Category: News

  • ကျောက်ဖြူတွင် AA ၏ထိုးစစ်အရှိန်ကြောင့် စစ်အုပ်စုက စစ်ကူဆက်တိုက်ပို့နေ

    ကျောက်ဖြူတွင် AA ၏ထိုးစစ်အရှိန်ကြောင့် စစ်အုပ်စုက စစ်ကူဆက်တိုက်ပို့နေ

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော်(AA)၏ထိုးစစ်အရှိန်ကြောင့် စစ်အုပ်စုက စစ်ကူများကို တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ဆက်တိုက်ပို့ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ် များထံကသိရသည်။

    တိုက်ပွဲဖြစ်ပွားနေသည်မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ၍ လက်ရှိအချိန်ထိဖြစ်ပြီး လတ်တလောတွင် ထိ တွေ့တိုက်ပွဲ အရှိန်ပြင်းထန်နေကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

    “ကျောက်ဖြူဘက် သဲသဲမဲမဲတိုက်ပွဲ ဖြစ်နေတယ်။ ဓညဝတီရေတပ်စခန်းဌာနချုပ်နဲ့ အမှတ်(၃၂) တပ်ရင်း ကြားထဲက ကပ်သပြေကျေးရွာနားမှာ ဖြစ်နေတယ်။ လောလောဆယ် AA က ထိုးစစ်ကို အင်နဲ့အားနဲ့လုပ် နေတာ။ အဲဒါကြောင့် ဒီတပတ်ထဲမှာပဲ ကမ်းထိုးယာဉ်တွေနဲ့ စစ်အင်အား တခါတခါပို့ရင် ၄၀၀၊ ၅၀၀ လောက်ရှိတယ်။ ဓညဝတီရေတပ်စခန်းကနေ တိုက်ပွဲဖြစ်တဲ့နေရာကို ကမ်းထိုးယာဉ်တွေနဲ့ ကြည်းတပ် တွေကို ပို့တာ၊ မြေပြင်ကို ထပ်ထပ်ပြီးရောက်လာတယ်”ဟု ၎င်းကပြောသည်။

    လက်ရှိတိုက်ပွဲအနေအထားအရ ကပ်သပြေကျေးရွာအနီးဖြစ်ပွားနေခြင်းကြောင့် မြို့နှင့် ချောင်းတခုသာ ခြားနေသဖြင့် ကပ်သပြေကျော်ပြီးနောက် ငလပွေ့ချောင်းကျော်လွန်နိုင်ပါက ကျောက်ဖြူမြို့ထဲသို့ အာရ က္ခတပ်တော်(AA)အနေဖြင့် အင်အားအလုံးအရင်းဝင်နိုင်ကာ အသာစီးရသွားနိုင်ကြောင်း ၎င်းက ယူဆ သုံးသပ်သည်။

    ကျောက်ဖြူတိုက်ပွဲမှာ မြောက်ဦးဆေးရုံနှင့် ကျောက်ဖြူမြို့နယ် င/လုံးစုကျေးရွာတို့ကို စစ်အုပ်စုက ဗုံး ကြဲတိုက်ခိုက်ခဲ့မှုကြောင့် လူပေါင်း ၄၀ ထက်မနည်းသေဆုံးခဲ့ပြီးနောက် အာရက္ခတပ်တော်(AA) ဘက်က ထိုးစစ် တဟုန်ထိုးမြင့်တင်လာခြင်းဟု AA နှင့်နီးစပ်သူက ဆိုသည်။

