြောဆိုချက်အရ တရုတ်နိုင်ငံသားများမှာ တာချီလိတ်မြို့၊ ရွှေတိဂုံဘုရားဝန်းကျင်တွင် ယာဉ်တိုက်မှုစတင်ဖြစ်ပွားခြင်းဖြစ်ပြီး မောင်းပြေးလာရာ လမ်းတလျှောက်တွင်လည်း နောက်ထပ် ယာဉ်တိုက်မှုများ ဆက်ဖြစ်ခဲ့သလို နောက်ဆုံး၌ တာချီလိတ် အထက ကျောင်းရှေ့တွင် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ် အသေးစိတ်နှင့် အတိအကျကိုမူ မဲခေါင်သတင်းဌာနမှ စုံစမ်းနေဆဲဖြစ်သည်။

  • မကွေး၊ စေတုတ္တရာမြို့နယ်တွင် ယာယီတပ်ရင်းမှူးတစ်ဦး အဆုံးစီရင်

    မကွေး၊ စေတုတ္တရာမြို့နယ်တွင် ယာယီတပ်ရင်းမှူးတစ်ဦး အဆုံးစီရင်

    မင်းဘူးခရိုင်အတွင်း PDF ယာယီတပ်ရင်းမှူးတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်ခဲ့မှု အောက်တိုဘာလဆန်းတွင် ဖြစ်ပွားခဲဲ့သည်။

    မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ယာယီတပ်ရင်းမှူးတစ်ဦး အောက်တိုဘာလ ၁ ရက်နေ့ က မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်ကာ အဆုံးစီရင်ခဲ့မှု ဖြစ်ပွားခဲဲ့ကြောင်း မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်းထံက သိရသည်။

    သေဆုံးသူမှာ လက်နက်ကိုင်တော်လှန်ရေးအစောပိုင်းတည်းက ပါဝင်လာခဲ့သူ အသက် ၃၁ နှစ်အရွယ် ရဲဘော်ဟိုးကြီးဖြစ်ပြီး လွန်ခဲ့သည့် သုံးလဝန်းကျင်မှစပြီး မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်း၏ ယာယီ တပ်ရင်းမှူးအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။

    ယင်းနေ့နံနက်က တပ်စခန်းထဲရှိ ၎င်းအခန်းတွင်းမှာပင် မောင်းပြန်သေနတ်ဖြင့် ချိန်ရွယ်ပစ်ခတ်ကာ အဆုံး စီရင်သွားခဲ့သည်။

    ၎င်း၏ ဘေးတွင် သေတမ်းစာရေးခဲ့သော ဒိုင်ယာရီစာအုပ်တစ်ခုရှိကာ ထိုအထဲတွင် “ရိုးသားစွာ တော်လှန်ကြပါ။ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေကို ချမနင်းကြပါနဲ့” ဟု ရေးသားခဲ့သလို ဒစ်ဂျစ်တယ်ငွေအကောင့် ကေပေး (Kpay) ၏ လျို့ဝှက်ကုတ် (password)ကိုလည်း ချရေးသွားသည်။

    ရဲဘော်ဟိုးကြီး အဆုံးစီရင်သွားသည့် အဓိကအချက်မှာ အထက်နှင့်အောက်ခြေအကြား စီမံခန့်ခွဲမှု အမှား များကြောင့် ထိုလမ်းကို ရွေးချယ်သွားခြင်းဖြစ်သည်ဟု မင်းဘူးခရိုင်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုကြသည်။

    “တိုင်းနဲ့ ခရိုင်ရဲ့ စီမံခန့်ခွဲမှုအမှားတွေကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားပါတယ်။ …သူဒီလို မလုပ်ခင် အထက်က ဖိအားအရမ်းပေးခဲ့တယ် စိတ် အတော်ပင်ပန်းနေပြီလို့ပြောပါတယ်”ဟု မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Viper (ဗိုက်ပါ)က ပြောသည်။

    မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်း၏ တပ်ရင်းမှူးသည် ဒလန် ရှင်းလင်းရေးကိစ္စများ နှင့်ငွေကြေးတောင်း ခံသည်ဟူသော စွပ်စွဲချက်များနှင့် ယခုနှစ်ဆန်းတွင် ဖမ်းဆီးစစ်ဆေးခံရသည်။ ထိုအခြေအနေတွင် ရဲဘော်ဟိုးကြီးက ယာယီတပ်ရင်းမှူး ဖြစ်လာသည်။