    “အရင်လကတော့ စစ်ကောင်စီတိုက်စစ်ကြောင့် AA က တန်ပြန်ထိုးစစ်လုပ်ခဲ့လို့ စစ်ကောင်စီက အခု နောက်ပိုင်း ခံစစ်ပြန်ဖြစ်သွားတယ်။ လက်ရှိမှာ တိုက်ပွဲပိုပြင်းထန်လာတယ်။ မြောက်ဦးဖြစ်စဉ်အပြီး ကျွန်တော်တို့ AA ဘက်ကပိုပြီး ထိုးစစ်အင်အားထပ်မံအားဖြည့်တာတွေ့ရတယ်၊ လက်တုံ့ပြန်မယ်ဆိုတဲ့ အတိုင်းပေါ့။ ဒီဘက်ကတော့ ဟောင်ဝှစ်ဇာနဲ့ပစ်တာတွေ၊ ဒရုန်းနဲ့ပစ်တာတွေရှိတယ်”ဟု ၎င်းက ပြောသည်။

    ယခုတိုက်ပွဲကြောင့် ကျောက်ဖြူမြို့နယ်မှ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်ဘက်များသို့ စစ်ရှောင်လာသူ ပိုမို များပြားလာပြီး ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံများတိမ်းရှောင်ကြခြင်းဖြစ်ကြောင်း AA နှင့် နီးစပ် သူကပြောသည်။

    “နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေတယ်လို့တော့ သိရတယ်။ ကျန်တဲ့အသေးစိတ်ကတော့ အဲဒီနားကလူတွေ စစ်ရှောင်ကြကုန်လို့ မသိရတော့ဘူး။ ရာသီဥတုကလည်း တအားအေးတယ်။ စပါးရိတ်သိမ်းတဲ့အချိန် လည်းဖြစ်တော့ စစ်ဘေးရှောင်တွေ အခက်အခဲဖြစ်နေတယ်။ စားနပ်ရိက္ခာနဲ့ အဝတ်အထည်၊ စောင် အခက်အခဲရှိတယ်”ဟု ကျောက်ဖြူမြို့မှ စစ်ဘေးရှောင်တဦးက ပြောသည်။

    တိုက်ပွဲအခြေအနေနှင့်ပက်သတ်၍ အာရက္ခတပ်တော်(AA)ဘက်သို့ ဆက်သွယ်နေဆဲဖြစ်ပြီး AA က တိုက်ပွဲနှင့်ပက်သတ်သည့် ကြေညာချက် ထုတ်ပြန်ထားခြင်းမရှိသေးပေ။

    နိုဝင်ဘာလလယ်မှစ၍ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ AA က အသာ စီးရခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်များက မဇ္ဈိမသို့ဖြေကြားခဲ့သည်။

    မြောက်ဦးဆေးရုံဗုံးကြဲမှုဖြစ်စဉ်အပြီး လက်တုံ့ပြန်သွားမည်ဟုသတိပေးခဲ့သည့် အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်မှုအပြီး ကျောက်ဖြူမြို့တွင် တိုက်ပွဲအရှိန် ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။

    အာရက္ခတပ်တော်(AA)အနေဖြင့် မြို့ပေါင်း ၁၅ မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်အပါအဝင် ရခိုင်-ပြည်မအစပ်ရှိ နေရာသုံးနေရာကို စစ်မျက်နှာဖွင့် တိုက်စစ်ဆင်နေ ၍ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေသည်။

  • သက်သေမပြနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး သားဖြစ်သူ ကင်မ်အဲရစ် ပြောပြီ

    သက်သေမပြနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး သားဖြစ်သူ ကင်မ်အဲရစ် ပြောပြီ

    ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် သားငယ် ကင်မ်အဲရစ်ပြော

    မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုတဲ့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သက်သေပြဖို့အတွက် တွေဆုံခွင့်ပေးရမယ်လို့ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ပြောလိုက်ပါတယ်။

    အာဏာသိမ်းစစ်တပ်က မတရားနှစ်ရှည်ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို ကောင်းမွန်တယ်ဆိုပြီး သက်သေမပြနိုင်ဘဲ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီထုတ်ပြန်ချက်နဲ့ပြီး သားဖြစ်သူ ကင်မ်အဲရစ်က “စစ်အစိုးရက မေမေဟာ ကျန်းမာရေးကောင်းမွန်ပါတယ်လို့ အတင်းအကျပ်ယုံခိုင်းနေပေမဲ့ သက်သေအထောက် အထားမရှိတဲ့ ပြောဆိုချက်တွေဟာ နှစ်ပေါင်းများစွာ ဝါဒဖြန့်ချိရေးနဲ့ လျှို့ဝှက်ဖုံးကွယ်ပြီးလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဘာမှယုံကြည်စရာ မရှိပါဘူး” လို့ သူရဲ့ လူမှုကွန်ရက်တဆင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

    စစ်အုပ်စုအနေနဲ့ မိခင်ဖြစ်သူ ကျန်းမာရေးကောင်းမွန်တယ်ဆိုတာကို တကယ် ယုံကြည်စေချင်တယ်ဆိုရင် တွေ့ခွင့်ပေးရမယ်လို့ ပြောကြားခဲ့ပြီး တွေ့ခွင့်မပေးနိုင်ရင်လည်း လက်ခံယုံကြည်နိုင်သူနဲ့ အတည်ပြုချက်ပေးကာ အမှန်တရားကို မြင်သာအောင် ပြသဖို့ လိုတယ်လို့လည်း ကင်မ်အဲရစ်က ပြောပါတယ်။

    “သက်သေအထောက်အထားမရှိတဲ့ အကြောင်းပြချက်တွေကို ယုံကြည်ဖို့ မဖြစ်နိုင်ပါ။ Shakespeare ရဲ့ Hamlet မှာ ပြောထားသလို အလွန်အကျွံကာကွယ်ပြောဆိုနေသူက ပိုပြီး သံသယဖြစ်စရာ ကောင်းပါတယ်။ စစ်တပ်က တကယ်ယုံကြည်စေချင်ရင် အဖြေက ရိုးရှင်းပါတယ်၊ သက်သေပြပါ၊ မေမေနဲ့ တွေ့ခွင့်ပေးပါ၊ လက်ခံယုံကြည်နိုင်သူနဲ့ အတည်ပြုချက်ပေးပါ၊ အမှန်တရားကို မြင်သာအောင် ပြပါ။”

    နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်လက်တွေ ပြတ်တောက်နေတာကြောင့် စစ်အုပ်စုလက်ထဲမှာ ကွယ်လွန်သွားမှာကို စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်က Reuters သတင်းဌာနနဲ့ ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    အကျဉ်းထောင်အတွင်း ကျန်းမာရေးချို့ယွင်းနေတယ်ဆိုတဲ့ သတင်းတချို့သာသိရပြီး ၂ နှစ်နီးပါးကြာ အဆက်အသွယ် ပြတ်တောက်နေတာကြောင့် စစ်အုပ်စုလက်ထဲမှာ ကွယ်လွန်သွားရင် သိခွင့်မရမှာကို စိုးရိမ်ကြောင်းလည်း သားဖြစ်သူ ကင်မ်အဲရစ်က ပြောကြားခဲ့တာပါ။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ချက်ချင်းမှာပဲ စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး လူထုလှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲလိမ်လည်မှုစတဲ့ အမှုတွေစွပ်စွဲပြီး စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ရှေ့နေနဲ့ လည်းတွေ့ခွင့်မရသလို အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့် အခွင့်ရေးဖြစ်တဲ့ မိသားစုနဲ့ ထောင်ဝင်စာတွေ့ဆုံခွင့်လည်း မရဖြစ်နေပြီး ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရပါတယ်။

  • မြန်မာက စစ်ရာဇဝတ်မှုတွေအတွက် IIMM နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ဥပဒေပြင်သစ်အတည်ပြု

    မြန်မာက စစ်ရာဇဝတ်မှုတွေအတွက် IIMM နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ဥပဒေပြင်သစ်အတည်ပြု

    မြန်မာနိုင်ငံတွင်းမှာဖြစ်နေတဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့အတွက် ပြင်သစ်အစိုးရနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM တို့ကြား တရားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဥပဒေတစ်ရပ်ကို ပြင်သစ်အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