    ထို့နောက် မကွေးခရိုင်ကွပ်ကဲရေးက ထိုတပ်ရင်းမှ တပ်ဖွဲ့ဝင် အင်အားအများအပြားကို ထုတ်နှုတ်ကာ ဗျူဟာဖွဲ့စည်းရန် အခြားသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

    “တပ်ရင်းမှာရှိတဲ့ အင်အားတွေကိုဆွဲထုတ်ပြီးတော့ ဗျူဟာဘက်ကို ပို့တယ်။ ကျန်နေတဲ့အချိန်မှာ မရပ်တည်နိုင်တဲ့အချိန်မှာ မင်းတို့မဖြစ်ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ Pressure (ဖိအား) တွေကို ပေးခဲ့တယ်”ဟု ရဲဘော်ဗိုက်ပါက ပြောသည်။

    တပ်ရင်းမှူးကို ဖမ်းဆီးခံထားရသလို တပ်ဖွဲ့ဝင်အများအပြားကို မကွေးခရိုင်ကွပ်ကဲရေးက ထုတ်နှုတ် ခေါ်သွားပြီးနောက် တပ်ရင်းမှ လက်နက်များလည်း သိမ်းဆည်းလိုက်သည့်အတွက် ကျန်ရဲဘော်များမှာ စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

    “လူတွေခေါ်ချင်သလို ခေါ်သွားပြီးတော့ လူမရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ လက်နက်တွေ ထပ်သိမ်း သွားတယ်။ အဲ့ဒါကြောင့်မလို့ ရဲဘော်တွေက တော်တော်စိတ်ဓါတ်ကျပြီးတော့ တပ်က တော်တော်‌ ဖရိုဖရဲ ဖြစ်သွားတယ်”ဟု ရဲဘော်ဗိုက်ပါက ဆက်ပြောသည်။

    ရဲဘော်ဟိုးကြီး အဆုံးစီရင်သွားသည့်အခြေအနေနှင့်ပတ်သက်ပြီး ၎င်းနှင့်ရင်းနှီးသည့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ယခုကဲ့သို့မှတ်ချက်ပြုသည်။

    “ပထမတစ်ချက်က ခရိုင်၊ တိုင်းတွေက မြေပြင်အခြေအနေကိုလက်တွေ့မသိဘဲနဲ့ ဖိအားဇွတ်ပေးတာက တစ်ခု၊ နောက်တစ်ခုကကျတော့ မြေပြင်မှာ သူ့အဖွဲ့အစည်းကိုထိန်းကျောင်းရတဲ့ ငွေကြေးမလုံလောက် တာကလည်း ဖိအားတစ်ခု၊ နောက်တစ်ခုကကျတော့ ….. မြေပြင်မှကြ တကယ်အဆင်မပြေဘဲနဲ့ ၊ ခရိုင် မှာတော့ လုပ်တယ်နော်၊ လုပ်ထားတယ်နော်လို့ပြောပြီး မြေပြင်မှာကျ တကယ်မလုပ်ဘဲနဲ့ ဖြစ်တဲ့ ဖိအားပေါ့။ အဲ့ဒီ သုံးခု အဓိကပါပေါ့”ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်ကပြောသည်။

    ရဲဘော်ဟိုးကြီးအဆုံးစီရင်သည့်ဖြစ်စဉ်အား ကိုင်တွယ်ဆောင်ရွက်နေသည့်အခြေအနေများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ ထံ ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။

    ရဲဘော်ဟိုးကြီးဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားမျှတမှု လိုလားကြောင်း မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်း မှ ရဲဘော် ဗိုက်ပါက တောင်းဆိုသည်။

    “သူ့အတွက်တရားမျှတမှုကို ပြန်လိုချင်ပါတယ်။ မတရားဖိနှိပ်ခဲ့သူတွေကို ပြန်ပြီး NUG အနေနဲ့ ထိထိ ရောက်ရောက် အရေးယူပေးစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

    ရခိုင်ရိုးမ၊ ချင်းတောင်တန်းတို့နှင့်ဆက်စပ်နေသည့် စေတုတ္တရာမြို့နယ်သည် စလင်း၊ ပွင့်ဖြူ၊ ငဖဲ၊ မင်းပြား၊ ကန်ပက်လက်၊ ဆောတို့နှင့် ထိစပ်နေပြီး တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းရာ ဒေသဖြစ်သည်။