    ဒီဥပဒေကို ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာပဲ ပြင်သစ်အောက်လွှတ်တော်ကနေ တညီတည်းအတည်ပြုခဲ့ကြတာဖြစ်ပြီး ပြင်သစ်နဲ့ IIMM တို့ကြား ချုပ်ဆိုထားတဲ့ တရားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကနေ အခုလို ဥပဒေတစ်ရပ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

    ပြင်သစ်နဲ့ IIMM တို့ရဲ့ သဘောတူညီချက်ကို ၂၀၂၄ ခုနှစ် ဇွန်လ ဒုတိယအပတ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

    မြန်မာနိုင်ငံထဲမှာ ကျူးလွန်နေတဲ့ နိုင်ငံတကာ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့အထောက်အထားတွေကို စုဆောင်းမျှဝေတဲ့နေရာမှာ အထောက်အပံ့ဖြစ်ဖို့အတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။

    ဒီဇင်ဘာ ၁၀ ရက်တုန်းက အာရက္ခတပ်တော် အေအေထိန်းချုပ်ထားတဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရတာနဲ့ပတ်သက်လို့ အထူးကာကွယ်ထားတဲ့ အရပ်ဘက်ပစ္စည်းတွေဖြစ်ပြီး ဆေးရုံနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ IIMM က ထုတ်ပြန်ခဲ့ပါတယ်။

    ဒါ့အပြင် မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ ဒဏ်ရာတွေနဲ့ ဆက်စပ်ဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင်အချက်အလက်တွေ၊ ဒရုန်းတွေနဲ့ ပျက်စီးမှုကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေ၊ လေကြောင်းတိုက်ခိုက်ရာမှာ သုံးခဲ့တဲ့ လေယာဉ်ဆိုင်ရာ အချက်အလက်တွေ လက်နက်အကြွင်းအကျန်တွေရဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တွေ စတာတွေကို ပေးပို့ဖို့ IIMM က တောင်းဆိုထားပါတယ်။

    ဒီအချက်အလက်တွေ တောင်းဆိုရတာဟာ ဒေသဆိုင်ရာနဲ့ နိုင်ငံတကာတရားရုံးတွေမှာ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို တရားစွဲဆိုဖို့ အသုံးပြုနိုင်မှာဖြစ်ပြီး တရားမျှတမှုနဲ့ တာဝန်ခံမှုကို အထောက်အကူပြုဖို့ရည်ရွယ်တယ်လို့ IIMM က အသိပေးထားပါတယ်။

  • ကုလလုံခြုံရေးကောင်စီက မြန်မာ့အရေးသီးသန့်ဆွေးနွေးပွဲလုပ်မယ်

    ကုလလုံခြုံရေးကောင်စီက မြန်မာ့အရေးသီးသန့်ဆွေးနွေးပွဲလုပ်မယ်

    ပိုပြီးဆိုးရွားလာနေတဲ့ မြန်မာ့အရေးအတွက် သီးသန့်ဆွေးနွေးပွဲတစ်ရပ်ကို လာမယ့် ဒီဇင်ဘာ ၂၂ ရက်မှာ ကျင်းပမယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ထုတ်ပြန်ပါတယ်။

    အဲဒီသီးသန့်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် မစ္စတာ တန်ဆီရီ အော့မန်း ဟာရှင် တို့က မြန်မာရဲ့ လက်ရှိအခြေအနေတွေကို ရှင်းလင်းတင်ပြသွားကြမယ်လို့ ဆိုပါတယ်။

    ဒီသီးသန့်ဆွေးနွေးပွဲကို ကျင်းပဖို့ ဗြိတိန်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

    လာမယ့်အစည်းအဝေးမှာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတွေ တိုးပွားလာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီးတော့လည်း အလေးပေးပြောကြားဖို့ရှိတယ်လို့ ဆိုပါတယ်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကတော့ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်တဲ့အပြင် မြန်မာ့ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

  • မြန်မာကို ICJ တရားရုံး၌ တရားစွဲထားသည့်အမှု ပြန်လည်ကြားနာမည်

    မြန်မာကို ICJ တရားရုံး၌ တရားစွဲထားသည့်အမှု ပြန်လည်ကြားနာမည်

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့အမှုကို လာမဲ့နှစ် ဇန်နဝါရီမှာ ပြန်လည်ကြားနာမယ်လို့ တရားရုံးက ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

    ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားပြီး ၁၁ နိုင်ငံက ကြားဝင်ဆောင်ရွက်ခွင့်ရထားတဲ့ ဒီအမှုကို လာမဲ့ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ နှုတ်နဲ့ လျှောက်လဲချက်တွေပေးရမှာ ဖြစ်ပါတယ်။

    ဇန်နဝါရီ ၁၂ ရက်နေ ၁၅ ရက်အထိကို ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက်ပေးရမှာဖြစ်ပြီး ၁၆၊ ၁၉ နဲ့ ၂၀ ရက်မှာတော့ မြန်မာဘက်က လျှောက်လဲချက်ပေးရမှာပါ။

    ဇန်နဝါရီ ၂၁၊ ၂၂ နဲ့ ၂၃ ရက်မှာတော့ သက်သေတွေကို စစ်ဆေးတဲ့ တံခါးပိတ်ကြားနာပွဲကို တနေကုန်လုပ်မှာဖြစ်ပြီး ၂၂ ရက်ညနေပိုင်းမှာ ဂမ်ဘီယာဘက်က ကျွမ်းကျင်သူသက်သေတွေက ထွက်ဆိုမှာဖြစ်ပါတယ်။

    ဇန်နဝါရီ ၂၆ ရက် နဲ့ ၂၇ ရက်မှာ ဂမ်ဘီယာဘက်က ဒုတိယအကြော့ နှုတ်နဲ့ လျှောက်လဲချက်ပေးရမှာဖြစ်ပြီး ၂၈ ရက်နဲ့ ၂၉ ရက်မှာ မြန်မာဘက်က လျှောက်လဲချက်ပေးရမယ်လို့ တရားရုံးက ထုတ်ပြန်ထားပါတယ်။

    ဒီအမှုမှာ ဂမ်ဘီယာဘက်ကနေရပ်တည်ပြီး ကြားဝင်ဆောင်ရွက်ခွင့်ရထားတာ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီအပါအဝင် ၁၁ နိုင်ငံရှိပြီး ဒီနိုင်ငံတွေရဲ့ ရပ်တည်ချက်ကို သိရှိနားလည်ပြီးဖြစ်လို့ နှုတ်နဲ့လျှောက်လဲရာမှာတော့ မလိုအပ်ဘူးလို့ တရားရုံးက ဆိုပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ကအကြမ်းဖက်ခဲ့တာနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာရှိတဲ့ ICJ မှာ တရားစွဲခဲ့တာဖြစ်ပါတယ်။

    အဲဒီစွပ်စွဲချက်အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၂၀၁၉ ခုနှစ်တုန်းက ICJ တရားရုံးကိုသွားရောက်လျှောက်လဲ ငြင်းဆိုခဲ့ပေမဲ့ တရားရုံးကတော့ အဲဒါတွေကို ပယ်ချပြီး သက်သေတွေ မဖျောက်ဖျက်ဖို့အပါအဝင် ကြိုတင်ကာကွယ်မှုဆိုင်ရာ အစီအမံတွေချမှတ်ပေးခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ်မှာ ဒုတိယအကြိမ် ကြားနာပွဲလုပ်ပြီး အဲဒီတုန်းကတက်ရောက်တဲ့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်ကလည်း ဂမ်ဘီယာက တရားစွဲခွင့်မရှိ စတဲ့အချက်တွေနဲ့ ငြင်းဆိုခဲ့ပေမဲ့ အဲဒါအားလုံးကို တရားရုံးက ပယ်ချခဲ့ပါတယ်။